အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၇)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၇)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၅)
ကျနော်တို့ ဘုရားသုံးဆူစခန်းရှိစဉ် သာသနာပြုအဖွဲ့တွေလည်း စခန်းကို ရောက်လာကြတယ်။ သူတို့အတွက် ကျနော်တို့ က ဈေးကွက်အသစ်ဖြစ်နေမလားပဲ။ ရောက်လာတဲ့ အဖွဲ့အစည်းတခုက ဂျိန်းဘာသာလိုမျိုး အဖွဲ့ပဲ။ သူတို့အဖွဲ့အစည်း အခြေခံအယူဝါဒကို PROUT (Progressive Utilization Theory) လို့ ခေါ်ကြတယ်။ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယပညာရှင် နဲ့ လူမှုရေးလှုပ်ရှားသူ ပရာဘတ် ရာဂျန် ဆာကာ (Prabhat Ranjan Sarkar) က ဖော်ထုတ်ခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေး အယူအဆလို့လည်း ဆိုကြတယ်။ သူက မာ့စ်ဝါဒနဲ့ အရင်းရှင်ဝါဒကြားက အခြားရွေးချယ်စရာ လမ်းကြောင်းတခုရှာတယ် လို့လည်း ဆိုတယ်။ သူတို့ဘာသာတရားက သဘာဝပတ်ဝန်းကျင်၊ အပင်၊ တိရိစ္ဆာန် စသည့်ဖြင့် အားလုံးကို ကာကွယ်မှု ပေးတယ် ဆိုတယ်။ ဘုန်းကြီး၊ သီလရှင်ဖြစ်သူတွေက အဝါရောင်ခြုံထည်ကို ဝတ်ကြရတယ်။ သတ်သတ်လွတ်စားကြရ တယ်။ ဘုန်းကြီးတွေကို 'ဒါဒါ' လို့ခေါ်ပြီး၊ သီလရှင်တွေကို 'ဒီးဒီး' လို့ ခေါ်ကြတယ်။ စခန်းမှာ ဟောပြောချင်တယ်ဆိုတော့ ဟောပေါ့။ ရဲဘော်တွေကိုတော့ သည်းညည်းခံနားထောင်ပေးဖို့ မေတ္တာရပ်ခံရတယ်။ ဒီဟောပြောပွဲပြီးရင် သူတို့က အချို့ ပစ္စည်းတွေ လှူဒါန်းမယ်။ ဖိနပ်တွေလည်း ဝေပေးဖို့ ပါလာတယ်။ "စောစောအိပ်ရင် စောင်ရမယ်၊ စောစောထရင် ဖိနပ် ရမယ်" ဆိုတဲ့ ရဲဘော်တွေအတွက် တစုံတရာ အဆင်ပြေသွားနိုင်တယ်။ ကျနော်တို့ စခန်းစာကြည့်တိုက်ထဲမှာ ဟောပြော ပွဲ စီစဉ်ပေးရတယ်။ သူတို့ ဟောပြောတာကလည်း ဟုတ်သား၊ သိပ္ပံနည်းကျသလိုလို။

