ဆောင်းယွန်းလ ● ဒုက္ခသည်တံဆိပ်ဟာ ခိုင်ခန့်တယ်


ဆောင်းယွန်းလ ● ဒုက္ခသည်တံဆိပ်ဟာ ခိုင်ခန့်တယ်
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇

မနက်က အလုပ်သွားဖို့ ကားမောင်းနေရင်း ဒေသတွင်း ရေဒီယို FM လိုင်းတခုကို ဖွင့်ထားမိခဲ့တယ်။ ခရစ္စမတ်နားနီးပြီဆိုတော့ ထုံးစံအတိုင်း ခရစ္စမတ်သီချင်းတွေလာနေပြီး ခဏကြာတော့ ဒေသတွင်းသတင်းတချို့နဲ့ အင်တာဗျူးအတိုလေးတခုကို ကြားလိုက်မိပါတယ်။

အင်တာဗျူးက ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်းမှာ ဆောင်းရာသီအတွက် ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား ကျောင်းသူ ကလေးငယ်တွေကို အနွေးထည်လှူပေးတဲ့အစီအစဉ်နဲ့ ပတ်သက်ပြီးတော့မေးမြန်းထားတဲ့ အင်တာဗျူးတခုပါပဲ။

အလှူပေးတဲ့ အဖွဲ့အစည်းထဲက တာဝန်ရှိသူတဦးဖြစ်ဟန်တူတဲ့ အမျိုးသမီးကို မေးမြန်းထားတာဖြစ်ပြီး အဲဒီအမျိုးသမီး ဖြေ နေတဲ့ ပြန်ပြောပြနေတဲ့အကြောင်းအရာတချို့ကို နားထောင်မိရင်း စိတ်မကောင်းဖြစ်ရပါတယ်။ အမျိုးသမီးပြောပြနေတာက ဆောင်းရာသီသွေးခဲမတတ်အေးနေတဲ့အချိန်မှာ တချို့ကျောင်းသားကျောင်းသူတွေ ကျောင်းကို အနွေးထည်မပါပဲ ရောက် လာတာ တွေ့ရသလို တချို့ဆိုလည်း တထည်တည်းသောအနွေးထည်ကို သုံးလေးနှစ်လောက် ထပ်တလဲလဲဝတ်နေရလို့ စုတ်ပြဲဟောင်းနွမ်းလွန်းလှတဲ့ အနွေးထည်တွေနဲ့ ကျောင်းတက်နေကြရတာတွေကို တွေ့ရပါတယ်တဲ့။ တချို့ဆိုရင် အနွေး ထည် တထည်ကို ညီအကို (သို့) ညီအမနှစ်ယောက် တယောက်တရက် အလှည့်ကျဝတ်နေရသူတွေလည်း ရှိပါတယ်တဲ့။ အမေရိကန်နိုင်ငံမှာနေနေရလို့ အားလုံးအဆင်ပြေနေတယ်လို့ ထင်နေတဲ့သူတွေ ဒီအင်တာဗျူးလေးကို နားထောင်မိရင် တအံ့တသြနဲ့ယုံနိုင်မယ်လို့တောင် မထင်ပါဘူး။ သူတို့နိုင်ငံမှာလည်း ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းရင်း ဒီနိုင်ငံထဲမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရင်းတွင်းနက်နေကြတဲ့လူတွေ အများကြီးရှိပါတယ်။

ဒီအင်တာဗျူးလေးကို နားထောင်မိရင်း ကျနော့်ရင်ထဲမှာ အတော်လေးခံစားရပါတယ်။ တဆက်တည်းဆိုသလိုပဲ ကျနော်တို့ မြန်မာပြည်ကနေပြီး မြန်မာဒုက္ခသည်အမည်ခံရင်း အမေရိကန်နိုင်ငံကိုရောက်လာကြတဲ့ လူတွေအကြောင်းကို တွေးနေမိပါ တယ်။

တကယ်ဆိုရင် ဘယ်နိုင်ငံကလာတဲ့ ဘာလူမျိုးဒုက္ခသည်ပဲဖြစ်ဖြစ် တတိယနိုင်ငံကို ခြေချလိုက်တဲ့အချိန်ကစပြီး ဒုက္ခသည် မဟုတ်တော့ပါဘူး။

တတိယနိုင်ငံကိုစရောက်တဲ့နေ့ကစပြီး ကိုယ်ရောက်ရှိလာတဲ့ တတိယနိုင်ငံရဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူ (Permanent Resident) အဖြစ် အလိုအလျောက်ဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် လူတချို့ဆိုတာထက် မြန်မာပြည်သားအများစုဟာ ဒုက္ခသည် တံဆိပ်ကို ရင်ဘတ်ကနေ တော်တော်နဲ့ ခွာချချင်ဟန်မတူပါဘူး။ တတိယနိုင်ငံကို ရောက်ခါစရော ရောက်ပြီး လေးငါးဆယ် နှစ်ကြာတဲ့အချိန်ထိ ဘယ်နေရာမှာ ဘာပစ္စည်းနဲ့ ဘယ်လိုအစားအသောက်ကို အလကားတန်းစီယူရမလဲ၊ အလကားရတာ အကုန်ယူမယ်ဆိုတာချည့်ပါပဲ။ တချို့ဆို ကိုယ့်အလုပ်ဝင်ငွေရယ်၊ ကိုယ်စီးလာတဲ့ကားကြီးတွေကိုမှ အားမနာပဲ အစား အ သောက်အလှူပေးတဲ့ဌာနတွေနဲ့ အခြာအသုံးအဆောင်ပစ္စည်းအလကားပေးတဲ့နေရာတွေမှာ မျက်နှာပြောင်တိုက်တန်းစီပြီးယူကြတာကို တွေ့နေရတုန်းပါပဲ။

တကယ်တမ်း အဲဒီအလှူပေးတဲ့ နေရာတွေမှာ တန်းစီပြီးယူနေကြတဲ့ အမေရိကန် လူဖြူ လူမဲတွေက တကယ်ကို ဆင်းရဲမွဲ တေ ငတ်ပြတ်ပြီး (Broke) ဖြစ်နေလို့ ယူနေကြတာပါ။

ဒီမနက် အလုပ်ကိုမရောက်ခင် ကားမောင်းရင်း ကျနော်တွေးနေမိတာကတော့ သြော် ကိုယ့်လူတွေရဲ့ဒုက္ခသည်တံဆိပ်ဟာ တယ်လည်းခိုင်ခန့်ပါလားလို့ …… ……… … …..။

ဆက်ရေးရရင် တော်တော်များဦးမယ်… နောက်မှပဲ။

Comments