လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ


လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ
ဆောင်းပါးအမှတ် (၆)
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၇

● ကာလဝမ်းရောဂါတိုက်ဖျက်ခဲ့စဉ်က
အခုတလော ရန်ကုန်မှာ H1N1 ရာသီတုပ်ကွေးရောဂါကျရောက်နေလို့ အဲဒီရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ကာ ကွယ်နည်းတွေ သတင်းဌာနအသီးသီးက လွှင့်ပေးနေတာကြားနေရပါတယ်။ ကျွန်မက ကူးစက်ရောဂါကာကွယ်ရေး တိုက် ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို သိပ်ဝါသနာပါပါတယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးရှိလို့ပါ။ အထူးသဖြင့် ကိုယ့် မျက်စိအောက်ရောဂါတွေဖြစ်နေချိန်မှာ လူတွေက ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ စကားသိပ်နားထောင်ပါတယ်။ တနေ့က ဆရာဝန်ကြီးတယောက်ပြောသွားသလိုဘဲ လူတွေအကြောက်လွန်နေတာလည်း ကောင်းတယ်။  ကျွန်တော်တို့ပြောတာတွေနားထောင်လို့ ကာကွယ်ရေးလုပ်ငန်းတွေအောင်မြင်တယ်တဲ့။

ဟုတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးပညာပေးရတာ သိပ်အောင်မြင်ပါတယ်။ အစိုးရက လက်ဦးမှုရှိရှိ ပွင့်လင်း မြင် သာမှုရှိရှိ တာဝန်ယူစွာဖြေရှင်းပေးနိုင်ရင် ပြည်သူလူထုနဲ့ အစိုးရကြား နားလည်မှုတွေရရှိပြီး ယုံကြည်မှုတွေတိုးလားနိုင်ပါ တယ်။ နိုင်ငံတကာဆက်ဆံရေးကလည်း တိုးတက်ကောင်းမွန်လာလို့ ကုလသမဂ္ဂတို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ရဲ့ဘက်စုံအကူအညီများလည်းရနေတာ ဝမ်းမြောက်ဖွယ်တွေ့နေရပါတယ်။


 ရဲဘော်အေးငွေ(ဘယ်ဘက်အစွန်) ၁၉၇၆ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များနဲ့အတူ

ဒီသတင်းတွေနားထောင်ရင်း တချိန်တခါက  ကျွန်မပါဝင်လုပ်ဆောင်ရခဲ့ဖူးတဲ့ ကာလဝမ်းရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပြန်လည်သတိရလာနေမိပါတယ်။

၁၉၈၂ ခုနှစ် မိုးတွင်းကာလကြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အခြေခံစစ်ဒေသတခုဖြစ်တဲ့ (၈၁၅) စစ်ဒေသ (ယခု ရှမ်းအထူး ဒေသ - ၄) က သူတို့ဒေသမှာ ကာလဝမ်းရောဂါဖြစ်ပွားနေပြီး လူအသေအပျောက်တွေများနေတာကြောင့် ဗဟိုကကူညီ ဖြေရှင်းပေးဖို့ ကြေးနန်းပို့လာပါတယ်။ ကျွန်မက ဆေးသင်တန်းတခုအပြီး နောက်သင်တန်းအတွက် ပြင်ဆင်နေချိန်ပါ။ ကျောင်း သားအစုံမရောက်သေးတာကြောင့် ကျောင်းမဖွင့်နိုင်သေးလို့နှိုင်းယှဉ်ချက်အရ ကျွန်မက အားနေသလိုဖြစ်နေပါ တယ်။ ဒါ့ကြောင့် ဗဟိုထောက်ပံ့ရေးဌာနကြီးမှူးလည်းဖြစ်၊ ပါတီရဲ့ဒုဥက္ကဌလည်းဖြစ်တဲ့သခင်ဖေတင့်က ကျွန်မကိုခေါ်ပြီး ၈၁၅ စစ်ဒေသကိုသွားကူညီဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ ကျွန်မလည်း နောက်ကျောင်းကော်မတီဝင်တဦးဖြစ်တဲ့ ကို အိုက်အေး (ယခု မြစ်ကြီးနား) နဲ့အတူ သွားရောက်ခဲ့ပါတယ်။

အမြန်သွားဖို့လိုတာတကြောင်း၊ နယ်စပ်တကြော ရောဂါဖြစ်နေတာကြောင့်တကြောင်း၊ လမ်းဖြတ်သွားရေးအတွက် တဘက် နိုင်ငံကို အကူအညီတောင်းလိုက်တော့ ကားတစီးအမြန်စီစဉ်ပေးလို့ ၂ ရက်နဲ့ ကျွန်မတို့ ၈၁၅ ဒေသရောက်သွားပါတော့ တယ်။ ဒါ့အပြင် ဒေသဆိုင်ရာတာဝန်ခံက လိုအပ်တဲ့အကူအညီရှိရင်ပြောပါဆိုလာလို့ ကာလဝမ်းရောဂါ ကာကွယ်ဆေးများ အမြန်မှာပေးပါရန် ပြောခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မတို၂ ယောက် ၈၁၅ စစ်ဒေသဌာနချုပ်ရုံးစိုက်ရာ တရုတ် - ဗမာ - လာအိုနယ်စပ်က မန်ဖိုင်ကိုရောက်သွားပါတော့ တယ်။ ရွှေတြိဂံနယ်မြေ အစိတ်အပိုင်းပေါ့။ အဲဒီတုန်းက ၈၁၅ စစ်ဒေသရဲ့ နိုင်ငံရေးမှူးဟာ ရဲဘော်အေးငွေ (အရံဗဟို ကော် မတီဝင် ၁၉၈၅ တတိယကွန်ဂယက်မှာ ဗဟိုကော်မတီဝင်အပြည့်ဖြစ်လာ) ဖြစ်ပါတယ်။ သူက အဲဒီတာဝန်ယူတာ သိပ်မကြာ သေးပါဘူး။ ၈၁၅ စစ်ဒေသစထူထောင်ကတည်းက တောက်လျောက်နိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့သူက ရဲဘော်ဖေ သောင်း (လေထီး ဗဟိုကော်မတီဝင်) ပါ။ နောက်ပိုင်း သူက မြောက်ပိုင်းဗျူရိုပြောင်းသွားရလို့ ရဲဘော်အေးငွေက တာဝန်ယူ နေတာပါ။

