ကိုသန်းလွင် ● မိုးပျံတိုက်ကြီးများ

ကိုသန်းလွင် ● မိုးပျံတိုက်ကြီးများ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂ဝ၁၇

(၁)
မိုးပျံတိုက်ကြီးများကို အမေရိကား တွင်မွေးဖွားပါသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ၎င်းတို့သည် အာရှတိုက်တွင် ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ကြရပါသည်။ တိုင်းပြည်အများအပြားမှာ မြင့်မား သောမိုးပျံတိုက်ကြီးများရှိခြင်း သည် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် စီးပွားရေးတိုးတက်ခြင်း၏ လက္ခဏာတရပ်အဖြစ် သိလာကြပါသည်။

လွန်ခဲ့သောနှစ်ပေါင်းတရာအတွင်း နယူးရော့နှင့် ချီကာဂိုမြို့တို့တွင် မိုးပျံတိုက်ကြီးများသည် လူတို့၏ အခြေခံကျသော စီးပွားရေးဆိုင်ရာပြဿနာကို ဖြေရှင်းပေးသည်။ လူရာပေါင်းများစွာ (သို့မဟုတ်) ထောင်ပေါင်း များစွာတို့ကို တချိန်တည်းတွင် တစ်နေရာထဲမှာထားနိုင်ရန် အဆင့်မြင့်တိုက်ကြီးများ ပေါ်လာကြသည်။ လူနေထူထပ်သောနေရာ စက်မှုလက်မှုဖွံ့ဖြိုးတိုး တက်သော နေရာများတွင် ဤကိစ္စမှာ အရေးကြီးသည်။ လူဦးရေသိပ်သည်းမှု (Density) ကို မြှင့်တင်ပေးနိုင်ခြင်းမှာ မြို့ကြီး တစ်မြို့အနေဖြင့် စီးပွားရေးတိုးတက်ခြင်း၏ ပြယုဂ်တခုပင်ဖြစ်သည်။

(၂)
ယခုနှစ် ဧပြီလတွင် တရုတ်ဝန်ကြီးချုပ် ရှီဂျင်ပင်း (Xi Jinping) က စီယုံဂန် (Xiogan) ဟု အမည်ပေးထားသော မြို့သစ်တခုကို ဘီဂျင်းမြို့တော်နှင့် မဝေးလှသောနေရာတွင် တည်ဆောက်မည်ဟု ကြေညာသည်။ မြေဧက ရာပေါင်းများစွာကျယ်ဝန်း သောစိုက်ပျိုးမြေများ၊ မြို့ဟောင်းနေရာများပေါ်တွင် တည်ဆောက်မည်ဖြစ်၏၊ စီယုံဂန်မြို့တွင် လူသန်းချီ၍ နေထိုင်ကြ မည်ဖြစ်ပြီး စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းအသီးသီး၌ အလုပ်အကိုင်များရရှိကြမည် ဖြစ်သည်။ ဤမြို့တွင် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦကြီးပေါ်လာမည်ဖြစ်၏၊ ယခုလောလောဆယ်ဟောင်ကောင်မြို့အနီးမှ ရှင်ဇင်း (Shenzhen) နှင့် ပူဒေါင်း ဒေသရှိ ရှန်ဟိုင်းမြို့များ၏ပုံစံကိုယူကာ တည်ဆောက်မည်ဖြစ်သည်။

ပင်အမ်စီးပွားရေး အဆောက်အဦး (Pin An Economics Tower) သည် ရှင်ဇင်းမြို့၌ ၁၁၅ ထပ်မြင့်ကာ ယခုနှစ် တွင်ပြီးစီးပြီး ၎င်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထအမြင့်ဆုံးဖြစ်သည်။ ၂ဝ၁၅ ခုနှစ်က ရှန်ဟိုင်းတွင်ပြီးစီးခဲ့သော ၁၂၈ ထပ်ရှိ ရှန်ဟိုင်းတာဝါ မှာ ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။

၁၉၉ဝ  မှစ၍ ကမ္ဘာ့အမြင့်ဆုံး အဆာက်အဦးများသည် အာရှတွင်ပေါ်လာကြသည်။ ယူနိုက်တက် အာရပ်စော်ဘွားများ နိုင်ငံမှ Burj Khalilth သည် ဒူဗိုင်းမြို့တွင်ရှိပြီး ၈၂၈ မီတာ (သို့) ၂၇၁၂ ပေ မြင့်သည်။ ဆော်ဒီအာရေးဗီးယားမှ Jeddah Tower အမြင့်မှာ ၁ဝဝဝ မီတာ (သို့) ၂၂၈၂ ပေရှိပြီး မကြာမီပြီးစီးတော့မည်ဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး မိုးပျံတိုက် ၁ဝ တိုက် အနက် ၉ လုံးမှာ အာရှတိုက်တွင်ရှိသည်။ ထို့ပြင် အာရှတိုက်ရှိ ၁ဝဝ မီတာ (၄၉၂ ပေ) ထက်မြင့်သော အဆောက်အဦးများမှာ ကျန်တိုက်ကြီးများပေါ်၌ရှိသော အဆောက်အဦးပေါင်းထက် ပို၍များသည်။

