အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၀)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၀)
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၈)
ဓာတ်ဆားရည်ထဲမှာ ရောထားတဲ့ အဝါရောင်ကွီနိုင်ဆေးရည်တွေက သွေးကြောထဲကို တစက်ပြီးတစက် စီးဝင်နေတယ်။ ကျနော်ငှက်ဖျား ဖျားနေတာ ၃-၄ ရက်ရှိပြီ။ ခေါင်းထဲမှာ ဘာမှစဉ်းစားလို့မရဘူး။ နားထဲမှာ ကွီနိုင်ဆေးတွေရဲ့ နောက်ဆက် တွဲ အာနိသင်ကြောင့် နားအူနေတယ်။ အစားအသောက်ကလည်း စားမဝင်ဘူး၊ ခါးခါး အရည်တွေ ထိုးထိုးအံတယ်။ ဒီတခါ ကိုယ်တိုင်ဖျားတဲ့ ငှက်ဖျားက တော်တော်ဆိုးတယ်။ ကိုဝင်းနိုင်ဦးက ကျနော့်ကို ဓာတ်ဆားရည်နဲ့ ကွီနိုင် ဒရစ် (drip) ချိတ် ပေးပြီး၊ အစည်းအဝေးတခု သွားတက်နေတယ်။ ကွီနိုင်နဲ့ ဓာတ်ဆားရည်တွေ… တစက် ပြီးတော့ နောက်တစက်။ ခေါင်းထဲ လည်း ရှုပ်ထွေးနေတယ်။ ဘာမှ မစဉ်းစားချင်ဘူး။

ကိုဝင်းနိုင်ဦး သွားတာက စခန်းအစည်းအဝေးတခုပဲ။ အခု စခန်းမှာ အုပ်စုအဖွဲ့တွေကြား ပြဿနာတက်နေတယ်။ နောက် ဆုံး စခန်းကွဲဖို့ ဆုံးဖြတ်ချက် ချရလောက်အောင် ဖြစ်လာနေတဲ့ အစည်းအဝေးပဲ။ ပြောရရင် ကျနော်တို့ အခုစခန်းသစ် ဆောက်တဲ့ နေရာကို ရောက်တုန်းက ကျနော်က အခြေခံကျလှတဲ့ မုဒုံသား၊ သံဖြူဇရပ်သားတွေကို သဘောကျလှတယ်။ သူတို့ရဲ့ အတတ်ပညာ၊ လုပ်အားကြောင့်သာ ဒီစခန်းကြီး ဖြစ်လာတာ။ ကျနော်တို့ မြို့သားတွေက နှီးတောင်ကောင်းကောင်း ဖျာတတ်တာ မဟုတ်ကြဘူး။ သူတို့ပဲ ဘားတိုက်ဆွေဆောက်ဖို့ ပုံစံဆွဲ၊ ထုတ်တန်းတွေ ရေချိန်ကိုက်၊ တိုင်ထူ၊ အမိုးကာ လုပ်ကြတာ။ ဒါတင်မက သူတို့က ရိုးသားလှတယ်။ နိုင်ငံရေးအရ ဘာမှ သိပ်မသိကြဘူး။ တခါတလေ စနောက်ပြီး ပြောကြတာ… မုဒုံရရင်တော့ သူတို့ရှေ့ဆက်မလိုက်တော့ဘူး။ ဒီမုဒုံ မှာပဲ ကျန်နေရစ်မယ်။ ကျန်တဲ့သူတွေ ရှေ့ဆက်တိုက် ကြပေတော့လို့ ပြောရလောက်အောင် ဒေသစွဲကလည်း ကြီးလှတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တောင် တွေးမိသေးတယ်။ ဒီလူတွေနဲ့ပဲ တသက်လုံးတော်လှန်ရေး လုပ်တော့မယ်လို့ စဉ်းစားထားမိခဲ့တာ။