ဒီနေရာမှာကြုံကြိုက်လို့ ရဲဘော်အေးငွေအကြောင်း ပြောပြချင်ပါတယ်။ စိတ်ဝင်စားစရာ သမိုင်းနောက်ခံရှိလို့ပါ။ ဒါ့အပြင် ကွယ်လွန်ကုန်ကြပြီဖြစ်တဲ့  ခေါင်းဆောင်ရဲဘော်ကြီးများအကြောင်း တစေ့တစောင်းထုတ်ဖေါ်ဂုဏ်ပြုချင်တာလည်း ပါပါ တယ်။
၁၉၄၀ ခုနှစ်ကာလများမှာ နိုင်ငံတကာအကူအညီ (တရုတ်ကွန်မြူနစ်ပါတီအပါ) ရှာဖို့ သခင်အောင်ဆန်းက အရှေ့ဘက်ကြုံ ရာ သင်္ဘောနဲ့ထွက်ရာမှာ အမွိုင်ရောက်ပြီး ဂျပန်ရောက်သွားပါတော့တယ်။ ဒီတင် ဗမာပြည်ကျန်ခဲ့တဲ့ခေါင်းဆောင်များကတခြားလမ်းများရှာဖို့ စဉ်းစားလုပ်ဆောင်ခဲ့ပါတယ်။ သခင်ဗဟိန်းက သူတို့ကျောင်းနေဘက်သူငယ်ချင်း ဝါးခယ်မသား သခင် အေးငွေကို ရှမ်းပြည်ဘက်တက်ပြီး တရုတ်ကွန်မြူနစ်များနဲ့ အဆက်ရှာဖို့လွှတ်လိုက်ပါတယ်။ သူက တရုတ်ကပြားဖြစ်လေ တော့ လမ်းခရီးမှာအဆင်ပြေနိုင်တယ်လို့လည်း တွက်ပုံရပါတယ်။ အဲဒီကာလက တရုတ်ပြည်မှာ ကူမင်တန်နဲ့ ကွန်မြူနစ်တို့ ပူးပေါင်းပြီး ဂျပန်ခုခံရေးစစ်ပွဲဆင်နွှဲနေပြီး အနိုင်နိုင်ငံရောက်နေတဲ့တရုတ်များ (အိုဗာဆီးများ) က အသင်းအဖွဲ့များဖွဲ့ကာ ငွေအားတတ်နိုင်သူက ငွေအား လူအားတတ်နိုင်သူများက လူအားစိုက်ထုတ်ပြီး တရုတ်ပြည်မကြီးကို ကူညီနေကြပါတယ်။ မဟာမိတ်နိုင်ငံများကလည်းထောက်ပံ့နေတာပါ။ အိန္ဒိယကနေ ဗမာပြည်ဖြတ်ပြီး တရုတ်ပြည်အနောက်ခြမ်းပေါက်တဲ့ လီဒို လမ်းမကြီးတလျှောက် အကူအညီများပို့နေတာပါ။ (မှတ်ချက်။ ။ ၁၉၄၂ ဂျပန်များ ရဲဘော်သုံးကျိပ်ဦးစီးတဲ့ ဘီအိုင်အေတပ်  နဲ့အတူ ဗမာပြည်ဝင်တဲ့ရည်ရွယ်ချက်တွေထဲမှာ ဒီထောက်ပံ့ရေးလမ်းကြောင်းကြီးဖြတ်တောက်ရေးလည်း ပါပါတယ်။)

ဒါနဲ့ ကိုအေးငွေ ရှမ်းပြည် လားရှိုးကို ရောက်လာပါတယ်။ ဒီမှာတင်တွေ့တဲ့ တရုတ်စစ်သား (ကူမင်တန်) များနဲ့ရောနှောပြီးတရုတ်ပြည်ထဲရောက်လာပါတယ်။ အဲဒီတုန်းက တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များက ယင်အန်းမှာ ဗဟိုစခန်းချနေ တာပါ။ ဘာအထောက်အထားမှ ဟုတ်တိပတ်တိမပါတဲ့သူ့ကို ရှေ့တန်းစခန်းတခုဖြစ်တဲ့နေရာ (ပေါင်အန်းလို့ မှတ်မိနေပါ တယ်။ သိပ်မသေချာပါ။) မှာပဲထားပြီး အဲဒီစခန်းမှာဖွင့်ထားတဲ့ စာသင်ကျောင်းမှာ အင်္ဂလိပ်စာသင်ဆရာလုပ်ခိုင်းထားပါ တယ်။

ဗမာတပြည်လုံး ဂျပန်လက်အောက်ရောက်သွားတော့ သူ ဗမာပြည်နဲ့ လုံးဝအဆက်အသွယ်ပြတ်သွားပါတော့တယ်။ သူက တရုတ်ကပြားသာဖြစ်တယ်။ တရုတ်စာ တရုတ်စကား မတတ်ပါဘူး။ အဲဒီကျောင်းမှာပဲ သူက တရုတ်စာသင်ရင်း သူ့ကို တ ရုတ်စာသင်ပေးတဲ့ဆရာမ (ပီကင်းတက္ကသိုလ်ကျောင်းသူ ဂျပန်တော်လှန်ရေးလုပ်ဖို့တောခိုလာသူ) နဲ့ လက်ထပ်ခဲ့ပါတယ်။ ၁၉၄၉ တရုတ်ပြည်တော်လှန်ရေးအောင်မြင်တော့ တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေ ပီကင်းပြောင်းကြပါတယ်။ ဒီတော့မှ သူ့ယောက္ခမဟာ တရုတ်ကွန်မြူနစ်ပါတီက တပ်ပေါင်းစုလုပ်ငန်းဘက်ဆိုင်ရာ ခေါင်းဆောင်တယောက်ဖြစ်နေမှန်းသိပါ တော့တယ်။ ဒီမျက်နှာနဲ့ပဲ သူက တရုတ်ဗဟိုဌာနရဲ့ ဗမာဘာသာပြန်ဖြစ်လာပါတော့တယ်။

