ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ ... စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ

ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ ... စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

"လွမ်းပင်ရိပ်ဝေဝေသီ .. ဆောင်းအိပ်မက်ဧကရီ ... ဒေဝီအလှရဲ့သီတာကုန်ဆုံး ...ဒီပါသုဉ်းစေ ဘုန်းမမေ့နိုင်ဘူး ... ဘုန်းမ မေ့နိုင်ဘူး ... ပိုင်မလို မဆိုင်သကို ... ကိုယ်ရုံတိမ်ပြာနုနဲ့ ရှိန်ဝါလုကာ ... ကြယ်မင်းသခင်သို့ .. လနတ်ဆွေရှင် ကြွေဆင်း မြေနင်းခသလို ... ရွှန်းမြသာလွင် ... ဖူးတွေ့ပါရ ... မြောက်ကန္တာရနှင်းမြေနိုင်ငံ ... ခေါက်ပြန်ပြာစ ညင်းလေသွဲဆဲအခါ ... "

ကျွန်တော်တို့ ဆယ်ကျော်သက်ရွယ်၊ နှလုံးသးသံစဉ်လှိုက်ခုန်ခါစဆီက ဆရာတက္ကသိုလ်ဘုန်းနိုင်၏ "ညီမလေးရယ် စိုးရိမ်မိတယ်" ဝတ္ထုမှ ဇာတ်ဝင်သီချင်းစာသားအချို့ပါပေ။ သီချင်းခေါင်းစဉ်က "ဆောင်းအိပ်မက် ဧကရီ" ...

အထူးသဖြင့် ကံ့ကော်တွေပွင့်ပြီး ပိတောက်တွေထိန်ပြီဆိုရင် ... မေရီဆိုတာ ဒီမြေမှာရှိလေရဲ့လို့တောင် သိလေမယ်မဟုတ်တဲ့ သူကို မေရီသတိရနေမိတတ်တယ်။ စာတွေ၊ ကဗျာတွေနဲ့အတူ နွမ်းခြောက်နေတဲ့ ကံ့ကော်ပန်းတွေ၊ ပိတောက်ပွင့်ခက်တွေဟာ မေရီလက်ထဲမှာကျန်ခဲ့တာကို မမကပြောတယ်။ ကံ့ကော်တွေပွင့်ပြီး ပိတောက်တွေပွင့်ပြီဆိုရင် သူက ပန်းစည်း တစည်း တစည်း မမဆီလာပေးလေ့ရှိသတဲ့။ ဒီပန်းတွေမြင်ပြန်တော့ "သစ္စာတင့်လန်း သဲဦးပန်းကို မနွမ်းစေရ၊ ပန်ခဲ့ပါရှင်၊ သော်တာ့ အပြင် ကြယ်မမြင်သို့" ဆိုတဲ့ သူ့ဘုရားတိုင်ရတုလေးဟာ မေရီ့နားမှာ အစဉ်ပဲ့တင်ထပ်နေတယ်" ဟုဆိုကာ ညီမလေးရယ် စိုးရိမ်မိတယ်မှ အဓိကဇာတ်လိုက်ဖြစ်သူ မေရီ၏ အသည်းနင့်နင့် ဖွင့်ဟသံစဉ်များပါပေ။

သည်သို့ သည်နှယ် သီချင်းသံစဉ်များ၊ စကားလုံးအဆင်တန်ဆာများဖြင့် မောနင့်လှိုက်နွမ်းဖွယ် ချစ်သူပျို လုံမပျိုတဦး၏ ပုံရိပ်များက စာဖတ်သူအပေါင်းအား ညှို့င်ဖမ်းစားမှုဖြင့် ....။
......

