ထွန်းအောင်ကျော် (၇၄ မျိုးဆက်) - ဘူးလက်လှဆွေ ဟောပြောချက်အပေါ် ဝေဖန်သုံးသပ်ချက်



ထွန်းအောင်ကျော် (၇၄ မျိုးဆက်) - ဘူးလက်လှဆွေ ဟောပြောချက်အပေါ် ဝေဖန်သုံးသပ်ချက်
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၇

ဆောင်းဦးရာသီ ရောက်လာလို့ ညနေပိုင်း စောင်လေးခြုံပြီး ကွေးနေတုံး တူမောင်ဖြစ်သူ မောင်ထူးတယောက် အိမ်ကို ရောက်လာပါတယ်။

မောင်ထူး။ “ လေးလေး လေးလေး ဘယ်အချိန်ရှိပြီလဲ ညနေအိပ်နေရင် သွေးတိုးနေမှာပေါ့”

စာရေးသူ။ ဟကောင်လေးရ။ အေးလို့ ကွေးနေတာ၊ မင်းက ဘာများအရေးကြီးနေလို့လဲ။ ဇိမ်ပျက်တယ်ကွာ။

မောင်ထူး။ ဟာလေးလေးကလဲ အရေးကြီးမှလာရမှာလား။ ဒီနေ့မြို့ထဲမှာ တပ်မတော်ထောက်ခံပွဲ သွားလေ့လာပြီး ပြန်လာတာ လေးလေးက အကြားအမြင်များတော့ ကျနော်သိချင်တာလေးတွေ မေးချင်လို့။

စာရေးသူ။ အံမာ၊ မင်းက နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားနေပြီလား။ မင်းအင်္ဂလိပ်စာ တိုဖယ်ဖြေဖို့ လုပ်နေတယ်ဆို အခု နိုင်ငံရေး ဖြစ်နေပြန်ပြီလား။ ဟိုမရောက် ဒီမရောက်နဲ့။

မောင်ထူး။ လေးလေးကလဲ လာတိုင်းဆူနေတာပဲ။ အခု ရခိုင်အကြမ်းဖက်မှုကိစ္စ ဖြစ်နေတာကြောင့် တိုင်းပြည် နာမည်ပျက်ရတာ၊ နောက်နိုင်ငံတကာက ပြစ်တင်ခံနေရတာကို မခံချင်လို့ဗျ။

စာရေးသူ။ အေး၊ မင်းကမျိုးချစ်စိတ်ရှိတယ်ဆိုပါတော့။ ကဲကဲ ... မင်းကဘာမေးချင်တာလဲမေး။

မောင်ထူး။ ဟောပြောပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှဆွေက ဟောပြောတာမှာ “ကျွန်တော်တို့ ဒီနေ့ တပ်မတော်ကို ထောက်ခံနေတာဟာ တပ်မတော်ကို မထောက်ခံတဲ့သူတွေ ရှိနေလို့ပေါ့ မဟုတ်ဘူးလားတဲ့။ တပ်မတော်နဲ့ မတည့်တဲ့သူဟာ သူပုန်ဘဲတဲ့ လေးလေးရဲ့ အဲဒါ ဟုတ်သလား လေးလေး။