အခုတော့ နောက်ပိုင်းရောက်လာတဲ့ လူ့ဘောင်သစ်ပါတီဝင်တွေနဲ့ အုပ်စုပဋိပက္ခသဘောမျိုး စလာတယ်။ ပြောရရင် အခြေခံကတော့ မြို့စွဲ၊ နယ်စွဲ၊ အုပ်စုစွဲပါပဲ။ ကိုမိုးသီးဇွန် ထိုင်းနယ်စပ်ရောက်လာတော့ သူကပထမပိုင်း မဲဆောက်ကို ရောက်လာခဲ့တယ်။ သိပ်မကြာခင်မှာ တွေ့သင့်တဲ့လူနဲ့ တွေ့ရအောင် ဘန်ကောက်ရောက်လာတယ်။ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတခုမှာ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့အတူ လူလုံးပြ ဆန္ဒပြနေတာ ဓာတ်ပုံတွေ့ရတယ်။ အဲသည်အချိန်မှာ သူက အရင် ဘုရားသုံးဆူဒေသကို ဆင်းသွားတယ်။ ကျနော်က နောက်က လိုက်ပြီးတော့မှ စခန်းကို ပြန်ဖြစ်တယ်။ အဲသည် အချိန်က ထိုင်းနိုင်ငံတွင်း သွားရေးလာရေးမှာ အခုကာလလို သိပ်ပြီးတင်းတင်းကျပ်ကျပ် မရှိလှဘူး။ သပ်သပ်ယပ်ယပ် ဝတ်စားရင် သွားလို့ရတယ်။ တခါတလေ မတော်မဆ ထိုင်းရဲဖမ်းဆီးခံရတာမျိုးလည်း ရှိတတ်ကြတယ်။

ကျနော်က ဘုရားသုံးဆူစခန်းကို ကိုအိုက်စံ (နိုင်ငံခြားဆက်ဆံရေး/ ထောက်ပံ့ရေး အဖွဲ့ဝင်) နဲ့ အတူ ဆင်းလာကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့စခန်းက မရီရီထွန်းက ကင်ဆာရောဂါဖြစ်လို့ ကုသရင်း သူ့အတွက် ဘန်ကောက်မှာ အခန်းတခု ငှားပေးထားတယ်။ စခန်းကလူတွေသွားရင်လည်း အဲသည်စခန်းမှာ စတည်းချကြတယ်။ ကျနော်နဲ့ ကိုအိုက်စံက အဲသည် အခန်းကလေးမှာ ဆုံကြပြီး၊ အတူတူစခန်းကို ပြန်ဆင်းလာကြတယ်။ ကိုမိုးသီးဇွန်ကို သိပ်မနှစ်မြို့ကြောင်း သူ့စကားအရ သိရတယ်။ ကျနော့်သဘောထားကတော့ အဖြူထည်ပါပဲ။ အဓိက ကျန် ABSDF ခေါင်းဆောင်တွေ မနှစ်မြို့ကြတာက မြို့က လာတဲ့ခေါင်းဆောင်တွေက အပြောကြီးကြတယ်။ (ဗကသ) ရဲ့ အခန်းကဏ္ဍကို သိပ်ရှေ့တန်းတင်လွန်းတယ်။ နယ်စပ်က ဖြစ်ပျက်နေတဲ့၊ သူတို့တည်ဆောက်နေရတဲ့ အခြေအနေကို ကိုယ်ချင်းမစာနာနိုင်ကြဘူး။ နားမလည်ကြဘူး ဆိုပါတော့။ ဒီလိုနဲ့ စခန်းပြန်ရောက်လာတယ်။

