ဗိုလ်သူရိန် ● သင်္ဘောသားတယောက် လစ်ဗာပူးမြို့သို့ အလည်တခေါက် – အပိုင်း (၂)

ဗိုလ်သူရိန် ● သင်္ဘောသားတယောက် လစ်ဗာပူးမြို့သို့ အလည်တခေါက် – အပိုင်း (၂)
(မိုးမခ) နိုဝင်ဘာ ၈၊ ၂ဝ၁၇

● လစ်ဗာပူးမြို့ ရှေးဟောင်းသမိုင်းပြတိုက်
သင်္ဘောမှာ ကျွန်တော် တာဝန်ချိန် Duty ကမနက် ၈ ကနေ နေ့လည် ၁၂ အထိ။ နောက်တချိန်က ည ၈ ကနေ  ၁၂ သန်း ခေါင်ယံအထိပါ။ အင်တာနတ်ကနေ ဘိုဘိုက လှမ်းပြောတယ်။ ဒီနေ့ နေ့လည်လောက် လစ်ဗာပူးကို သူရောက်မယ်။ နေ့ လည် ၃ နာရီ လစ်ဗာပူးမြို့ရဲ့ သမိုင်းပြတိုက်မှာ လာစောင့်နေဖို့ ပြောပါတယ်။ ဒါနဲ့ အလုပ်ပြီးလို့ ခဏနား ထမင်းစားပြီး မြို့ ထဲကို ထွက်လာခဲ့တယ်။ အပြန်တစ်နာရီလောက်နောက်ကျရင် ရှေ့က တာဝန် Duty သမားကို ဆက်စောင့်ပေးဖို့နဲ့ နောက် နေ့ အစားထိုး ပြန်စောင့်ပေးမယ်ဆိုပြီး မှာထားခဲ့ရပါတယ်။

တနင်္ဂနွေ Sunday ဖြစ်နေတော့ Seaman Club က ကားက လိုက်မပို့ဘူး။ Taxi ကားဌားပြီး ထွက်လာလိုက်တယ်။ ပြတိုက်ကို ရောက်တော့ စောနေသေးတာနဲ့လှည့်ပတ်ကြည့်ရှုဖြစ်တယ်။ ဒီပြတိုက်ကတော့ အခမဲ့ကြည့်ရှုလို့ရပါတယ်။ အောက်ထပ် ဝင်ဝင်ခြင်းမှာ Myanmar ဆိုတဲ့စာတမ်းလေးနဲ့ မတ်တပ်မှန်ဗီဒိုလေးထဲမှာ ကုန်ဘောင်နောက်ဆုံးမင်းဆက် သီပေါဘုရင်နဲ့ စုဖုရားလတ်တို့ပုံ မန္တလေးနန်းတော်ပုံကို ပြသထားပြီး ဗုဒ္ဓကြေးဆင်းတုရုပ်ပွားတော်ကိုလည်း တွေ့ရပါတယ်။ နယ်ချဲ့ကိုလိုနီဖြစ်ခဲ့တာကိုပြစေချင်တာလား၊ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် အသိအမှတ်ပြုတာလား မသဲကွဲတော့ပါ။