မိုးထက်မြင့်သော အဆောက်အဦးများရှိနေခြင်းသည် စီးပွားရေးအရ ခိုင်ခိုင်မာမာရပ်တည်၍ အလုပ်လုပ်လျက်  ရှိပြီဖြစ် ကြောင်း ကြေညာခြင်းလည်းဖြစ်တော့သည်။ ရဲဝံ့စွာ ပိုင်ပိုင်နိုင်နိုင် ဖိတ်ခေါ်လိုက်ခြင်းဟုလည်း ယူဆ၍ရပါသည်။ အလွန် တရာမြင့်သော အဆောက်အဦးများမှာ ထိုဧရိယာတဝိုက်လုပ်ငန်ဒများလည်ပါတ် နေပြီဖြစ်ကြောင်း အလည်လာကြသူများ၊ တိုးရစ်များ၊ ကုမ္ပဏီပိုင်ရှင် အများအပြားကို သိစေသည်။ နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံရန်လာကြသူများကိုလည်း ရုံးခန်း  အ လွယ်တကူ ဖွင့်နိုင်ကြပေသည်။

တရုတ်ပြည်ကြီးသည် ယခုအခါ အရင်းရှင်များနှင့် ပြည့်နေသောနိုင်ငံဖြစ်နေပါပြီ၊ အာရပ်တို့သည်လည်း ရေနံတူးသော အလုပ်ကိုသာ လုပ်ကိုင်ကြသူများမဟုတ် တကမ္ဘာလုံး ကုန်ကူးသန်းရောင်းဝယ်ကြသူများ  ငွေကြေး အရင်းအနှီး ထုတ်နိုင်သူ များ ဖြစ်နေကြပါပြီ။

ယခုအချိန်၌ အဆောက်အဦးတစ်ခုမှာ အမြင့်ပေ အများကြီးရှိနေသည်သာမကသေး အထပ်မြင့်သည်ဆိုသည်နှင့် အလုပ်အကိုင်များပြားလာခြင်းကိုလည်း ပြသသည်။ The burj  နှင့် ရှန်ဟိုင်းတာဝါတို့သည်ကောင်းမွန်သော ဥပမာများဖြစ်ကြသည်။ သူတို့သည် အဝေးမှ ထင်ထင်ရှားရှားမြင်နိုင်ကြသလိုပင်၊ ရုံးခန်းဖွင့်လှစ်ထားသော ကုမ္ပဏီများ၏ အဆင့်အတန်းမနိမ့်ကြပါ။
ထိုအဆောက်အဦးများရှိသည့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံအစရှိသည်တို့၏တိုးတက်မှုအဆင့် အတန်း ကိုကြည့်ပါ။ ထိုနိုင်ငံများ၏ တိုးတက်မှုနှုန်းသည် အမေရိကန်တို့ထက်အချို့သောနှစ်များတွင် ၃ ဆများ ပြားသည်။ စီးပွားရေး တိုးတက်လာခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကို ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများ တိုးတက်လာခြင်းကို မိုးပျံတိုက်ကြီးများက ဖေါ်ပြနေကြသည်။

ထို့ထက်ပို၍ တရုတ်ပြည်တွင် တောမှ မြို့သို့ ပြောင်းရွှေ့နေထိုင်ကြသည့် လူအရေအတွက်မှာလည်း များပြား လာသည်။ ဥပမာ ၁၉၇၉ ခုနှစ်ကကြည့်လျင် ၁၉ ရာခိုင်နှုန်းသော လူများသည် မြို့နေလူထုဖြစ်သည်။ ယနေ့ ထိုစာရင်းကိုကြည့်လျင် ၅၇ ရာခိုင်နှုန်းမျှရှိပြီး လူတို့သည် တောမှ မြို့သို့ပြောင်းရွှေ့သွားကြသည်။ ထို့ပြင် ပြောင်းရွှေ့ နှုန်းမှာ လျော့နည်းသွားမည့် လက္ခဏာမရှိချေ။ ၁၉၇၉ ခုနှစ်မှစ၍ ပြောင်းရွှေ့သည့် လူဦးရေပမာဏသည် သန်း ၆ဝဝ မျှရှိခဲ့ရာ ၎င်းသည် မြောက်အမေရိ ကားတစ်တိုက်လုံး၏ လူဦးရေထက် (၅၈ဝ) သန်း ထက် ပိုမိုနေသည်ကို တွေ့ရသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျင် ၁၉ဝဝပြည့်နှစ်က အမေရိကန်ပြည်၌ မြို့ကြီးပြကြီးဖြစ်လာသည့် နှုန်းမှာ ၄ဝ ရာခိုင်နှုန်း ဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ၇၄ ရာခိုင်နှုန်းဖြစ်ပြီး တဖြည်းဖြည်းတက်လာသည်မှာ ၈၂ ရာခိုင်နှုန်း ရှိသွားပြီဖြစ်သည်။

