မိုးချိုသင်း - ဒီနေ့ အဖေသာရှိရင် အဖေ့အသက် ၈၄ နှစ်



မိုးချိုသင်း - ဒီနေ့ အဖေသာရှိရင် အဖေ့အသက် ၈၄ နှစ်
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇

ဒီနေ့ အဖေသာရှိရင် အဖေ့အသက် ၈၄နှစ် ရှိပြီပေါ့။ အဖေ့ကို ချစ်ခင်လွမ်းဆွတ်စိတ်တွေနဲ့ အဖေ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ တပည့် သားမြေးတွေက ရေးကြတာတွေ နှစ်စဉ်နှစ်တိုင်းလို ဖတ်ရ ကြားရပါတယ်။ ကိုယ်တိုင်လဲ ဘလော့ရေးစဉ်က ရံဖန်ရံခါ ရေးမိပါတယ်။ အဖေ့အကြောင်းလေးတွေကို ဟိုတကွက် ဒီတကွက် ဖတ်ရတာ ဘဝ မှန်ကူကွက်လေးတွေ ကြည့်ရသလို အရောင်စုံလှတယ်။ အခုလဲ အဖေ ထောင်ကထွက်ပြီး ၄ နှစ်အကြာ ၁၉၉၉မှာ ကိုယ့်အမ အငယ် မိုးမိုးနှင်းရှိတဲ့ Belgium ကို သွားဖို့ လုပ်စဉ်က အကြောင်း မရေးဖူးသေးတာမို့ အဖေ့မွေးနေ့ အမှတ်တရ ရေးမယ်လို့ စိတ်ကူးမိပါတယ်။

လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာတော့ နိုင်ငံခြားထွက်တာ ဘာဆန်းမလဲ။ ဒါပေမဲ့ အညှိုးကြီးတဲ့ အာဏာရှင်လက်ထက်မှာတော့ ဒီကိစ္စဟာ ရာဇဝတ်မှုလိုပါပဲ။ အာဏာရှင် စစ်အစိုးရကိုဆန့်ကျင်တဲ့သူမှန်သမျှ ထောင်ထဲမှာ ထည့်ထားမယ်၊ ထောင်က ထွက်ရင်လဲ မြန်မာပြည်ဆိုတဲ့ ထောင်အကြီးကြီးထဲ ပြောင်းထည့်ထားတဲ့သဘောပါပဲ။ ဘယ်မှ လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိ။ မိုးလင်းတာနဲ့ အဖေဟာ ဘယ်သွားသွား ဘော်ဒီဂတ်နဲ့ သွားနေရတယ်လေ။ ဒါပေမဲ့ အဖေက သူ့ကို တနေ့တနေ့ ဘာလုပ်သလဲ ထောက်လှမ်းနေသူကို မကျေနပ်မရှိဘဲ ခင်မင်နေပြီ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်လဲ "ဘေး ဝိုင်းမှာ ထိုင် နားထောင်မနေပါနဲ့ဗျာ၊ ကျနော်တို့ ဝိုင်း လာထိုင်ပါ၊ ကျနော်တို့က စာအကြောင်း ပေအကြောင်း ရိုးရိုးပြောကြတာပါ" တဲ့။ ဒါနဲ့ ဟိုလူလဲ မနက်ဆို အိမ်ရောက်လာ၊ အဖေ့ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်၊ မဂ္ဂဇင်းတိုက် အကုန် တတွဲတွဲ သွားတော့တာပဲကိုး။ လက်ဖက်ရည်ဖိုးတောင် သူတလှည့် ကိုယ်တလှည့် ရှင်းကြတော့တာကိုး။ သူကလဲ အဘ အဘ နဲ့ ခင်ရှာပါတယ်။ တာဝန်အရ လုပ်ရရှာတာပါ။