"တိရိစ္ဆာန်တွေဟာ မူလက ရေနေ သတ္တဝါတွေ၊ ကမ္ဘာကြီး ရေလွှမ်းစဉ်ကာလ၊ နောက်ပိုင်းမှာ သူတို့က ကုန်းတပိုင်း၊ ရေတပိုင်းသတ္တဝါ (amphibious animals) တွေ ဖြစ်လာကြတယ်။ ရေထဲကနေ ကုန်းပေါ်ကိုတက်လာကြတယ်။ အဲဒီ အတွက်ကြောင့် ကုန်း (မြေ) ကို သိပ်ခင်တွယ်တယ်။ ငါ့မြေ၊ ငါ့လယ်ကွက်၊ ငါ့ဒေသ၊ ငါ့နိုင်ငံ …စသည်ဖြင့် တွယ်တာ ကြတယ်"။ မြေကြီးကို အစွဲအလန်းကြီးကြပုံတွေကို ဟောတယ်။ ဒါတင်မကသေးဘူး။ အိန္ဒိယဗုံတိုသံနဲ့ ကကြရသေး တယ်။ "ဘာဘာနမ်၊ ကေဘာလံ" ဒီလိုစာသားကို အခေါက်ခေါက်အခါခါ ဆိုပြီး ကကြရတယ်။ နောက်ပိုင်းက ရဲဘော်တွေ ကတော့ ဘာာဘာနမ်တင် မကတော့ဘူး။ 'မြနန္ဒာ နေညိုညို ရစ်ကာသန်းတော့' တွေ ဖြစ်ကုန်ကြပြီ။ သူတို့လည်း ကျေနပ် ပြီး ပြန်သွားတယ်။ ကျနော်တို့လည်း ဖိနပ်တွေ၊ အထောက်အပံ့တွေရတယ်။ တခုပဲ စိုးရိမ်မိတယ်။ ဗီဒီယိုမှတ်တမ်းတင် သွားတော့ ဒီဗီဒီယိုကိုများ စစ်အစိုးရ ရသွားရင် ဒုက္ခဆိုပြီး တွေးမိတယ်။ ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားရောဂါရပြီး ရူးကြောင်ကုန်ကြပြီလို့ ဝါဒဖြန့်ရင် ဒုက္ခ။ [အဲသည်အဖွဲ့က ယခုတိုင် စံခရပူရီမြို့ကလေးမှာ တရားထိုင်စခန်းတခုဆောက် ထားတယ်။ မိဘမဲ့ကလေးတွေကို ပညာသင်ပေးဖို့ PROUT School ကျောင်းလေးတခု ဖွင့်ထားဆဲပဲ။]


 ဘုရားသုံးဆူ တပ်ရင်း (၁၀၁) ရုံးခန်းရှေ့ အမှတ်ရ

နောက်တခုကတော့ ထိုင်ဝမ်အဆက်အသွယ် တာအိုဝါဒ (Taoism) ဘုန်းကြီးကျောင်းပဲ။ ကြည့်ရတာ မွန်ပြည်သစ်ကို စစ် သင်တန်းကျောင်းပေးတဲ့ အကူအညီနဲ့အတူ ဘာသာရေးအဖွဲ့လည်း ရောက်လာပုံရတယ်။ သူတို့ကျောင်းကို မွန်ပြည်သစ် ပါတီ ဌာနချုပ်နားမှာ ဆောက်ထားတယ်။ ဘုန်းကြီး၊ သီလရှင်က သာမန်အချိန်မှာ လူလိုပဲ ဝတ်တယ်။ ဝတ်ပြုဆုတောင်း ခါနီးမှ အဖြူရောင် ဝတ်ရုံရှည်ကြီးကို ခြုံလိုက်ရတယ်။ ဆုတောင်းဝတ်ပြုတယ်။ သူတို့ကျောင်းကိုသွားရင် သတ်သတ်လွတ် ထမင်းကျွေးတယ်။ သတ်သတ်လွတ် ဆိုသော်လည်း တကယ့် အသား၊ ငါးတွေလို အမြင်အရ ကောင်းကောင်းစီမံထား သလို၊ အရသာကလည်း ကောင်းလှတယ်။ ဒီနေရာကလည်း ကျနော်တို့ရဲဘော်တွေအတွက် ငတ်ကြီးကျ စားသောက်ဖို့ နေရာတခုပါပဲ။ သူတို့ကန်တော့ရတဲ့ နတ်ဘုရားထဲမှာ ကွမ်ယင်မယ်တော်ပါတယ်။ ဗိုက်ပူပူဘိုးတော်ပါတယ်။ အခြား ကျနော်တို့ အမည်အားဖြင့် မသိနိုင်သေးတဲ့ တရုတ်နတ်ဘုရားတွေလည်း ပါသေးတယ်။ သူတို့ဆီသွားတဲ့အခါ ကျနော် တို့ အမည်တွေကို ကောင်းကင်မှာရှိတဲ့ ဘုရားဆီမှာ မှတ်ပုံတင် register လုပ်ကြရတယ်။ မိုင်းကိုင်စက္ကူလို စာရွက်ကလေး ပေါ်မှာ ကျနော်တို့နာမည်တွေကို တရုတ်ဘာသာနဲ့ ရေးတယ်။ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်ရေးရေး၊ မြန်မာလိုရေးရေး ရတယ်။ ဘုရားသခင်က ဘာသာပေါင်းစုံ ဖတ်တတ်တယ်။ ပြီးတဲ့အခါ အဲဒီစက္ကူပါးကလေးကို မီးရှို့လိုက်တဲ့အခါ လေထဲ လွင့်ပျံသွားတယ်။ ကျနော်တို့ နာမည်တွေလည်း ဘုရားဆီမှာ မှတ်ပုံတင်ပြီးသား ဖြစ်သွားတယ်။ သူတို့က ကျနော်တို့ ကောင်းပေါ့ ဆုတောင်းပေးကြတယ်။