ကျွန်တော်တို့ နုသစ်စကပင် တက္ကသိုလ်သရုပ်ဖော်ဝတ္ထုများက ဖမ်းစားမှုပြုခဲ့ပေသည်။ သည်ဝတ္ထုများ၏ သွေးဆောင်ဖြားယောင်းမှုများကြောင့် တက္ကသိုလ်ကျောင်းသားဘဝများအပေါ် အားကျသက်ဝင်ခဲ့ကြရပေသည်။ ညီမလေးရယ် စိုးရိမ်မိတယ် ကံ့ကော်တောမှဇာတ်လမ်းများ၊ မပန်ပါနဲ့ ကြွေချင်တယ်၊ အချစ်ရူးလေးရဲ့ အချစ်ဦး၊ ငွေစပယ်ရဲ့လမင်း၊ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားတဦး၊ ပြိုမှာလေလားမိုးရဲ့၊ သို့တိုင် တက္ကသိုလ်အဝန်းအဝိုင်းအပေါ် တိမ်းညွတ်စိတ်များနှင့် တက္ကသိုလ်ကျောင်း သား ကျောင်းသူတို့၏ဘဝများအပေါ် အာရုံညွှတ်နူးခဲ့ကြရပေသည်။ အားကျစိတ်တို့နှင့်အတူ တက္ကသိုလ်ကျောင်းသား ကျောင်းသူတဦးတယောက်အဖြစ် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်လိုစိတ်များ ခိုအောင်ခဲ့ကြရသည်။

တက္ကသိုလ် ကျောင်းသားတဦးကဲ့သို့ သီချင်းမျိုးကို မကြာခဏ နားဆင်ခံစားရလေတိုင်း အင်းလျားကန်အပါးဆီက မြင် ကွင်းများကို အတွေးလှိုင်းဖြင့် တသိမ့်သိမ့်မြင်ယောင်မိရပြန်ပါသည်။ ကျွန်တော်နဲ့ တက္ကသိုလ်အဝန်းအဝိုင်းတို့၏ ဆက်နွယ် မှုက မစိမ်းသောမြေဟုပင် ဆိုနိုင်လောက်ပါပေသည်။ အခြေခံပညာသင်ယူပြီးမြောက်ခြင်းမရှိမီကပင် တက္ကသိုလ်နယ်မြေ အတွင်းသို့ မကြာခဏ ဝင်ရောက်ကူးခတ်ခွင့်ရခဲ့သောကြောင့်ပင်။ ကျောင်းပြီးစ ကျွန်တော့်နောင်တော်များနှင့်အတူ သူတို့၏ နောက်ဘက်နားဆီက ကျွန်တော်က လိုက်ပါရွေ့လျားနေကျမို့ပါလေ။

ကျောင်းဖွင့်ချိန် ... စိန်ပန်းတွေလည်း မြေမှာ ကျဲပြန့်နေ .... ကံ့ကော်ပန်းတွေနဲ့အတူး ... သူနဲ့တွေ့ရာနယ်မြေ ... တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားသည်နယ်မြေ ... ချိန်ညနေချမ်းနေခြည်ဖျန်းရင်လေ ... မြေနီလမ်းကလေးမှာ ... (အပန်း ဖြေ) ၂ ... ချစ်စရာအလှအပစကားများ ... ပြောကြာကာပေ ... ချစ်သောမိမိငယ်ရေ ... အင်းလျားကန်က ကိုယ်တို့ ကိုယ်တို့ .... မေတ္တာမြေ ....။
......

ကျွန်တော်တို့ အမိတက္ကသိုလ် ရင်လွှာထဲ ခိုဝင်ရသည့်ကာလမှာ ရွှေရတုသဘင်ပွဲဆင်နွှဲသည့် ၁၉၇၀ ၏ မိုးစက်ပွင့်တို့ ကြဲ ပက်သည့် ဝဿန္တရက်စွဲများတွင် ဖြစ်ပါသည်။ နောင်တော်၊ အမတော်များက ကျွန်တော်တို့ ညီငယ် ညီမငယ်များသို့ ကြို ဆိုပွေ့ဖက်မှုများဖြင့် မောင်မယ်သစ်လွှင်ကြိုဆိုပွဲကို ကျင်းပပေးခဲ့ကြသည်။ သည်စဉ်က ရွှေပြည်စိုးသီချင်းဖြင့် အမတော် တဦး၏ တင်ဆ်ကပြမှုက ငြိမ့်ညောင်းသွယ်နွှဲ့လှသည်။ "မြကျွန်းညိုညိ တက္ကသိုလ်" သီချင်း သံပြိုင်သီကြွေးမှုများ ဖြင့် ယနေ့ ထက်တိုင် မမေ့ဖွယ်၊ မပျောက်ဖွယ် သတိတရရှိနေဆဲ။

