အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၉)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၉)
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၇)
ကျနော်တို့ ဘုရားသုံးဆူစခန်းကို လာခဲ့တဲ့တောလမ်း ခရီးမှာပဲ ရွာပျက်တရွာ တွေ့ခဲ့ရတယ်။ ရေးအရှေ့ဖျားဒေသ ဖြစ်လိမ့် မယ်။ ဘာဖြစ်လို့ ဒီရွာပျက်စီးသွားရသလဲ၊ သေချာ မသိခဲ့ရဘူး။ အစိုးရစစ်တပ်နဲ့ မွန်သူပုန်တွေအကြား တိုက်ပွဲကြောင့် ဖြစ်နိုင်သလို၊ လောလောလတ်လတ် မွန်-ကရင်တိုက်ပွဲကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပိုင်း ကျနော်တို့ တပ်တွေ ရှေ့တန်းဆင်းတော့ ပြည်တွင်းစစ်ရဲ့ ဒုက္ခအဖုံဖုံကို ပိုလို့နားလည် ခံစားမိလာကြတယ်။ မွန်ရွာတွေမှာ ကလေးတွေငိုနေရင် "ဟမယ်.. ကလိန်း" (ဗမာလာပြီ) ဆိုရင်၊ ကလေးတွေ အငိုတိတ်သွားတယ်။ ကျနော်တို့ ငယ်ငယ်က 'ဒေဝေါကြီးလာပြီ' ဆိုပြီး မိဘတွေခြောက်လှန့်ကြသလိုပေါ့။ ကရင်ကျေးရွာတွေမှာလည်း အလားတူပါပဲ။ "ပရော်.. ဟဲလီး" (ဗမာလာပြီ) လို့ ကလေးတွေ အငိုတိတ်အောင် ခြောက်လှန့်တာပါပဲ။ ကျနော်တို့ ဗမာနဲ့ တိုင်းရင်းသားတွေအကြား နားလည်မှု၊ ယုံကြည်မှု ဘယ်လောက် ပျက်ယွင်းနေပြီလဲ ဆိုတာ ပိုလို့ သဘောပေါက်လာခဲ့တယ်။ ကျနော်တို့ ရှေ့တန်းဆင်းကြတဲ့အခါ ခေါဇာရွာ (ယခု ခေါဇာမြို့၊ ရေးမြို့နယ်) မှာ ရှိစဉ်လည်း အစိုးရစစ်တပ်လာရင် ရွာက အစိုးရခန့် မူလတန်းပြဆရာမတောင် ရွာသား တွေနဲ့အတူ ရောပြေးတာကို မြင်ကြရသေးတယ်။

ကျနော်တို့ တောထဲထွက်လာတုန်းက ပြဿနာ၊ ပဋိပက္ခတွေကို ဒီလောက် အလေးအနက် မစဉ်းစားခဲ့ကြဘူး။ မစဉ်းစား ထားကြဘူး။ အမှန်ပြောရရင် ကျနော်တို့မှန်းတာက တောထဲသွားမယ်၊ လက်နက်ယူမယ်၊ ပြန်လာတိုက်မယ်။ (ရဲဘော် သုံးကျိပ်တို့ ဂျပန်ကို စစ်သင်တန်းသွားယူကြသလိုပေါ့။ ခဏကြာတော့ လွတ်လပ်ရေးရရော)။ ဒီလောက်ပဲ။ ကျနော်တို့ မြင်ထားကြတာက မြန်မာပြည်ရဲ့ ပြဿနာက ဒီမိုကရေစီ ဆိတ်သုဉ်းမှု ပြဿနာ နဲ့ စစ်အာဏာရှင် အုပ်ချုပ်ထားမှု ပြဿနာ။ တဖက်မှာလည်း ရေရှည်မဟုတ်ဘူးလို့ တိတ်တခိုး မျှော်မှန်းထားမိတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ စစ်အစိုးရက ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကတိပြုထားတယ်။ သိပ်မယုံကြည်လှပေမယ့် အနှေးနဲ့အမြန် ရွေးကောက်ပွဲ က ဖြစ်လာမှာပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို နောက်ပိုင်းသိပ်မကြာခင်မှာ ကြေညာလိုက်တယ်။ ဒီအခါမှာ ဒီမို ကရေစီလိုလားတဲ့ ပါတီတွေက အနည်းနဲ့ အများဆိုသလို အနိုင်ရမှာပဲ။ ဆွေးနွေးညှိနှိုင်းရမှုတွေ ဖြစ်လာမယ်။ အနည်းဆုံး တောတွင်းရောက် ကျောင်းသားတွေ ပြန်ခေါ်ရေးတို့၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှာပဲတို့ အနည်းဆုံး စိတ်ထဲက တိတ် တခိုး မျှော်လင့်ထားမိတယ်။ တောထဲရောက်ရောက်ချင်း ရင်ဆိုင်ရတဲ့ မေးခွန်းက "ခင်ဗျားတို့.. ကျနော်တို့ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားသလဲ။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေကို ဘယ်လိုသဘော ထားသလဲ"… ကျနော်တို့ အဖြေတွေက အမျိုးမျိုး။ "ခင်ဗျားတို့ဟာ မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးနေတာ၊ လူမျိုးစု လူနည်းစု တိုင်းရင်းသားတွေကို ဖိနှိပ်နေတယ်။ ဗမာလူမျိုးဖြစ်ရေး ဇာတ်သွတ်သွင်းနေတယ်"။ ကျနော်တို့က ဒီ မဟာဗမာ ဆိုတဲ့ စကားလုံးကို အခုမှ ကြားဖူးတော့တယ်။ "ဖက်ဒရယ်မူ ကို ဘယ်လိုသဘောထားပါသလဲ" အဲဒါမှ ပိုဆိုးတယ်။ ကျနော်တို့ လူငယ်ကျောင်းသင်တန်း ကာလတလျှောက်လုံး 'ဖက်ဒရယ်' ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်ကြမှာ၊ ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲမယ့် အရေးလို့ သင်ကြားခဲ့ကြရဖူးတာ။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆားဗီယားမှာ ပြည်တွင်းစစ် ဖြစ်လာပြီး၊ ဘော့ဇနီးယား၊ ဟာဗီဂိုဗီးနား၊ ကရိုအေးရှား၊ ဆလိုဗေးနီးယား (၁၉၉၂)၊ မက်ဆီဒိုးနီးယား (၁၉၉၃) ဆားဗီးယား၊ မွန်တီနီဂရိုး (၂၀၀၀) မှာ ခွဲထွက်လို့ ကုလသမဂ္ဂဝင် နိုင်ငံဖြစ်လာကြတာတွေ ရှိတယ်။ ဒီလိုနိုင်ငံတွေ ပြိုကွဲ တာကို ဘောလ်ကန်နိုင်ဇေးရှင်း (Balkanization) သရုပ်လက္ခဏာလို့တောင် သမုတ်ကြတာတွေ ရှိတယ်။ အာဏာသိမ်း ပြီး စစ်အစိုးရကလည်း ဒီလိုတိုင်းပြည်ပြိုကွဲမှာပဲဆိုတဲ့ သတင်းစကားကို ပေးနေတဲ့အချိန်။ ရုပ်ရှင်တွေမှာလည်း "အဖေနဲ့ သားများ" ဆိုပြီး အဖကြီးစိုးရေးဝါဒ ရုပ်ရှင်ကားတွေ ပြသနေတယ်။ သီချင်းတွေမှာလည်း "အခိုင်မာဆုံးသော ပြည်ထောင်စုတွေ ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျှက် ရှိကြပေ" ဆိုတာမျိုး သီချင်းတွေကို ရေဒီယိုတွေက လွှင့်ပေးနေတဲ့ ကာလ။