ကိုမိုးသီးဇွန်က သူနယ်စပ်မထွက်လာခင် ၁၉၈၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ "အမျိုးသား နိုင်ငံရေးလှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်" ခေါင်းစဉ်နဲ့ စာတမ်းတစောင် ရေးသားပေးပို့တယ်။ အဲဒီစာမှာ ပုဂ္ဂိုလ်ရေး ထိုးနှက်ချက် အချို့ပါတယ်ဆိုပေမယ့်၊ NLD ရဲ့ ပကတိအခြေအနေမှန်ကို ထင်ဟပ်တယ်လို့ ဆိုကြတယ်။ အဲဒီစာတမ်းမှာ "NLDပါတီသည် ခေါင်းဆောင်ဆိုသူ အမျိုးသမီးကို ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်လွန်းနေကြောင်း၊ ယင်းသည် ကောင်းသည့် လက္ခဏာမဟုတ်ကြောင်း၊ ပုဂ္ဂိုလ်ရေးဆန်လွန်းလျှင် အဖွဲ့အစည်းပါ ကျဆုံးသွားနိုင်ကြောင်း ၊ NLDသည် ဆွမ်းလောင်း အသင်း၊ သာရေးနာရေးအသင်း၊ ရေကြည်တော်ဝတ်အသင်း တစ်ခုထက်မပိုကြောင်း၊ လူထုကို ကိုယ်စားမပြု၊ နိုင်ငံရေး ဦးဆောင်မှုမပေးဘဲ ရွေးကောက်ပွဲကိုသာ အာရုံစိုက်လုပ်နေကြောင်း၊ လူထုကနိုင်ငံရေး ပါတီတွေအပေါ် စိတ်ပျက်နေကြ ကြောင်း၊ 'စည်းကမ်းရှိပါ၊ ညီညွတ်ပါ'ဆိုသည့် အဘိဓမ္မာမှာ ကျဆုံးသွားပြီး ဖြစ်ကြောင်း၊ ယင်းအဘိဓမ္မာဖြင့် ဒီမိုကရေစီကို မရနိုင်ကြောင်း၊ လူတန်းစားပျက်ကြီးများနှင့် ထောင်ထားသည့် ပါတီဖြစ်၍ နိုင်ငံကို ခေါင်းမဆောင်နိုင်ကြောင်း" စတဲ့ အချက်တွေ ဖော်ပြပြီး ဝေဖန်သုံးသပ်ခဲ့တယ်။ သိပ်မကြာခင်မှာဘဲ လူ့ဘောင်သစ်ဒီမိုကရက်ပါတီပါတီ (DPNS) အချို့ ခေါင်းဆောင်တွေက "မိုးသီးဇွန် သို့မဟုတ် ကြိုးမဲ့လေတံခွန်" စာတမ်းကို ထုတ်လို့ ကိုမိုးသီးဇွန် စာတမ်းအပေါ် တုံ့ပြန် ဝေ ဖန်ကြပြန်တယ်။ ကိုမိုးသီးဇွန် နယ်စပ်ကို ထွက်ခွာလာပြီးတဲ့နောက်မှာ 'ဝါးရုံပင်ညီလာခံ' လို့ ခေါ်တဲ့ DPNS ညီလာခံ ကျင်းပတယ်။ ပါတီကြားထဲ သွေးကွဲကြတယ်။ အဲဒီနောက်ပိုင်း အချို့ခေါင်းဆောင်၊ ရဲဘော်တွေ စခန်းကို တဖွဲဖွဲရောက် လာကြတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင်လည်း စစ်အစိုးရက ၁၉၈၉ ခုနှစ်မှာ လက်နက်ကိုင်ပုန်ကုန်မှုနဲ့ မျက်ကွယ်သေဒဏ် ပေးခံရတယ်။

ထူးခြားတဲ့ တယောက်ကတော့ ကိုဌေးအောင်ပါ။ သူက သံလျှင်လူ့ဘောင်သစ်ကို ခေါင်းဆောင်ပြီး၊ စကားပြော အေးဆေး ညက်ညောတယ်။ ရှေ့နေတဦးဖြစ်ပြီး စကားပြောရင်လည်း နိုင်ငံရေးအနှစ်အသား ပြည့်ဝတယ်။ သူက မူစလင်ဘာသာ ကိုးကွယ်သူတယောက် ဖြစ်တဲ့အတွက်သူ့ကို "ကုလားလေး ဌေးအောင်" လို့လည်း ချစ်စနိုးခေါ်ကြတယ်။ သူက မူစလင် တဦးဖြစ်တော့ သူများထက်စာရင် အစားအသောက်ခက်တယ်။ ခါးကိုင်းကိုင်းနဲ့ လမ်းလျှောက်တတ်ပြီး၊ သူလုပ်နေကျ အလုပ်ကတော့ ထောင်ထဲမှာ သူဖြတ်သန်းခဲ့ရတဲ့အတိုင်း ဟိုဖက်သည်ဖက် စင်္ကြန်လျှောက် စဉ်းစားနေတတ်တာမျိုးပဲ။

