ဝင်းအောင်ကြီး (မောင်အောင်မွန်) - ခေတ်ကောင်းစဉ်က ဗမာငွေ


ဝင်းအောင်ကြီး (မောင်အောင်မွန်) - ခေတ်ကောင်းစဉ်က ဗမာငွေ
ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၂)
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၇
၁၉၄၈ ခု၊ နှစ်က US 1$ သည် ဗမာငွေ ၄ိ ကျော်နှင့်ညီသောကြောင့် ၅ိ တန်ပေးပြီး ငွေလဲလျှင် အမေရိကန် တဒေါ်လာအပြင် အကြွေများပင်ရမည်။ မြန်မာနိုင်ငံသား တယောက်နိုင်ငံခြားသို့ သွားမည်ဆိုလျှင် မိမိပိုင်သောငွေ အကန့်အသတ်မရှိ ပြည်ထောင်စုဘဏ်၌ ပေါင်စတာလင်ငွေနှင့် လဲလှယ်ပြီးယူသွား၍ ရသည်။ အဘယ့်ကြောင့်နည်း၊ ရေးနေဆဲ ခေတ်ကောင်းစဉ်က မြန်မာပြည်စာအုပ်ထဲ အခန်းတခန်းကို ဖတ်ကြည့်ပါ။

 မြန်မာငွေသည်ရွှေ ရွှေသည်မြန်မာငွေ

(၁)

 မြန်မာနိုင်ငံတွင် လူအများသုံးစွဲရန် ငွေကြေးစနစ် သတ်မှတ်ခြင်းကို မင်းတုန်းမင်းလက်ထက်၌ စတင်ကြောင်း မှတ်တမ်းများတွေ့ရ၏။ ကုန်းဘောင်ခေတ်၏ ထိုဒုတိယ နောက်ဆုံးဘုရင်သည် မြန်မာပြည်အောက်ပိုင်းအား အင်္ဂလိပ်တို့ သိမ်းပိုက်ထားသည်ကိုလည်း မြင်နေရပြီ။ ကမ္ဘာကြီးဆိုသည်မှာ မိမိတို့နေပြည်တော် လောက်မျှသာဟု အမြင်မကျဉ်း ဘ၀င်မမြင့်။ အမေရိကန်သမထံသို့ပင် စာသ၀ဏ်လွှပို့ မိတ်ဆက်၏။ ဥရောပသို့ လေ့လာရေးခရီးအဖြစ် ပညာရှိအမတ်များစေလွှတ်၏။ အိမ်နီးနားချင်း နိုင်ငံများကိုသာမက သူတို့နှင့်ဆက်ဆံနေသော အခြားနိုင်ငံများကိုလည်းမြင်၏။ ပြောင်းလဲလာပြီဖြစ်သော ကမ္ဘာကြီးနှင့် ရင်ဘောင်တန်း အမီလိုက်ရန် မင်းတုန်းမင်း သဘောပေါက်ပုံရ၏။
ထို့ကြောင့်ဖြစ်ပေလိမ့်မည်။

 တိုင်းသူပြည်သား လူအများသုံးစွဲရန် နိုင်ငံသုံးငွေကြေားစနစ်ချမှတ်သည်။ ငွေဒင်္ဂါးပြားများ သွန်းလုပ်၏။ ထိုငွေကို ပထမ မြန်မာကျပ်ငွေ ( 1852-1889 AD ) ဟုခေါ်သည်။

(၂)

ထိုအချိန်တွင် အင်္ဂလိပ်သိမ်းပိုက် ဒေသများ၌ အိန္ဒိယနိုင်ငံမှ Reserve Bank of India ၏ ရန်ကုန်ရုံးခွဲ Rangoon Branch Bank က Rupee ငွေစက္ကူများ ထုတ်၍ လည်ပတ်ကာ လူအများသုံးစွဲသည်။ တစ်ရူးပီးကို အရပ်သုံးစကားဖြင့် တကျပ်ဟုခေါ်ကြသော်လည်း မြန်မာနိုင်ငံငွေ ကြေးသမိုင်း၌ မြန်မာကျပ်ငွေဟူ၍ မသတ်မှတ်ချေ။ ရတနာပုံနေပြည်တော်က ထုတ်သောကျပ်ငွေ ရှိနေသေးသောကြောင့် ဖြစ်ဟန်တူပါသည်။
Rupee ငွေစက္ကူများအပြင် တစ်ရူးပီးနှင့်ညီမျှသော ငွေဒင်္ဂါးပြားများလည်း ထုတ်ဝေ၍ သုံးစွဲကြစေ၏ ကျပ်-ပဲ-ပြား စနစ်နှင့်ခွဲသည်။ တကျပ်တွင် ၁၆ ပဲရှိ၍ တစ်ပဲကို ၄ ပြားဟုထပ်ခွဲပြန်သည်။ ၂ ပဲကို တမူးခေါ်၏။ ၈ (ရှစ်) ပဲသည် တကျပ်၏တ၀က်၊ တန်ဖိုးအားဖြင့် ၄ မူးပါ၊ သို့သော်လူတွေက ၄ မူးဟုမခေါ် ၅ မူးဟုခေါ်၏။ ၄ ပဲကိုတမတ်ဟုခေါ်ပြီး ၄ မတ်သည်တကျပ်ဖြစ်သည်။

