မောင်လူရေး - ပုလင်းရဲ့ခရီး

Art - Than Htay Maung

မောင်လူရေး - ပုလင်းရဲ့ခရီး
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၇

ဘီအီးစက်ရုံမှာ ကျနော်က သကာဝယ်တဲ့အလုပ် အဓိကလုပ်တယ်။ ကျနော့်မိတ်ဆွေပွဲစားက ဆက်သွယ်ပေးတော့ အရက်ချက်စက်ရုံတွေကို သကာသွင်းတာပေါ့လေ။ စက်ပိုင်က ကျနော့်မိတ်ဆွေကို ကျနော့်ကို ကုန်ရှာပေး။ ခင်ဗျားကို တစ်ပိသာ ဘယ်လောက်ပေးမယ်ဆိုတော့ လိုက်ရှာပေးတယ်။ သူလိုက်ရှာပေးရင် ကျနော့်ကို ခေါ်ခေါ်သွားတယ်။ ရွာစဉ်လိုက်ပြီးတော့ ဝယ်တယ်။

ခအုန်းတာတို့၊ လွှဲဆိပ်တို့ အဲ့ဒီဘက် အကုန်ရောက်တယ်။ ငှက်ပျောတိုင်းတို့ဆို ခဏခဏ ဘဲ။ အဲဒီမှာ မိတ်ဆွေက ကုန်သာ ဝယ်တာ။ ကြည့်တော့ ကျနော်တို့ကို ကြည့်ခိုင်းတာ။ ကုန်ကြည့်ပြီးတော့ ကောင်းလား၊ မကောင်းဘူးလား။ ကောင်းရင် သူက ဘယ်ဈေးဖြတ်တယ်။ မကောင်းရင် သူကဘယ်ဈေးပေါ့။ ငါက ဒီဈေးဝယ်တယ်။ ကုန်ချိန်ဘယ်လောက်ရတယ်။ စက်ပိုင်ကားအားရင် ကုန်တွေကို သွားတိုက်တယ်။

မိတ်ဆွေဆီမှာ ကျနော်တို့ လေးယောက်ရှိတာ။ လေးယောက်တည်းနဲ့ ကားတစ်စီးစာ သွားတိုက်တာ။ အဲဒါကို စက်ပိုင်က သဘောကျတော့ မင်းတို့အဖွဲ့စက်ရုံမှာ အလုပ်လုပ်ကြပါလားဆိုပြီး ခေါ်လိုက်တယ်။ မိတ်ဆွေက ငါလိုရင်လည်း ခေါ်သုံးမှာဘဲ မင်းဖြစ်သလားဆိုတော့ စက်ပိုင်ကလည်း ဖြစ်တယ်ဆိုတော့ စက်ပိုင်ဆီမှာထားတာ။ သူ့ဆီမှာ လုပ်ရင်း လုပ်ရင်းနဲ့ပေါ့။ အစတုန်းကတော့ အရက်နဲ့ ပက်သက်ပြီး ဘာမှ မလုပ်ဘူး။ သကာဘဲ လုပ်တာ။ နောက်ပိုင်းတော့ ခင်ဗျားတို့ကို အလုပ်ပေးမယ်ဗျာဆိုတော့ ခင်ဗျားတို့ ဟိုဟာာဖျော်ဆိုပြီး ဖျော်ခိုင်းတယ်။

သကာလိုက်ဝယ်တာလဲ ဝယ်ပေါ့။ သူတို့ အားတဲ့ရက် သွားဝယ်မယ်ဆို ခေါ်သွားတယ်။

စက်ပိုင်အတွက် သွားဝယ်ရင် အလေးကတော့ စက်ရုံက အလေး။ စခိုင်းကတည်းက စက်ရုံက အလေးနဲ့ဘဲ ဝယ်ခိုင်းခဲ့တာ။

ကတ္တားတွေမှာ ထည့်တဲ့အလေးတုန်းတွေက ပိဿာ ၅၀ကနေ ၃၀၊ ၂၀၊ ၁၀၊ ၅ ပိဿာထိ ရှိတယ်။ အလေးတွေရဲ့ ဖင်မှာ အခေါင်းပါတယ်။