 
ရဲဘော်ဖေသောင်း (ညာဘက်အစွန်) ၁၉၈၅ တတိယကွန်ဂရက်ကာလ

၁၉၅၀ ခုနှစ်များမှာ ဝန်ကြီးချုပ်ဦးနု တရုတ်ပြည်လာလည်တော့ ဥက္ကဌမော်စီတုန်းနဲ့တွေ့ရာမှာ သူက ဘာသာပြန်ပါ။ ဒီတင် ဦးနုနဲ့ပါလာတဲ့ ဗိုလ်အောင်ကြီး (နောင်ဗိုလ်မှူးချုပ် တော်လှန်ရေးကောင်စီဒုဥက္ကဌ မဆလခေတ်မှာပြုတ်သွား) က သူ့ကို မှတ်မိသွားပါတယ်။ ဗိုလ်အောင်ကြီးရဲ့ပထမဇနီးက ဝါးခယ်မသူ သခင်အေးငွေဆွေမျိုးပါ။ ဒီတော့ ဦးနုက ပြန်တောင်းပါတော့ တယ်။ ဒီတင် တရုတ်ပါတီက သူ့ကိုပီကင်းကို ဆေးကုဖို့ရောက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ဒုဥက္ကဌ သခင်ဗသိန်းတင် (နောင် ၁၉၇၅ မှာ ဥက္ကဌ) ဆီလွှဲပေးလိုက်ပါတော့တယ်။ သူလည်း အဲဒီတော့မှ ကိုယ့်ပါတီနဲ့ပြန်အဆက်ရပြီးတောက် လျှောက် ဥက္ကဌ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းလာပါတယ်။ ကျွန်မတို့ပန်ဆန်းနေစဉ်ကာလများမှာလည်း ပီကင်းရှိမိသား စုဆီ ၂ နှစ်တခါလောက် တခါတလလောက် ခွင့်ပြန်တတ်ပါတယ်။ ၁၉၈၉ ခုနှစ် ပါတီဖရိုဖရဲဖြစ်သွားပြီးနောက်မှ (သူ့အသက် လည်း ၇ဝ ကျော်မှ) ပီကင်းမိသားစုဆီပြန်သွားနေရာက ၁၉၉၀ လွန်နှစ်များမှာ ကွယ်လွန်သွားပါတယ်။

သူက ဗဟိုရုံး ရုံးအုပ်အဖြစ်တောက်လျောက်နေလာပြီး ဗဟိုရုံးကရဲဘော်တွေနဲ့ သူငယ်ချင်းပေါင်းပေါင်းနေတာ။ ကလေး လည်း အင်မတန်ချစ်တတ်ပါတယ်။ ကလေးတွေကို အစလွန်အနောက်လွန်လို့ ကလေးတွေ ငိုရ ယိုရလို့ ကလေးအမေတွေ နဲ့သူ့မှာ တကျက်ကျက်ဖြစ်ရတာတွေလည်း တခါတလေ ကြားရပါတယ်။ အဲဒီကလေးအမေတွေဘဲ သူနေထိုင်မကောင်းရင် သူ့အဝတ်တွေယူလျှော်ပေးကြ၊ ကလေးတွေအတွက် မရှိမဲ့ ရှိမဲ့ချက်ပြုတ်ထားတဲ့ အရိုးပြုတ်ရည်လေး ကြက်ဥပေါင်းလေးတွေ လာခွဲဝေပေးကြတာလည်း တွေ့ရတတ်ပါတယ်။ သူ့လျှို့ဝှက်ချက်ကတော့ သူ့အပေါ်အင်္ကျီအိတ်ကပ်ထဲမှာ သူဗမာပြည်က
ထွက်လာကတည်းကပါလာတဲ့ မေရှင်ဓာတ်ပုံအသေးလေးတပုံရှိပါတယ်။ သူက မေရှင် ခရေစီလေ။ လူထုလုပ်ငန်းဒေသ လုပ်ငန်းမလုပ်ဖူးလို့ အတင်းတောင်းဆိုနေလို့ ဥက္ကဌက သူ့ကို (၈၁၅) စစ်ဒေသကို နိုင်ငံရေးမှူးအဖြစ် လွှတ်ထားတာပါ။

ကျွန်မတို့ မန်ဖိုင်ရောက်တော့ သူက ဝမ်းသာအယ်လဲကြိုဆိုပါတယ်။ သူက ကျွန်မနဲ့ရော ကိုအိုက်အေးနဲ့ရော အလွန်ရင်းနှီးပါ တယ်။ အဲဒီညက အတော်ညဥ့်နက်တဲ့အထိထိုင်ပြီးစကားတွေပြောခဲ့ကြတာ သတိရမိပါသေးတယ်။