စာဖတ်သူတို့အဖို့ အတန်ငယ်ရှုပ်ချင် ရှုပ်နေမည်၊ ထိုခေတ်ထိုအခါနှင့် စစ်ကြီးပြီးချိန်နှင့် မြန်မာပြည် လွတ်လပ်ရေးရပြီးချိန်ထိ လမ်းဘေးဈေးသည်များကအစ အမှားအယွင်းမရှိ သုံးတတ်စွဲတတ် တွက်တတ်သည်။ အင်္ဂလိပ်တို့သည် အိန္ဒိယနိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက် နှစ်အတန်ကြာမှ မြန်မာပြည်ကို သိမ်းပိုက်လိုက်၏။ (၂) နိုင်ငံကြား လူများရော ကူးသန်းရောင်းဝယ်ရေးပါ ကူးလူးဆက်ဆံမှု များပြားလွန်းသောကြောင့် ငွေကြေးသုံးစွမှု အဆင်ပြေလွယ်ကူစေရန် ထိုသို့စီမံခြင်းဖြစ်ဟန်တူပါသည်။

(၃)

 မြန်မာတပြည်လုံး အင်္ဂလိပ်လက်အောက်သို့ ရောက်သွားချိန်၌ နေမ၀င်သော ဗြိတိသျှအင်ပါတွင် ကိုလိုနီနိုင်ငံပေါင်း (၄၀) (၅၀) လောက်ရှိပါလိမ့်မည်။ ထိုကိုလိုနီနိုင်ငံများနှင့် မြို့တော်လန်ဒန်ကြားဖြစ်စေ ကိုလိုနီနိုင်ငံချင်းကြားဖြစ်စေ ကူးလူးဆက်ဆံမှုများ ကြီးထွားနေလေရာ ငွေကြေးစနစ်တရပ် လိုအပ်လာပြီ။ ထို့ကြောင့် Bank of England က ငွေစက္ကူများထုတ်ပြီး ကွက်လပ်ကိုဖြည့်လိုက်၏။

သို့သော်လည်း ထိုငွေစက္ကူသည် အင်္ဂလန်သုံး ပေါင်၊သျှီလင်၊ပဲနိ စနစ်ဖြစ်နေပြန်၍ ကိုလိုနီနိုင်ငံ အားလုံး၌ ထိုစနစ်အတိုင်း လိုက်သုံးကြရန် အခြေအနေမပေး လက်တွေ့မကျဖြစ်ရပြန်ပြီ။ ပြဿနာအတွက် အဖြေရှာကြရသည်။ Bank of England ကို မဏ္ဍိုင်ထားပြီး ပေါင်စတာလင် (Pound Sterling) မိသားစု သို့မဟုတ် ငွေကြေးစနစ် တည်ထွင်ကျင့်သုံးကြသည်။

မိသားစုနိုင်ငံ တနိုင်ငံသည် မိမိတို့နိုင်ငံသုံး ငွေစက္ကူထုတ်နိုင်၏။ ထုတ်သောငွေကြေး ပမာဏကို ရွှေချောင်းများဖြင့် အပေါင်ထားရပြီး ထိုငွေ၏တန်ဖိုးကို Bank of England ကအာမခံ၏။ ထိုအခါ ဗြိတိသျှ ကိုလိုနီနိုင်ငံများ ကြားမှာသာမက ကမ္ဘာပေါ်က မည်သည့်နိုင်ငံနှင့်မဆို အဆင်ပြေချောမွေ့စွာ ရောင်းဝယ် ဖောက်ကား ဆက်ဆံ၍ရလာ၏။