အပေါက်ထဲကို ခဲဖို့ရင် ၅၀ တုံးက ၁ ပိဿာဆံ့တယ်။ ၃၀ တုံးကျတော့ ၂၀ သား ၊ ၃၀ သားလောက်ပဲ ဆံ့တယ်။ တစ်ဆင့်ချင်း လျော့သွားတယ်။

တစ်ခါ တစ်ခါ တစ်ပိုင်း တစ်ပိုင်းချိန်ရင် ကျောက်မြောင်းကဆိုရင် ၁၀၀ ကျော်တယ်။ ဒီဘက်ကဆို ၉၀။ ၉၀ နဲ့၁၀၀ ကြားမှာ ရှိတယ်။ အဲတော့ အလေးတွေ အားလုံးပေါင်းရင် တပိသာခွဲ ကျော်ကျော်တော့ ပိုရတယ်။

ဆေးလိပ်ခုတာကကျတော့ တစ်ပိဿာခွဲ နှစ်ပိဿာလောက်ရတာ။ ကတ္တားရဲ့ မှန်ပြင်အောက်ကို ခုတာ။ ကတ္တားကို မ-လိုက်ရင် ဓားလေးချောင်းရှိတယ်။ ပြီးတော့ ခွထားတဲ့ အရာလေးရှိတယ်။ အဲဒီ ခွထားတဲ့ အရာလေးနဲ့ ဓားနဲ့ တိုက်ထားတာ။ အာ့ဒါလေးကို မတိုက်မိအောင် ဆေးလိပ်ခုတော့ တော်တန်ရုံအလေးချိန်နဲ့ မတိုက်ဘူး။ ထည့်တဲ့ ဝိတ်က များပါမှ ဓားကို လာထိတာ။ အာ့ဒါမှ မောင်းတံက တက်တာ။ အလေးခိုးနည်း နောက်တစ်ခု ရှိသေးတယ်။ လက်သန်းနဲ့ ထောက်တာ။ ထောက်တာကကျတော့ မောင်းတံလေးမှာ အပိတ်အဖွင့်လုပ်တဲ့ ဂျက်လေးရှိတယ်။ အာ့ဒါလေးကို ကိုင်ထားလို့ရင် ချိန်သီးက ကိုင်ထားရတယ်။ မောင်းတံကို လက်သန်းနဲ့ ထောက်ထားတာ။ သူတို့က ရှေ့ဘဲ အာရုံစိုက်နေတဲ့ အခါကျတော့ လက်သန်းနဲ့ ထောက်ထားတာကို မသိလိုက်ဘူး။ လက်ကတော့ ကျနော်တို့ အားထည့်နိုင်ရင် ထည့်နိုင်သလောက် ရတယ်။ ၃ ပိဿာတော့ အနည်းဆုံးဘဲ။

သူတို့ အလေးချိန်တွေနဲ့ ချိန်ခိုင်းပေမယ့် သူတို့အလေးနဲ့ ကျနော်တို့အလေးနဲ့ကိုက်တယ်ဆို ပြီးတယ်။ မကိုက်ဘူးဆိုရင် နည်းနည်းလေး ကွာနေတယ်ဆိုရင် ဒါလောက်လေးတော့ ရှိမှာဘဲဆိုရင် ပြီးသွားတာဘဲ။ သူတို့အလေးကို တင်ခိုင်းလိုက်တယ်။ သူတို့တင်တဲ့ အလေးနဲ့ ကိုယ့်အလေးနဲ့ အလည်မှာ တင်တယ်ဆိုရင် ကျနော်တို့က ရှေ့လေး နည်းနည်းတိုးတင်လိုက်ရင် ကိုက်သွားတာ။ အလည်မှာတင်မှ အသေအချာထွက်တာ၊ ရှေ့နည်းနည်းတင်လိုက်ရင် လျော့သွားတာ။ ဆေးလိပ်တိုကကျတော့ သူတို့ကတ္တားကို စစ်သလိုလိုနဲ့ အမှိုက်လေးဘာလေးရှင်းသလိုလုပ်ပြီး ဆေးလိပ်တို ခံလိုက်တာ။ ကတ္တားက မသွားဘဲပစ်ထားတာဆိုတော့ အမှိုက်ရှင်းတယ်ပေါ့လေ။

