ကျော်မောင် (တိုင်းတာရေး) ● ကြီးမှ သိမယ်

ကျော်မောင် (တိုင်းတာရေး) ● ကြီးမှ သိမယ်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂ဝ၁၇

“အသက်ကြီးလာတဲ့အခါ မင်း သိလိမ့်မပေါ့” ဆိုသော ခပ်ကျယ်ကျယ် စကားသံ။ ပြောသူက ဒါကိုပဲ နှစ်ခါ သုံးခါလောက် ထပ်ခါတလဲလဲ ပြောနေပါတယ်။ ရုံးကနေ အိမ်သို့အပြန် ရထားဘူတာရုံရောက်တဲ့အခါ လက်မှတ်ရောင်းကောင်တာမှာ ကြားလိုက်ရတာ ဖြစ်ပါတယ်။

ပြောသူက စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့လူကြီးပိုင်းတယောက်ဖြစ်ပြီး အပြောခံရသူ လက်မှတ်ရောင်းဝန်ထမ်းကတော့ လူလတ် ပိုင်းအရွယ် အမျိုးသမီးတယောက်ဖြစ်ပါတယ်။ အိမ်ပြန်နောက်ကျမှာစိုးတဲ့အတွက် ရပ်နားထောင်ကာ စူးစမ်းစပ်စုခြင်း အလုပ်ကို မလုပ်နိုင်တော့ဘဲ ရထားမီဖို့ အတွက် ရထားစင်္ကြန်လမ်းရှိရာဆီ စက်လှေကားထစ်တွေနင်းပြီး အပြေးတပိုင်း တက်ခဲ့ပါတယ်။ ရထားပေါ်ရောက်တဲ့အခါ နားထဲပြန်လည်ကြားယောင်မိတာက “အသက်ကြီးလာတဲ့အခါ မင်း သိလိမ့်မပေါ့” တဲ့။

● မကြီးခင်
ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာမေးတတ်တဲ့ မေးခွန်းတွေ ရှိခဲ့ဖူးပါတယ်။ အသက်အရွယ်မကြီးခင်ကပေါ့။ ဖြေလို့မရတဲ့မေးခွန်းတွေအတွက်ဆိုရင်တော့ အမေးခံရတဲ့သူတွေက တခါတည်း အပြတ်ပြောကြပါတယ်။

“ဒါတွေက မင်းတို့ ကြီးမှ သိလာလိမ့်မယ်”

“အခု ငယ်တုန်းမှာရော သိလို့မရဘူးလား”လို့ စောဒကတက်ကာ မေးခွန်း ပြန်လည်မေးခဲ့တဲ့အခါ “ဘယ်လိုရှင်းရှင်း နား လည်မှာမဟုတ်လို့ ဒီလိုပြောတာပဲ၊ ပူမနေပါနဲ့ကွာ၊ ကြီးလာတဲ့အခါ သိကို သိလာမှာပါ။ ကဲ ကဲ လုပ်စရာရှိတာ သွားလုပ်ချေ တော့”လို့ နားချပြောဆိုတတ်ကြပါတယ်။

မှတ်မှတ်ရရတခုမှာ မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားသောက်နေကြတုန်းက ဖြစ်ပါတယ်။ သုံးလေးငါးတန်းအရွယ်တွေဖြစ်ကြ တဲ့အတွက် ဒီအဖြစ်အပျက်ကို မကြီးခင်ကလို့ ညွှန်းခွင့်ပြုပါ။ မနက်စာအဖြစ် ဆိုင်မုန့်ဟင်းခါးစားကြတဲ့အခါ သွားစားသူ အချင်းချင်း ဆိုင်မှာရှိတဲ့ ငရုတ်သီးမှုန့်တွေကို ဘယ်သူက အများဆုံးထည့်စားနိုင်သလဲဆိုတာကို ပြိုင်ကြလေ့ရှိပါတယ်။

စည်းကမ်းချက်ထဲမှာ ရေနွေးအိုးထဲက ရေနွေးကို ငှဲ့မသောက်ကြေး၊ သောက်ရေ ထမသောက်ကြေး၊ မုန့်ဖတ်၊ ဟင်းရည် ထပ်မထည့်ကြေးဆိုတာတွေ ပါပါတယ်။ ငရုတ်သီးမှုန့်တွေ ထည့်လိုက်၊ ငံပြာရည်တွေ ထည့်လိုက်နဲ့ အပြိုင်အဆိုင်ပြုမူ နေကြတာကို ရောင်းသူအဒေါ်ကြီးက သူဟန့်လိုက်ရင် တွန့်တိုတယ်လို့ အထင်ခံရမှာစိုးလို့ ဘာမှမတားတဲ့အချိန်။ ဒါမျိုးက ဆိုင်မှာသွားစားတိုင်း ပြိုင်နေကြအပြုအမူ။