မြကျွန်းညိုညို ... ကွန်းခိုရာ တက္ကသိုလ်မှာကြုံ ... စာပေဂီတနဲ့သာ ... အနုပညာအစစမှာလည်းစုံ ... တေးပည့်ငြိမ့်ငြိမ့်ညောင်း ... စုပေါင်းပါလို့သီကြွေးပုံ ... တေးအလင်္ကာ ... ဘဝင်မှာအော ... ငြိမ်းချမ်းကြစေကုန် ....

ကျွန်တော်တို့ ကျောက်ဆူးချကမ်းကပ်ပြီး ဒီဇင်ဘာပန်းပွင့်များနဲ့အပြိုင် ရန်ကုန်တက္ကသိုလ်၏ ရွှေရတုပွဲတော်ကာလနှင့် တိုး တိုက်ကြုံဆုခဲ့ကြရသည်။ ဆောင်းဦးရက်များပင်ဖြစ်ပေလိမ့်မင့် မိုးနတ်မင်းကြီးကိုယ်တိုင်ပင် ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုသဘသင်ပွဲ၌ ပါဝင်အားဖြင့်လာခဲ့ပေရာ ... မိုးစက်ပွင့်နှင့် ဆောင်းနှင်းမှုန်လွတို့၏ ပွေ့ဖက်မှုရသက မောခိုက် ခိုက်မျှ ချမ်းမှု အေးမှုအပေါင်းတို့ဖြင့် သရဖူဆောင်းခဲ့သည်ဆိုရမလောက်ပါပေ။

အားဖြည့်သူ ပရိသတ်အပေါင်းဖြင့် တက္ကသိုလ်နယ်မြေတဝန်း ကြက်ပျံမကျ ခြိမ့်သဲစည်ပင်လွန်းလှသည်။ မိုးအေးအေးနှင့် ဆောင်းချမ်းမြမြဒဏ်ကို မမှုနိုင်အားလောက်အောင်ပင်။ ကာလာစုံ၊ ဆိုဒ်စုံ၊ ပျိုအိုကျားမရွယ်စုံတို့ဖြင့် ပျော်ရွှင်စွာ ပျော်ဝင်နေ ပုံများက အားရဖွယ်ကောင်းလွန်းနေပေသည် အဓိပဓိလမ်းမလေးတလျှောက်၊ ဘာသာရပ်အသင်းများ၏ ရံပုံငွေ စားသောက် ဆိုင်များဖြင့်လည်း အပြိုင်အဆိုင်နေရာယူထားမှုတို့ဖြင့် မြိုင်ဆိုင်စည်ကားလှပေသည်။ တက္ကသိုလ်နယ်မြေအတွင်း ဇာတ်စင် ကြီးများဖြင့် ခမ်းနားထယ်ဝါစွာ တင်ဆက်ကပြခဲ့ကြသည်မို့ ရွှေပွဲလာပရိသတ်တို့အဖို့ ကိုယ်အာရုံကျရာ ဇာတ်စင်များဆီ စိတ်ကြိုက်အားပေးနိုင်ကြသည်မို့ ဟိုမှ သည်ဆီကူးယှက်ပျံသန်းကြ၊ စားသောက်ဆိုင်တန်းများဘက် ရွေ့လျားကမ်းကပ်ကြ ဖြင့် ပျော်ရွှင်ဖွယ် ပွဲတော်ကြီး ဖြစ်ခဲ့ရပေသည်။