စာရေးသူ။ သူကအရင်က တပ်မတော်အရာရှိတယောက်အဖြစ် တပ်မတော်မှာ အမှုထမ်းခဲ့ပြီး အရာရှိ အခွင့်အရေးခံစားရသူ ဖြစ်သလို တပ်ကထွက်ပြီးတော့လည်း အသွင်ပြောင်း ဖားတပိုင်းငါးတပိုင်းဦးသိန်းစိန် အစိုးရလက်ထက်မှာ စစ်တပ်က တည်ထောင်ထားပေးတဲ့ ကြံခိုင်ဖြိုးပါတီမှာဝင်ပြီး အရွေးခံခဲ့လို့ အမတ် ဖြစ်လာတဲ့သူဆိုတော့ သူ့ကို သူကောင်းပြုခဲ့တဲ့ တပ်ရယ်၊ ပါတီရယ်တို့အပေါ် သူက ထောက်ခံနေတာ မဆန်းပါဘူး။ ဒါပေမဲ့ တပ်မတော်နဲ့ မတည့်တဲ့သူဟာ သူပုန်ပဲ ဆိုတာတော့ ဝါးလုံးရှည်နဲ့သိမ်းရမ်းသလို စည်းမဲ့ကမ်းမဲ့ ပြောတာပဲကွ။ သူပုန်တွေ ဘာကြောင့် သူပုန်ထရသလဲကြည့်ရင် လူ့အခွင့်အရေး တိုင်းရင်းသား အခွင့်အရေးတွေ မရကြလို့ဆိုတာ ထင်ရှားနေတာပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးရအောင် ပထမဦးစားပေး အနေနဲ့ကြိုးစားနေတာပဲ မဟုတ်ဘူးလား။ နောက်စစ်တပ်ကို ထောက်ခံတယ် မထောက်ခံဘူးဆိုတာ တခုထဲနဲ့ သူပုန်လို့ သတ်မှတ်မယ်ဆိုတာ မမှန်ဘူးကွ။ စစ်တပ်က ကောင်းတာလုပ်ရင် ထောက်ခံပြီး မကောင်းတာလုပ်ရင် ဘယ်လို လုပ်ထောက်ခံလို့ရမလဲ။ ၈၈ အရေးအခင်းမှာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ခဲ့တာ စစ်တပ်ပဲလေ၊ အဲဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုလုပ်ထောက်ခံလို့ ရမှာလဲ။

မောင်ထူး။ အင်းဟုတ်တယ်နော်။ နေရာတကာ ဘာလုပ်လုပ်ထောက်ခံရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါနဲ့ လေးလေးဘူးလက်က ဆက်ပြောတယ် ARSA အဖွဲ့တွေက သူတို့က လူနဲနဲလေးပါ တပ်မတော်က အင်အားသုံးပြီး မတရားလုပ်တာလို့ ပြောပြီး မူလကျီတွန်တီလုပ်တာ ဒီအမျိုးတွေက မူလကျီ တအားလုပ်တာ ဘာအမျိုးတွေလဲ ဆိုပြီး လူတွေကို မေးတယ် “ခင်ဗျားတို့ သိလားတဲ့ နောက် အဲဒီအမျိုးတွေ အမျိုးတွေ ငှက်မျိုးတွေ” တဲ့။ အဲဒါ သားနားမလည်ဘူး။

စာရေးသူ။ ဒါကတော့ ဘူးလက်ဖောင်းသွားတာပဲ သားရ၊ သူက ARSA အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရ အမှတ်အသား ခွပ်ဒေါင်းငှက်အမှတ်အသားကို အတူတူပဲ။ မူဆလင်တွေကို အားပေးတယ်ဆိုပြီး လူထုကို ဦးနှောက်ဆေး (Brain Wash) လုပ်လိုက်တာပါ။ မလုပ်ကောင်း မပြောကောင်းတဲ့ကိစ္စပါ။ ပြည်သူလူထုကို ဟောပြောတဲ့နေရာမှာ အမှန်တရားကို ပြောတယ်ဆိုတဲ့ကျင့်ဝတ် (ethics) ကို ချိုးဖောက်လိုက်တာပဲ။ သတင်းအလိမ်အညာနဲ့ စည်းရုံးလိုက် တာပဲကွ။

မောင်ထူး။ သူက ဆက်ပြောတာက ဘူးသီးတောင်မောင်းတောက မူဆလင်ခေါင်းဆောင်တွေက စပါးတနှစ်လောက် မစိုက်တော့ဘူးတဲ့။ ပြေးဖို့စီစဉ်ထားတဲ့အတွက်တဲ့ ။ ဒါကို တပ်မတော်က သိလို့ ကြိုတင်ပြီး ဒေသန္တရအုပ်ချုပ်ရေးတွေ ထုတ်ဖို့ ပြောပေမဲ့ အစိုးရက သိပ်ဖြစ်လာလိမ့်မယ်လို့ မထင်လို့ မလုပ်တဲ့အတွက် တိုင်းရင်းသားတွေ ဟိန္ဒူတွေရာနဲ့ချီ အသတ် ခံရတယ် အတိုက်ခံရတာလို့ ပြောတယ်။