တခေါက်မှာတော့ အဲဒီလို ရှူးရှူးရှဲရှဲနဲ့ မုန့်ဟင်းခါးစားပြိုင်ဆိုင်နေကြတာကို ဆိုင်မှာထိုင်စားနေတဲ့ အဒေါ်ကြီးတယောက်က သတိထားမိသွားကာ “ငါတော့ နင်တို့ အဖိုးအဖွားတွေကို ပြောမှဖြစ်မှာပါပဲ” ဆိုပြီး တဖျစ်တောက်တောက် ပြောပါတော့တယ်။
အဲဒီမှာ ဆက်ပြောပါသေးတယ်။ “နင်တို့တော့ ကြီးမှသိမှာပါ” ဆိုတာပါပဲ။ တကယ်ပါပဲ၊ အသက်ရလာတဲ့အခါ သိလာရတာ ပဲဖြစ်ပါတယ်။ အဲဒါတွေကတော့ အချိုလျှော့ပါဦး၊ အငန်တွေ မကဲစေနဲ့၊ အစပ်တွေ ရှောင်ဖို့လိုတယ် စတာတွေကို ကြားရရုံ သာမက ကျန်းမာရေးနဲ့ညီညွတ်အောင် လိုက်နာကျင့်သုံးနေရတာပဲဖြစ်ပါတယ်။ မလိုက်နာရင်တော့ “ကြီးမှ သိမယ်” ဆိုတဲ့ စကားအစား “ရောဂါရမှ သိမယ်” ဆိုတာကို ဆက်လက်ကြားနာရမှာ ဖြစ်ပါတယ်။

● သင်ယူနေတုန်း
စာပေသင်ကြားသမှုပြုတဲ့အခါမှာလည်း “ကြီးမှ သိမယ်” ဆိုတဲ့ စကားမျိုးကို ကြားရပြန်ပါတယ်။ နားမလည်တဲ့အပိုင်းကို မမေးဘဲ အဆင့်ကျော်မေးတဲ့အခါ မေးလိုက်တဲ့မေးခွန်းဟာ မေးသူရဲ့အဆင့်နဲ့ မညီသေးတဲ့အတွက် ဆရာ၊ ဆရာမတွေက အခုလို ပြောလေ့ရှိပါတယ်။
“ဒီအတန်းမှာတော့ အဲဒါကို သိဖို့မလိုသေးဘူးကွယ့်။ အေး၊ နောက်နှစ်တန်းလောက်ဆိုရင်တော့ သိပေလိမ့်မယ်။ အခုပြော ရင် တပည့်တို့ နားလည်မှာမဟုတ်ဘူး။ အတန်းကြီးတော့ သိလိမ့်မပေါ့”

ဂီတတူရိယာတခုခုကို လေ့လာသင်ယူကြတဲ့အခါ အစပိုင်းမှာ သာမန်လူတွေအတွက်ဆိုရင် ခက်ခက်ခဲခဲသင်ယူရတာ ရှိပါ တယ်။ အခြေခံအဆင့်ဆိုတာကို တော်ရုံတန်ရုံဖြတ်သန်းနိုင်ဖို့ မလွယ်ကူလှပါ။ ဒီလိုအခြေအနေမျိုးမှာပဲ ဒီပညာရပ်ဟာ သင်ဖို့ မလွယ်ဘူး၊ သင်ရတာခက်တယ်၊ ဝါသနာနဲ့ မကိုက်ဘူး၊ ပါရမီမပါဘူး ထင်တယ် စသဖြင့် အကြောင်းပြချက်အမျိုးမျိုး ပေးပြီး အခြေခံမပိုင်ခင် သင်တန်းကို လက်ပြနှုတ်ဆက် နားသွားတဲ့သူတွေဆိုတာ အတော်များလေ့ရှိပါတယ်။ ဝါသနာကြီးသူ၊ ဝီရိယကောင်းသူ၊ အပင်ပန်းခံနိုင်သူတို့သာ ကျန်ရစ်လေ့ရှိတာ တွေ့ရပါတယ်။