အမိရင်ခွင်သို့ ခိုဝင်နားနေခိုက် ကိုယ်ညွှတ်ပျောင်းရာ၊ ဝါသနာစေ့ဆော်ရာ၊ ဘာသာရပ်အလိုက် ကျောင်းပညာရပ်များကို စုပ်ယူကြိုးပမ်းကြသကဲ့သို့ ကိုယ်သန်ရာ အနုပညာ၊ အားကစား စသဖြင့်လည်း ပါဝင်ပုံဖော်နိုင်ခွင့်များနှင့် ကြည်စင်လန်းမြခဲ့ကြ ကြပေသည်။ တက္ကသိုလ်အနုပညာအသင်းသို့ ဝင်ရောက်၍ စန္ဒရားအတီးသင်တန်း၊ တယောအတီးသင်တန်း၊ ဝါးပတ္တလားမှ သည် အကသင်တန်း၌ ပါဝင်လေ့ကျင့်သူတို့ဖြင့်လည်း စုံလှပေသည်။ တက္ကသိုလ် အပန်းဖြေရိပ်သာဝန်းကျင်သို့ ဖြတ်သန်းရ တိုင်း ဂီတတေးသံတို့ဖြင့် ကြည်နူးချမ်းမြေ့ရသည်မှာ အမိတက္ကသိုလ်မှ ဖြည့်စွမ်းပေးသည့် လက်ဆောင်မွန်တခု ဖြစ်ခဲ့ရပေ သည်။

စာပေအေးရိပ်၌ ဝင်ရောက်မွေ့လျော်လိုပါကလည်း နှစ်စဉ်ထုတ်ဝေလျှက်ရှိသည့် အမိတက္ကသိုလ်၏ နှစ်လည် မဂ္ဂဇင်းမှသည် ဘာသာရပ်အလိုက်ထုတ်ဝေသည့် ဂျာနယ်မဂ္ဂဇင်းများ၏စာမျက်နှာများပေါ် ဖြတ်သန်းလေ့ကျင့်နိုင်ပေသည်။ လက်သင်ကလောင်များအဖို့ ဝိဇ္ဇာခမ်းမနောက်ဘက်နားဆီက ပန်းချီခမ်းမမှ စတင်ပေသည်။ နံရံကပ်စာစောင်ကလေးများ၌ လည်း ကလောင်သွေးခွင့်ရရှိနိုင်ခဲ့ပါသည်။ ကျွန်တော်တို့လည်း ထိုပျိုးခင်းကလေးထဲဝင်ရောက်၍ ကူးခတ်ပျံသန်းခံသည်များ ကို ယခုထက်တိုင်ပင် မှတ်ဉာဏ် chip လေးထဲ သိုမီးထားဆဲပါလေ။

ကျွန်တော်တို့နှင့် ရှေ့နောက်အစဉ်ပါဝင်ပျံသန်းခဲ့ကြသည့် ကလောင်များထဲမှာ အညာတမာ၊ မြင့်စိုးလှိုင်၊ မြတ်သစ်၊ တင် ဆွေမိုး၊ အောင်စိုးဦး၊ မောင်ယဉ်မှူး၊ သံလျင်မောင်ဝင်းဝါ၊ စောမဉ္ဇူ၊ ခိုင်ကျော်ထွေး၊ မောင်ညိုလှိုဏ်၊ မောင်စိမ်းခိုင်၊ တက္က သိုလ်ကျော်ဝင်းမောင်၊ ကိုရွှေသိမ်းမင်း၊ မောင်နံ့သာ၊ မောင်နွယ်သွေး၊ မင်းခိုင်ဦး၊ လင်းရောင်တင် စသဖြင့် စာပေပန်း ခင်း၌ ရနံ့တို့သင်းပျံ့လန်းရွှင်နိုင်ခဲ့ကြပေသည်။ မိခင်ရင်လွှာထဲ ကျွန်တော်တို့ဝင်ရောက်ခိုးနားစဉ်ကာလဆီက အပန်းဖြေရိပ်သာ ထဲ ခင်းဖြန့်ပြသတတ်သည့် ကံကော်ရွာသား ပန်းချီဆရာများ၏ ပန်းချီပြပွဲများကလည်း အမှတ်ရစရာများပင်။ အောင်ကျော် မိုး၊ စံမင်း၊ အင်ဒရူးတို့၏ပန်းချီလက်ရာများကို အစဉ်တစိုက် တင်သွင်းပြသခဲ့သည်များလည်း စိတ်အစဉ်၌ မှတ်မှတ်ထင်ထင် ရှိနေဆဲ။ ကျွန်တော်တို့ဘော်ဒါကြီး ကိုနွယ်သွေး၏လက်ရာမွန်များကိုတော့ မြန်မာစာအသင်းမှ ထုတ်ဝေသည့် ဂျာနယ်၊ မဂ္ဂဇင်း၊ နံရံကပ်စာစောင်တိုင်း၌ မလွတ်တမ်း တောင်ပံဝင့်လှုပ်ရှားခဲ့ပုံများကလည်း မမေ့နိုင်စရာပါ။