စာရေးသူ။ မင်းစဉ်းစားကြည့်လေ၊ တိုင်းပြည်ကာကွယ်ရေးကို ယူထားတာ ဘယ်သူတွေလဲ တပ်မတော်လေ၊ ကာကွယ်ရေး ဝန်ကြီးကို ဘယ်သူက ခန့်ထားသလဲ။ ကာချုပ်လေ။ ပြည်ထဲရေးဝန်ကြီးကို ဘယ်သူက ခန့်ထားလဲ။ ကာချုပ်လေ။ နယ်စပ်ရေးရာ ဝန်ကြီးကို ဘယ်သူက ခန့်ထားသလဲ။ ကာချုပ်ပဲလေ။ အစိုးရအဖွဲ့ဦးဆောင်နေတဲ့ သမတက ဒီဌာနဝန်ကြီး ၃ယောက်ကို ခန့်အပ်ပိုင်ခွင့် မရှိဘူးလေ။ ရခိုင်ပြည်ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကို တပ်မတော် ဦးစီးချုပ်မှာသာ တိုက်ရိုက် တာဝန်ရှိနေတာကို အစိုးရက ညံ့လို့ဆိုတဲ့ လွှဲချတဲ့အပြစ်ဖို့စကား ပဲကွ။ သူတို့ဖက်က ညံ့ခဲ့တာကို အစိုးရအပေါ် လွှဲချတာအတော် အရှက်ကင်းမဲ့တဲ့စကားဘဲ။

မောင်ထူး။ သူဆက်ပြောတာက “ကိုဖီအာနန်ကို ဘယ်သူခေါ်လာလဲ။ အေးဗျာ၊ ခင်ဗျားတို့ ပြောတဲ့ ခါတမာဘီဘီလား။ ဘယ်သူလဲ” တဲ့ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာလား လေးလေး။

စာရေးသူ။ ဟေ ... သူက အဲဒီလိုပြောသလား၊ ဒါဆို သူအရမ်းလွန်သွားပြီ၊ တရားစွဲလို့တောင် ရနိုင်တယ်။ ကိုဖီအာနန်ကို ဦးဆောင်ဖို့ ဖွဲ့ပေးလိုက်တာ ဒေါ်အောင်ဆန်းစုကြည်မှန်း လူတိုင်းသိနေတာပဲ။ ဒါက လွန်သွားပြီ။ စော်ကားမှု မြောက်သွားပြီလို့ ပြောရမှာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဘဲ သူ့ကို လျစ်လျူရှုလိုက်မှာပါ။ ဒီလိုလူတွေအတွက် သူအချိန်ကုန်ခံနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့လို လူငယ်တွေကတော့ သိသင့်တယ်။ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တယ်ဆိုပြီး ပြဇာတ်ကတဲ့ ကျောင်းသားလေးတွေ၊ နောက်ကလေးစစ်သား တယောက်ရဲ့ သူ့ဘဝအတွေ့အကြုံကို ပြောတဲ့အတွက် တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တယ်ဆိုပြီး တရားစွဲဆိုမှုလိုမျိုးကိုတော့ ဒေါ်စုက လုပ်မယ်မထင်ပါဘူး။ ဂုဏ်သိက္ခာကျတယ် တက်တယ်ဆိုတာ ကိုယ်က ဘာလုပ်ခဲ့သလဲ ပေါ်မှာပဲ မူတည်တာပါ။ မကောင်းတာ လုပ်ခဲ့ရင်တော့ အမှန်အတိုင်းမကောင်းဘူးလို့ ပြောတာ နာစရာမဟုတ်ဘူးလေ။

မောင်ထူး။ လေးလေးပြောမှ ရှင်းတော့တယ်။ ဒီလူက တော်တော်ဆိုးတယ် လေးလေး။ သူက ကိုဖီအာနန် ကော်မရှင် ဖွဲ့ပြီးတော့ တလပဲ ကြာတယ်။ စခန်း ၃ ခု တိုက်လိုက်ရော။ အဲဒီလို အောင်မြင်တာတဲ့။ နောက်ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာ တင်တယ်။ တင်ပြီးတပတ်လောက်ကြာရော စခန်း ၃၀ အတိုက်ခံရပြန်ရော အဲဒီလိုအောင်မြင်တာလို့ သရော်သေးတယ် လေးလေး။ အီးယူက ကော်မရှင်နာ မင်းကြီးလာတယ် နိုင်ငံအကြီးအကဲတွေနဲ့တွေ့ပြီး ပြန်သွားပြီး တပ်မတော်ကို ပိတ်လိုက်တယ်။ အမေရိကန်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြန်သွားတယ် သူပြန်သွားပြီး ၇ ရက်အကြာ တပ်မတော် အရာရှိတွေကို ပိတ်ပြန်ရော။ ဘယ်သူက ပိတ်ခိုင်းနေလဲ မသိဘူးတဲ့။