နောက်တယောက်ကတော့ ဆရာ ဦးအောင်မြင့်စိုး (ခေါ် မောင်စိုးချိန်ပါ)။ သူက မောင်စိုးချိန်ကလောင်နာမည်နဲ့ ကဗျာ တွေလည်း ရေးဖူးတယ်လို့ ဆိုတယ်။ သူက လယ်သမားကေဒါတယောက်နဲ့ ပိုတူတယ်။ အသားဖြူဖြူပေမယ့် အင်္ကျီ လက်တိုတိုကို ခေါက်ဝတ်၊ ပုဆိုးတိုတိုနဲ့ အမြဲတမ်း တက်ကြွတဲ့အသွင် ဖမ်းထားတတ်တယ်။ ကျန်တဲ့ ရဲဘော်တွေကိုလည်း "ရဲဘော်ကြီး၊ ရဲဘော်ကြီး" လို့ ခေါ်တတ်တယ်။ တနင်္သာရီတိုင်းဖက် တက္ကသိုလ်တခုမှာ မြန်မာစာပို့ချနေတဲ့ နည်းပြ ဆရာ တဦးလို့လည်း သိရတယ်။ လူ့ဘောင်သစ်ပါတီထဲမှာ လျှို့ဝှက်သဖွယ် (ပြန်လေ့လာကြည့်တော့ တရားဝင်ဖွဲ့စည်းပုံတော့ မရှိဘူး) ဖွဲ့ထားတဲ့ ပေါ်လစ်ဗျူရို (နိုင်ငံရေးဦးသျှောင်) အဖွဲ့ဝင်တဦးလိုလိုလည်း သိရတယ်။ ဆရာ ဦးမြင့်လှိုင်နဲ့ ကိုဇော်ထွန်းက နောက်ပိုင်းမှာ စခန်းကို ရောက်လာတယ်။ သူတို့ကို EC ဘားလို့ ခေါ်တဲ့ စခန်းခေါင်းဆောင်တွေ အများစု နေထိုင်တဲ့ ဘား-၆ မှာ နေရာချထားပေးခဲ့တယ်။ အဲသည်အချိန်က မြို့ထဲက လူ့ဘောင်သစ်ရဲဘော်တွေ ဖြစ်တဲ့ ကို ဇော်လေး၊ ကိုမြင့်အောင် (သူကတော့ မျက်မှန်ထူထူ စကားလုံးကြီးတွေပြောလို့ ဂုရု လို့ခေါ်ကြတယ်)၊ ကိုထွန်းခင် (ကိုမွှေးကြိုင်)၊ မျိုးကြီး၊ ကိုခင်မောင်လင်း… စသည်ဖြင့် ရောက်လာကြတယ်။ သူတို့က တက်ကြွတဲ့၊ ထက်မြက်တဲ့ လူငယ် တွေဖြစ်ပြီး ကျနော့်ကိုတော့ အကိုကြီးတယောက်သဖွယ် ဆက်ဆံကြတယ်။ သူတို့နဲ့ စကားပြောရတာကောင်းတယ်။ အချို့ကို ဘား-၄ မှာ နေရာချထားပေးတယ်။ ကျနော် မသိခဲ့ရတဲ့ မြို့ပြနိုင်ငံရေး အခင်းအကျင်းကို ရှင်းပြနိုင်တယ်။ သူတို့က လက်နက်ကိုင်တော်လှန်ရေး ဆက်လုပ်ဖို့လည်း ရဲရဲတောက်။ ဒါပေမယ့် လက်ဝဲဆန်ဆန် အတွေးအခေါ်တွေကိုလည်း သူတို့ ဖတ် မှတ် အာဂုံဆောင်ထားကြတယ်။