ဗြိတိသျှကိုလိုနီ ဖြစ်နေစဉ်ကာလနှင့် ဒုတိယကမ္ဘာစစ်ကြီးပြီးစ မြန်မာပြည်တွင် Reserve Bank of India ၏ ရန်ကုန်ရုံးခွဲ Rangoon Branch Bank က Rupee ငွေစက္ကူများသည် အာမခံချက်ရှိသည့် ပေါင်စတာလင် ငွေကြေးစနစ်ဝင်ဖြစ်သည်။

(၄)

စာဖတ်သူတို့ သိကြသည့်အတိုင်း မြန်မာပြည်မှ ဗြိတိသျှတို့ဆုတ်ခွါ ဂျပန်တို့သိမ်းပိုက်သောကာလ၌ Rupee ငွေစက္ကူများ သုံးစွဲ၍မဖြစ်နိုင်။ Rangoon Branch Bank လည်းမရှိတော့။ ဂျပန်နိုင်ငံသုံး ယမ်းငွေကို မြန်မာပြည်မှာ သုံးစွဲစေဖို့ဆိုသည်က ပို၍ပင်ခက်ခဲပေလိမ့်မည်။  ထိုအခါ ဂျပန်စက္ကူဟု လူအများသုံးငွေ ပေါ်လာသည်။ အသစ် စက္ကူကထူမို့ ထောင်လျှင်မလဲ မာလည်းမာ၍ ထောင်မလဲသဲကော်ဟု တင်စားနောက်ပြောင် ခေါ်ဝေါ်ကြ၏။ မည်သည့်ပုံစံ မည်သည့်စနစ်နှင့် ထုတ်သည်မသိ၊ မှတ်တမ်းလည်း ရှာမတွေ့ပါ။ ကျနော့်မှတ်မိသည်ကတော့ Money master ဟုခေါ်ကြသူ ဂျပန်စစ်ဗိုလ်က သူ၏သေတ္တာငယ်လေး သော့နှင့်ဖွင့်ပြီး ငွေစက္ကူအထပ်လိုက် ထုတ်ပေးလေ့ရှိ၏။
လှည့်လည်ပတ်နေသော ငွေပမာဏ အတိုင်းအဆမရှိပုံ စာဖတ်သူတို့ စဉ်းစားကြဖို့ပါ။

 မြန်မာငွေစက္ကူ မှတ်တမ်းတင်ကြသူများကမူ ဒုတိယ မြန်မာကျပ်ငွေ ( 1943-1945) ဟုသတ်မှတ်၏။ မင်းတုန်းမင်းလက်ထက်က ကဲ့သို့ပင် တကျပ် ပြားတရာ စနစ်မျိုးဖြစ်သည်။ အရပ်ထဲတွင် တကျပ်ကို တဒေါ်လာဟုလည်း ခေါ်ကြ၏။ တနေ့ အင်္ဂလိပ်တွေပြန်လာမည်ဟု ယုံကြည်သူအများက Rupee ငွေစက္ကူများ အထူးသဖြင့် ဒင်္ဂါးပြားများ စုထားဝှက်ထားကြသည်။

သို့သော်လည်း ဂျပန်ခေတ်တွင်မူ မည်သူမှမသုံးစွဲရဲကြ၊ မိသွားလျှင် ဖက်ဆစ်နည်းနှင့် ညှင်းပန်းနှိပ်စက် အပြစ်ပေးမည်ကို သိထားကြ၍ဖြစ်ပါသည်။ တန်ဖိုးရှိရှိ မရှိရှိ ကြိုက်ကြိုက်မကြိုက်ကြိုက် ဂျပန်ခေတ်တွင် ဂျပန်စက္ကူဘဲ သုံးစွဲလာခဲ့ရာ၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ထားသော ဗြိတိသျှအစိုးရက ဂျပန်စက္ကူများ တရားမ၀င်တော့ဟု ကြေညာလိုက်ချိန်ကျမှ နိဂုံးချုပ်သွားတော့သည်။

(၅)

ဂျပန်တို့စစ်ရှုံး ဗြိတိသျှတို့က British Burma ဗြိတိသျှအုပ်ချုပ် မြန်မာနိုင်ငံအဖြစ် ကြေညာလိုက်ရာ Rupee ငွေစက္ကူများ တရားဝင်သုံးစွဲငွေ ပြန်ဖြစ်လာပြန်၏။ လူးအများလက်ဝယ် ထိုငွေများရောက်လာရေး မည်သို့မည်ပုံဆောင်ရွက်သည်ကို ဤစာအုပ်တနေရာ၌ ဖော်ပြထား၍ ထပ်မရေးတော့ပါ။
၁၉၄၈ ခု၊ဇန်န၀ါရီလ ၄ ရက်နေ့၌ မြန်မာပြည်လွတ်လပ်ရေးရသည်။