စာရေးသူ။ မင်းပြောတဲ့အတိုင်းဆိုရင် ရင်လေးစရာပဲကွာ၊ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့ပေးတဲ့ ရည်ရွယ်ချက်က ရခိုင်မှာ ဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ဖွဲ့ခဲ့တာပဲ။ နိုင်ငံခြားသံတမာန်တွေလာတာလဲ မတရားမှုတွေ ဖြစ်မဖြစ်ဆိုတာလေ့လာတာပဲ။ ဒါကို ဒေါ်စုကပဲ တပ်မတော်အရာရှိတွေကို ပိတ်ခိုင်းသလိုမျိုး ထင်ယောင်ထင်မှား ပြည်သူနဲ့ ရန်တိုက်ပေးလိုက်တဲ့စကားပဲ အလွန်အန္တရာယ်များတယ်။

တဖက်နိုင်ငံကို လူတွေသိန်းနဲ့ချီ ရောက်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ဆိုတာ အင်မတန်ကြီးလေးတဲ့ဝန်ထုတ်ဝန်ပိုးကြီးတခုပါ။ ရခိုင်ပြည်က မူဆလင်ပြဿနာဟာ ဒေါ်စုအစိုးရလက်ထက်မှာမှ ဖြစ်လာတဲ့ကိစ္စ မဟုတ်ပါဘူး။ မြန်မာပြည်လွတ်လပ်ရေး မရခင်ကထည်းက ရှိခဲ့တဲ့ ရခိုင်ပြည်နယ်က ခွဲထွက်ပြီး မူဆလင်ပြည်နယ် တည်ထောင်ရေးဆိုတဲ့ မူဂျာဟစ်လှုပ်ရှားမှုကစခဲ့ပြီး ဦးနုအစိုးရ လက်ထက်မှာ မူဂျာဟစ်သူပုန်တွေကို တပ်မတော်က နှိမ်နင်းခဲ့ပြီး ကုလားဆိုးတွေဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲခဲ့ဘူးတယ်ကွ။ ငါတို့ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ရှိတုံးက ဒီမူဂျာဟစ် ကုလားအဖိုးကြီးတွေကို တွေ့ခဲ့ဖူးတယ်။

မင်းကို ပါကစ္စတန်နိုင်ငံအကြောင်း ရှင်းပြမယ်။ ပါကစ္စတန်နိုင်ငံဆိုတာ အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန် နှစ်ခုပေါင်းထားတဲ့ နိုင်ငံဖြစ်တယ်။ ၁၉၇၁ ခုနှစ်၊ မတ်လမှာ အရှေ့ပါကစ္စတန်မှာရှိတဲ့ ဘင်္ဂါလီအများစုက ခွဲထွက်ပြီး ဘင်္ဂါလီတွေကြီးစိုးတဲ့ ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ နိုင်ငံအဖြစ် လွတ်လပ်ရေး ကြေညာလိုက်တယ်။ အဲ့ဒီလို ကြေညာခဲ့တဲ့အတွက် ပြည်တွင်းစစ်ဖြစ်လာတဲ့အခါ အိန္ဒိယစစ်တပ် အကူအညီနဲ့ စစ်ပွဲမှာ အနိုင်ရပြီး ဘင်္ဂလားဒေ့ရှ်ဆိုတဲ့နိုင်ငံ ဖြစ်လာတယ်။ ဒီပါကစ္စတန်ကနေ ခွဲထွက်တဲ့ ဘင်္ဂါလီလွတ်လပ်ရေးတိုက်ပွဲအတွင်း ဘင်္ဂါလီလူမျိုး မြောက်များစွာကို ပါကစ္စတန်စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ဘင်္ဂါလီအမျိုးသမီး ထောင်ပေါင်းများစွာကို မုဒိမ်းကျင့်ခဲ့ကြတယ်။ ဒါဟာ သူတို့မူဆလင် အချင်းချင်း ပြုကျင့်ကြတာပဲ။ ဒါကြောင့် ပြည်တွင်းစစ်အတွင်း ၁၀သန်းလောက်ရှိတဲ့ ဘင်္ဂါလီမြောက်များစွာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံထဲကို ပြေးကြရတယ်။ အများစုက အိန္ဒိယနိုင်ငံထဲကို ပြေးကြပြီး အရှေ့ပါကစ္စတန်မှာနေတဲ့ ဟိန္ဒူ အများအပြားလည်း ပါဝင်ကြတယ်၊ စစ်တကောင်း တောင်တန်းဒေသနေ တိုင်းရင်းသား ကမန်၊ ချက်ကမာ၊ မရန်မာ စတဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ပါဝင်ကြတယ်။ မြန်မာပြည်ကို ခိုလှုံလာသူ ၅ သိန်းကျော်ရှိတယ်လို့ သိရတယ်။ မြန်မာပြည်မှာ ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်တဲ့ တော်လှန်ရေးကောင်စီလက်ထက် ဖြစ်တယ်။ ပြေးလာတဲ့ဘင်္ဂါလီတွေကို စောင့်ရှောက်ထားပြီး စစ်ပြီးတော့ အများစု ပြန်ကြတယ် ပြောပေမဲ့ ဘင်္ဂါလီဦးရေဟာ လျော့မသွားခဲ့ဘူး။