သင်ယူနေသူရဲ့ အားကြိုးမာန်တက် စိုက်ထုတ်နိုင်တဲ့ ဝီရိယအပြင် သင်ပေးတဲ့ဆရာရဲ့ နည်းစနစ်တို့ အားပေးတိုက်တွန်းမှုတို့ ပေါင်းဆုံမှလည်း အဆင့်တဆင့်ကို ရောက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ တခါတလေမှာ သင်တန်းသားဆိုတာက နည်းနည်း တတ်လာတဲ့အခါ ကွန့်ချင်လို့ ဒီလိုလေးများ၊ ဟိုလိုလေးများ သူလုပ်နိုင်စွမ်းမရှိနိုင်ဘူးလားလို့ တောင်းဆိုတတ်ပါတယ်။ ဆရာကတော့ ဒီလိုပညာသင်မျိုးကို တူညီတဲ့စကားပဲ ပြောလေ့ရှိပါတယ်။

“အခုသင်နေတဲ့အပိုင်းတွေ ကျေညက်မှ အဲဒီဒါကြီးတွေဆိုတဲ့ ခက်ခက်ခဲခဲအပိုင်းကို အလွယ်တကူ တီးခတ်နိုင်ပါလိမ့်မယ်။ ငါ့တပည့် ပညာနုပါသေးတယ်။ လက်မနိုင်သေးဘူး။ ဒါမျိုးတွေက အဆင့်တဆင့်ရောက်မှ၊ တနည်းပြောရရင် အခုမင်းတို့ လေ့လာနေတဲ့ ပညာ မင်းတို့ဆီမှာ ကြီးရင့်လာတဲ့အခါမှ ဘယ်လိုတီးခတ်ရမယ်ဆိုတာ သိနိုင်ပြီး လှလှပပ ချောချောမောမော ပြုလုပ်နိုင်ပါလိမ့်မယ်”

● ကြုံးဝါးဖို့
နောက်တခါ ကိုယ်တိုင်ကနေ “ကြီးမှ သိမယ်” ဆိုပြီး ပြောကြတာလည်းပဲ ရှိတတ်ပါတယ်။ ဒါကတော့ ကြုံးဝါးသံလို့တောင် ပြောလို့ရတာမျိုးဖြစ်ပါတယ်။

ဆိုပါစို့။ အတတ်ပညာတခုခုကို သင်ယူလေ့လာနေတဲ့အခါ အရွယ်ငယ်သေးတဲ့အတွက် သေသေချာချာနားမလည်သေးတာ၊ တခြားလုပ်စရာကိစ္စအဝဝတွေရှိလို့ ဖိဖိစီးစီးမလေ့လာနိုင်သေးတာလို့ ကိုယ်တိုင်ထင်မြင်တဲ့အခါမှာ ပြောလေ့ရှိတာဖြစ်ပါ တယ်။ ဆိုင်ရာပညာရပ်တခုခုမှာရှိတဲ့ အထင်ကရပုဂ္ဂိုလ်တယောက်ကို ညွှန်ပြပြီး ဘယ်လောက်ကြာရင် အဲဒီတယောက် တတ်လောက်သလောက်တော့ သူလည်း တတ်မှာပဲ၊ သူ့ထက်တောင် တော်စေ တတ်စေရမယ်ဆိုတဲ့ စကားမျိုးကို ပြော ဖြစ်တာပဲဖြစ်ပါတယ်။ “အားလုံး ကြည့်နေကြ။ ကျနော်/ကျမ ကြီးလာမှသိမယ်” ဆိုတဲ့ ကြုံးဝါးသံမျိုးပါ။

တချို့သော လူကြီးများက လူငယ်တွေကို နာအောင် ဆုံးမကြတဲ့အခါမှာ အထက်က ကြုံးဝါးသံမျိုး လူငယ်တွေဆီကနေ ကြားရအောင် ထောင်ပေးခြင်း၊ ဆွပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆိုဆုံးမကြတာမျိုး ရှိပါတယ်။ “မင်းကွာ ဒို့တတွေ ဘယ် အသက်လောက်မှာ ဘာတွေ ဖြစ်နေပြီလေ” ဆိုတာမျိုး၊ “ဟိုမှာကြည့်စမ်း၊ အဲဒီလိုလူမျိုး မင်းဘယ်တော့ ဖြစ်နိုင်မလဲ၊ သူ့လို မျိုး ဘယ်တော့လုပ်နိုင်မလဲ” ဆိုတာမျိုး၊ “ငါ့တပည့်တွေကတော့ကွာ ဟိုဘက် တပည့်တွေနဲ့ ကွာပ” ဆိုတာမျိုးတွေ ပြောကြ ဆိုကြပါတယ်။ အဲဒီအခါမှာ “ကြီးလာတဲ့အခါ သိရပါလိမ့်မယ်၊ မကြာခင် သိရပါလိမ့်မယ်” ဆိုတဲ့ တုန့်ပြန်သံတွေကို ကြားသိ ရတဲ့အခါ သူတို့တတွေရဲ့စိတ်ထဲ ဝမ်းထဲမှာ အားတက်မိမယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။