ဝယ်တာမှာတင် ၃ နည်းပေါ့။ ဆေးလိပ်တို ခံတာရယ်။ အလေးခိုးတာရယ်၊ လက်သန်းထောက်တာရယ်။ လက်သန်းကျ အားလိုတယ်။ အဲ ဒူးတိုက်တာရှိသေးတယ်။ လက်သန်းရော ဒူးတိုက်တာရောက လူအင်အားများမှ လုပ်တာ။

ဘေးနားက လူက ပိဿာချိန်တာကို ကြည့်တာလိုလိုနဲ့ သကာပိုင်းဖင်ကို ဒူးနဲ့ တိုက်ထားတာ။ အာ့တော့ သူက ဓားပေါ်ကို မပိနိုင်ဘူး။ ဒူးနဲ့ ပင့်တာပေါ့။ ထောက်အားရှိနေတော့ အောက်က ဓားကို မထိဘူး။ သကာတစ်ပိုင်း တစ်ပိုင်း ချိန်ရင် ၄၊၅ ပိသာထွက်နေပြီပေါ့။

နောက်ပိုင်းကြတော့ ဝယ်သူ ရောင်းသူမှန်မှန်လေးဖြစ်သွားတော့ နောက်ပိုင်း ခင်သွားတော့ သူတို့တွေကို သနားတော့ ပြောလိုက်တာတွေရှိတယ်။ ကျနော်တို့ကလည်း လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူးပေါ့။ ပွဲစားကလည်း ခိုင်းတယ်။ စက်ပိုင်ကလည်း ခိုင်းတော့ လုပ်ရတာပဲ။ သူတို့ကတော့ လုပ်လေလေ ရလေလေဆိုတော့ ဘယ်လိုဘဲ ရလာရလာ သဘောကျတယ်။ လုပ်တတ်တဲ့ သူတွေကို သက်သက်မွေးထားတာ။ ကျနော်ထွက်တော့ အိမ်ကို လိုက်ခေါ်တာ။ တော်ပြီသူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာနဲ့ တူတူဘဲ။ တော်ပြီဗျာစက်ပိုင်လို့ ပြောလိုက်တာ။ အာ့နေ့က စက်ရုံမှာ ကား၃ စီးလောက် ချိန်ပေးထားတာ။ တွေးရင်းတွေးရင်းနဲ့ တော်ပြီ ပိုက်ဆံလည်း မလိုချင်တော့ဘူး။ ပြန်မယ်ဆိုပြီး ပြန်လာတာ။

နောက်ပိုင်း စက်ရုံမှာဘဲ လာသွင်းကြတော့ စိတ်တိုင်းကျပေါ့။ လေးနည်းလုံး သုံးတာဘဲ။ အာ့ဒါကကျတော့ လာရောင်းတဲ့ သူကလဲ မကြည့်နိုင်ဘူး။ လက်နဲ့တင် လေးငါး ပိဿာလောက်တော့ ထောက်နိုင်တယ်။ ကျနော်တို့ကိုပေးတာကတော့ ဝယ်ပြန်လာရင် တစ်ပိုင်းလောက် စချိန်လိုက်တာ၊ သုံးပိသာပိုတယ်ဆိုရင် ပိုင်းအကုန်လုံးနဲ့ဆို ဘယ်လောက်ဆိုပြီး တွက်လိုက်တာ။ စက်ပိုင်က ပုံမှန်လုပ်အားခထက် ပိုပေးလိုက်တယ်လေ။