နောက်စစ်အစိုးရအဆက်ဆက်မှာပိုပြီး တိုးလာခဲ့တယ်။ အကြောင်းက နယ်စပ်လုံခြုံရေး မရှိတဲ့အပြင် ဘင်္ဂါလီတွေရဲ့ကလေးထိန်းချုပ်မှု မရှိဘဲ မွေးနေတဲ့အတွက် ဘူးသီးတောင်၊ မောင်းတောဒေသမှာ အရင်က ရခိုင်နဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေက လွတ်လပ်ရေးမရခင်က ၉၅%လောက်ရှိခဲ့ရာက ဒီနေ့ဆိုရင် ပြောင်းပြန်ဖြစ်ပြီး ဘင်္ဂါလီတွေက ၉၅% ဖြစ်လာတာပဲ၊ ဘာကြောင့်လဲဆိုတော့ နယ်စပ်ကပွင့်နေတာရယ် ဝင်ရလွယ်ကူနေတာရယ် အရင်စစ်ပြေးတုံးကလည်း နေခဲ့ဘူးလို့ ရေမြေကောင်းတာကြောင့်ရယ် ကလေးမွေးနှုန်းများလွန်းတာကြောင့်ရယ် တွေ စုလိုက်တဲ့အခါ များလာတာပေါ့။ အခုထွက်ပြေးတဲ့ ၅ သိန်းမှာ ကိုယ်ဝန်ဆောင် ၇ သောင်း ပါတယ်။ မွေးနှုန်းများလွန်းလို့ ဘင်္ဂါလားဒေ့ရှ်ဝန်ကြီးချုပ်ကတောင် လူဦးရေ ထိန်းချုပ်ရမယ်ဆိုတာ ပြောလာပြီလေ။ ဒီကိစ္စမှာ အဓိကတရားခံက စစ်အစိုးရ အဆက်ဆက် ရခိုင်ပြည်နယ်က မူဆလင်တွေကို သွားလာခွင့် ပိတ်ပင်တင်းကြပ်ထားပြီး တဖက်မှာလဲ ဒီလိုတင်းကြပ်မှုအတွက် နယ်မြေ အုပ်ချုပ်ရေးမှူး တွေက ဘင်္ဂါလီတွေကို ၁၀ သိန်း ၁၅သိန်း လာဘ်ယူပြီး ခရီးသွားလက်မှတ်တွေ ထုတ်ပေးတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူး တွေလည်း ဝင်ငွေဖြောင့်ပြီး ချမ်းသာလာကြတာပဲကွ။ဒါကြောင့်ပိတ်ထားတယ်ဆိုတာငွေဖန်နဲ့ဂွင်တခုအနေနဲ့မြင်နိုင်တယ်။

မောင်ထူး။ လေးလေးပြောမှသိရတယ် စိတ်ဝင်စားစရာကောင်းတယ်နော်။ ဆက်မေးလို့ရ သေးလားလေးလေး မောနေပြီလား။

