ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၄)




ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း
စည်ပင်ဥပဒေကြမ်းရေးသူများ၏ စေတနာ (ဂျင်းနံပါတ် - ၄)
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၇


ဟိုတလောက RIT နောင်တော်တစ်ဦးဖြစ်တဲ့ ကိုတင့်လွင် (Chemical 86) ရဲ့ ပို့စ် ၂ ခုကိုဖတ်ပြီး စည်ပင်ဥပဒေကြမ်းရေးသူတွေရဲ့ စေတနာကို ချက်ချင်းပြေးမြင်မိတယ်။ အဲ့ဒီအကြောင်း အခု ဂျင်းစီးရီးမှာ ထည့်ရေးမယ်လို့ စဉ်းစားထားပေမယ့် အမှတ်စဉ် (၄) မှာရာထားထားတာတော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဂျင်းစီးရီးကို ဖတ်နေတဲ့သူတွေအတွက် စည်ပင်ဥပဒေကြမ်းရေးသူတွေရဲ့ ရင်ထဲက စေတနာအမှန်ကို စောစောစီးစီးမြင်နိုင်စေဘို့ ဒီပို့စ်ကို အမှတ်စဉ် (၄) မှာ ရေးလိုက်ပါတယ်။

ပူးတွဲပါဓါတ်ပုံက ပုဒ်မ ၄၀၉ (ဇ) အတွက် ပြစ်မှုပြစ်ဒါဏ်တွေဟာ ဂျင်းနံပါတ် -၁ မှာတုန်းက ပြထားပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွေမှာ လိုအပ်သလိုအစစ်ဆေးခံပြီး မှတ်ပုံတင်လက်မှတ်ရပြီးသား ဗိသုကာ၊ အင်ဂျင်နီယာတွေ စည်ပင်ကို လိုင်စင်ကြေးထပ်မပေးဘဲ လုပ်ငန်းဆောင်ရွက်ရင် ချမှတ်မယ့်ဒါဏ်ငွေက အနည်းဆုံး (၁၀) သိန်းနဲ့ အများဆုံး သိန်း (၅၀)။ အဲ့ဒီ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေ ကျူးလွန်တဲ့အပြစ်က စည်ပင်ကို လိုင်စင်ကြေးမပေးမှု။ အဲ့ဒီ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေရဲ့ အရည်အချင်းကိုက သက်ဆိုင်ရာ ဗိသုကာကောင်စီ၊ အင်ဂျင်နီယာကောင်စီတွေက စိစစ်ထားပြီးသား။ (အခု နောက်ဆုံးဝါကျအတွက် သဘောမတူသူတွေ ပို့စ်အဆုံးက မှတ်ချက်ကို ဖတ်ကြည့်ပါ)

နောက်ထပ်ဓါတ်ပုံမှာပါတဲ့ ပုဒ်မ ၄၁၆ (က) အတွက် ပြစ်ဒါဏ်ကိုကြည့်ပါ။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသား၊ အစားအသောက်နဲ့ ဆေးဝါးတွေကို ထုတ်လုပ်၊ ရောင်းချ၊ သိုလှောင်သူတွေ အတွက်ငွေဒါဏ်က အနည်းဆုံး (၁) သိန်းနဲ့ အများဆုံး (၅) သိန်း။ ထောင်ဒါဏ် (၆) လလို့ ပါပေမယ့် မချမဖြစ်မဟုတ်။ ငွေဒါဏ်နဲ့လည်း ပြီးသွားနိုင်တယ်။ အဲ့ဒီလူတွေကျူးလွန်တဲ့အပြစ်ကြောင့် လူ့အသက်တွေသေစေနိုင်တယ်၊ ကင်ဆာလိုရောဂါတွေဖြစ်စေနိုင်တယ်။ တစ်ဦး တစ်ယောက်တည်းကို ထိခိုက်မှာမဟုတ်ဘူး။ လူပေါင်း ရာ၊ ထောင်ချီပြီး ထိခိုက်နိုင်တယ်။ အဲ့ဒီအတွက် ပြစ်ဒါဏ်က (၁) သိန်း မှ (၅) သိန်းအထိ။

တဆက်တည်းတွေ့နေရမယ့် ပုဒ်မ ၄၁၅ (ဂ)၊ ၄၁၅ (ဃ) နဲ့ ၄၁၅ (င) တို့ရဲ့ပြစ်ဒါဏ်တွေကို ဖတ်ကြည့်ပါဦး။ ပုဒ်မ ၄၁၅ (ဃ) နဲ့ ၄၁၅ (င) လို ရန်ကုန်တမြို့လုံးကလူတွေအားလုံးကို ထိခိုက်၊ အန္တရာယ်ပေးနိုင်တဲ့ (ရောဂါဖြစ်စေတဲ့ အန္တရာယ်ကနေ အသက်အန္တရာယ်အထိ) ပြစ်မှုတွေကို ကျူးလွန်သူတွေအတွက် အနိမ့်ဆုံး ဒါဏ်ငွေက (၁၀) သိန်းနဲ့ အမြင့်ဆုံး ဒါဏ်ငွေက သိန်း (၅၀)။ ထောင်ဒါဏ် (၆) လမှ (၁) နှစ်ထိလို့ပါပေမယ့် မချမနေမဟုတ်။ ငွေဒါဏ်နဲ့လည်း ပြီးသွားနိုင်တယ်။

နှိုင်းယှဉ်ကြည့်ကြရအောင်။



ဗိသုကာ၊ အင်ဂျင်နီယာတွေအတွက် စည်ပင်ကို လိုင်စင်ကြေးမပေးတဲ့ ပြစ်မှုအတွက် ဒါဏ်ငွေက (၁၀) သိန်းမှ (၅၀) သိန်းအထိ။

ပြည်သူတွေ ရာချီ၊ ထောင်ချီ ပြီး ရောဂါရ၊ အသက်သေစေနိုင်တဲ့ ပြစ်မှုကျူးလွန်သူတွေအတွက် ငွေဒါဏ်က (၁) သိန်းမှ (၅) သိန်း။

ရန်ကုန်တိုင်းအတွင်းက လူအားလုံး အန္တရာယ်ဖြစ်၊ ရောဂါဖြစ် (ကင်ဆာလိုရောဂါဖြစ်ရင် အသက်ပါသေ) စေနိုင်တဲ့ ပြစ်မှုကျူးလွန်သူအတွက် ပြစ်ဒါဏ်က (၁၀) သိန်းမှ (၅၀) သိန်းအထိ။

စည်ပင်ဥပဒေကြမ်းရေးတဲ့သူတွေရဲ့ ပြည်သူတွေအပေါ် ထားတဲ့စေတနာကို ကွက်ကွက်ကွင်းကွင်း မြင်သာပြီထင်ပါတယ်။

(မှတ်ချက်။ ။ ကျွန်တော် ဒီပို့စ်ကို ရေးတာဟာ ဥပဒေရှုထောင့်ကနေ ရေးတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဗိသုကာကောင်စီနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွေမှာ မှတ်ပုံတင်ထားတဲ့ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေဟာ ဥပဒေရှုထောင့်ကကြည့်ရင် စည်ပင်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရန် အရည်အချင်းပြည့်မီတဲ့ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေအဖြစ် လက်ခံရမှာဖြစ်ပါတယ်။ ဗိသုကာကောင်စီ၊ အင်/ယာကောင်စီတွေက ဗိသုကာတွေ၊ အင်/ယာတွေကို ဘယ်လိုစိစစ်တယ်ဆိုတာက ဒီပို့စ်နဲ့ အကြုံးမဝင်ပါဘူး)

Comments