ပြတိုက်ရဲ့  အပေါ်ဆုံး အထပ်ကိုတက်သွားတော့ အင်္ဂလိပ်တို့ရဲ့ ရှေးယခင်က အသုံးပြုခဲ့တဲ့ စစ်ဝတ်စစ်စားတွေ လက်နက် တွေကို ခင်းကျင်းပြသထားသလို ပထမ ဒုတိယ ကမ္ဘာစစ်က ဘွဲ့တံဆိပ် အင်္ကျီပုံတွေကို ကွန်ပြူတာ Tablet ထားပေးပြီး နှိပ် ၍ လေ့လာကြည့်ရှုနိုင်ပါတယ်။ လစ်ဗာပူးမြို့ရဲ့ပထမဦးဆုံးပြေးဆွဲတဲ့ မီးရထားနဲ့ ကားကိုလည်းပြသထားပါတယ်။ အဲဒီ ခေတ်က ပြေးဆွဲနေပုံကိုလည်း TV ကြီးများနဲ့ ပြသနေပါတယ်။ မြင်းရထားလုံးအဟောင်းများကိုလည်းပြသထားပြီး မြင်း အ သုံးအဆောင်ပစ္စည်းများနှင့် မြင်းလောင်းပွဲ ဟော်ကီသမားများရဲ့ ပုံရိပ်သဏ္ဌာန်ကိုလည်း တွေ့မြင်ရပါတယ်။ လစ်ဗာပူးမြို့ မှာ စစ်အာဏာရှင် ဗိုလ်နေဝင်းမြင်းပွဲ လာလောင်းဖူးတယ်လို့လည်း စာအုပ်တွေထဲ ဖတ်ဖူးပါတယ်။

ပြတိုက်မှာကြည့်ပြီး အောက်ထပ်ပြန်ဆင်းတဲ့အထိ ဘိုဘိုမရောက်လာသေးတာနဲ့ ထိုင်ခုံမှာ ထိုင်စောင့်ရင်း သူ့ကို လက် ဆောင်ပေးမယ့် ၂ဝ၁၅ တုန်းက ကျွန်တော်ရေးသားထုတ်ဝေထားတဲ့ ၂ဝဝ၇ ရွှေဝါရောင်နောက်ခံ ဒေါင်းကတဲ့နေ့ ဝတ္ထု စာအုပ်လေးကို ဟိုလှန် ဒီလှန်လုပ်နေတုန်း ခင်ဗျား မြန်မာလားဆိုပြီး အသားညိုညို ခန္ဓာကိုယ်သေးသေး မျက်မှန်တပ်ထားသူ တစ်ဦး နှုတ်ဆက်ပါတယ်။ ဟုတ်ကဲ့ပါလို့ ပြန်ပြောလိုက်တယ်။ ဘိုဘိုကိုစောင့်နေတာလားတဲ့။ သူလည်း စောင့်နေတာ အခု ရောက်တော့မယ် ပြောပါတယ်။ သူ့ကိုယ်သူလည်း မိတ်ဆက်ပါတယ်။ စာရေးဆရာကဗျာဆရာ မောင်ဒေး။ သူ့စာကိုတော့ ကျွန်တော် မဖတ်ဖူးပါ။ ဒါပေမယ့် ဆရာ အောင်ပြည့် စာပေဟောပြောပွဲတစ်ခုမှ သူ့ ဘာသာပြန်ဝတ္ထုလေးကိုတော့ ပြောပြလို့ နားထောင်ဖူးပါတယ်။  ဆရာမောင်ဒေးက လစ်ဗာပူးမြို့နား တက္ကသိုလ်တစ်ခုမှ ဧည့်စာရေးဆရာအဖြစ် နှစ်ပတ်ဖိတ်ခေါ်လို့ လာခဲ့တာပြောပါတယ်။ ကျွန်တော် မြန်မာဆိုတာ ဘယ်လိုသိတာလည်း မေးလိုက်ပါတယ်။ (ကျွန်တော်က အသားဖြူလို့ မဟုတ်ပါ ဖား (ဖိလစ်ပိုင်) တွေနဲ့တူတတ်လို့ပါ) ခင်ဗျား ဝတ္ထုစာအုပ်ကိုင်ထားတယ်လေ။ ဟုတ်တာပဲ။ ခင်ဗျားကိုလည်း ကျုပ် မြန်မာကဗျာဆရာလို့ ပြန်ပြောနိုင်တယ်။ ဘာလို့လည်းဆိုတော့ ဖျင်အသားရောင် ပုခုံးချိတ်အိတ်က မြန်မာစာရေးဆရာကဗျာ ပန်းချီ ကာတွန်းဆရာ လူငယ်အတော်များများ လွယ်တတ်ကြလို့ပါ။