စာရေးသူ။ မေးသာမေးစမ်းပါကွာ၊ ဒါလောက် ပြောတာနဲ့ မောရမလား။ မင်းတို့ခေတ်ကလေးတွေလို ဆေးစွဲသူ အများစုခေတ်မှာ လူဖြစ်လာတဲ့ကောင် မဟုတ်ဘူးကွ။

မောင်ထူး။ လေးလေးကလည်း ဒေါသချည်းပဲ၊ ဘူးလက်က ပြောတယ်။ တပ်မတော်ထောက်ခံရေးဆိုတာ အမျိုးသားရေး မဟုတ်ဘူးလားတဲ့။ နောက်ပြီး အသက်ပေးပြီး တိုင်းပြည်ကို ကာကွယ်နေတဲ့ တပ်မတော်ကို မင်းတို့ပိတ်ဆို့တာကို လက်မခံနိုင်ဘူး ကန့်ကွက်တယ်ဆိုပြီး သမတကြီး ဦးထင်ကျော်က အနောက်နိုင်ငံတွေကို ပြောရမယ်တဲ့။ ဒီလိုမှ မပြောဘူးဆိုရင် တပ်မတော်နဲ့ အစိုးရ သပ်သပ်စီလာလို့ မေးရမယ်ဆိုပဲလေးလေးရဲ့။ စီးပွားရေး ပိတ်ဆို့တာတွေကို တပ်မတော်က ဂရုစိုက်မယ် ထင်သလားတဲ့၊ နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ထားတာတောင် နေပြည်တော်ကြီး တည်ဆောက်ခဲ့တာ၊ နောက်အမြန်လမ်းမကြီး ဖောက်ခဲ့တာ အခုလွှတ်တော်က လူတွေလွှတ်တော် ဆေးသုတ်ဖို့တောင် ဘတ်ဂျက်ရှိရဲ့လားတဲ့ဗျ။ အတော်ရိတဲ့လူပဲ။ လေးလေးဘယ်လိုပြောချင်သလဲ။

စာရေးသူ။ တပ်မတော်ထောက်ခံရေးဆိုတာ အမျိုးသားရေးဆိုတဲ့ပြောဆိုချက်က ဘောင်လွတ်နေတယ်။ တပ်မတော်အစိုးရအနေနဲ့ ၁၉၆၂ကနေအာဏာသိမ်းပြီး တိုင်းပြည်အုပ်ချုပ်လာတာ ဘာတွေဖြစ်လာလဲကြည့်လိုက် ၁၉၈၇ ခုနှစ်မှာ အရှေ့တောင်အာရှရဲ့ ထိပ်တန်းနိုင်ငံတခုကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတယ်။ ၁၉၆၂ခုနှစ်မှာ အခုငါတို့ အလုပ်ကျွန်တွေအဖြစ် သွားလုပ်နေရတဲ့ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတွေက ငါတို့ထက် ပညာရေး၊ စီးပွါးရေး၊ လူနေမှုအဆင့်အတန်း နိမ့်ကျခဲ့တယ်။ အဲဒီနိုင်ငံတွေက တိုးတက်လာပြီး ငါတို့နိုင်ငံက ဆုတ်ယုတ်သွားတာ စစ်တပ်က နှစ်ရှည်လများ သေနတ်မိုး အုပ်ချုပ်ခဲ့လို့ပဲကွ။ ဒါကြောင့် တပ်မတော်ထောက်ခံရေးဆိုတာ တပ်မတော် ဘာလုပ်လုပ်ဆိုတဲ့ သဘောမျိုး မဖြစ်သွားဖို့လိုတယ်။ ငါတို့ စစ်အာဏာရှင်ခေတ်ကို ပြန်မသွားနိုင်ဘူး။ အမျိုးသားရေးနဲ့ တပ်မတော် ထောက်ခံရေး ဘာမှ မဆိုင်ဘူး၊ နောက်တပ်မတော်နဲ့ အစိုးရ သပ်သပ်စီလားလို့ သူမေးတာကို ဖြေရရင် ဟုတ်တယ်၊ သပ်သပ်စီပဲလို့ ဖြေရမှာပဲ။ 