ကျနော်တို့ကို ဖြည်းဖြည်းချင်း နိုင်ငံရေးနဲ့ အသိပညာပေးသွားတာက မဟာမိတ် ခေါင်းဆောင်တွေပဲ။ နိုင်ဗညားအောင်၊ နိုင်တင်အောင် (နိုင်ငံခြားရေး၊ မွန်ပြည်သစ်ပါတီ)၊ နိုင်ပန်းသာ (မွန်ပြည်သစ်ပါတီ) တို့ပါတယ်။ ကေအဲန်ယူဖက်ကဆိုရင် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဖူးတာအယ်ပါတယ်။ ကျနော်က သူ့မျက်နှာဝိုင်းဝိုင်းကြီး အသံကျယ်ကျယ်၊ လေးလေးနဲ့ စကားပြောပုံကို သဘောကျသလို၊ သူကလည်း ကျနော့်ကို သဘောကျပုံရတယ်။ သူက လူကောင်ကြီးတယ်။ အသက် ကြီးလာတော့ စကားပြောရင်း၊ အစည်းအဝေးထိုင်ရင်း အိပ်ပျော်သွားတတ်တာလည်း ရှိတယ်။ ရုပ်ရှင်ကားတွေဆိုရင် အေးအေးဆေးဆေး စိမ်ပြေနပြေ ထိုင်ကြည့်တတ်တယ်။ အနုပညာကိုလည်း ခုံမင်ပုံရတယ်။ သူကိုယ်တိုင် တပ်မဟာ (၆) ဒူးပလာယာခရိုင်မှာ ရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းဖူးသေးတယ်။ ပြည်တွင်းက ပါလာတဲ့ ကိုထက်ခေါင် (ပြည်သူ့အသံ သတင်းစဉ်) နဲ့ အခြားအနုပညာသမားတွေ ခေါ်တယ်။ ကျောင်းသားတပ်ဖွဲ့က လူတွေကို မင်းသား၊ မင်းသမီးရွေးစေတယ်။ ရုပ်ရှင် တကားရိုက်ဖို့ လိုအပ်တဲ့ ဇာတ်ပစ္စည်း၊ အဝတ်အစား၊ ယူနီဖောင်းတွေ ဝယ်ဖို့ ငွေထုတ်ပေးတယ်။ နောက်ဆုံးတော့ မင်းသား၊ မင်းသမီးတွေက လက်နက်ချအိမ်ပြန်၊ အချို့လည်း ကျဆုံး၊ သေဆုံးနဲ့ အဲဒီရုပ်ရှင်ကားကြီးကို အခုတိုင်မမြင်လိုက် ကြရဘူး။ ဗိုလ်ချုပ်တာမလာဘော (ကွယ်လွန် ကေအဲန်ယူ ဥက္ကဋ္ဌ) ကလည်း အဲဒီအချိန်က ဘုရားသုံးဆူဒေသမှာ ကေအဲန်ဒီအို (ကရင်ကာကွယ်ရေး ရဲတပ်ဖွဲ့ ဗိုလ်ချုပ်) အဖြစ် လာရှိနေတတ်တယ်။ အလုပ်ကတော့ သိပ်ရှိပုံ မရဘူး။ အေးအေးလူလူ ပုခက်တလုံး ချည်အိပ်နေတာ တွေ့ရတယ်။ ကျနော်တို့ကလည်း သူနဲ့ စကားသွားပြောဆိုရင် ကရင် တော်လှန်ရေးသမိုင်း ကြောင်းတွေ၊ ဗြိတိသျှတပ်မတော်တွင်း သူတို့တာဝန်ယူဖူးချိန် အတွေ့အကြုံတွေကို ပြောပြတတ်တယ်။