ဒီလိုနဲ့ တနေ့မှာ ကိုယ့်အမ မနှင်းက မင်္ဂလာဆောင်ဖို့ ဖြစ်လာတယ်။ ရန်ကုန်မှာ သူ့ချစ်သူ Carl ရဲ့ မိဘတွေက အဖေ့ဆီ မနှင်းကို လာရောက် တောင်းရမ်းပြီး လူရင်း မိတ်ဆွေများနဲ့ ဧည့်ခံပွဲလေး ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်ကြတယ်။ ပြီးတော့ တခါ Belgium မှာလဲ လုပ်ချင်ကြတာမို့ အဖေ့ကို သူ့သမီးလက်ထပ်ပွဲ တက်စေချင်ကြပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်မှာကလဲ ၉-၉-၉၉ ရောက်ခါနီးနေပြီ။ ၉ လေးလုံး မှာ (သူတို့အခေါ်) ဆူပူကြအုံးမှာမို့ နံမည်ရှိသူတွေ ကြို ဖမ်းနေတဲ့ ကာလပေါ့။ အဖေ့ကိုလဲ သင်္ကြန်သံချပ်တွေ ရေးသလားဆိုပြီး ထောက်လှမ်းရေးက ခေါ်ပြီး မေးလား မြန်းလား လုပ်နေပြီ။ ဒါနဲ့ ရန်ကုန်မှာ ရှိတဲ့ သမီး ၃ ယောက်ဟာ အဖေ့ကို နောက်တခါ အပါမခံနိုင်ဘူးဆိုပြီး မနှင်းဆီ ပို့ဖို့ ခေါင်းချင်းရိုက်ကြရတော့တာပေါ့။

အဲဒီအချိန်မှာ ကိုယ်ကလဲ စင်ကာပူက ပြန်ရောက်နေချိန်။ အမတွေနဲ့ တိုင်ပင်ပြီး အဖေ့ကို မနှင်းဆီ ရောက်အောင် ပို့မယ် ဆုံးဖြတ်ကြတယ်။ အဲဒီတုန်းက ကိုယ်တို့ဇနီးမောင်နှံက စင်ကာပူနဲ့ ရန်ကုန် သွားပြန်နေတာမို့ ကိုယ်တို့ ပတ်စ်ပို့ လုပ်တဲ့အခါ စာရွက်စာတမ်းတွေ လိုအပ်တာ လုပ်ပေးဖို့ ပတ်စ်ပို့ ရုံးမှာ လုပ်တဲ့ ဦးလေးတယောက်ကို အပ်နေကျ။ အဲဒီ ဦးက သဘောလဲ ကောင်း၊ အနေလဲ ရိုးအေးပြီး အင်မတန် သင့်တင့်တဲ့ ဝန်ဆောင်ခလောက်သာ ယူပါတယ်။ နေတော့လဲ ကိုယ်တို့အိမ်နဲ့ သိပ်မဝေးတော့ ကိုယ်တို့အတွက် အဆင်ပြေတာပေါ့။

ဒါနဲ့ အဖေ့ မှတ်ပုံတင်လေး ပေးပြီး အဖေ့ကို ပတ်စ်ပို့လေး လုပ်ပေးဖို့ ဦးဆီ အကူအညီ တောင်းရပါတယ်။ အဲဒီမှာ ပြောစရာရှိလာတာက အဖေ့ မှတ်ပုံတင်မှာ အဖေ့ နံမည်ရင်းက ဦးဘဂျမ်း ကိုး။ ကလောင်နံမည် တင်မိုး မဟုတ်ပါဘူး။ ဒါကြောင့် ပတ်စ်ပို့ လုပ်ပေးမဲ့ ဦးကို ရှင်းအောင် ပြောပြရပါတယ်။ ဦးလဲ သိတဲ့အတိုင်း အဖေက ကဗျာဆရာ မို့ ကဗျာရေးတဲ့နံမည်နဲ့ မှတ်ပုံတင်က အမည်ရင်း မတူဘူးပေါ့။ နောက်ပြီး အဖေ့ကို ကဗျာရေးလို့ ပုဒ်မ ၅ (ည) နဲ့ ၄ နှစ် ထောင် ချခဲ့တာ ဦးသိပါတယ်နော် ပေါ့။ တကယ်တော့ ကိုယ်ဟာ စိတ်ရှင်းချင်စိတ်နဲ့သာ မေးနေခဲ့ရတာပါ၊ ရင်တထိတ်ထိတ်ပါပဲ။ အဲဒီတုန်းက ဦးပြန်ဖြေတဲ့အဖြေဟာ ရိုးရိုးလေးမို့ အသဲထဲထိ စွဲနေအောင် မှတ်မိခဲ့ပါတယ်။ သမီးအဖေက ပြစ်ဒဏ်ကျခံပြီးပြီပဲ၊ လုပ်လို့ရပါတယ် တဲ့။ ဒါနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ စစ်ပြီး ဦးကယူထားလိုက်ပါတယ်။