ဘိုဘို ရောက်လာပါတယ်။ ဘိုဘိုနဲ့က အွန်လိုင်းမှာ တွေ့ ဖြစ်ပေမယ့် အပြင်မှာမတွေ့ဖြစ်တာ ၁ဝ နှစ်နီးပါးလောက်ရှိသော်လည်း ရုပ်ကော လူပါ ဘာမှမပြောင်းလဲပါဘူး။ သူနဲ့ စသိတာက ဘဘသခင်တင်မြရဲ့အိမ်မှာပါ။ ကျွန်တော်က ဘုံဘဝမှာဖြင့် စာ အုပ်ဖတ်ပြီး ဘဘသခင်တင်မြနဲ့တွေ့ချင်နေတာကို ရန်ကုန်က အစ်မဝမ်းကွဲတွေပြောပြတော့ သူတို့က ၁၆ လမ်းကိုခေါ်သွား ပါတယ်။

အစ်မတွေ အမေဘက်က အမျိုးအရင်းကြီးကို။ ဒါနဲ့ ၂ဝဝ၆ ခုနှစ်လောက်မှာ ဘဘသခင်တင်မြ အိမ်ကနေ ဘိုဘိုနဲ့ စသိ လာတာ။ အဲတုန်းက စာရေးတဲ့ကလောင်က ဘိုဘိုလန်းစင်။ ဘိုဘိုက ကျွန်တော်နဲ့ဆရာမောင်ဒေးကို ပြတိုက်နားက လစ် ဗာပူးမြို့ရဲ့ ပန်းချီပြခန်းတခုကို လိုက်ပို့ပါတယ်။

● လစ်ဗာပူးမြို့ရဲ့ ပန်းချီပြခန်း
ပြခန်းက စုစုပေါင်း သုံးထပ်ရှိပါတယ်။ အခမဲ့ကြည့်ရှုလို့ရသလို အခပေးကြည့်ရှုရတဲ့အခန်းတွေကိုလည်း စာကပ်သတိပေး ထားပြီး မှန်တံခါးတွေ ပိတ်ထားပါတယ်။ ပြခန်းထဲမှာ ဓါတ်ပုံရိုက်လို့ရပေမယ့် ဖလက်ဂန်း မီး ဖွင့်မရိုက်ရဘူးလို့ သတိပေးစာ ကပ်ထားပါတယ်။ ပီကာဆိုရဲ့ပန်းချီကား တချို့နဲ့ကမ္ဘာကျော် ပန်းချီကားများစွာ ချိတ်ပြီး ပြသထားပါတယ်။ ရုပ်တရက်ကြည့် ရင် ပန်းချီလို့ထင်ရတဲ့ဓါတ်ပုံ ရုပ်ပုံကားများကိုလည်း ပြသထားပါတယ်။ ပန်းချီဆရာမ ထရေစီ (Tracey Emin) ရဲ့ ကမ္ဘာ ကျော် အင်စတော်ရေးရှင်းတခုဖြစ်တဲ့ အိပ်ယာကိုပြသထားပြီး အခြားဆရာများရဲ့ အင်စတော်ရေးရှင်းများစွာကိုလည်း တွေ့ မြင်ရပါတယ်။ အောက်ဆုံးထပ်မှာတော့ ပန်းချီနဲ့ပတ်သက်သော စာအုပ်စာတမ်းများ ပန်းချီပစ္စည်းများအပြင် ပြခန်း အမှတ် တရပစ္စည်းများပါ ရောင်းချပါတယ်။