ကိုမိုးသီးဇွန် စခန်းရောက်တော့ စာကြည့်တိုက်မှာ စခန်းချတယ်။ စာကြည့်တိုက်မှူး ကိုအောင်နိုင်ဦး (ယခု USA)၊ ကိုတေဇာမင်းတို့နဲ့ အဖွဲ့ကျတယ်။ သူ့ကံကြမ္မာပဲ ပြောရမလား မသိဘူး။ သူနဲ့တွေ့ဖူးတဲ့သူတွေက ချစ်လုံးလုံး၊ မုန်းလျားလျားပဲ။ ချစ်ခင်တဲ့ သူတွေကလည်း သူဘာလုပ်လုပ် သည်းညည်းခံ ကြည်ညိုချစ်ခင်ကြတယ်။ မုန်းတဲ့သူ တွေကလည်း စကားတခွန်းမပြောကြည့်ဘဲ နာမည်ကြားဖူးရုံနဲ့ မုန်းနေတဲ့ အခြေအနေမျိုး၊ သူနယ်စပ်ရောက်ခါစက ABSDF ဗဟိုက သူ့ကိုအကြံပေးအဖြစ် ခန့်ထားလို့လည်း တာဝန်တိတိကျကျ မရှိ၊ ဘုရားသုံးဆူစခန်းမှာ လာနေနိုင်တယ်။ သူ့ ပြဿနာကတော့ စည်းကမ်းလုံးဝ မရှိတာပဲ။ စောင်ကို တနေရာက ခြုံလာတယ်။ ကြုံတဲ့နေရာမှာ ချသွားတယ်။ လူတယောက်ရဲ့ ပုဆိုးကို၊ အင်္ကျီကို မပြောမဆို ယူဝတ်သွားတယ်။ ကြုံတဲ့နေရာမှာထားခဲ့တယ်။ မြင်တဲ့ဖိနပ် ကောက်စွပ် သွားတယ်။ ကြုံတဲ့ဖိနပ် ကောက်စီးပြီး ပြန်လာတယ်။ အဝတ်အထည်၊ အသုံးအဆောင် ရှားပါးကျပ်တည်းလှတဲ့ ရဲဘော်တွေ အတွက်အတော်ဒုက္ခ ဖြစ်ကြရတယ်။ တရက်မှာ နမ့်ကိတ်စခန်း မုဒုံအုပ်စုက ကိုမြင့်အောင် လုပ်ထားတဲ့ လက်လုပ် ယမ်းထောင်းသေနတ် (တောပုန်းလို့ ခေါ်ကြတယ်) ကို ယူပစ်တယ်။ သေနတ်က တော်ရုံကိစ္စတွေမှာ အမဲပစ်ဖို့ လုပ်ထားတာ။ ယမ်းငွေ့တွေ မဲကနဲ တထောင်းထောင်း မှောင်ထပြီး၊ ကျည်ထွက်သွားတော့ သူသိပ်ကျေနပ်သွားတယ်။ နောက်တနေ့ "ပြည်သူတရပ်လုံး အိမ်တိုင်း ယမ်းထောင်သေနတ် ကိုယ်စီဆောင်ကြ" ဆိုတာမျိုး ရေးတယ်။

ဒီကြားထဲမှာ စခန်းထဲ လူနည်းနေတယ်။ ရောင်နီ (၁) (၂) ရှေ့တန်းစစ်ကြောင်း ဆင်းနေကြသလို၊ DAB (မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်) က စစ်ကြောင်းတွေဖွဲ့မယ်ဆိုပြီး၊ ABSDF နဲ့ DAB အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်းက လူခေါ်တာရှိလို့ ၁၉၈၉ ခုနှစ်၊ ဇွန်လလောက်မှာ စခန်းကနေ လူပို့လွှတ်လိုက်ရတာလည်း ရှိတယ်။ ကျနော်တို့က တိုက်ချင် ခိုက်ချင် သွေးရဲ နေကြသူတွေ။ သေနတ်က လက်ထဲမရှိဖြစ်နေ။ ဒီအချိန်မှာ DAB စစ်ကြောင်း အတွက် လူခေါ်တယ်ဆိုတော့ ကျနော်တို့ အားတက်သွားကြတယ်။ တပ်ရင်းတခုကို (၁၀) ယောက် ဗဟိုဌာနချုပ်ကို ပို့လွှတ်ပေးဖို့ ခေါ်တာ။ စခန်းမှာ တိုင်ပင်ကြတယ်။ ကျနော်တို့ စခန်းကတော့ စစ်သင်တန်းတွေပြီးလို့ တစုံတရာ စစ်တပ် ပုံစံကျနေကြပြီ။ တပ်ရင်း (၁၀၂) ကတော့ နောက်ကျသေးတယ်။ အခုမှ စစ်သင်တန်းတွေလုပ်တုန်း၊ အဲသည်တော့ အနစ်နာခံတဲ့အနေနဲ့ ကျနော်တို့ စခန်းကပဲ ရဲဘော် (၂၀) ပို့လွှတ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အမှန်ကတော့ သွားချင်သူတွေ များနေလို့ လူလည်ကျလိုက်တာ။ ကျနော်တို့စခန်းက ကိုနေမျိုး (RIT)၊ ကိုမင်းလွင်ကြီး (ဘောလီဘော လက်ရွေးစင်)၊ ကိုဝင်းသိန်း (သံဖြူဇရပ်အုပ်စု) အပါအဝင် ရဲဘော် ၂၀ ကို ဗဟိုဌာနချုပ်ကို ပို့လွှတ်လိုက်တယ်။ [ဟိုရောက်တော့ စစ်ကြောင်းဖွဲ့ဖို့က အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတယ်။ စစ်ကြောင်း အစီအစဉ်ဆိုတာ ကလည်း မသေမချာ၊ ဒုက္ခရောက် သောင်တင်နေရတော့တယ်။ နောက်ဆုံး ဝမ်းခါခံစစ်စခန်းထဲ ဝင်တိုက်ပေးရတဲ့ အခြေအနေ ဖြစ်ခဲ့တယ်။]