တလခွဲ ၊ နှစ်လလောက်ကြာတော့ အဖေ့ပတ်စ်ပို့ကျပြီ တဲ့။ ပတ်စ်ပို့ရုံးရှေ့မှာ ကပ်ထားတဲ့ စာရွက်တွေထဲမှာ အဖေ့နံမည် ပါလာပြီ၊ သွားကြည့်ချေ တဲ့။ အဲလို ကြားရတော့ ကိုယ့်ရင်ထဲမှာ တလှပ်လှပ်ဖြစ်နေတယ်။ ကိုယ်စာမေးပွဲအောင်စာရင်း ကြည့်ရတာတောင် အဲလောက် ရင်မခုန်ခဲ့ဘူး။ အဟုတ်ပဲ။ အဖေ့နံမည် ပတ်စ်ပို့ ထုတ်ယူနိုင်တဲ့ စာရင်းထဲ ပါလာပြီ။ ဒါပေမဲ့ စိတ်မအေးနိုင်သေးဘူး၊ စာအုပ်ကို သွားထုတ်တဲ့အခါ ခွင့်မပေးနိုင်ဘူး ဖြစ်နိုင်သေးတာကိုး။ အဲဒီအပူအပန်တွေ အဖေကတော့ ဘာမှ မသိရှာဘူး။ အဖေက သူ့သမီးမိုးစံနဲ့ ချိုသင်း ပတ်စ်ပို့ စာအုပ်ရဖို့ ကြိုးစားနေတယ်၊ ရချင်လဲ ရမယ် မရချင်လဲ မရဘူး၊ ဒီလောက်ပဲ ပေးသိထားတာကိုး။

ဒါနဲ့ အဖေ့ကို ပတ်စ်ပို့ သွားထုတ်ကြမဲ့ နေ့ ရောက်လာပါတယ်။ မနက်စောစော ရုံးဖွင့်ချိန်ရောက်အောင် အဖေ၊ ကိုယ့်အမကြီး မစံ နဲ့ ကိုယ်တို့ ၃ ယောက် ပန်းဆိုးတန်းက ရုံးကို သွားကြတာပေါ့။ အဖေကတော့ ခပ်အေးအေးပဲ၊ စာအုပ် ကိုယ်တိုင်ထုတ်ဖို့ သမီးတွေလက်ဆွဲပြီး လိုက်လာတယ်လေ။ ကိုယ်တို့ ညီအမနှစ်ယောက်မှာတော့ သိုသိုသိပ်သိပ် လုပ်နေရတာမို့ ဘယ်သူ့ကိုမှလဲ အသိမပေးရဲ၊ အဖေက အသိများတော့ ရုံးမှာ မိတ်ဆွေတွေနဲ့ တိုးမှာလဲ လန့်နေတာပါ။ ညီအမနှစ်ယောက်စလုံး အေးစက်ပြီး ချွေးပျံနေတဲ့ လက်ချင်း ဆုပ်ထားကြတယ်။ အဲဒီအချိန်မှာ အဖေ့ကို စိတ်မပူပန်စေချင်တဲ့စိတ်နဲ့ ကိုယ်က white lie သုံးလိုက်မိပါတယ်။ "အဖေ အခု စာအုပ်ကို ကိုယ်တိုင်သွားထုတ်ရင် အဲဒီစာအုပ် ထုတ်ပေးမဲ့သူကို ချိုသင်းတို့ ပိုက်ဆံပေးထားတာနော်။ ဘာမှမပူနဲ့ သိလား" ပေါ့။ (တကယ်က ဘယ်သူထုတ်ပေးမလဲဆိုတာတောင် မသိတာ ဘယ်လို ပိုက်ဆံပေးထားနိုင်ပါ့မလဲ) အဖေကလဲ သူနားလည်ပါတယ်ဆိုတဲ့ပုံစံနဲ့ အေး၊ အေး အဖေ သိပြီ တဲ့။ (တကယ်က ဒီသမီးတွေ ဘယ်လောက်ပူနေသလဲ အဖေ မသိရှာဘူးနော်)။