● လစ်ဗာပူးမြို့ရဲ့ည
ပန်းချီပြခန်းကနေ မြို့ထဲဘက်  ပြန်ထွက်လာတော့ မိုးချုပ်စပြုနေပါပြီ။ လစ်ဗာပူးမြို့လယ်က လမ်းမကျယ်ကြီးမှာ  နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေထဲကလို လူတွေသွားလာနေလိုက်ကြတာ အပေါ်စီးကကြည့်ရင် ပုရွက်ဆိတ်အုံကြီးလိုပါပဲ။ ဒီလမ်းမ အကျယ်ကြီးက တစ်မိုင်ကျော်လောက် ရှည်လျားပြီး ကား ဆိုင်ကယ် စက်ဘီး အနှေး အမြန် ယဉ်များ လုံးဝမောင်းနှင်သွားလာလို့ မရပါဘူး။ စတိုးဆိုင် စားသောက်ဆိုင် ဖုန်းဆိုင် ဘဏ် စတဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံရရှိနိုင်သလို ခရစ္စမတ်နား နီးလာပြီဖြစ်တဲ့ အတွက် ယာယီအဆောက်အဦ လှလှလေးတွေနဲ့ ဂျာမန်ဘီယာဆိုင်များ ပေါင်မုန့်ထဲ ဝက်အချောင်း ကြက်အူချောင်းညှပ် ထည့်စားတဲ့ Hot Dog ဆိုင်များစွာကိုလည်း တွေ့မြင်ရပါတယ်။

ထိုလမ်းမကြီးပေါ်မှာ စိတ်မနှံ့သူများကလွဲလို့ တောင်ရမ်းသူများက ကိုယ်ပိုင်ဂီတဖျော်ဖြေမှုတွေနဲ့ပါ။ ဂီတာ တယော အကော် ဒီယံ လေမှုတ်တူရိယာစတဲ့ တူရိယာအစုံဖြင့် တီးဆိုကြပြီး စားဝတ်နေရေးအတွက် တောင်းရမ်းကြသူတွေရှိသလို ပရဟိတ အလှူခံတဲ့သူတွေလည်း ပါပါတယ်။

နေ့လည်က နေ နည်းနည်းပူနေတာနဲ့ အင်္ကျီလက်ရှည်အပေါ်က ကုတ်အင်္ကျီအပါးလေးပဲ ထပ်ဝတ်လာတာ ညဘက်ရောက် တော့  အင်္ဂလန်ဆောင်းက အချက်ပြပြီ။ ဒီအချိန် လန်ဒန်သွားမယ့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် ပန်ဒစ်ကြီး ဂျဝါဟာရာနေရူးရဲ့  လောင်းကုတ်အရှည် လက်ဆောင်အဖြစ်ပေးခဲ့တာကို သွားသတိရမိတယ်။ မြို့ထဲ အတော် လျှောက်လာတော့ ဝိတိုရီယ ဘုရင်မကြီးရုပ်ထုကို တွေ့မြင်နိုင်ပါတယ်။ ရုပ်ထုရှေ့က မှန်ပြောင်း (ရွှေတိဂုံ မြောက်ဘက်မုဒ် ကလို မှန်ပြောင်းတွေလို) တွေက ဘာကိုကြည့်ခိုင်းနေတာလည်း သွားကြည့်တော့ လေးဖာလုံလောက်အဝေးက မြို့ ခန်းမ အဆောက်အဦးကြီးတစ်ခုရဲ့  အပေါ် နှဖူးစီးက နာရီ အချိန်ကို လှမ်း ကြည့်ဖို့ လုပ်ပေးထားတာပါ။ တဖြေးဖြေးအအေးပိုလာတာနဲ့ ဘား (Bar) ဆိုင်တခုကို သွားထိုင်လိုက်ကြတယ်။ ဘိုဘိုက လစ်ဗာပူးလာတာ တချက်ပစ် ၃ ယောက်ထိလိုမျိုး နောက်ထပ် မြန်မာလူငယ်တယောက် ထပ်ရောက်လာပါတယ်။ သူ့လိုပဲ M B B S နဲ့ ဒေါက်တာဘွဲ့ရထားသူဖြစ်ပြီး လစ်ဗာပူးဆေးတက္က သိုလ်တစ်ခုမှာ စကောလားရှစ်ရလို့ ဘွဲ့လွန်လာတက်နေတာပါ။ နာမည်က ကိုဗညားပါ။