"စေတီငယ်တန်ဆောင်း ... ရိပ်သာမြတ်ကျောင်း ... (ခေါင်းလောင်းသံတွေဝေဝေလွင် ... အမျှပေးလု့သာဓုခေါ်ချင် ... )၂ ... ငြိမ်းချမ်းရေးကိုသွန်သင် ... ပဲ့ပြင်ဆုံးမဗုဒ္ဓမြတ်ရှင် ... ရောင်ချီလွှမ်းတဲ့စခန်းသည် သည်မြေပြင် ... မြတ်လေးကြည်ညို ရိုသေလျက်အစဉ် ... ချစ်စွာသော အို ... မိခင် ...."

ကျွန်တော်တို့အလှည့် တဖန်ရောက်ရှိလာခိုက် ... အမိရင်ခွင်သို့ နောက်ထပ်ခိုဝင်လာကြသည့် ညီငယ် ညီမငယ်များအား ကမ်းလင့်ကြိုဆိုခြင်း ပြုခဲ့ကြပါသည်။ သည်ပွဲ၌ ဆရာဦးအောင်သင်းရေးသားစပ်ဆိုသည့် "ချစ်စွာသောအိုမိခင်" အမည်ရ တေးသစ်တပုဒ်ကို ကျွန်တော်တို့ မောင်နှမတစုသံပြိုင်ကြွေးဟစ်ခဲ့ကြပါသည်။ သည်စဉ်က တီးဝိုင်း၏ပဲ့ကိုင်ရှင်မှာ ဂီတမှူး စန္ဒရားတင်ဝင်းလှိုင်။ သူက ကျွန်တော်တို့ရှေ့နားဆီမှ နောင်တော်ကျောင်းသားဟောင်းတဦးပါ။ နောင်သောအခါ ကျွန်တော် တို့ရင့်ကျူးခဲ့သည့် "ချစ်စွာသော အိုမိခင်" သီချင်းမှာ လေလှိုင်းသံအဖွဲ့၏ မြန်မာ့အသံဓာတ်ပြားရတေးသီချင်းတပုဒ်ဖြစ်ခဲ့ ပေသည်။

ပြန်ပြောင်းတမ်းတရမည်ဆိုလျှင် လွမ်းမြစရာတွေက များလှပေသည်။ အပန်းဖြေရိပ်သာထဲက "ပန်းဝတီ" ဆိုင်ကလေးက ရှေ့နားမှာပါနေတတ်သလို၊ သည်ဆိုင်ကလေးပေါ်က ဆရာမောင်ပန်းမွှေး၏ နေလို လလို၊ တခုသောပန်းဥယျဉ် ဆိုသည့် ကဗျာစာအုပ်ကလေးများ၊ ကိုရွှေသိမ်းမင်း၊ မောင်ပန်းမွှေးတို့၏ ကဗျာကလေးများနှင့် ပို့စကဒ် လှတပတလေးများ၊ ဘော်ဒါကြီး ကိုနွယ်သွေး လက်ရာမွန်ပို့စကဒ်ကလေးများသည်လည်း ကျွန်တော်၏ အလွမ်းစာရင်းထဲ ရှေ့ဆုံးနားက စာရင်းတို့ရမည်ပင်။