အဖေ့နံမည်ခေါ်တော့ အဖေသွားရတယ်၊ ကိုယ်လဲ အဖေ့နား ကပ်လိုက်သွားပြီး ရပ်နေတာပေါ့။ ထုတ်ပေးတဲ့လူက အသားဖြူဖြူ လူလတ်ပိုင်းပါ။ ဦးဘဂျမ်း မှတ်ပုံတင် ပြပါ တဲ့။ ကိုယ်က ဘေးက ကပျာကယာ မှတ်ပုံတင်ပေးလိုက်တော့ မှတ်ပုံတင်ကိုကိုင်ပြီး အဖေ့ကို ကြည့်လိုက်၊ မှတ်ပုံတင်ကို ကြည့်လိုက်ပေါ့။ အကြာကြီးပဲ။ ကိုယ့်ရင်တွေ တုန် လှပြီ။ သူ မှတ်မိသွားလို့ ကြည့်နေတာလား၊ ဒါ ကဗျာဆရာတင်မိုးမဟုတ်လား၊ သူနိုင်ငံခြား ထွက်ခွင့်မရှိဘူး ပြောလိုက်မှာလားပေါ့။ စိတ်က ပူလွန်းလို့ အဖေများ စိတ်ပူနေမလား အဖေ့မျက်နှာ လှမ်းကြည့်မိတော့ အဖေက ပြုံးပြုံးကြီး ဟိုလူကို ရဲရဲကြီး ပြန်ကြည့်နေတယ်။ အဖေ့စိတ်ထဲမှာ ဒီလူကို ငါ့သမီးတွေ ပိုက်ဆံပေးထားတယ် ငါ့ကို တာဝန်အရ စစ်နေတာ လို့ ထင်နေရှာလို့ ပြုံးပြုံးကြီး ပြန်ကြည့်နေတာပါ။

တကယ်က ဟိုးအရင်က အဖေ့ မှတ်ပုံတင်ကို အဝတ်လျှော်တဲ့အထဲ ထည့်လျှော်လိုက်မိလို့ ရေစိုပြီး အရောင် ပြယ်နေတာမို့ ဟိုလူ့ခမျာ အထပ်ထပ် စစ်နေတာပါ။ ပြီးတော့ "ရပြီ လက်မှတ်ထိုးပါ" တဲ့၊ အဖေက ပြုံးရွှင်စွာ လက်မှတ်ထိုးတော့ ဝန်ထမ်းက ယူပြီး လက်မှတ်ထိုးတဲ့ဘေးမှာ ကွင်းစ ကွင်းပိတ်လေးနဲ့ (ကိုယ်တိုင်) လို့ လက်ရေး ခပ်သော့သော့နဲ့ ခြစ်လိုက်ပါသေးတယ်။ ကိုယ်က အဲဒီစာလုံးလေးကို ကျ မလာတဲ့ မျက်ရည်စတွေနဲ့ ငုံ့ကြည့်နေမိတာမို့ စာလုံးလေးက ဝါးသွားပါတော့တယ်။