အစိုးရများအဖို့ ရွေးချယ်စရာနည်းလမ်း နှစ်သွယ်ရှိသည်။ သူတို့သည် မြို့နေလူထု ကျေနပ်မှုရှိစေရန် မြင့်မားသော တိုက်ခန်း များတည်ဆောက်ရမည်။ သို့မဟုတ် အဆောက်အဦး၏ အမြင့်ကိုကန့်သတ်ထားပြီး လူတို့၏ သိပ်သည်းမှု (density) ကို လျော့စေမည်၊ ဤနည်းဖြင့် အာရှအစိုးရများသည် မြေကြီးအသုံးချမှုကို အလေ့အကျင့်ရစေသည်။ တရုတ်ပြည်တွင် အ ဆောက်အဦး၏ အမြင့်နှင့် သူတို့၏လူဦးရေနှင့် သူတို့၏ စီးပွားရေးစွမ်းဆောင်နိုင်မှုတို့တွင် ခိုင်မာသောအဆက်အသွယ် ရှိ ကြောင်း သိရှိလာရသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ တရုတ်အစိုးရ၏ နိုင်ငံရေးဆိုင်ရာ စိတ်ဝင်စားမှု (Political incentive) ပေးခြင်း ပင်ဖြစ် သည်။ တစ်ပါတီစနစ်နှင့် အုပ်ချုပ်သောနိုင်ငံတွင် နိုင်ငံရေးအဆင့်အတန်းကို သူတို့ဆောက်ပြီးသမျှ အဆောက်အဦးများနှင့် ဆက်စပ်ပေးသည်။ နိုင်ငံရေးရာထူးတိုးတက်လိုပါကအဆောက်အဦး မည်မျှဆောက်ပြီး သည်ကိုကြည့်သည်။ မြင်နေရသမျှ မှာ ငယ်ရွယ်သော ခေါင်းဆောင်များသည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် အားကျိုးမန်တက်ဆောင်ရွက်နေကြပြီး Infra-structure ပရောဂျက် မည်မျှပြီးစီးသည်နှင့်သူတို့၏အရည်အချင်း ကို တိုင်းတာလေ့ရှိသည်။

အမေရိကန်နိုင်ငံတွင်မူ အဆင့်မြင့်သောတိုက်များ ဆောက်လုပ်ရေးသည် အငြင်းပွားဘွယ်ရာကိစ္စတစ်ခုဖြစ်ပါသည်။ ဓလေ့ ထုံးစံအားဖြင့် အမေရိကန်တို့၏ လူနေမှုစနစ်က အိမ်တစ်လုံးစီဆောက်ပြီး ရုံးများနှင့်ကားများကို အခြေခံသော လူနေမှု စနစ်ဖြစ်သည်။ လူနေမှုအဆောက်အဦးက လူဦးရေအနေကျဲနေရာများတွင် အထပ်မြင့် ဆောက်လုပ်ခြင်းကို အားမပေးဘဲ မြို့ထဲ လူဦးရေထူထပ်သော နေရာတွင်သာ ဆောက်လုပ်ခွင့်ပေးသည်။

ဤသို့ဆိုလျင် မိုးထိတိုက်ကြီးများ၏ အနာဂါတ်သည်မည်သို့ ရှိပါသနည်း အာရှတိုက်သားတို့သည် အမေရိကန်တို့လုပ် သလိုသာ လိုက်လုပ်နေပါက အထပ်မြင့်မိုးထိတိုက်ကြီးများသည် ရှိနေဦးမည်သာဖြစ်သည်။ သူတို့သည် မြို့တော်၏  Skyline ကို ပိုမို၍တင့်တယ် ခန့်ညားစေပြီး မြို့တော်တစ်ခု၏ အင်္ဂါရပ်တခုဖြစ်၍လာသည်။

(၃)
ဆောက်လုပ်ရေးနည်းစနစ်များ တိုးတက်လာသည်နှင့် ဆောက်လုပ်ရန်ပို၍လွယ်ကူပြီး ပို၍မြန်ဆန်လာမည် ဖြစ်သည်။ စက် မှုလက်မှုတိုးတက်သည်နှင့်အမျှ ကမ္ဘာ့အမြင့်ဆုံးတိုက် အဆောက်အဦးပြိုင်ပွဲသည် ရှိနေဦးမည်သာ ဖြစ်သည်။ ၁၈၉ဝ ခုနှစ်ကစ၍ တစ်နှစ်လျင် ပျမ်းမျှမြင့်တက်လာသော အမြင့်မှာ ၁၇ ပေသာရှိခဲ့သည်။ ဤနည်း အတိုင်းဆိုပါက တမိုင်မြင့်မည့် အဆောက်အဦးသည် ၂၂ ရာစုနှစ်အတွင်းမှာ ဖြစ်ဘွယ်ရှိသည်။ သို့ပါသော်လည်း တိုကျိုမြို့ကကြေညာနေသည်မှာ ၂ဝ၄၅ တွင် တစ်မိုင်မြင့်သော အဆောက်အဦးကို တွေ့ရတော့မည်ဖြစ်သည်။

ကိုသန်းလွင်
Ref: Internet: Asia Dreams in Skyscrapers Jason Barr . New York Times Ocyober 12 2017
0