ဝမ်းရောဂါဖြစ်ပွားနေတာက စန်းတောင်ခရိုင်မှာပါ။ မန်ဖိုင်က ၅ ရက်ခရီးသွားရမယ်။ မိုးတွင်းဖြစ်တော့ လူသွားလမ်းတွေက လည်း ချုံနွယ်ပိတ်ပေါင်းဖုံးနေပြီဖြစ်တယ်။ ဒါ့ကြောင့် မန်ဖိုင်မှာ ခရီးလမ်းအခြေအနေတွေ ဖြစ်ပွားနေတဲ့ရောဂါအခြေအနေ တွေစုံစမ်းရပါတယ်။ လမ်းကတော့ ရှေ့ကရှင်းလင်းခုတ်ထွင်ပေးရင် လူတွေတော့သွားလို့ရနိုင်တယ်။ မြင်းတော့သွားနိုင်မယ် မဟုတ်ဘူးတဲ့။ ဒီတော့ ဆေးဝါးပစ္စည်းပစ္စယတွေ လူတွေနဲ့ပဲသယ်ရလိမ့်မယ်တဲ့။ ရောဂါစဖြစ်တာက ထိုင်းဘက်ကပြန်လာတဲ့ ကုန်သည်တဦးကစဖြစ်တာတဲ့။ သူတို့ဒေသခံများကတော့ အဲဒီကာလကပေါ်ကာစ ဂျပန်ကလာတဲ့ အာချီနိုမိုတို အချိုမှုန့်ကို တရားခံအဖြစ် စွပ်စွဲကြပါတယ်။ အဲဒီအချိုမှုန့်ကို လူတွေကသိပ်ကြိုက်ပြီး ကုန်သည်တွေကလည်း ဒါတွေပဲသယ် လူတွေက လည်း ဘာစားစား ဒါပြဲဖူးစားနေလို့ဖြစ်တာလို့ ပြောကြပါတယ်။ တိုက်ဆိုင်မှုဖြစ်ဟန်ရှိပါတယ်။ ကျွန်မတို့ခရီးလမ်းအတွက် ပြင်ဆင်ပြီးခါနီးမှာပဲ တဘက်နိုင်ငံက သူတို့ဆီမှာ ကာကွယ်ဆေးတွေရောက်လာပြီလို့ အကြောင်းကြားလာလို့ သွားလက်ခံ ယူပြီး ခရီးစထွက်ရပါတော့တယ်။

လမ်းခရီးကတော့ သူတို့ကြိုပြောထားတဲ့အတိုင်းပါပဲ။ ရှေ့ကရဲဘော် ၂ ယောက်က ဓါးတစ်လက်စီနဲ့ ပိတ်နေတဲ့ချုံတွေကို ရှင်းပေးပြီး လမ်းထွင်ပေးရပါတယ်။ လူ ၁ ယောက် ၂ ယောက်သွားသာရုံလမ်းကလေးပါပဲ။ စန်တောင်ပတ်လည်ကရွာတွေမှာ ဖြစ်နေတာပါ။ ဒိုင်နယ်တွေကို ကြိုအကြောင်းကြားထားလို့ သူတို့နယ်အစပ်တွေမှာ ဒိုင်နယ်တာဝန်ခံတွေကကြိုနေပြီး ရောဂါဖြစ်နေတဲ့ရွာတွေဆီ ကျွန်မတို့ကို ခေါ်သွားပါတယ်။ ကျွန်မတို့ဆေးအဖွဲ့မှာ ဗဟိုကလာတဲ့ ကျွန်မတို့ (၂) ယောက်နဲ့ မန်ဖိုင်ဆေးရုံကဆရာဝန် သူနာပြု (၅) ဦးလောက် ပါလာပါတယ်။ ကျွန်မတို့ ခရီးသွားတဖွဲ့လုံး ခရီးမစတင်စဉ်ကတည်းကကာကွယ်ဆေးများထိုးပေးထားပြီး လမ်းခရီးတလျှောက်ရှောင်ရန် ဆောင်ရန်များကိုပြောထားပါတယ်။ အထူးသဖြင့် လမ်း ခရီးမှာ မအီမသာစဖြစ်ရင် ချက်ခြင်းပြောဖို့ပြောထားရပါတယ်။

ကျွန်မ (၈၁၅) စစ်ဒေသရဲ့အားကောင်းချက်များကို ဒီမှာစတွေ့ရပါတယ်။ အစောပိုင်းကတည်းကကြုံဖူးကြားဖူးတာတွေ လည်းရှိပါတယ်။ တကယ်တော့ (၈၁၅) စစ်ဒေသရဲ့ဒေသခံတွေမှာ အခါလူမျိုးက အများစုဖြစ်ပါတယ်။ အတော့်ကို ခေတ် နောက်ကျရှာပါတယ်။ နယ်စွန်နယ်ဖျား တောကြိုအုံကြားများမှာ နေထိုင်ကြတဲ့ လူမျိုးစုလေးတစုဖြစ်တာကြောင့်ပါ။ ဘယ် အုပ်ချုပ်ရေးမှ စနစ်တကျရောက်မထားခဲ့ပါဘူး။ ယာတွေ ထွန်စိုက်ကြပြီး သစ်ဥသစ်ဖုနဲ့ ရောစားကြရသူတွေပါ။ အဝတ် အစားဆိုတာကလည်း အရှက်ဖုံးရုံဝတ်နိုင်တာပါ။ အယူအစွဲအလန်းအတော်ကြီးပြီး နတ်ကိုးကွယ်ကြပါတယ်။သူတို့ဒေသမှာရှမ်းလူမျိုးက လူမျိုးကြီးပါ။ တခြားလူမျိုးစုတွေဖြစ်တဲ့လွယ် (ပလောင်)၊ လားဟူ၊ ဝ စတာတွေလည်း အနဲအကျဉ်းရှိပါတယ်။

အဲဒီဒေသထဲကို ကျွန်မတို့ပါတီက ၁၉၇၁ မှာ နယ်စိမ်းတိုးပြီး အခြေခံဒေသတည်ဆောက်ခဲ့တာပါ။ ဦးစီးသူကတော့ ၈၁၅ စစ် ဒေသရဲ့နိုင်ငံရေးမှူးအဖြစ်တောက်လျှောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ဖေသောင်း (၁၉၂၆-  ၂ဝဝ၆) ပါ။ လေထီးဆင်းရဲဘော်ဟောင်းကြီးဖြစ်ပြီး၊ ၁၉၇၅ ကတည်းက ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