ဒီအဆင့်နဲ့ မပြီးသေးပါဘူး။ ပုံစံ ၁၇-၁၉ ဆိုလား လုပ်ရပါအုံးမယ်တဲ့။ အဲဒီတုန်းက စာအုပ်ရတာနဲ့ ဘဏ်မှာ ငွေသွင်းတဲ့ ကိစ္စ လုပ်ပြီးရင် အဲဒီပုံစံ ၁၇-၁၉ ကို ဘဏ်က ချလံနဲ့ လုပ်ရမှာပါတဲ့။ ဒါနဲ့ ညီအမနှစ်ယောက် နောက်တချီ မောင်းတင်ကြပြန်တာပေါ့။ အဖေကတော့ ရုံးကိစ္စတွေ ရှည်လျားထွေပြားတာတွေ မလုပ်ချင်တော့ပါဘူး။ မပြီးသေးဘူးလား သမီး နဲ့ တမေးတည်း မေးနေတာပါ။ သူက မြို့ထဲရောက်တုန်း သူ့မိတ်ဆွေတွေနဲ့ သွား join ချင်နေပြီ။ ခဏလေးပါ ဒါပြီးရင် ပြီးပါပြီဆိုပြီး ချော့ထားရပါတယ်။

ပုံစံ ၁၇ လား ၁၉ လား သေချာ မမှတ်မိတော့ပါ။ အဲဒီမှာ ဝန်ထမ်းအမျိုးသမီးက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကိုယ်နေတဲ့ ရပ်ကွက်က ရဲ ထောက်ခံစာ လိုပါသတဲ့။ ကိုယ်တို့ ညီအမနှစ်ယောက်စလုံး ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုပြီး ခေါင်းငိုက်စိုက်ဖြစ်သွားကြတာပေါ့။ ဒါဆို သူတို့ သိသွားတော့မှာ သေချာနေပြီ။ စာအုပ်ကြီး လက်ထဲ ရောက်ပြီးမှ သွားခွင့်မရတော့ဘူးပေါ့ ဆိုပြီး အတော်လဲ စိတ်ဓာတ်ကျသွားတာပါ။ ဒါနဲ့ ရှိတဲ့ အင်အားလေးတွေ စုပြီး ဝန်ထမ်းအမကို တောင်းပန်ရပါတယ်။ သူက မရဘူး တဲ့၊ ရပ်ကွက် ရဲ ထောက်ခံစာ လို ကို လိုပါသတဲ့။ ကိုယ်တို့ ညီအမနှစ်ယောက် ပြောလွန်းမက ပြောတော့ အထဲက အရာရှိကို ဝင်ပြောကြည့်ပါလား လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကိုယ်တို့လဲ အရာရှိ ရုံးခန်းထဲကို ရောက်ခဲ့ရပါတယ်။

အရာရှိကလဲ ခပ်အေးအေးပါပဲ။ စာရွက်တွေ လက်မှတ်ထိုးနေသလားပဲ။ တချက်မော့ကြည့်ပြီး ပြော တဲ့။ အဲဒီမှာ ကိုယ်က ကျမအဖေ မိသားစု ကိစ္စ အရေးတကြီး သွားစရာရှိတာမို့ ရဲထောက်ခံစာမပါဘဲ ပုံစံ ၁၉ ထုတ်ပေးဖို့ အင်မတန် ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်ပါတယ်။ သူကလဲ ချက်ချင်းပဲ မရဘူး ပြောပါတယ်။ ရဲ ထောက်ခံစာပါမှ ထုတ်ပေးနိုင်မတဲ့။ ပြောပြီးတော့ ကိစ္စပဲ ပြီးသွားသလို မော့တောင် မကြည့်တော့ပါဘူး။ အဲဒီအချိန်မှာ ဒုန်း ဆိုတဲ့အသံအကျယ်ကြီးနဲ့ စားပွဲကို ထုလိုက်တာကြောင့် ကိုယ့် တကိုယ်လုံး တုန်သွားတာ။ ဘာလို့လဲဆို ဒုန်းဆိုပြီး စားပွဲကို လက်သီးနဲ့ ထုလိုက်တာ အဖေ လေ။