ဒါတွေဟာ မခံချင်စိတ်လေး၊ သူများနဲ့ နှိုင်းယှဉ်မိတဲ့စိတ်လေး ပေါ်လာအောင် ဆွပေးတာပဲဖြစ်ပါတယ်။ ဒီလိုစိတ်မျိုး ခံယူ ချက်မျိုးက ကောင်းတာရှိသလို ဆိုးတာမှာလည်း ရှိပါတယ်။ “ကြီးမှ သိမယ်၊ အဲဒီအခါမှ အဲဒီလူထက် ပိုဆိုး ပိုမိုက်ပြတာပေါ့” ဆိုတဲ့ ဆိုးမိုက်ချင်တဲ့ စိတ်ဓာတ်မျိုးဖြစ်ပါတယ်။

ကြီးမှ သိမယ်ဆိုတာမှာ “နေနှင့်ဦးပေါ့၊ အဲဒီနေရာ ငါရောက်မှ၊ အဲဒီလို ငါချမ်းသာမှ ဒင်းတို့ကို ဘာပြန်လုပ်ပြမယ် ညာပြန် လုပ်ပြမယ်” ဆိုတာလည်း တခါတရံမှာ ရှိတတ်တယ်ဆိုတာကိုလည်း သတိမူသင့်လှပါတယ်။

● ကြီးတဲ့အခါ
ကြီးတာဆိုတာမှာ အသက်အရွယ်တင်မဟုတ်ဘဲ ပညာဉာဏ်အတော်အသင့်ရလာတဲ့အခါတို့၊ လုပ်ငန်းအတွေ့အကြုံများပြား လာတာတို့၊ ဆိုင်ရာဆိုင်ရာ ပညာရပ်နယ်ပယ်တွေမှာ ဗဟုသုတရှိလာတာတို့ကိုလည်း ဖော်ညွှန်းပါတယ်။ ကိုယ့်မှာ နည်းပါး နေတဲ့ ကောင်းမွန်တဲ့အရာတွေ များပြားလာတာ၊ ပြည့်ဝလာကို ဆိုချင်တာလည်း ဖြစ်ပါတယ်။

“ပညာလေး မတောက်တခေါက်နဲ့၊ ဥစ္စာလေး မဆိုသလောက်နဲ့ လာမစမ်းနဲ့”လို့ အပြောခံရရင် သိပ်မကျေနပ်လှပါ။ “ပညာတွေ ပိုင်ဆိုင်မှုတွေ ဓနဥစ္စာတွေ သူ့ထက်သာအောင်လုပ်ပြီး အနိုင်ယူပြမယ်”ဆိုတဲ့ စိတ်ထားမျိုး ဖြစ်သွားတတ်ကြပါ တယ်။ တခြားသူထက်သာအောင် ပြုလုပ်ရတယ်ဆိုတဲ့ကိစ္စဟာ လွယ်လှတယ်မဟုတ်ပါ။ ဒါပေမဲ့လည်း တဖက်လူကို အနိုင် ယူလိုတဲ့စိတ်က ဦးဆောင်နေတဲ့အခါ ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ကျော်ဖြတ်သွားနိုင်ကြတာချည်းပဲဖြစ်ပါတယ်။ ရောက် ချင်တဲ့ အဆင့်၊ ရောက်ချင်တဲ့ နေရာ၊ ရောက်ချင်တဲ့ ဘဝဆိုတာကို အမှန်တကယ်ရောက်သွားတဲ့အခါမှာ အဆင့်တဆင့်သို့ ရောက်သွားခြင်းဆိုတဲ့ သဘောသဘာဝအရ နှစ်မျိုးကွဲသွားနိုင်ပါတယ်။