ကျွန်မတို့ရောက်ချိန် ၁၉၈၂ ခုနှစ်မှာ သူက မြောက်ပိုင်းတိုင်းကို ပြောင်းသွားပါပြီ။ ဒါပေမဲ့ သူရဲ့အခြေခံဒေသတည်ဆောက်ခဲ့ စဉ် ကကြိုးပန်းဆောင်ရွက်ချက်တွေကို ကောင်းကောင်းသိရှိလေ့လာနိုင်ခဲ့ပါတယ်။ ကျွန်မတို့ ဗဟိုကဖြစ်ဖြစ်၊ အရှေ့မြောက် စစ်ဒေသကဖြစ်ဖြစ်၊ သင်တန်းတွေလေ့လာရေးတွေအတွက် စစ်ဒေသအသီးသီးက သင်တန်းသားများခေါ်ယူလေ့ကျင့် ပေးပါတယ်။ အဲဒီသင်တန်းတွေမှာ ၈၁၅ စစ်ဒေသကသင်တန်းသားများက အမြဲနာမည်ကောင်းရတတ်ပါတယ်။ ဗမာစကား၊ ဗမာစာကောင်းကောင်း ကျွမ်းကျင်မှု၊ စည်းကမ်းလိုက်နာတာကောင်းမှု၊ နိုင်ငံရေးအရနှိုးကြားမှု စတာ စတာတွေမှာပါ။

အခုလည်း ကျွန်မခရီးစဉ်မှာပါလာတဲ့ ၈၁၅ စစ်ဒေသရဲဘော်များရဲ့စနစ်ကျမှု၊ ဘာကိစ္စမဆိုစီစဉ်ဆောင်ရွက်ရာမှာ အသေး စိတ်သေသေသပ်သပ်ဆောင်ရွက်နိုင်မှု၊ လုံခြုံရေးဆိုင်ရာကိစ္စများမှာ သတိကြီးမှု၊ စတာတွေတွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်မ ဥပမာလေးတခုပြောပြချင်ပါတယ်။ ကျွန်မတို့အတွက် ၈၁၅ စစ်ဒေသ ဒုနိုင်ငံရေးမှူး ရဲဘော်တင့်လှိုင် (၈၅ အရံဗဟို ကော်မတီဝင်) က သူတို့ကင်းတပ်ကရဲဘော်လေးတွေကို အကူရဲဘော်များ (ကိုယ်ရံ) အဖြစ် ထည့်ပေးလိုက်ပါတယ်။ ည စခန်းချတဲ့ အိမ် (များသောအားဖြင့် ဘုန်းကြီးကျောင်းများ) ရောက်တာနဲ့ သူတို့က အိပ်ယာခင်းဖို့နေရာရှာပြီး အသင့်ပါလာတဲ့ ပိုးသတ်ဆေးမှုံ့များကို ဖျန်းပါတယ်။ ပြီးမှ အိပ်ယာအဆင်သင့်ခင်းထားပါတယ်။ ကျွန်မတို့တတွေ ညအစည်းအဝေးတွေ ဟောပြောပွဲတွေအပြီး ပြန်ရောက်လာတာနဲ့ရေနွေးပူပူကိုဇလုံနဲ့ထည့်လာပြီး မျက်နှာသစ်ခိုင်း ခြေထောက် လက်ထောက် ဆေးခိုင်းပါတော့တယ်။ ဒီလိုနဲ့ တနေ့လုံးပင်ပန်းထားသမျှ အမောပြေလန်းဆန်းသွားပါတော့တယ်။ ကြမ်းပိုးဘေးကဝေးလို့ အိပ်ရေးဝဝအိပ်ရတော့ နောက်နေ့ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ ခရီးဆက်နိုင်ပါတော့တယ်။ ခရီးတလျှောက် လည်းဘာပစ္စည်းမှပျောက်ကျန်ခဲ့တာ၊ မေ့ကျန်ခဲ့တာမရှိခဲ့ပါဘူး။ ဘာအတိုင်အတောမှလည်း မခံရပါဘူး။ အတော်အဆင်ပြေ စိတ်ချမ်းသာရတဲ့ခရီးပါပဲ။ အလွန်ခေတ်နောက်ကျရှာတဲ့လူတွေကို ကာလတိုလေးအတွင်း စည်းစနစ်ကျနတဲ့ ယဉ်ကျေးသပ်ရပ်တဲ့လူတွေဖြစ်လာတာကိုတွေ့ရတော့၊ စိတ်ထဲ အတော်ကြည်နူးမိပါတယ်။ ဒါတွေအားလုံးက ရဲဘော်ဖေသောင်းရဲ့ ကြိုးပန်းအားထုတ်ခဲ့မှုတွေကိုဖေါ်ပြနေပါတယ်။ ဒါ့ကြောင့်လည်း အခါဒေသခံများက သူ့ကို ကယ်တင်ရှင်ကြီးအဖြစ်၊ ကျေးဇူးရှင် ကြီးအဖြစ် အသိအမှတ်ပြုလက်ခံထားဟန်ရှိပါတယ်။

ကျွန်မတို့ခရီးစဉ်အကြောင်းဆက်ရရင်  ကျွန်မတို့အတွက် လမ်းခရီးအဆင်ပြေဖို့ မန်ဖိုင်ဌာနချုပ်က ရုံးကေဒါတယောက် ထည့်ပေးလိုက်ပါတယ်။ သူက လမ်းခရီးအစီအစဉ်တွေရေးဆွဲပြီးသွားရမဲ့ ဒိုင်နယ်တွေကိုဆက်သားတွေကြိုလွှတ်ထားပါ တယ်။ ကြေးနန်းသတင်းများနဲ့ မြေပြင်က အခိုင်အမာသတင်းများဟာ တခါတရံကွဲလွဲတတ်တာကြောင့် သူကဆေးအဖွဲ့ဝင်ရမဲ့ရွာများအခြေအနေသိအောင်လုပ်တာပါ။ အဲဒီသူတွေပြန်ရောက်လာပြီး သူတို့စုံစမ်းသိရှိခဲ့ရသမျှတွေကို အခြေခံ ဝိုင်းစဉ်း စားဆွေးနွေးပြီးမှ နောက်ရက်သွားရမဲ့ခရီးကို စီစဉ်ရပါတယ်။

