အရှင်ဥာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်) - ပီနန်နှင့် တရံခါဆီက အကြောင်းများ



ပီနန်နှင့် တရံခါဆီက အကြောင်းများ
အရှင်ဥာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်) ၊မိုးမခ၊ နိုဝင်ဘာ ၂၈၊ ၂၀၁၇


ရဟန်းငယ်ဘဝက နိုင်ငံခြားသာသနာပြု ရဟန်းတော်များအကြောင်း ဖတ်ရတယ်။ ရဟန်းတော်များလို့သာ ဆိုလိုက်ရပေမဲ့ သိပ်ပြီးများများကြီးတော့ မဟုတ်။ ပြောရရင် နှစ်ပါးသုံးပါးလောက်သာ။ လူငယ်သဘာဝဆိုတော့လည်း ကိုယ်နဲ့အလှန်းကွာဝေးလှတဲ့အရာတွေပေါ်မှာ စိတ်ကူးယဉ်အတွေးနဲ့ မျှော်ငေးအားကျမိတတ်တယ်။ ကိုယ့်အနေအထားနဲ့က နိုင်ငံခြားဆိုတာကြီးက နတ်ပြည်လောက်နီးနီးဝေးတဲ့အရာ။ ဒီတော့လည်း နိုင်ငံခြားသာသနာပြုဆရာတော်များရဲ့ နိုင်ငံခြားအတွေ့အကြုံများက အထူးပင် အံ့သြငေးမောစရာ။ အထင်ကြီး အားကျစရာ။

မှတ်မှတ်ရရ နိုင်ငံခြားမှာ နေထိုင်သာသနာပြုရတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီးရေးကြတဲ့စာတွေထဲမှာ ဆရာတော်ဦးသေဋ္ဌိလ၊ မြောင်းမြဆရာတော်ဦးဥာဏိကနဲ့ ပီနန်ဆရာတော်ကြီးအကြောင်းအရာတွေကို ဖတ်ခဲ့ရတယ်။ နိုင်ငံခြားအတွေ့အကြုံတွေကို ရေးတတ်တဲ့ချမ်းမြေ့ဆရာတော်ကြီးစာတွေကိုလည်း ဖတ်ရတယ်။ ဆရာတော်ဦးသီလာနန္ဒာဘိဝံသဆိုတဲ့ စာတတ်ပေတတ်ရဟန်းတော်တစ်ပါး နိုင်ငံခြားမှာသီတင်းသုံးနေတယ်ဆိုတာလောက် သိရပေမယ့် သူ့အကြောင်းကိုတော့ မဖတ်ခဲ့ရ။ သူ့အကြောင်းကျယ်ကျယ်ပြန့်ပြန့်ရေးထားတဲ့စာမျိုးကလည်း ခုတိုင်မရှိသေး။

အထူးသဖြင့်တော့ နဝတခေတ်ဦးပိုင်းမှာ မြန်မာပြည်ကလူငယ်တွေ စင်္ကာပူတို့ မလေးရှားတို့ဖက်ကို အလုပ်သွားလုပ်ကြတော့ စင်္ကာပူနဲ့ မလေးရှားရှိ မြန်မာကျောင်းကြီးတွေဟာ အဲဒီနိုင်ငံတွေရောက် လူအတော်များများရဲ့ အားထားမှီခိုစရာနေရာတွေဖြစ်လာတယ်ဆိုတဲ့အကြောင်းများလည်း ဖတ်ခဲ့ရတယ်။ နောက်ပိုင်းမှာ ပီနန်ဆရာတော်ကြီးရဲ့ အဲဒီအချိန်က အုပ်ချုပ်သူထိပ်ပိုင်းခေါင်းဆောင်များနဲ့ ရင်းနှီးကျွမ်းဝင်မှု၊ ချစ်စံဝင်းစတဲ့ စာရေးဆရာများရဲ့ ကျယ်ကျယ်ပြန့်ပြန့်ရေးသားမှုကြောင့် အခြားအခြားဆရာတော်တွေအကြောင်းထက် ပီနန်ဆရာတော်ကြီးအကြောင်းအရာတွေကို ပိုမိုသိရှိခွင့်ရလာတယ်။