ကိုယ်တော့ သွားပြီ လို့ သိလိုက်ပါပြီ။ အရာရှိလဲ အံ့သြတကြီး မော့ကြည့်တယ်။ အဖေက "ငါ က တက္ကသိုလ်က ကျောင်းဆရာကွ။ ဒီလိုလူက သူများဆီက ကိုယ့်အကျင့်စာရိတ္တကောင်းကြောင်း သွားထောက်ခံ ခိုင်းရအုံးမှာလား" တဲ့။ "အဓိပ္ပါယ် ရှိမရှိလဲ စဉ်းစားကြစမ်းပါအုံး" တဲ့။ ဘုရား ဘုရားး။ အဲဒီမှာ အရာရှိက "အော် တက္ကသိုလ်က ဆရာလား တဲ့၊ ဒါဆို မလိုပါဘူး တဲ့။ ရှေ့ကောင်တာက လက်ခံဖို့ သူ လက်မှတ်ထိုးပေးလိုက်ပါ့မယ်" တဲ့။ ဒါနဲ့ ရှောရှောရှူရှူပဲ လုပ်ပေးလိုက်ပါတော့တယ်။ တကယ်တော့ အဖေဟာ ရုံးလုပ်ငန်း ကြိုးနီစနစ်တွေကို စိတ်ပေါက်သွားပုံပါပဲ။ အဲဒီတော့မှ ကိုယ်တို့လဲ သက်ပြင်းချ နိုင်ခဲ့ပါတယ်။ ၁၁ သြဂုတ်လ ၁၉၉၉ မှာ အဖေ ဥရောပကို ထွက်ခွာခဲ့ပါတယ်။

အဖေထွက်ပြီးနောက်ပိုင်းမှာ ရေဒီယို အသံလွှင့်ဌာနတွေက အဖေ့ရဲ့ထောင်ထဲက အတွေ့အကြုံ အင်တာဗျူးတွေ ပါလာခဲ့ပါတယ်။ အဲဒါကြောင့် အဖေ ဥရောပ ရောက်နေတာ "သူတို့" သိသွားခဲ့ပြီး အဖေ့ ဘော်ဒီဂတ်ကြီးကို မသိရကောင်းလားလို့ မျက်မာန်ရှတာကြောင့် နယ်ပြောင်းခံခဲ့ရပါတယ်။

အဲဒီကတည်းက မြန်မာပြည်ကနေ ခွဲခွာသွားတဲ့အဖေဟာ သူချစ်တဲ့ မြန်မာပြည်ကို အသက်ရှင်လျက် ပြန်လာခွင့် မရခဲ့တော့ပါဘူး။ အဖေ့ စာ၊ အဖေ့ နံမည်၊ အဖေ့အကြောင်း မြန်မာပြည်က ထုတ်တဲ့စာအုပ်တိုင်းမှာ ဖော်ပြခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဖေ့ ကွယ်လွန်တော့လဲ အဖေ့ နာရေးတောင် သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြခွင့် မပြုခဲ့ပါဘူး။ အဖေကလဲ သူ့ နောက်ဆုံးအချိန်ထိ အာဏာရှင်စနစ်ဆိုးကို ကလောင်နဲ့ တိုက်ပွဲ ဝင် သွားခဲ့ပါတယ်။ အဖေကွယ်လွန်ပြီး ၁၀ နှစ်အကြာ မနှစ်ကမှ အဖေ့အရိုးအိုးလေးကို ကိုယ်တိုင် ပြန်ပို့နိုင်ခဲ့ပါတယ်။ အိမ်ပြန်ချင်လှတဲ့အဖေ ကျေနပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အဖေရယ် အမေရယ် မောင်လေးဉာဏ်မိုးရယ် မိသားစု ပြန်ဆုံနိုင်ကြပြီပေါ့။
လွမ်းတယ် အဖေ...

ချစ်သမီး
ချို
(စာရေးသူ ဖေ့စ်ဘွတ်က ကူးယူဖော်ပြပါသည်)
0