ဒီက ဘားဆိုင်တွေက အရက် ဘီယာ အနည်းငယ်ဈေးကြီးတယ်။ နောက် ထူးခြားတာက ဘာအမြည်းမှ မစားကြဘူး။ ဆေး လိပ်သောက်ပြီးမြည်းနေကြတယ်။ ရောမ ရောက်တုန်း ရောမလိုကျင့်လိုက်တာ နည်းနည်းတော့ နွေးတေးတေးဖြစ်လာတယ်။ ကျွန်တော် စာအုပ်က နှစ်အုပ်ထဲပါတော့ အင်္ဂလန်မှာ ကျန်ခဲ့မယ့် ဘိုဘိုနဲ့ ဗညားကိုပဲ လက်ဆောင်ပေးခဲ့လိုက်တယ်။ ကိုဒေး ကို မြန်မာပြည်ပြန်ရောက်မှပေးမယ်ဆိုပြီး အခု ဆောင်းပါးပြန်ရေးတဲ့အချိန်အထိ မပေးရသေးပါဘူး။ ကိုယ်ကလည်း သင်္ဘောပြန်တက် သူကလည်း အမေရိကခရီးစဉ်ရောက်နေတာနဲ့ လွဲနေကြတယ်။ နာရီဝက်လောက် စကားပြောကြပြီး ကို ဒေးက ကဗျာရွတ်ပွဲတခုသွားမယ်ဆိုပြီး နှုတ်ဆက်ထွက်သွားပါတယ်။ ကျန်တဲ့ ကျွန်တော်တို့သုံးယောက် ညစာစားဖို့ ဆိုင် လိုက်ရှာတော့ တရုတ်ဘူဖေး ဆိုင်ရောက်သွားပါတယ်။ ဥရောပတိုက်သား အတော်များများနဲ့ အာရှတိုက်သားတွေကိုလည်း တွေ့ရပါတယ်။

တယောက်ကို အဝစား ၁ဝ ပေါင်ပါ။ (အမှန်က ၁၃ ပေါင်ကျတာ ကိုဗညားက ကျောင်းသားကတ်ထုတ်ပြတော့ ၃ ပေါင် ဈေး လျော့ပေးတာပါ။)  ကိုယ်တွေက ဗိုက်ဆာဆာနဲ့ ပုဂံ အပြည့်အမောက်ထည့်စားတော့တာပဲ။ ဘိုဘို က လန်ဒန်ရောက်တာကြာပြီ ဆိုတော့ သိပ်များမကြိုက်လို့လားမသိ၊ ဟိုနည်းနည်း  ဒီနည်းနည်းပဲ ထည့်စားတယ်။

ကောင်းမယ်ထင်လို့ ဟင်းတွေအများကြီးထည့်လာတဲ့ ကျွန်တော်က ခံတွင်းသိပ်မတွေ့လှဘူး။ နည်းနည်းစီ ထည့်လာတဲ့ ဘို ဘိုက အင်္ဂလန်နိုင်ငံသားများစတိုင် ဟင်း အရင်မြည်းကြည့်တာကိုး။ ပြီးမှ ခံတွင်းတွေ့တဲ့ဟင်းတွေ အရသာရှိမယ့် အစား အစာတွေကို နောက်ထပ် သွားထည့်ယူစားတော့တာပါပဲ။ ဒါလည်း  အတုယူစရာ ဗဟုသုတတခုပဲ မဟုတ်ပါလား။

ဗိုလ်သူရိန်
၅ ၁၁ ၂ဝ၁၇
ခေတ္တ နယူးကယ်လီတိုးနီးယား

0