အဲဒီမှာ ပြောပြထားတဲ့ လျှို့ဝှက်ချက်တခု ရှိလာတယ်။ သိပ်ပြီး အရေးကြုံရင်၊ အသက်ဘေးနဲ့ ရင်ဆိုင်ရမယ့် ကာလမျိုးမှာ ဒီ ဂါထာလေးကို ရွတ်ပါတဲ့။ ဘာမှန်းတော့ အဓိပ္ပါယ် မသိပါဘူး။ "ဝူးထိုက်ဖော် မီလား" လို့ ဆိုတယ်။ ဒါကို အသံထွက် ရွတ်လို့ မရဘူး။ တိတ်တိတ်ပဲ စိတ်ထဲက ရွတ်ရမယ်။ အသံထွက်ရွတ်ရင် ဘုရားက ကြားပြီး သူ့အတွက် အလုပ်ရှုပ်မယ်၊ စိတ် အနှောက်အယှက် ဖြစ်ရမယ်ပေါ့။ ဒီလို ဂါထာရွတ်လိုက်တာကို ဘုရားက ကြားတဲ့အခါ အကယ်လွှတ်ပါလိမ့်မယ် .. စသည်ဖြင့်ပေါ့လေ။ ဟုတ်တော့ ဟုတ်နေကြတယ်။

ဒီလိုနဲ့ မွန်အမျိုးသားနေ့အကြို တပ်ဖွဲ့ပေါင်းစုံ ဘောလုံးပွဲ ဖြစ်လာခဲ့တယ်။ ကျနော်တို့ကလည်း တပ်ရင်း ၁၀၁၊ ၁၀၂ ပေါင်းပြီး ဒိုင်းယူဖို့ ဘော်လုံးတဖွဲ့ ထွက်တယ်။ မွန်ပြည်သစ်ပါတီကလည်း တပ်ရင်းအလိုက် ဘောလုံးအဖွဲ့တွေ ထွက်ကြတယ်။ ဘူးသီးငါးပေါင်းကြော်စာနဲ့ ဗိုလ်သင်တန်းကျောင်း အသင်းကလည်း ဝင့်ဝင့်ကြွားကြွား ဘောလုံးပွဲမှာ လာယှဉ်တယ်။ ကျနော်တို့ အသင်းမှာတော့ မြန်မာ့လက်ရွေးစင်တွေပါတယ်။ တပ်ရင်း (၁၀၂) က ကိုယဉ်ထွေး ဆိုရင် မြန်မာ့လက်ရွေးစင် ဂိုးသမား၊ တပ်ရင်း (၁၀၁) က မင်းလွင်ကြီးဆိုရင် မြန်မာ့လက်ရွေးစင် ဘော်လီဘောသမား၊ အခြားနယ်အဆင့် လက်ရွေးစင်၊ တက္ကသိုလ် ကျောင်းလက်ရွေးစင်တွေလည်း ရှိကြတယ်။ သို့ပေသော်လည်း အာဟာရ က မပြည့်၊ လေ့ကျင့်မှုက မရှိ၊ ငှက်စားထားတာလည်း ရှိနေကြသေး။