ငယ်နုသစ်ကာလများဆီက ဆရာတက္ကသိုလ်ဘုန်းနိုင်တို့၊ ဆရာသိနးထွန်းတို့၏ တက္ကသိုလ်နောက်ခံ ဝတ္ထုများဖြင့် လိုက်ပါ ရင်ခုန်ခဲ့ရသလိုပင် သည်ကနေ့ ကျွန်တော်တို့နားစည်မှေးပါးမှသည် နှလုံးသားသို့တိုင် ခဏမကြာလာရောက်၍ ထိုးခတ်ထိရှိ စေသည့် "တက္ကသိုလ်ကျောင်းက ငွေလမင်း" တို့၊ "အဓိပတိလမ်းမှာ မိုးတွေရွာ ... ဆရာဦးမြသိန်း၏ "အမျက်အမုန်းရှသမျှတမင်အဝေးသွေခွာ ... တသက်လုံးတသသ ...ရင်အဆွေးမပြေစရာ ... ပျောက်ဆုံးသွားတဲ့ ကံ့ကော်ပွင့်လေး ... ဘယ်ဆီ ဘယ်မှာ ..." ဆိုတဲ့ မြသီလာသို့ အလွမ်းပြေ တေးချင်းမျိုး၊ ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကရဲ့ ကျွန်းညိုမြဝယ် ... မိုးမြေ နိမ့်ယောင် မာလာဆောင်သို့ ... မြူနှင်းတို့ဝေတဲ့ ဆောင်းချမ်းမြဟေမာန်ဝယ် .. တက္ကသိုလ်မှာ ဝေတဲ့နှင်းရယ်" သီချင်းမျိုးတွေ "လာလုငယ် လာလုငေး ပန်းကြာရေးဝေး .. .မှန်းကာသူတွေး ... ကြင်ကြင်နာနာ ကြည်သာဖေးဖေး .. ထွေးထွေးနုနု ယုယချင်သေး ... ချစ်သူနှင်းရေ .. ရီရွှင်ပြုံးပြုံး ... လှတင့်ဆုံးကို .. ရာသက်လုံး ... ဘယ်မမုန်းပေ .. .ပန်းတွေခင်းကာစောင့်ကြိုနေ ... ချစ်သက်စုနှင်းရေ.." ဆိုသော သံစဉ်နုလွများဖြင့် ရင်မောနွမ်းလျ ချစ်သူပျောက်ရှတေးချင်း လေးများက အတိတ်ဆိုသည့် စမ်းချောင်းတခုဆီ အောက်မေ့ဖွယ်ဘဝများဆီသို့ လည်ပြန်သယ်ဆောင် ခေါ်င်နိုင်စွမ်းခဲ့ကြပေ သည်။

"တက္ကသီလာ ... မြကျွန်းသာရင်ခွင်ထက်ဆီမှ ... စိန်းပန်းပြာကလေးတွေလိုပင် ... ခင်မင်သမုဒယ မယုယနိုင်ဘဲ ... ခွဲခွာ သွားရသူရေ ... အသက်နဲ့ကိုယ်လျှင် ... ခင်ရုံသာခင် ... မကြင်ရတဲ့ ဘဝတခုနဲ့သာပင် .... အခုတော့ အဝေးမှာနေ ပျော်ရာ မှာလည်း မနေရ ... တော်ရာမှာပဲနေရရှာသူရေ ... "

တေးသံရှင် ကိုတင်လှိုင် သီကျူးခဲ့ဖူးသည့်အတိုင်းပင် ပျော်ရာမှာမဖွေသာပဲ၊ တော်ရာအရပ်ဒေသမှာ ရှင်သန်ရင်း၊ တခါတုန်း ဆီက ကံ့ကော်ရွာ အင်းလျားရေဆိပ်နဲ့ စိန်းပန်းပြာပြာ မွေ့ရာခင်းတဲ့လမ်းတလျှောက် အလွမ်းပြေ တခါတခေါက်ပင် ခြေချခွင့် မသင့်ခဲ့တာ ကာလတောင်တာကြာခဲ့ပါရော့လား ...။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အကြို ....

ရွှေဒါးမောင်လေးရည်

Comments