ဘာကြောင့်လဲဆိုတော့ တပ်မတော်က နိုင်ငံအာဏာကို သူတို့ ပြုစုအတည်ပြုထားတဲ့ ၂၀၀၈ ခြေဥနဲ့ ခွဲခြားယူထားလို့ပဲ။ သမတကြီး ဦးထင်ကျော်အောက်မှာ သူတို့က ရှိနေပါတယ်ဆိုပေမဲ့ တကယ် လက်နက်ကိုင် တပ်တွေနဲ့ ရဲတပ်တွေကို ကိုင်ထားတာ သူတို့ပဲ။ ဒါကို ဘယ်သူတွေက ခွဲခြားထားခဲ့တာလဲလို့မေးရင် တပ်မတော် ခေါင်းဆောင်တွေ ရေးဆွဲအတည်ပြုထားပြီး သူတို့ အသက်နဲ့လဲ ကာကွယ်ပါမယ်လို့ ပြောနေတဲ့၂၀၀၈ ခြေဥက ခွဲခြားထားတာလေ။ အစိုးရအောက်မှာ သူတို့ တကယ် ရှိတယ်ဆိုရင် ၂၀၀၈ ခြေဥကို ပြောင်းလိုက်တာကြာပြီ။ သူတို့အစိုးရ လက်အောက်မှာ မရှိလို့ သူတို့ လက်မခံလို့ မပြောင်းနိုင်တာလေ။

 ငါ့အနေနဲ့ တပ်မတော်ကို လေးစားချင်တယ် ပြည်သူတွေ အကျိုးကို အာဏာ မမက်မောပဲ လုပ်ဆောင်ပေးတဲ့ တပ်မတော် ခေါင်းဆောင်တွေပေါ်လာတာ မြင်ချင်တယ်။ တိုင်းပြည်ကာကွယ်ရေးကို စောက်ချလုပ်ပြီး နိုင်ငံရေးစီးပွါးရေး ကိစ္စတွေကို ပြည်သူရွေးချယ်တဲ့ အစိုးရကို လုပ်ပိုင်ခွင့်ပေးတဲ့နေ့ ငါတပ်မတော်ကို ကြည်ညိုလေးစားပြီး ထောက်ခံအားပေးတဲ့နေ့ပဲ။

 တပ်မတော်ခေါင်းဆောင်တွေ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်နေတာ ခြံတွေ အိမ်တွေမြောက်များစွာ ပိုင်နေတာ၊ သူတို့တပ်ကရတဲ့လခနဲ့မဟုတ်တာတော့ ကျိန်းသေတယ်။ မိဘမျိုးရိုးစဉ်ဆက် ချမ်းသာလာကြတာလဲ မဟုတ်တော့ ဘယ်ကနေရလို့ ချမ်းသာကြွယ်ဝနေကြတာလဲ ကြည့်တတ်ရင် သိနိုင်ပါတယ်။ တိုင်းပြည်က မွဲနေပြီး သူတို့က ကျိကျိတက် ချမ်းသာနေတာကိုကြည့်ရင် ဘယ်လိုတိုင်းပြည်ကို ချစ်တယ်လို့ ပြောလို့ရမလဲကွ။

နောက်နေပြည်တော်ကြီး တည်ဆောက်တာ ဘာသဘောလဲ။ ဆယ့်နှစ်လမ်းကားလမ်းတွေ၊ ဆယ်လမ်းကားလမ်းကြီးတွေ လွှတ်တော်ကြီးတွေ ဖြစ်လာပြီး အဓိကကုန်သွယ်နေတဲ့ စီးပွားရေးအချက်အခြာကျတဲ့ ရန်ကုန်မြို့ကြီးကတော့ ပျက်စီး ယိုယွင်း လာပြီး ဂျိုးဖြူရေမရလို့ အိမ်တိုင်း အဝီစိတွင်း ရေသုံးနေရတာ၊ လျှပ်စစ်မီးမရတာ၊ ရေမြောင်းတွေပိတ်ပြီး ရေကြီးတာ အဆောက်အအုံတွေ စည်းကမ်းတကျ ဆောက်လုပ်ဖို့ မထိန်းကျောင်းခဲ့လို့ အရည်အသွေးမမှီဘဲ အဆောက်အအုံတွေ စည်းမဲ့ကမ်းမဲ့ ဆောက်ပြီး ပရမ်းပတာမြို့အင်္ဂါနဲ့ မညီဘဲ ကြီးထွားမွန်းကြပ်နေတာ စစ်အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာလေ။ အမြန်လမ်းမကြီးကလည်း ဘုရားစူးရစေရဲ့ဆိုတဲ့ အမြန်လမ်း၊ အမြန်လမ်းတခုရဲ့အရည်အသွေး လုံးဝမရှိတာ၊ အန္တရာယ် ကင်းစင်ရေးအတွက် ကာကွယ်လုပ်ဆောင်မှုတွေ မရှိတဲ့အတွက် ယဉ်တိုက်မှုတွေ ဖြစ်ပြီး လူတွေ ခဏခဏသေကြလို့ ပရိတ်တွေရွတ် သရဲမောင်းပွဲတွေလုပ်နဲ့ ဖြစ်နေတာကို ဂုဏ်ယူနေတယ်ဆိုရင် ဒီလူအမျှော်အမြင် ဘယ်လောက် ရှိတယ်ဆိုတာ သိနိုင်ပါတယ်ကွာ။ တော်ပြီဟေ့ ပြောရင်း အကုသိုလ် ဖြစ်တယ်။