သူတို့က ကျနော်တို့ နိုင်ငံရေးသိပ္ပံမှာ သင်ခဲ့ရတဲ့ ခေတ်ကြီး ၅ ခေတ်ကို တမျိုးတဖုံ အဓိပ္ပါယ် ပြန်ဖွင့်ပေးကြတယ်။ ကျနော်တို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ က ပေးတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ တက္ကသိုလ်အထိ ဖတ်ကြရတယ်။ ကျနော်တို့ သမိုင်းဖြစ်စဉ်မှာ ခေတ်ကြီး ၅ ခေတ် ကို ဖြတ်ကြရတယ်။

၁။ သမိုင်းဦး ဘုံမြေခေတ်
၂။ ကျေးပိုင်ကျွန်ပိုင်ခေတ်
၃။ မြေရှင် ပဒေသရာဇ်ခေတ်
၎။ အရင်းရှင်ခေတ်
၅။ ဆိုရှယ်လစ်ခေတ် .. စသည်ဖြင့်ကို ဖြတ်သန်းလာခဲ့ကြရတယ်။

ဆိုရှယ်လစ်ခေတ် ရောက်မှသာလျှင် မတရားမှု အဖုံဖုံ ချုပ်ငြိမ်းမယ်။ လူလူချင်း ခေါင်းပုံဖြတ်မှုတွေ ကင်းဝေးလို့ သာယာ ဝပြောသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မယ် စသဖြင့် သင်ကြားခဲ့ကြရသကိုး။ ဒါပေမယ့် သူတို့ရဲ့ ဆွေးနွေးချက် တွေမှာ သူတို့က ထပ်ပြီး အသေးစိတ်ပြောလာတယ်။ ကျနော်တို့က လူတိုင်း ပိုင်ဆိုင်မှုမရှိတဲ့၊ အားလုံး ညီတူညီမျှ ပိုင်ဆိုင် ကြတဲ့ သမိုင်းဦး ဘုံမြေကို ခေတ်ကို ဖြတ်သန်းလာကြရတယ်။ အဲဒီမှာ လူတွေအချင်းချင်းကြား ပြဿနာနည်းတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု ဖြစ်လာကြတဲ့ အခါ အုပ်စုအချင်းချင်း တိုက်ခိုက်တယ်၊ သိမ်းသွင်းတယ်။ အင်အားကြီးသူက အင်အား နည်းသူကို အနိုင်ယူတဲ့ ကျေးပိုင်ကျွန်ပိုင်ခေတ် ဖြစ်လာခဲ့တယ်။ လူတချို့က သခင်ဖြစ်ပြီး လူတချို့က ကျွန်ဖြစ်ကြတယ်။ ဒီမှာ ဖိနှိပ်ခေါင်းပုံဖြတ်မှု၊ ဂုတ်သွေးစုတ်မှုတွေ စတင်လာခဲ့တယ်။ လူဟာ ပိုင်ဆိုင်မှုပစ္စည်းတခုသဖွယ် ဖြစ်သွားပြီး ကျေးကျွန်တွေသဖွယ် ရောင်းစားစရာ ကုန်ပစ္စည်း ဖြစ်သွားခဲ့တယ်။ နောက်တဆင့်မှာတော့ မြေရှင်ပဒေသရာဇ်ခေတ် ဖြစ်လာခဲ့တယ်။ အဲဒီမှာ မြို့ပြနိုင်ငံတော်တွေ ပေါ်ပေါက်လာတယ်။ ဘုရင်တွေက သူတို့ ခွန်အားရှိပြီ ထင်တဲ့အခါ ဘေးနားကမြို့ပြ နိုင်ငံတော်တွေကို တိုက်ခိုက်ကြတယ်။ သိမ်းပိုက် နိုင်ငံထူထောင်ကြတယ်။ ကျနော်တို့ ရာဇဝင်တွေထဲက စကားနဲ့ ပြောရင် လက်ရုံးဆန့်တန်းကြတယ်။ နိုင်ငံတိုင်းမှာ ဒီအဆင့်ဟာ မလွဲမသွေ ဖြတ်သန်းခဲ့ကြတယ်။ ဗမာဘုရင် အင်အားကြီးလာရင် မွန်ကိုတိုက်တယ်၊ ရှမ်းကိုတိုက်တယ်၊ ယိုးဒယားကိုတိုက်တယ်။ လာအိုအထိ တိုက်တယ်။ ဒီလို ဖြတ်သန်းလာခဲ့ရတာဟာ မလွဲမရှောင်သာ ဖြတ်သန်းလာခဲ့ကြရတဲ့ သမိုင်းပဲ။ သူတို့ တိုင်းရင်းသားတွေ နားလည်တယ်။ စစ်ပွဲတွေဟာ တိုင်းရင်းသားအချင်းချင်း မုန်းလို့တိုက်တာမဟုတ်ဘူး။ ဘုရင် (ပဒေသရာဇ်) တွေ၊ အင်ပိုင်ယာပြည့်ရှင် တွေရဲ့ ဆန္ဒတွေနဲ့သာ တိုက်ကြတာ ဖြစ်တယ်… လို့ သူတို့က ရှင်းပြတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အခုတိုင် စစ်တိုက်နေကြ တာလဲ… မေးခွန်းထုတ်တယ်။ တိုင်းရင်းသားတွေ အချင်းချင်း မုန်းလို့မဟုတ်ဘူး။ အုပ်စိုးသူလူတစုရဲ့ လိုအင်ဆန္ဒကြောင့် သာ စစ်တိုက်နေကြတာ။ တိုင်းရင်းသား ပြည်သူအချင်းချင်းက မုန်းလို့မဖြစ်ဘူး၊ ချစ်ကြည်ကြရမယ်။ စစ်တိုက်ခိုင်းနေတဲ့ စစ်အစိုးရသာ ဘုံရန်သူဖြစ်တယ်… စသည်ဖြင့် သူတို့ တော်လှန်စစ်ဆင်နွှဲနေကြရခြင်းရဲ့ တရားကို ထူထောင်တယ်။ ကျနော်တို့ကလည်း သဘောကျကြတယ်။

တခါ ကျနော်တို့ကို တိုင်းရင်းသားခေါင်းဆောင်တွေက ဆွေးနွေးပြတယ်။
"ကျနော်တို့ နိုင်ငံရဲ့ ပြဿနာက ဒီမိုကရေစီဆိတ်သုဉ်းမှု ပြဿနာ နဲ့ တိုင်းရင်းသားအရေး ပြဿနာ၊ တခုတည်း ဖြေရှင်းလို့ မရနိုင်ဘူး" ကျနော်တို့ လက်ခံကြတယ်။ ကျနော်တို့တောထဲ ထွက်လာခါစတော့ ဒီမိုကရေစီအရေးပဲ။ အခုတော့ တိုင်းရင်း သားအရေးကိုပါ ကျောပိုးဖို့ လက်ခံလာကြတယ်။ "အဆက်ဆက် အုပ်စိုးခဲ့တဲ့ မြန်မာအစိုးရအဆက်ဆက်နဲ့ ဗမာပါတီ အဆက်ဆက်က တိုင်းရင်းသား ပြဿနာကို ဘယ်လိုသဘောထားကြသလဲ။ တိုင်းရင်းသားပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးဖို့ စိတ်ဆန္ဒမရှိကြဘူး။ နိုင်ငံရေး အာသီသ မရှိကြဘူး။ ဖိနှိပ်တယ်။ မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးတယ်။ ဒါကြောင့် သူတို့တွေ ကျရှုံးရတာပဲ" လို့ ဆိုတယ်။ ကျရှုံးသွားတဲ့ ဖဆပလ အစိုးရနဲ့ ဖဆပလ ပါတီကြီး၊ လောလောလတ် လတ် ပြိုကွဲသွားတဲ့၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရနဲ့ (မဆလ) ပါတီ၊ သိပ်မကြာခင်မှာဘဲ အင်အား သောင်းချီရှိနေရာကနေ ပြိုကွဲသွားတဲ့ ကွန်မြူနစ်ပါတီ-ဗမာပြည် (ဗကပ) ကို ဥပမာပေးကြတယ်။ "တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး မူဝါဒမမှန်တဲ့ ပါတီတွေဟာ နောက်ဆုံးမှာ မြန်မာပြည်မှာ ပြိုကွဲပျက်စီးကြရတာပဲ။" သူတို့က ဒီလိုနိဂုံးချုပ်ကြ တယ်။ [အခုအချိန်မှာတော့ အာဏာရပါတီ NLD ရဲ့ တိုင်းရင်းသားရေးရာ မူဝါဒတွေက ဘယ်သို့ရှိမလဲ စသည်ဖြင့်လည်း စောကြောစဉ်းစားနေမိတယ်။]