ပြောရရင် နိုင်ငံခြားမှာနေထိုင်သာသနာပြုတော်မူကြတဲ့ ဆရာတော်ကြီးတွေရဲ့ အတွေ့အကြုံတွေကိုဖတ်မှတ်ပြီး သူတို့တွေဘဝကို အားကျခဲ့ပေမယ့် ကိုယ်ကိုယ်တိုင်က နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများထာဝရနေထိုင်ဖြစ်ဖို့ဆိုတာကတော့ စိတ်ကူးထဲမှာပင် မတွေးခဲ့။ ကိုယ်တွေးထားခဲ့တဲ့ကိုယ့်ဘဝပုံစံထဲမှာလည်း နိုင်ငံခြားဆိုတာကြီးက ဦးစားပေးနေရာထဲ မပါ။ သို့ပေမယ့် ကံကြမ္မာဆိုတာက ကြိုတင်ခန့်မှန်းထားလို့ ရကောင်းတဲ့အရာမျိုး မဟုတ်။

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီးက လူပေါင်းများစွာ၊ ရဟန်းတော်ပေါင်းများစွာရဲ့ ဘဝပေါင်းများစွားကို ပြောင်းလဲပြစ်ခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့ အဖျားခတ်တဲ့အထဲမှာ ကိုယ်လည်းပါဝင်သွားတယ်ပြောရမယ်။ ကိုယ်ပုံဖော်လိုတဲ့ ကိုယ့်ဘဝစိတ်ကူးပုံဖော်ချက်ကဖြစ်မလာတော့။ ပြေးရင်းလွှားရင်း ပြောင်းရင်းရွှေ့ရင်းနဲ့ ရန်ကုန်ကိုရောက်။ ရန်ကုန်ကမှတဆင့် နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ဖို့ ဖြစ်လာတယ်။

ပြည်ပကိုရောက်ခါမှ ငယ်စဉ်ကစာအုပ်တွေကတဆင့် ကြားသိရတဲ့ ဆရာတော်ဦးသီလာနန္ဒာဘိဝံသ၊ ပီနန်ဆရာတော်ကြီးတို့နဲ့ ဆုံဖြစ်လာတယ်။ ဆရာတော်ဦးသီလာနန္ဒာဘိဝံသကတော့ သူသီတင်းသုံးနေထိုင်ရာ ဆန်ဖရန်စစ္စကိုဝန်းကျင်ကို ကိုယ်ကရောက်သွားတော့ သူ့ကိုဖူးတွေ့ခွင့်ရတာ။ ပီနန်ဆရာတော်ကြီးတော့ အဲဒီလိုမဟုတ်။

၂၀၀၇ ခုနစ်က ပီနန်ဆရာတော်ကြီးရဲ့ သက်တော်ရှစ်ဆယ်ပြည့်မွေးနေ့ကို ကာလီဖိုးနီးယားပြညနယ် လော့စ်အင်ဂျလိစ်မြို့က လပွန်းတေးကျောင်းလို့ အများခေါ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ ကျင်းပတယ်။ အဲဒီကျောင်းတော်ကြီးကလည်း အမေရိကမှာရှိတဲ့ မြန်မာကျောင်းတွေထဲမှာ တော်တော်ရှေ့ဦးကျတဲ့ကျောင်း။ ဒီကျောင်းတော်ကြီးကို ဦးစီးတည်ထောင်သူကလည်း ပီနန်ဆရာတော်ကြီး။

ဆရာတော်ကြီးမွေးနေ့ပွဲကို ဆရာတော်ကြီး တည်ထောင်ရာကျောင်းမျာ ပျော်ပျော်ရွှင်ရွှင်ခြိမ့်ခြိမ့်သဲသဲ ကျင်းပမည့်အချိန်မှာမှ ကမ္ဘာကျော်တဲ့ ပြန်မာပြည်ရဲ့ ရွှေဝါရောင်အရေးအခင်းဖြစ်ချိန်နဲ့ လာတိုက်ဆိုင်နေတယ်။ ရွှေဝါရောင်အရေးအခင်းဆိုတာက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ပြည်ပရောက်မြန်မာတွေကြားမှာ အထူးပဲလှုပ်လှုပ်ရှားရှား ဖြစ်ရတဲ့အရေးအခင်းတစ်ခု။

အထူးသဖြင့်တော့ သင်္ကန်းကို သပ်သပ်ရပ်ရပ်ဝတ်ရုံပြီး စနစ်တကျစီတန်းလှည့်လည်ကာ မေတ္တာသုတ်ကို ညီညီညာညာ ရွတ်ဆိုတောမူကြတဲ့ သံဃာအတန်းကြီးတွေကိုကြည့်ပြီး သံဃာငယ်တွေရဲ့ ခေါင်းပေါ်ကနေ မျက်နှာပြင်ပေါ်ကို ကျရောက်လာတဲ့ မိုးရေစက်တွေအလား မြင်ရသူတွေရဲ့ နှစ်လုံးသားကတဆင့် မျက်လုံးအိမ်ကနေ မျက်ရေပေါက်တွေ စီးကျလာတဲ့အထိ ကြေကြေကွဲကွဲ ခံစားခဲ့ရတဲ့ပွဲ။ နောက်ပြီး အာဏာရှင်တွေရဲ့ လက်ချက်နဲ့ ဘဝတွေဝရုန်းသုန်းကားဖြစ်ကြရတာကို မြင်ပြီး နှစ်လုံးကြေကွဲ ဖြစ်ရတဲ့ပွဲ။

အဲဒီအချိန်မျိုးမှာတိုက်တိုက်ဆိုင်ဆိုင်လာတိုက်နေတဲ့ သက်တော်ရှစ်ဆယ်ပြည့်မွေးနေ့ပွဲကို မူလစီမံထားသလို ပျော်ပျော်ရွှင်ရွှင် မလုပ်လိုတော့တဲ့ဆရာတော်ကြီးက သူ့မွေးနေ့ပွဲကိုကြွရောက်လာကြတဲ့ သံဃာတော်များနဲ့ ရွှေဝါရောင်အရေးအခင်းကို ပံ့ပိုးကူညီဖို့ စံလွန်တော်မူသွားတဲ့ မစိုးရိမ်ဆရာတော်ကြီးနဲ့အတူဦးစီးပြီး သာသနာ့ဥသျှောင်အဖွဲ့ကို ဖွဲ့စည်းတော်မူခဲ့တယ်။ အဲဒီအချိန်မှာပဲ ပီနန်ဆရာတော်ကြီးကို ပထမဦးစွာ ဆုံဖူး ဖူးဘူးရတယ်။

နောက်ပိုင်းသာသနာ့ဥသျှောင်အဖွဲ့မှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်ရင်း မကြာခဏဆိုသလိုပဲ ဆရာတော်ကြီးနဲ့ထိတွေ့ရတယ်။ တခါခါမှာတော့လည်း လုပ်ငန်းသဘောအရ ဆရာတော်ကြီးနဲ့ ငြင်းခုံရတာမျိုးလည်းရှိခဲ့တယ်။ အနီးနေတပည့်တွေလို ဆရာတော်ကြီး အကြောင်းကို အများကြီး မသိနိုင်ခဲ့ပေမယ့် ဆရာတော်ကြီးရဲ့ သာသနာတော်အပေါ်ထားတဲ့စိတ်ဓာတ်၊ မြန်မာပြည်အပေါ်ထားတဲ့ စိတ်ဓာတ်များကိုတော့ တော်တော်များများ သိရှိခွင့်ရခဲ့တယ်။