၁၉၄၈ ခု၊ ဧပြီလ ၃ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် ( Union Bank of Burma) ကိုတည်ထောင်သည်။ ထိုသို့တည်ထောင်ရန် ၁၉၄၇ ခု၊ တိုင်းပြုပြည်ပြုလွှတ်တော်က Act of Union Bank of Burma ပြဌန်းအတည်ပြုခဲ့ပြီးဖြစ်သည်။ တကျပ် ၆၄ ပြားစနစ် ဆက်လက်ကျင့်သုံးနေသေးသော်လည်း Reserve Bank of India ၏ ရန်ကုန်ရုံးခွဲ Rangoon Branch Bank ကထုတ်ခြင်းမဟုတ်တော့ပါ။

 ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ်က ထုတ်ဝေသောငွေစက္ကူဖြစ်လာပြီ။ ပဲစေ့၊ မူးစေ့၊ မတ်စေ့၊ ငါးမူးစေ့ကဲ့သို့သော အကြွေများနှင့်အတူ ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်နှင့် ကျပ် ၁၀၀ တန်များထုတ်၏။
ပေါင်စတာလင် (Pound Sterling) ငွေကြေးစနစ်ဝင်အဖြစ် ဆက်လက်ကျင့်သုံးကြသည်။ မြန်မာငွေ ငွေမာဖြစ်ရေးအတွက် ထုတ်လုပ်မည့် ငွေပမာဏနှင့်အညီ ရွှေချောင်းများ Bank of England ၌အပ်နှံထားရ၏။ သုံးစွဲသောမြန်မာငွေစက္ကူပေါ်တွင် ဥပမာ၊ ငါးကျပ်တန်ပေါ်တွင် ငွေစက္ကူထုတ်ရာ အရပ်တိုင်း၌ ငွေငါးကျပ်နှင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်ဟု Bank of England ကိုယ်စားလှယ်နှင့် Union Bank of Burma ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးထားသည်။

 ငွေကြေးလဲလှယ်မှု ( Money Exchange) တွင် Pound Sterling မှတဆင့် သွားရန်မလို၊ ငွေမာချင်းမို့ တိုက်ရိုက်လဲလို့ရ၏။ ၁၉၄၈ ခုတွင် မြန်မာနိုင်ငံသုံးငွေ ၄ိ(လေးကျပ်) ၇၆ ပြား ပေးလျှင် အမေရိကန်တဒေါ်လာ (One US Dollar $) ရသည်။ စာဖတ်သူတို့ ယုံချင်ယုံ မယုံချင်နေ၊ တကယ်အမှန် နှုန်းထားဖြစ်ပါသည်။

(၆)

၁၉၄၈ ခု၊ ဧပြီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာခဲ့ပြီး၊ ၁၉၅၂ ခု၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ကုလသမဂ္ဂ၏ ငွေကြေးဆိုင်ရာ အေဂျင်စီများဖြစ်ကြသော အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့်ဖွံဖြိုးရေးဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) တို့၌လည်း အဖွဲဝင်ဖြစ်လာ၏။ အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်များတက်ရောက် လေ့လာဆွေးနွေးခြင်းဖြင့် နိုင်ငံတကာငွေကြေးကိစ္စရပ်များ ပိုမိုနားလည်လာကြ၏။
မြန်မာ့ငွေတန်ဖိုးတည်ငြိမ်၊ ငွေကြေးကိစ္စရပ်များ၌ ရင့်ကျက်လာပြီ။ မြန်မာတိုင်းရင်းသားပိုင် နိုင်ငံခြားပိုင် ပုဂ္ဂလိကဘဏ်များ ဖွင့်ကာလုပ်ကိုင်နေကြပြီမို့ မြန်မာတို့လည်း ဘဏ်လုပ်ငန်း ပိုမိုနားလည် သုံးစွဲလာကြ၏။ ပြန်ဌန်းဝင် အစိုးရအရာရှိများ၏ လစာကိုဘဏ်တွင် ထုတ်ယူနိုင်ရန် ချက်လက်မှတ်ပေး၏။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက ၁၉၅၂ ခု၊ ဇူလိုင်လ ၁ ရက်နေ့တွင် Rupee ငွေစက္ကူအစား ကျပ်ငွေစက္ကူများ ပြောင်းလဲထုတ်သည်။ တကျပ်ပြား ၁၀၀ စနစ်ဖြစ်လာပြီမို့ တတိယမြန်မာကျပ်ဟုခေါ်သည်။ Bank of England နှင့် Union Bank of Burma တို့ညှိနှိုင်း ဆောင်ရွက်သောကြောင့် ငွေတန်ဖိုးကမူ ပြောင်းလဲခြင်းမရှိပါ။ ပဲစေ့၊မူးစေ့၊မတ်စေ့၊ ၅ မူးစေ့ တို့နေရာသို့ ၅ ပြားစေ့၊ ၁၀ ပြားစေ့၊ ၂၅ ပြားစေ့၊ ပြား၅၀ စေ့ တို့အစားဝင်လာသည်။