ဒီလိုနဲ့ နောက်ပိုင်း ABSDF ဗဟိုကော်မီတီ အစည်းအဝေး၊ ညီလာခံတွေမှာ တိုင်းရင်းသားရေးရာ မူဝါဒတွေကို စဉ်းစားကြ တယ်။ တိတိကျကျဆွေးနွေးကြပြီး နောက်ပိုင်းမှာ ဖက်ဒရယ်မူကို အတည်ပြုလက်ခံကြတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး/ ပေါ်ထွန်းရေးဟာ အရေးကြီးကြောင်းနဲ့ နောက်ပိုင်းမှာ ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ လေ့လာဖို့ အစီအစဉ်တွေ လုပ်ကြတယ်။

ဒီကာလထဲမှာ တိုင်းပြည်ထဲမှာ ဖိနှိပ်မှုတွေက တိုးလာနေတယ်။ ကျောင်းတွေက ပိတ်ထားဆဲ၊ အစိုးရက ကျောင်းသား သမဂ္ဂ ဦးဆောင်လှုပ်ရှားသူတွေကို ဖြိုခွဲဖို့ ဖြစ်လာခဲ့တယ်။ တိုင်းပြည်ထဲမှာ အံတုလှုပ်ရှားမှု နည်းနည်းကလေးကိုမျှ သည်းညည်းမခံနိုင်တဲ့ မူဝါဒကို ကျင့်သုံးလာတယ်။ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ဈာပနအခမ်းအနားမှာလည်း ဦးဆောင်လှုပ်ရှားတဲ့ ကျောင်းသား တွေကို ရှာဖွေဖမ်းဆီးတာတွေ ဖြစ်လာခဲ့တယ်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ ကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဋ္ဌ ကိုမင်းကိုနိုင်ကို ဖမ်းလိုက်တယ်။ သိပ်မကြာခင်မှာပဲ လူ့ဘောင်သစ်ပါတီ ဒု-ဥက္ကဋ္ဌကိုသက်ထွန်းကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြန်တယ်။ ဧပြီလထဲမှာ ကိုအောင်ဒင် အပါအဝင် ဗကသခေါင်းဆောင်တွေ ထပ်ပြီး ဖမ်းဆီးခံရပြန်တယ်။ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း ဖမ်းဆီးခံရမယ့် အရေးမြင်ပုံရတယ်။ အဲသည်တော့ ၁၉၈၉ ခုနှစ်၊ သင်္ကြန်အပြီးလောက်မှာ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာခဲ့တယ်။ နောက်ပိုင်းမှာ လူ့ဘောင်သစ်ရဲဘော် များလည်း သူနဲ့အတူ နယ်စပ်ဒေသကို တဖွဲဖွဲ လိုက်လံထွက်ပြေးလာကြတယ်။ အချို့က ရှမ်းပြည်နယ် အက်စ်၊ အက်စ်၊ အေ စခန်းတွေဖက် တက်သွားကြသလို၊ အချို့က ကျနော်တို့ ဘုရားသုံးဆူ (၁၀၁) စခန်းကို ရောက်လာကြတယ်။