လုပ်ငန်းကို ရဲရဲဝန့်ဝန့်လုပ်ဖို့၊ ဇွဲရှိရှိနဲ့လုပ်ဖို့၊ ရလိုမှုတစ်ခုကြောင့် ဒကာဒကာမတွေနဲ့ ဆက်ဆံတဲ့အခါမှာ ရဟန်းတစ်ပါးရဲ့ ဂုဏ်သိက္ခာကို လျော့ကျသွားတာမျိုး မဖြစ်စေဖို့၊ သူများယဉ်ကျေးမှုကြားမှာ နေထိုင်ကြရတဲ့ ပြည်ပရောက် ရဟန်းတော်တွေအနေနဲ့ အခြားသူများရဲ့ ယဉ်ကျေးမှုများနဲ့ ကန့်လန့်ဖီလာဖြစ်စေမယ့် အရာမျိုးတွေကို သတိထားကြဖို့စတဲ့ စကားတွေကို ကြားခဲ့ရတယ်။

သာသနာပြုလုပ်ငန်းလုပ်ကြရမှာ သူများဆီက အရင်မျှော်ရတာထက် ကိုယ့်ဆီက တစ်ခုခုအရင်ပေးပြီးမှ သူတို့ဆီကအလိုလို ရောက်လာတာမျိုးဖြစ်အောင် လုပ်ပြဖို့ဆိုတဲ့အကြောင်းကိုလည်း မိန့်တော်မူတယ်။ မဟာယာန ရဟန်းတော်များအနေနဲ့ သူတို့အလုပ်ကို ပိုမိုကျယ်ကျယ်ပြန်ပြန့် လုပ်နိုင်ကိုင်နိုင်ကြတဲ့အနေအထားကိုလည်း အသိအမှတ်ပြုကာ ဥပမာပြုလေ့ရှိတယ်။

နဝကမ္မ ပစ္စည်းပစ္စယများနဲ့ ပတ်သက်ပြီးလည်း တွယ်တာမှုနည်းပါးတာ၊ လွတ်လွတ်စွန့်တတ်တာကိုလည်း အထူးသတိပြုမိတယ်။ ရဟန်းငယ်များနဲ့ဆက်ဆံရာမှာလည်း ဆရာတော်ကြီးတစ်ပါးရဲ့ အနေအထားမျိုးလို တည်တည်ခန့်ခန့်ကြီး မဟုတ်ပဲ တပည့်အရင်းအခြာများလို ပြောစရာရှိပြော၊ ဆိုစရာရှိဆို ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးရှိလှတာကို တွေ့ရတယ်။ အကျိုးသင့်အကြောင်းသင့်ပြန်လည် လျှောက်ထားတာမျိုးကိုလည်း လက်ခံတော်မူလေ့ရှိတယ်။

နောက်ပိုင်းနှစ်များမှာ အခါအခွင့်သင့်တိုင်း အမေရိကဖက်ကို ဆရာတော်ကြီးကြွလာတတ်ဆိုတာ ကြားရတယ်။ သို့ပေမယ့် ဆရာတော်ကြီး အသစ်တည်ထောင်တဲ့ ဗုဒ္ဓဒီပံကျောင်းရှိရာ နယူးယောက်ဖက်မှာပဲ သီတင်းသုံးပြီး အဲဒီကနေပဲ ဆရာတော်ကြီးက လှည့်ပြန်သွားတတ်တယ်။ ကိုယ်ကလည်း နယူးယောက်ဖက်ကို မရောက်ဖြစ်တာ ကြာလေတော့ ဆရာတော်ကြီးနဲ့ ပြန်လည် မတွေ့ဖြစ်တော့။

၂၀၁၆ ခု နှစ်ဦးပိုင်းက မလေးရှားဖက်ကိုရောက်တော့ ဆရာတော်ကြီးအမြဲသီတင်းသုံးရာ ပီနန်ကမြန်မာကျောင်းကြီးမှာ တစ်ညသွားအိပ်ပြီး ဆရာတော်ကြီးကို ဝင်ရောက်ဖူးမြော်ခဲ့တယ်။ အရုဏ်ဆွမ်းအပြီး ထုံးစံအတိုင်း ဘဝအတွေ့အကြုံတွေကို အားရပါးရ အချိန်ကြာကြာ ပြောပြတော်မူတယ်။ စီစဉ်ထားတဲ့အတိုင်း ပြန်ဖို့အချိန်ရောက်လို့ သူ့အနားကထပြန်ဖို့လျောက်တော့ အချိန်ရရင် နေပါဦးလားရယ်လို့ မိန့်တော်မူတယ်။