သစ်တုံးပေါ်- ကိုဝင်းနိုင်ဦး၊ ကိုတေဇာမင်း၊ ကိုမင်းလွင်
မတ်တပ်ရပ်- ကိုသက်ဌေးနိုင်၊ ကိုအောင်အောင်
အောက်- စာရေးသူ၊ ကိုစိုးအောင်

ဒီလိုနဲ့ ကန်လာကြတာ ဖိုင်နယ်ပွဲမှာ ကျောင်းသားအဖွဲ့နဲ့ ဗိုလ်သင်တန်းကျောင်း အဖွဲ့တို့ တွေ့ဖို့ ဖြစ်လာတယ်။ ဒိုင်းဆုကြီး ကို မက်သလို၊ ဆုရမယ့်ငွေသားကလည်း မက်စရာ။ အနည်းဆုံးတော့ ဗိုက်ပွဲခံသွားနိုင်တယ်။ ဒီလိုနဲ့ ဘောပွဲက အကြိတ် အနယ်။ အရှုံးမခံနိုင်တော့ဘူး။ ဘောလုံးက ကျနော်တို့ ဂိုးဘက်လည်း နီးလာရော၊ ကျနော်တို့ ကျောင်းသားအစုဆီက အသံကြီး တခဲနက်ထွက်လာတယ်။ 

"ဝူးထိုက်ဖော် မီလား"

ဘောလုံးက ဂိုးတိုင်ကို ချော်ထွက်သွားတယ်။ ဘုရားကယ်လိုက်တာပေါ့။ ဒီလိုနဲ့ မွန်ဗိုလ်သင်တန်းကျောင်း အဖွဲ့ဖက် ဂိုးတိုင်နားကို ကပ်လာတယ်။ ကျနော်တို့လည်း ဂိုးသွင်းတော့မယ် ဆိုတော့ ရင်တခုန်ခုန် တခဲနက် အားပေးနေကြရတယ်။ မွန်ရဲဘော်တွေဖက်က အသံကြီးထွက်လာတယ်။ "ဝူးထိုက်ဖော် မီလား"။ သူတို့ကလည်း တာအိုဘာသာရေး စည်းရုံးမှု တစုံတရာ ခံကြရတဲ့သူတွေ၊ ဒီအကြောင်းလည်း သိသင့်သလောက် သိထားကြသူတွေ။

"ဝူးထိုက်ဖော် မီလား"
"ဝူးထိုက်ဖော် မီလား"

ဒီလိုနဲ့ ဘော်လုံးကွင်းတကွင်းလုံး "ဝူးထိုက်ဖော် မီလား" ဆုတောင်းသံတွေနဲ့ ဆူညံနေခဲ့တယ်။ တာအို ဘာသာရေး အဖွဲ့ လည်း ဘောလုံးပွဲပရိသတ်ထဲပါတယ်။ သူတို့လည်း မျက်နှာပူပူနဲ့ အစောကပဲ ကွင်းထဲက ထွက်သွားကြတယ်။ ပွဲပြီးတော့ သရေကျတယ်။ ကျနော်ကတော့ ကျနော်တို့ ဘောလုံးကန်နေစဉ်ကာလမှာ ဘုရားသခင်ကတော့ ဘောလုံးကို ဟိုဖက် သယ်ပြေးလိုက်ရ၊ ဒီဖက်သယ်ပြေးလိုက်ရ လုပ်နေမှာတော့ မြင်ယောင်မိတယ်။ [ဒါပေမယ့် အခုထက်တိုင် ကျနော့်မိန်းမ မွန်ရွာသူကတော့ တာအိုဘာသာကို ဆက်လက်ကိုးကွယ်တုန်းပဲ။ အိမ်မှာလည်း ကွမ်ယင်မယ်တော် ဘုရားစင်တခု ရှိတယ်။]

Comments