 မြန်မာကျပ်ငွေများအနက် မည်မျှလည်ပတ်လျက်ရှိပြီး မည်မျှကိုမူ အရန်ငွေ (Reserve Currency) အဖြစ် ထားရှိကြောင်း ပြည်ထောင်စုဘဏ်က မှန်မှန်ကြေညာပြီး သတင်းစာများကဖော်ပြကြရသည်။ လူတယောက်သည် မိမိလက်ဝယ်ရှိ သို့မဟုတ် ပိုင်သောကျပ်ငွေကို အကန့်အသတ်မရှိ ပေါင်စတာလင်၊ အမေရိကန်ဒေါ်လာ စသဖြင့်လဲလှယ်ခွင့် နိုင်ငံခြားသို့ ယူဆောင်သွားခွင့်ရှိသည်။
ရွှေချောင်းများ အပေါင်ထား၍ မြန်မာငွေသည်ရွှေ ရွှေသည်မြန်မာငွေဟု ဆိုရခြင်းပါ။

(၇)

၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းသည်။
၁၉၆၃ ခု၊ ဖေဖောဝါရီလ ၂၃ ရက်နေ့တွင် ဘဏ်ကြီး (၃၁) ခုကိုပြည်သူပိုင်သိမ်းသည်။
၁၉၆၄ ခု၊ မေလ ၁၇ ရက်နေ့တွင် ကျပ် ၅၀ တန်နှင်ကျပ် ၁၀၀ တန်တို့တရားမ၀င်ဟုကြေညာသည်။ လူထုပိုင်ငွေ ကျပ် ၉၁၅ သန်း ၈ သိန်းအစိုးရပိုင်ဖြစ်သွားသည်။
၁၉၆၆ ခု၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပေါင်စတာလင်ငွေကြေးစနစ်မှ ထွက်လိုက်ပြီးနောက် ရွှေချောင်းများ ပြန်ယူလိုက်သည်။ မြန်မာငွေသည် ရွှေမဟုတ်တော့ပြီ။
ထို့နောက် ၀ါဇီမှ ငွေစက္ကူအသစ်များထုတ်သည်၊ လွတ်လပ်စွာ ထုတ်ချင်သလောက်ထုတ်သည်။ ဗေဒင်အရ ၄၅ိ တန်၊ ၉၀ တန်များလည်းထုတ်သည်။ ငွေကြေးဖောင်းပွ၊ တန်ဖိုးကျလာသည်။
၁၉၈၅ ခု၊ နိုဝင်ဘာလတွင် ၁၀၀ိ တန်စသည်များ တရားမ၀င်ကြေညာပြန်သည်။
၁၉၈၇ ခု၊ စက်တင်ဘာလ (၅)ရက်နေ့။
၁ိ တန်၊ ၅ိ တန် နှင့် ၁၀ိ တန်တို့မှအပ ၂၀ိ တန်နှင့်အထက် သုံးစွဲနေသော ငွေစက္ကူများ တရားမ၀င်တော့ဟု နောက်ထပ်တကြိမ် ကြေညာပြန်သည်။
မြန်မာငွေသည်ရွှေ ဆိုသောဘ၀ ၁၉၆၂ ခု၊ မတ်လကစ၍ ကျဆင်းခဲ့ရာ ၁၉၆၆ ခု၊ အောက်တိုဘလ ၁၇ ရက်နေ့တွင် အဆုံးသတ်သွားလေပြီဟု တွေးမိကြောင်းပါ။

 ၂၀၁၇ ခု၊ နိုဝင်ဘာလ (၂၁)ရက်နေ့
0