မောင်ထူး။ နဲနဲဆက်မေးပါရစေအုံးလေးလေးဒါနောက်ဆုံးပါ။ အခန်းအနားပိတ်တော့ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုတဲ့သီချင်းဖွင့်တယ်လေးလေး ကျနော်က တမျိုးကြီးခံစားမိလို့လိုက်ရေးလာတယ်။ သီချင်းကဘာပြောလဲဆိုတော့-

တပ်မတော်သာလျှင်နိုင်ငံအကျိုးကိုတိုးတက်စေနိုင်မည်။
တပ်မတော်သာလျှင်နိုင်ငံအတွက်ပေးအပ်နိုင်လိမ့်မည်။
တပ်မတော်ဂုဏ်ရောင်ပြောင်ဖို့မှာ ဒို့တာဝန်ဖြစ်သည် တဲ့ ... လေးလေး။

စာရေးသူ။ “တပ်မတော်သာလျှင်”ဆိုတဲ့အသုံးအနှုန်းက အစွန်းရောက်အတွေးအခေါ် တပ်မတော်ကို ဖါးထားတာပဲလို့ ရှင်းရှင်းပြောမယ်။ အခြားတပ်မတော်ကမဟုတ်တဲ့ နိုင်ငံချစ်တဲ့ပြည်သူတွေရဲ့ တိုင်းပြည်အတွက် လုပ်ဆောင်မှုတွေ အားလုံးကို မျက်ကွယ်ပြုထားတဲ့ စကားပဲ စစ်အစိုးရလက်ထက်က ကျင့်သုံးနေတဲ့ “တပ်မတော်သာလျှင် အမိ တပ်မတော်သာလျှင်အဖ” ဆိုတဲ့စကားလိုပေါ့ စစ်သားတွေကိုဦးဏှောက်ဆေး (Brain Wash)လုပ်ပြီး စစ်ခေါင်းဆောင် တွေကပဲ သူတို့ကိုကျွေးမွေးနေသလို ခေါင်းထဲကိုအသေရိုက်သွင်း ထားတာအမှန်တော့ ပြည်သူတွေပိုင်ဆိုင်တဲ့ လယ်ယာတွေ၊ သစ်တောတွေ၊တွင်းထွက် ကျောက်မျက်ရတနာတွေ၊ သဘာဝသံယံဇာတ ဓါတ်သတ္တုတွေကနေ ရလာတဲ့ ပြည်သူပိုင်ငွေတွေနဲ့ တပ်မတော်ကြီးကိုကျွေးနေတာပါ။ 

ဒါကြောင့်ဗိုလ်ချုပ် အောင်ဆန်း လက်ထက်မှာ “ပြည်သူသာလျှင် အမိပြည်သူသာလျှင်အဖ” လို့ဆိုခဲ့တာမဟုတ်လား။ ဒီသီချင်းရဲ့စာသား “တပ်မတော် ဂုဏ်ရောင်ပြောင်ဖို့မှာ ဒို့တာဝန်ဖြစ်သည်” ဆိုတာတော့မှန်တယ် တပ်မတော်ဂုဏ်ရောင်ပြောင်ဖို့မှာ ငါတို့အားလုံးမှာတာဝန်ရှိတယ်။ တပ်မတော်ကြီးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတာတွေ မရှိအောင် ပြည်သူကဝိုင်းဝန်းထိန်းသိမ်းကြဖို့ အဲဒီတာဝန်ရှိတယ် ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံဖို့တော့တာဝန်မရှိဘူး။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

Comments