ကြိုးစားခဲ့တုန်းမှာ တပါးသူကို အနိုင်ယူပြလိုတဲ့စိတ်နဲ့ ပြုလုပ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ရရှိလာတဲ့အဆင့်ရဲ့ ဆိုဆုံးမမှုကြောင့် သိမှုနယ်ပယ်ရဲ့ အရေးပါခြင်းဖြစ်တဲ့ လျစ်လျူရှုခြင်းသဘောမျိုးကိုလိုက်နာမိခြင်းဆိုတာ  ဖြစ်သွားတတ်ပါတယ်။ ထိုသို့ဖြစ် သွား ခြင်းကို ကြီးမှ သိခြင်းဆိုတဲ့ စကားရဲ့ အကောင်းဆုံးအဓိပ္ပါယ်ဖြစ်တဲ့ “သိခြင်းအနေအထားသို့ စတင်ရောက်ရှိသွားခြင်း”လို့ ပြောဆိုနိုင်ပါတယ်။ သိမှုနယ်ပယ်ရဲ့ သဘောသဘာဝကို သတိမပြုမိ မလိုက်နာမိတဲ့ သူများမှာတော့ ကြီးမှသိမယ်လို့ ကြုံးဝါးထားတဲ့အတိုင်း အဆင့်တဆင့်ရရှိသွားတဲ့အခါ သိခြင်းသဘောကို သတိမပြုမိတော့ဘဲ ၎င်းနဲ့ တဖြည်းဖြည်း ဝေးကွာ သွားတော့တာပဲဖြစ်ပါတယ်။ အဲဒီနှစ်မျိုးမှာ ပထမတမျိုးက လူတိုင်းထားရှိသင့်တဲ့ စိတ်ထားဖြစ်ပြီး ဒုတိယတမျိုးကိုတော့ မဖြစ်မိအောင် ရှောင်ရှားသင့်လှပါတယ်။

● နိဂုံး
အချုပ်ဆိုပါရလျှင် ကြီးလာတဲ့အခါမှာ မသိသေးသော သိသင့်သိထိုက်သည့်အရာများကို သိဖို့ လိုပါတယ်။ တချို့ကိစ္စတွေဟာ ကြီးမှလည်း သိဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။ သိအောင်လည်း ကြီးဖို့လိုပါတယ်။ ဒီနေရာမှာ ကြီးတယ်ဆိုတာဟာ အထက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း အသက်အရွယ်၊ အသိဉာဏ်ပညာ အတွေ့အကြုံတို့အပြင် တချို့သောပုဂ္ဂိုလ်များ၊ တချို့သော နေရာများအတွက်ဆိုရင်တော့ ရာထူးရာခံ၊ ချမ်းသာကြွယ်ဝမှု၊ မြင့်မြတ်သော စိတ်နေသဘောထား စတာ တွေဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အခါ အချိန်ရဲ့တန်ဖိုး၊ ကျန်းမာရေးရဲ့တန်ဖိုး၊ ငယ်ရွယ်နုပျိုမှုရဲ့တန်ဖိုးကို ပိုသိလာတတ်ပါတယ်။ အသိ ဉာဏ် ကြွယ်ဝလာတဲ့အခါမှာလည်း ပညာရဲ့တန်ဖိုး၊ ဝီရိယရဲ့အကျိုးတွေကို ဂရုပြုမိလာတတ်ပါတယ်။ တဆက်တည်းမှာပဲ သိစရာတွေ အများအပြားကျန်နေသေးပါလားလို့ သတိပြုမိပြီး ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်လာနိုင်စရာလည်း ရှိပါတယ်။ ရာထူးရာခံရှိလာတဲ့အခါမှာလည်း တာဝန်ယူမှု၊ ခေါင်းဆောင်မှု၊ ဆုံးဖြတ်တတ်နိုင်မှု စတဲ့အပိုင်းတွေကို လိုက်နာကျင့်သုံး လာတတ်ရပါတယ်။ ချမ်းသာခြင်းဆိုတဲ့ ကြီးကျယ်မှုကို စံစားရတဲ့အခါ ဆင်းရဲခြင်းဆိုတဲ့ သေးငယ်မှုကို ပြန်မသွားချင်တော့ပါ။ မြင့်မြတ်ခြင်းဆိုတဲ့ စိတ်နေစိတ်ထား သဘောထားကို ထားရှိနေသူဟာ ယုတ်ညံ့ခြင်းဆိုတဲ့ သဘောဆိုးကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တဦးတယောက်မှသည် နိုင်ငံနှင့်ချီသော လုပ်ငန်းအရပ်ရပ်အတွက် ရည်မှန်းချက်ကြီးကြီးထားပြီး ကြီးကျယ်မှုတွေဆီ ရောက်တဲ့အခါ ကြီးတဲ့အခါ သိလာလိမ့်မပေါ့ ဆိုတဲ့ စကားရဲ့ တခြားအဓိပ္ပါယ်ဖြစ်တဲ့ မသိသေးသည်ကို သိလာရခြင်းနှင့်အတူ ပို၍ပို၍သာလွန်ကောင်းမွန်သော ကြီးကျယ်ခမ်းနားမှုတွေကို သိရှိနိုင်အောင် ဆက်လက်မှန်းမျှော်နေကြ ကြိုးစားနေကြဦး မည်ဆိုသည်ကို မျှော်လင့်မိပါကြောင်း။
0