အဲသည်အချိန်မှာ စခန်းထဲမှာ သင်တန်းကျောင်းဆောက်ရအောင် ဆိုပြီး "တောတွင်းတက္ကသိုလ် (Jungle University) အဆောင်များအဖြစ် စခန်းနဲ့ နည်းနည်းလှမ်းတဲ့ မြေကွက်လပ်မှာ ဆောက်နေတယ်။ ကိုတင်စိုးနောင်က တွဲဖက် အတွင်းရေးမှူး (၂) ဖြစ်ပေမယ့်၊ ဗဟိုမှာ အခြေမစိုက်ဘူး။ စခန်းမှာပဲ လာပြန်နေတယ်။ အဲဒီစခန်းဆောက်တဲ့ နေရာမှာ မုဒုံရဲဘော်တစုနဲ့ မူးနေတာမျိုး ရှိတယ်။ တခါတလေ သူတို့သေနတ်ဖောက်ကြတာကလည်း ကျန်သူတွေအတွက် နားလည်မှုလွဲစရာ ဖြစ်တယ်။ သူ့ရဲ့ညီ ကိုတင်စိုးမောင် (RIT) က စခန်းအထွေထွေ အတွင်းရေးမှူး တာဝန်ယူထားပြီး၊ ကျနော်နဲ့ တွဲလုပ်ရတယ်။ ပြဿနာ များများစားစား မရှိပါဘူး။ အလုပ်ဖြစ်ကြတယ်။ သို့သော် ကြားထဲမှာ မူးပြီး ကျနော့်ကို ပြဿနာလာရှာတာမျိုးတော့ ရှိခဲ့တယ်။ ဒါပေမယ့် အုပ်စုစွဲ၊ ဒေသစွဲတွေကြောင့် ယခင်စခန်းရဲဘော်များနဲ့ နောက်မှ ရောက်လာသူ ရဲဘော်များအကြား တင်းမာမှုတွေ ရှိလာခဲ့တယ်။ ကျနော်တို့ ဖြေရှင်းဖို့ ကြိုးစားရင်းမှာပဲ ခွဲထွက်ဖို့အထိ ဖြစ်လာခဲ့တယ်။ အရင်က ရိုးသားတယ်ထင်ခဲ့တဲ့ ရဲဘော်တွေဟာ နောက်က သွေးထိုးမြှောက်ပေးတဲ့အခါ မဆင်မခြင် ပြုမူ တတ်တာကိုလည်း မြင်တွေ့ရတယ်။

ကိုမိုးသီးဇွန်ကလည်း စခန်းမှာရှိနေတဲ့ သူတွေကိုအုပ်စုဖွဲ့၊ ကျန်တဲ့တဖက်ကလည်း မြှောက်ပေး၊ သူ့ကိုယ်ပိုင်စခန်း ဖြစ်လာ စေရေး သွေးထိုးနေတယ်လို့လည်း ယူဆနိုင်တယ်။ အမှန်တကယ်က ကိုမိုးသီးဇွန်က ABSDF တပ်ရင်း (၂၀၄) မှာ အဖွဲ့ဝင် နဲ့ ကိုယ်စားလှယ် ဖြစ်ပြီးသား။

ဒီအချိန်မှာ ကျနော် လဲတာပဲ။ ငှက်ဖျား အပြင်းစားနဲ့ ရူးမတတ်ဖြစ်တယ်။ ငှက်ဖျားကတဖက်၊ စခန်း ပြဿနာက တဖက်။
0