နောက်အခေါက် ဆရာတော်ကြီး အမေရိကကိုရောက်တဲ့အခါ ဘုရားတပည့်တော်များကျောင်းကိုကြွရောက်ချီးမြှင့်ပါဦးလို့လျှောက်တော့ "အေး အရှင်ဘုရားကျောင်းကို ရောက်အောင်လာခဲ့မယ်"ရယ်လို့ မိန့်တော်မူတယ်။ အဲဒီအချိန်ကတော့ အရွယ်နဲ့မမျှအောင် ကျန်းကျန်းမာမာအနေအထားမို့ တကယ်ရောက်လာလိမ့်ဦးမယ်ရယ်လို့ ယုံကြည်မျှော်လင့်ထားခဲ့တယ်။ သို့ပေမယ့် ခုတော့ ဆရာတော်ကြီး မရှိတော့။ ကိုယ့်ယုံကြည်မျှော်လင့်ချက်လည်း ဘယ်တော့မှ အမှန်တကယ်ဖြစ်လာတော့မယ် မဟုတ်တော့။

ဆရာတော်ကြီးက သူတည်ထောင်တော်မူခဲ့တဲ့ နိုင်ငံတကာရှိ ကျောင်းကြီးတွေ၊ တပည့်တကာ တကာမတွေကို စွန့်ခွါလို့ ဘဝနတ်ကျောင်းပြောင်းတော်မူခဲ့ပြီ။ အထူးသဖြင့် ပြည်ပသာသနာပြုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ဖို့ ပြည်ပသာသနာပြုလုပ်ငန်းအတွေ့အကြုံတွေ ပြည့်စုံရင့်ကျက်တော်မူတဲ့ ဆရာတော်ကြီးကိုယ်တိုင် အထူးမျှော်လင့်ချက်ကြီးစွာ တည်ထောင်တော်မူခဲ့တဲ့ ပြည်တွင်းရှိ သန္တိသုခကျောင်းတော်ကြီးရဲ့ မပြီးပြတ်သေးတဲ့လုပ်ငန်းစဉ်တွေကို ချန်ထားရစ်ခဲ့ပြီး ဘဝနတ်ကျောင်း ပြောင်းတော်မူခဲ့တဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြုရယ်ဆရာတော်ရယ်လို့ နာမည်နဲ့လုပ်ဆောင်ချက် လိုက်ဖက်ညီထွေရှိတော်မူတဲ့ ဆရာတော်ကြီးတွေ အနည်းငယ်ထဲမှာ တစ်ပါးအပါအဝင်ဖြစ်တော်မူတဲ့ ပီနန်ဆရာတော်ကြီးကတော့ တစ်ဘဝဝဋ်ငြိမ်း ခန္ဓာသိမ်းတော်မူလေပြီ။ ဆရာတော်ဘုရားကြီး အုတ်မြစ်ချပြုစုတော်မူခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းက သာသနာပြုကျောင်းတော်ကြီးတွေ၊ ဟောပြောဆုံးမတော်မူခဲ့တဲ့ အဆုံးအမတရားတော်တွေကတော့ နောင်နှစ်ရှည်ကြာကြာ ဝင့်ထည်စွာ ဆက်လက်တည်တံ့နေပေလိမ့်ဦးမယ်။ ဒါတွေက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်သလို ဝမ်းနည်းမှုကြားက အားကျအားရစရာ ဖြေဆည်စရာ အရာများပါ။

သို့ပေမယ့် ပီနန်ဆရာတော်ကြီး လွန်တော်မူခြင်းဟာဖြင့် မြန်မာ့သာသနာအတွက်သာပါမက ထေရဝါဒသာသနာတော်အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုသာပါလေ။ ။
0