မန်ဖိုင်ကထွက်ခါစရွာများမှာ ရောဂါဖြစ်ပွားသူမရှိလို့  ကျွန်မတို့ဝင်ရောက်တဲ့ရွာတိုင်း ရွာကေဒါများကိုစုပြီး ဝမ်းရောဂါကာ ကွယ်ရေးအတွက်ဟောပြောပွဲများကိုပြုလုပ်ပါတယ်။ အပြင်ကအစားအစာများမသွင်းရန်နဲ့ ရေကိုကြိုချက်သောက်ဖို့ဟော ပြောရပါတယ်။ ပါလာတဲ့ရေသန့်ဆေးပြားများလည်း ပေးခဲ့ပါတယ်။ ရောဂါဖြစ်လာသူများရှိရင်လည်း ဘယ်လိုပြုစုရမယ်။ ထပ်မပျံ့ပွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေလည်းပြောပြပါတယ်။ ရေနဲ့ဆားသကြားရည် များများတိုက်ပေးဖို့အ ကြောင်းလည်း ပြောရပါတယ်။ သူတို့အရပ် မှာအုန်းသီးများပေါလို့ အုန်းရည်များများတိုက်ပေးဖို့လည်း ပြောရပါတယ်။

ကာလဝမ်းရောဂါဟာအစာအိမ်အူလမ်းကြောင်းကူးစက်ရောဂါဖြစ်တာကြောင့်ဝမ်းပျက် ဝမ်းလျှောရောဂါအမျိုးမျိုးအတွက်မကြာခန ကျန်းမာရေးပညာပေးဟောပြောမှုများလုပ်ထားတာကြောင့်ဒေသခံများအတွက်တော့ဒီကာကွယ်ရေးလုပ်ငန်းများဟာသိပ်စိမ်းမနေပါဘူး။ကူးစက်ရောဂါများရဲ့သဘောသဘာဝအတိုင်း ရောဂါဖြစ်ပွားမှုစက်ဝန်းကိုတနေရာရာကနေဖြတ်ပြစ်နိုင်ရင် အကျိုးသက်ရောက်မှုကောင်းတာကြောင့်ပညာပေးဟောပြောရာမှာ ပုံဆွဲဟောပြောမှုတွေဟာအလွန်ထိရောက်ပါတယ်။ဒေသခံအိမ်များကလည်းအိမ်ခန်းအလယ်မှာမီးမပြတ်တဲ့မီးဖိုရှိတာကြောင့် ပြာပူများကအဆင်သင့်ရှိနေတတ်ပါတယ်။အဲဒီပြာပူများကိုပိုးသတ်ရန်အတွက်(အညစ်အကြေးများပေါ်ပြာပူများပက်ဖျန်းခြင်း)အသုံးပြုနိုင်ပါတယ်။

စန်တောင်နယ်ထဲဝင်လာတော့ ရောဂါဖြစ်ပွားမှုတွေကို ဖြိုးဖြိုးဖြောက်ဖြောက်တွေ့လာရပါတယ်။ အသေအပျောက်တွေ လည်း စတွေ့လာရပါပြီ။ တခါတလေ လူသေအလောင်းတွေကို ဖောင်ပေါ်တင်မျှောချလွှတ်လိုက်တာတွေ တွေ့ရတဲ့အခါ ကမ်းပေါ်ဆွဲလာခိုင်းပြီး မီးရှို့ သင်္ဂြိုဟ်ပေးရပါတယ်။ သူတို့ဒေသဓလေ့က အဲသလိုအစိမ်းသေ (ရုတ်တရက်သေဆုံးတာ)ဆို ရင် ရေမျှောရတဲ့ဓလေ့ရှိပါတယ်။ အဲဒီချောင်းတွေမှာဘဲ လူတွေက ရေချိုးကြ သုံးရေ သောက်ရေခပ်ကြတာကြောင့် အောက် ဘက်အရပ်တွေမှာ ရောဂါတွေကူးစက်တတ်ကြောင်းတွေ ပြောရဟောရပါတယ်။ အဲဒီနောက်ပိုင်းတော့ လူသေ အလောင်း ရေမျှောတဲ့ အကျင့်အတော်ပျောက်သွားတယ်လို့ ကြားရပါတယ်။

အဲသလိုရွာတွေမျိုးရောက်ရင်တော့ အလုပ်ကိုချာချာလည်သွားတာပါပဲ။ ရောဂါဖြစ်နေတဲ့အိမ်ကို တဖွဲ့က သွားကုစရာရှိကု၊ ကူညီနိုင်တာကူညီ၊ အိမ်အနီးအနားပတ်ဝန်းကျင် ပိုးသတ်သူကပိုးသတ်၊ ကျန်လူများကတော့ ရွာသားတွေစုဝေးခိုင်းပြီး ရောဂါနဲ့ပတ်သက်တဲ့ပညာပေးဟောပြောပွဲတွေလုပ်၊ ပြီးတာနဲ့ လူတိုင်းကိုကာကွယ်ဆေးတွေထိုးပေး၊ ရေသန့်ဆေးပြားနဲ့ပိုး သတ်ဆေးတွေဝေပေးရပါတယ်။ ပိုးသတ်ဆေးကိုတော့ အများအားဖြင့် ရွာတာဝန်ခံတွေကိုပဲပေးခဲ့တာများပါတယ်။ လမ်းတ လျှောက်တွေ့သမျှ လူတိုင်းကိုလည်း ကာကွယ်ဆေးထိုးပေးပါတယ်။ ရွာပြင်ရောက်နေတဲ့သူများကလည်း (ကျွဲကျောင်း၊ နွားကျောင်း) ဆေးအဖွဲ့တွေ့တာနဲ့ တားပြီးတော့ကို ဆေးထိုးခိုင်းကြပါတယ်။ ရောဂါခံစားနေကြရတာတွေ၊ အသေအပျောက် များနေတာတွေမြင်နေရတော့ ဆရာဝန်တွေစကား အတော်နားထောင်ကြပါတယ်။