တချိန်တည်းမှာပဲ ကျနော်တို့ဆေးတက္ကသိုလ်-၂ နောက်ဆုံးနှစ်ကျောင်းသား (ကျနော်တို့အပေါ် စီနီယာတန်းက) ကိုဇော် ထွန်း၊ ရန်ကုန်တက္ကသိုလ်က ဆရာဦးမြင့်လှိုင်တို့လည်း ဘုရားသုံးဆူစခန်းကို ပူးပေါင်းရောက်လာကြတယ်။ သူတို့ဖြစ်ပုံက ဒီလို။ ကျနော်တို့ ABSDF ဖွဲ့စည်းပြီး မကြာခင်လောက်မှာပဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အကြီးဆုံးတပ်ပေါင်းစု Democratic Alliance of Burma (DAB)- မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစုကို ဖွဲ့တယ်။ ဒီအေဘီမှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ကြပြီး၊ မြန်မာနိုင်ငံ ရဟန်းပျိုသမဂ္ဂလိုမျိုး သပိတ်တုန်းက ပါဝင်လာပြီး၊ ထွက်ပြေးလာကြတဲ့ ရဟန်းပျိုတွေလည်း ပါဝင်ကြတယ်။ ရဟန်းတွေက နိုင်ငံရေး-စစ်ရေးမှာ ပါဝင်သင့်သလားဆိုပြီး အစောပိုင်းမှာ ကန့်ကွက်မှုတွေ ရှိသေးတယ်။ နောက်ပိုင်းတော့ စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်များမှအပ ပါဝင်ဆွေးနွေးခွင့် ရှိသည်ဆိုပြီး၊ ရဟန်းပျိုသမဂ္ဂကို လက်ခံပါဝင်စေတယ်။ ရန်ကုန်တက္ကသိုလ် ဇီဝဗေဒဌာနက နည်းပြ ဆရာဦးမြင့်လှိုင်၊ ကိုဇော်ထွန်းတို့ကတော့ ရန်ကုန်မှာကတည်းက သူတို့ဦးဆောင်ပါဝင်တော့ အထွေထွေသပိတ်ကော်မီတီ (General Strike Committee- GSC) ကို ဒီအေဘီမှာ အဖွဲ့ဝင် ဝင်တယ်။ ပြည်တွင်းကိုယ်စားပြု ဆိုပေမယ့် လူနည်းနည်းပဲ ပါတယ်။ နောက် ပိုင်းမှာ သူတို့က ကရင်နီတိုးတက်ရေးပါတီ (KNPP) နယ်မြေကတဆင့် ဖြတ်လို့ မြန်မာပြည်မြောက်ပိုင်း (ဗကပ) တပ်ဖွဲ့ တွေ ရှိရာဆီ ခရီးရှည်ချီတက်ကြဖို့ အစီအစဉ်လုပ်ကြတယ် ဆိုတယ်။ သူတို့နဲ့အတူ ရှေ့နေကိုကျော်လင်း၊ ရခိုင်တဦးတို့ ပါဝင်တယ်။ သူတို့ကို ကေအဲန်ပီပီဥက္ကဋ္ဌ စောမော်ရယ်က ခရီးဆက်မသွားဖို့ ဟန့်တားထားလိုက်တယ်။ ဖမ်းတာတော့ မဟုတ်ဘူး။ အဲသည် ကရင်နီစခန်းမှာ အတန်ကြာနေလိုက်ကြရတယ်။ နောက်တော့ ကိုမိုးသီးဇွန်ကလည်း တိုက်တွန်း တာနဲ့ သူတို့က ကျနော်တို့ ဘုရားသုံးဆူစခန်းကို ရောက်လာခဲ့ကြတယ်။ (DPNS) လူ့ဘောင်သစ်ပါတီဝင် ရဲဘော်ဟောင်း တွေ ကျနော်တို့စခန်းကို ရောက်လာတာ တခုကောင်းတယ်။ ပြည်တွင်းကို မြေအောက် (UG) ဆက်သွယ်ရေးလမ်းကြောင်း ပွင့်လာတယ်။ ဆိုးကျိုးတခုကတော့ နောက်ပိုင်းမှာ တပ်ရင်း (၁၀၁) ၂-ခြမ်းကွဲဖို့ အကြောင်း ဖြစ်လာခဲ့တယ်။
0