စက်ရုံမှာ စလုပ်ကာစ ဘာမှ မသိခင်တုန်းကတော့ ကုန်ကြမ်းဘဲ ကိုင်တာ။ နောက်ပိုင်း အလုပ်သမားလိုတာနဲ့ မင်းတို့အဖွဲ့ ကုန်ကြမ်းလည်းလုပ် ဖျော်လဲ ဖျော်ဆိုပြီး ခိုင်းတယ်။ သကာရယ် ထန်းလျက်ရယ် ကန်ကြီးနဲ့ ဖျော်တာဘဲ။ ပြီးတော့မှ စိမ်ကန်ကို ပို့ရတယ်။ အဲဒီ စိမ်တဲ့ ကန်ထဲရောက်တော့ မြေဆီတွေ ရောတယ်။ မြေဆီရယ်၊ ပီးတော့ အက်စစ်လဲ ထည့်တယ်။ နောက် ကန့်ထုတ်တွေ ထင်တာဘဲ။ အဲဒါတွေ ထည့်တာ။ မြေဆီကတော့ super (ပုလဲ) အဖြူတွေ။ အိတ်ကြီးတွေ ဝယ်တာ။ အဲဒီတုန်းက အိတ်လေးငါးဆယ်ကို သုံးလေးရင်လောက်ဘဲ သုံးတာ။ အာ့ဒါက ကျနော်တို့လုပ်တုန်းက ၃ ကန်။ ခုတော့ ၁၀ ကန်လောက်ရှိတယ်။ တခြားထည့်တာတွေ ဘာတွေတော့ မသိဘူး။ စိမ်ရေကို ဖောက်တဲ့သူ သတ်သတ်ခန့်ထားတယ်။ စိမ်ရေက မပေါက်ရင် ထပ်ထည့်တာပေါ့။ ကျနော်တို့ကိုယ်တိုင်က မြေဆီအိတ်တွေ ဝယ်ပြီး လိုက်ထမ်းပေးရတယ်။ ခုတော့ ကားစီးလိုက်တိုက်သွင်းနေတယ်ကြားတယ်။

ကျနော်လုပ်တာ ၈၈ အရေးအခင်းပြီး နောက်ပိုင်းပေါ့။ ခုတော့ ပိုများလာပြီပေါ့။ စက်ရုံတွေလည်း တိုးတိုးလာပြီလေ။ အောက်ပိုင်းမှာရော။ လူတွေ ဖောတယ်ဆိုတာက မြေဆီကြောင့်ဘဲ။ အသည်းခြောက်တာက အက်စစ်က စားလို့။ လူတိုင်းက မသောက်သင့်တဲ့ အကြောင်းကို ပြောနေကြတာကို သောက်တာဘဲ။ ကျနော်တို့က သိနေတော့ မသောက်ဘူး။ တောဆိုင် သွားသောက်တာ။ ချက်ကရီးဘဲ သောက်တယ်။ တနေ့ကတောင် ပြောဖြစ်သေးတယ်။ ချက်ကရီးသောက်တဲ့ကောင်တွေ ဘာမှမဖြစ်ဘူး။ ခုထိ အေးဆေးဘဲ။ ဘီအီးသောက်တဲ့ကောင်တွေ သေကုန်ကြပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကုန်ကြပြီလို့။ ဝီစကီလဲ ဒီစက်ရုံက ထုတ်တာဘဲ။ မသောက်ရဲဘူး။ ချက်ကရီးဆိုင်တွေ ဖမ်း ထောင်ချခံရတာ စက်ပိုင်လက်ချက်လို့ ကြားဖူးတာဘဲ။ သူ့အရက်ဆီ သိပ်မရောင်းရလို့တဲ့။ အထက်တပိုင်းလုံး သူ့တံဆိပ်သောက်ကြတာဘဲ။ အောက်မှာလဲ အရက်ဆီက သူဘဲ ပို့တာဘဲလေ။

မြေဆီများတယ် မများတယ်တော့ သူ့ရေဆိုးရေကို စိုက်ခင်းထဲ ထည့်ရင် မြေဆီမလိုဘူး။ စိမ်းညို့မဲနေတာ။ စက်ပိုင်တောင် သူ့အရက် သူမသောက်ဘူး။ ဘာတွေ သောက်လဲတော့ မသိဘူး။ အလှူအတန်းလဲ တအားလုပ်တယ်။

မောင်လူရေး

Comments