ပလောင်ရွာတရွာဆိုရင်  ကျွန်မတို့ရွာအဝင်လမ်းမှာတင် လူသေလောင်းတွေ ထမ်းထုတ်လာတာတောင်ကြုံရပါတယ်။ ဆေးအဖွဲ့ထဲကဆေးဝန်ထမ်း (၂) ယောက်ကိုလိုက်သွားခိုင်းပြီး သူတို့ဓလေ့နဲ့လည်းမဆန့်ကျင်၊ ကျန်းမာရေးနဲ့လည်း ကိုက် ညီတဲ့ သင်္ဂြိဟ်နည်းတွေကိုဖြောင့်ဖျပြောဆိုပြီး သင်္ဂြိုဟ်ခိုင်းရပါတယ်။ တကယ်တော့ အခြေခံလူထုတွေဟာ သူတို့အကျိုး စီးပွားအတွက် ပြောတာ လုပ်ကိုင်တာဆိုတာ သဘောပေါက်သွားရင် (ယုံကြည်သွားရင်) နာခံကြ လိုက်လုပ်ဆောင်ကြပါ တယ်။ သူတို့အချင်းချင်းကြားလည်း အပြန်အလှန် သတင်းဖလှယ်ကြ၊ သဘောမပေါက်သေးသူများကို သဘောပေါက်အောင် ပြောဟောပေးကြပါတယ်။ လူထုလုပ်ငန်းတွေလုပ်ကြရာမှာ မိမိရဲ့အခြေခံစေတနာကို သိနားလည်သွားရင် သိပ်အလုပ်ဖြစ်ပါ တယ်။ အဲ သူတို့သဘောမပေါက်သေးရင်တော့ စိတ်ရှည်လက်ရှည်စောင့်ဖို့လိုပါတယ်။ နှစ်ရှည်လများစွဲလမ်းနေတဲ့ ဓလေ့ထုံးစံများကိုစွန့်လွှတ်ဖို့ဆိုတာကလည်း သူတို့အဖို့သိပ်လွယ်လှတာမဟုတ်ပါဘူး။ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေ၊ မသိနားမလည်မှု တွေကိုနားလည်ပေးဖို့လိုပါတယ်။ အထူးသဖြင့် လူနဲစုများနှင့်ဆက်ဆံရာမှာ သိပ်သတိထားရပါတယ်။ သူတို့လူမျိုးအချင်း ချင်းခေါင်းဆောင် (ဥပမာ ရွာကေဒါများကို) အရင်စည်းရုံးရပြီး သူတို့ကတဆင့် ပညာပေးဟောပြောရတာပါ။

ဒီလိုနဲ့ ကျွန်မတို့အဖွဲ့ စန်တောင်ခရိုင်ရုံးကို ရောက်လာပါတော့တယ်။ ဒီနေရာမှာ ကျွန်မတို့လုပ်ငန်းအဆုံးသတ်ပါတယ်။ ရောဂါအခြေအနေတွေကလည်း အတော်ငြိမ်ကျသွားပါပြီ။ ကျွန်မတို့ဆေးအဖွဲ့နဲ့ လမ်းမကျတဲ့ရွာများကိုလည်း ဆေးအဖွဲ့ မှာပါလာတဲ့ဒေသခံဆေးလုပ်သားတွေကို လွှတ်ရပါတယ်။သူတို့ကတဆင့် ရွာခံဆေးလုပ်သားတွေ ကေဒါတွေကို ကျန်းမာ ရေးပညာပေးဟောပြောမှုတွေ လုပ်ခိုင်းရပါတယ်။ လိုအပ်တဲ့နေရာများမှာလည်း ကာကွယ်ဆေးတွေထိုးပေးရပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ကာကွယ်ဆေးများအတော့်ကို လုံလုံလောက်လောက်ပါသွားတာပါ။

အပြန်ခရီးမှာတော့ စန်တောင်ကနေမန်ဖိုင်အထိ နမ်းလွေချောင်းတလျှောက် ဖောင်နဲ့မျှောချတာဖြစ်လေတော့ ခရီးကမြန် လည်းမြန် သက်လည်းသက်သာသွားပါတယ်။ စစ်ဒေသရုံးချုပ်မှာ လုပ်ငန်းအစီရင်ခံတော့ စစ်ဒေသခေါင်းဆောင်တွေရော၊အနီးအနားဒေသများက တာဝန်ခံကေဒါအတော်များများလည်း တက်ရောက်နားထောင်ကြပါတယ်။ ဗဟိုကိုကျေးဇူးတင် စကားလည်း ဝိုင်းဆိုကြပါတယ်။

နောက်နေ့မှာတော့ မန်ဖိုင်ဆေးရုံမှာ ဆေးအဖွဲ့ရဲ့ နိဂုံးချုပ်အစည်းအဝေးပြုလုပ်ပါတယ်။ ဆေးအဖွဲ့ဝင်အားလုံးရော ဆေးရုံ ကလုပ်သားများရော စစ်ဒေသတာဝန်ခံတချို့ရော တက်ရောက်ပါတယ်။ ဆေးအဖွဲ့မှာပါဝင်ခဲ့တဲ့ မန်ဖန်ဆေးရုံက ဆရာဝန် လေးက (အဖွဲ့တဖွဲ့လုံးစုပေါင်းဆွေးနွေးပြုစုထားတဲ့) နိဂုံးချုပ်စာတန်းကိုဖတ်ပြပြီး ဝိုင်းဝန်းဆွေးနွေးဝေဖန်အကြုံပြုတာတွေ ပြုလုပ်ပါတယ်။ အဓိကကတော့ နောင်နှစ်တွေမှာ ကြိုတင်ကာကွယ်ရေးများအတွက် ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာ တွေပါပါတယ်။ ဗဟိုကလုပ်ဆောင်ပေးရမယ့် တောင်းဆိုချက်များကိုလည်း တင်ပြကြပါတယ်။

နောက်နှစ်မှာလည်း ဝမ်းရောဂါဖြစ်ကြောင်းထပ်ကြားရလို့ ဗဟိုက ကိုအိုက်အေးကို ထပ်လွှတ်လိုက်ပါသေးတယ်။ သိပ်မပြင်း ထန်လှပါဘူး။ နောက်ပိုင်းတော့ လုံးဝမဖြစ်တော့ပါဘူး။ ဒီလိုနည်းနဲ့ ကျွန်မတို့တတွေ အလွန်ပြင်းထန်တဲ့ (ကူးစက်မှုနှုံးအရရော ရောဂါအခြေအနေအရရော) ကာလဝမ်းရောဂါကိုလူထုအားနဲ့ပေါင်းစပ်ပြီး တိုက်ဖျက်ပစ်နိုင်ခဲ့ဘူးပါတယ်။

တကယ်တော့ကူးစက်ရောဂါဆိုတာ ကမ္ဘာဦးခေတ်ထဲကရှိခဲ့ပြီး လူသားတွေကအနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ တိုက်ပွဲဆင် လာကြရာမှာ ဆေးသိပွံသုတေသနပညာတွေအဆင့်တွေမြင့်လာပြီး ပဋိဇီဝဆေးအမျိုးမျိုး ကာကွယ်ဆေးအမျိုးမျိုး ပေါ်ထွက် လာတာ  စတာတွေကြောင့်တဖြည်းဖြည်းနဲ့ အနိုင်ဘက်ရောက်လာနေပါတယ်။ တချို့ကူးစက်ရောဂါများဟာ လုံးဝရှာမရ နိုင်လောက်အောင်ပျောက်သွားပါပြီ။ နောက်ဆုံးကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ပြောဆိုချက်အရဆိုရင် ကာ ကွယ် ဆေးတိုးခြင်းဖြင့် ကူးစက်ရောဂါ (၂၅) မျိုးကို ကာကွယ်နိုင်နေပြီလို့ သိရပါတယ်။ (တချိန်ထဲမှာလည်းကူးစက်ရောဂါ အသစ် အဆန်းတွေပေါ်လာတာ၊ ဆေးမတိုးတဲ့ရောဂါပိုးတွေအဖြစ်ပြောင်းသွားတာ စတဲ့ပြဿနာတွေလည်း ရှိလာနေပါ တယ်။)

အခုနောက်ပိုင်းကုလသမဂ္ဂကဦးဆောင်လုပ်ဆောင်ခဲ့တဲ့ ...
၁။ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂ဝဝဝ-၂ဝ၁၅) မှာ စီမံကိန်းတခုအဖြစ် ကူးစက်ရောဂါကြီးများဖြစ်တဲ့ HIV AIDS၊ ငှက်ဖျားနှင့်အခြားရောဂါများတိုက်ဖျက်ရေးဆိုတာပါဝင်နေပြီး၊
၂။ ၂ဝ၁၅-၂ဝ၃ဝအတွက် စီမံကိန်းချလုပ်ဆောင်နေတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၇) ချက်ထဲမှာ တော့ ကူးစက်ရောဂါများကိုအမြစ်ပြတ်အောင်လုပ်ဆောင်ရေး၊ လူတိုင်းကာကွယ်ဆေးများထိုးခွင့်ရရှိရေး ဆိုတဲ့အချက်တွေ ပါဝင်လာတာဟာ ကူးစက်ရောဂါကာကွယ်ရေး တိုက်ဖျက်ရေးများအတွက် အားတက်စရာပါ။

ဥပမာ - အဲဒီ ကုလသမဂွရဲ့စီမံကိန်းကြီးများနဲ့ပူးတွဲလုပ်ဆောင်ခဲ့တဲ့ ဘီလ်နှင့် မလင်ဒါဂိတ်ရံပုံငွေအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ  ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ကမ္ဘာပေါ်မှာ ဘယ်လောက်အောင်မြင်နေပြီလဲဆိုတာ ဖေါ်ပြနေပါတယ်။ အဲဒီ ထုတ် ပြန်ချက်အကျဉ်းကတော့ (China Daily.15 9 2017)  ၁၉၉ဝ ခုနှစ်မှစ၍လုပ်ဆောင်ခဲ့တဲ့ ...

က။ မွေးကင်းစကလေး စောင့်ရှောက်ရေးလုပ်ငန်းများ
ခ။ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ရေးများ
ဂ။ ကလေးများကာကွယ်ဆေးထိုးပေးတဲ့လုပ်ငန်းများကြောင့် ၅ နှစ်အောက် ကလေး သန်း (၁ဝဝ) ကို ကယ်တင်နိုင်ခဲ့တယ် လို့ဆိုထားပါတယ်။

အဲဒီထုတ်ပြန်ချက် နိဂုံးချုပ်မှာတော့  ဒီလိုလည်းပြောထားပါတယ်။ ဒီလုပ်ငန်းများအောင်မြင်ဖို့အတွက် ....
၁။ ခိုင်မာတောင့်တင်းတဲ့ခေါင်းဆောင်မှု
၂။ ကောင်းမွန်တဲ့အုပ်ချုပ်မှု
၃။ သင့်တော်တဲ့တီထွင်ဖန်တီးမှုနဲ့
၎။ ရင်းနှီးမြှုပ်နှံမှုရှိရမယ်တဲ့။

ဟုတ်ပါတယ်။ ဒီလုပ်ငန်းများကို   အစိုးရများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများက တာဝန်ခွဲဝေလုပ်ဆောင်ရမှာ ဖြစ်လို့ပါပဲ။ ဒါ့ကြောင့်  တာဝန်ယူမှုအပြည့်ရှိတဲ့ အစိုးရမျိုးတွေကသာ နည်းစနစ်ကျနစွာလူထုကို ပညာပေးလှုံ့ဆော်ပြီး စည်းကမ်းတကျလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုနည်းတွေနဲ့ တချို့နိုင်ငံတွေမှာ ကူးစက်ရောဂါတွေကို တိုက်ဖျက်သွားနိုင်ကြပါပြီ။

လှကျော်ဇော
၂၈ ၁ဝ ၂ဝ၁၇

မှတ်ချက်။ အရေးတော်ပုံဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁ဝ) မှ။

Comments