မိုးချိုသင်း - လွမ်းတယ် အမေ


မိုးချိုသင်း - လွမ်းတယ် အမေ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၇
(သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်)
ဒီနေ့တော့ Death Valley National Park ကို ရောက်ခဲ့တယ်။ Death Valley ဆိုတဲ့အတိုင်း ခြောက်သွေ့တဲ့ သဲကန္တာရကြီးမှာ ရှိတာ။ ရာသီဥတုက ပူတဲ့အချိန် တရားလွန် ပူ၊ အေးတဲ့အချိန် တရားလွန်အေးတဲ့ နေရာ။ လွန်ခဲ့တဲ့ ၂၇နှစ်က ကိုယ်တို့ မိသားစုဘ၀ဟာလဲ ပူပြင်းလောင်မြိုက်တဲ့ သေခြင်းတရားဆိုတာကို ဘယ်လိုဟာမျိုးလဲ လို့ ပထမဆုံး ရုတ်တရက်သိခဲ့ ကြုံခဲ့ရတာပါ။ အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတဲ့ ကိုယ်က အမေ့ ကို ဒီနေ့မှာ ဆုံးရှုံးခဲ့တာလေ။

အမေ့အကြောင်း ပြန်စဉ်းစားမိရင် ခပ်သေးသေး ခပ်မွှေးမွှေး စပယ်ပွင့်လေးတွေ၊ ခရေကုံးခြောက်ကလေးတွေ၊ စကားဝါနွမ်းနွမ်းလေးတွေကို အရင်ဆုံး သတိရမိတတ်တယ်။ အမေက အဲဒီ ပန်းလေးတွေကို ပန်ပြီး ကျောင်းသွားတတ်တယ်။ ကလေးတွေကို မမောနိုင် မပန်းနိုင် စာသင်တယ်။ အိမ်ပြန်လာတိုင်း မိသားစုအတွက် မုန့်တခုခု အမြဲ ၀ယ်လာတတ်တယ်။ သားသမီးတွေနဲ့သာ အိမ်ရောက်မှ ဝေမျှစားတာပါပဲ။ ကိုယ်က အမေ့ကို အကပ်ဆုံး သမီး။ အမေ့ဘေးမှာ အမေ့ အနွေးထည်အကျီ င်္လက်ကို ဆွဲပြီး ခပ်ရို့ရို့ နေလေ့ရှိတာမို့ အမေ့အနွေးထည်တွေဟာ အမြဲ လက်တဖက်က ရှည်ပြီး တွဲကျနေတော့တာပေါ့။ အမေက မေရှင့်သီချင်းအေးအေးလေးတွေ ညည်းတတ်တယ်။ ညနေ ကျောင်းက ပြန်လာရင် သနပ်ခါးလေးလိမ်းပြီး အေးအေးချမ်းချမ်း မြင်ရတတ်တယ်။ ကိုယ်က ကြောင်လေးတွေကို ဇာတ်လိုက်လုပ်ပြီး ပါးစပ်ထဲ တွေ့ရာ ဇာတ်လမ်းလုပ်ပြောနေတာကို ပြုံးပြီး နားထောင်တတ်တယ်။ ညတိုင်း အဖေနဲ့ ရေနွေးကြမ်းအိုးလေး ချပြီး အဖေ ပြောပြတာ ငြိမ်ငြိမ်သက်သက် နားထောင်တတ်တယ်။

တခါတလေများ တွေးမိပါရဲ့၊ သားသမီး ၅ယောက်ကို လူလားမြောက်အောင် အလုပ်တွေ ကြိုးစားလုပ်လိုက်တဲ့အမေဟာ ဘယ်လောက်များ ပင်ပန်းမှာပါလိမ့်။ တခါမှလဲ အမေ ညည်းတာ မကြားဖူး။ ဆီးချိုရောဂါသည်အမေဟာ ရောဂါသည်လို့ မထင်ရအောင် အလုပ်တွေ လုပ်လိုက်တာ။ ဖြူဖြူသွယ်သွယ်အမေဟာ ရုပ်ကလေးနဲ့ မလိုက်အောင် လောကဓံအပေါ်မှာ မာရေ ကြောရေ အင်မတန်ရှိတယ်။ သားသမီးတွေကိုလဲ ချစ်လိုက်တာ။ အဖေ့ကိုလဲ ဂရုစိုက် နားလည်ပေးလိုက်တာ။ အဖေက ကဗျာဆရာ၊ ကျောင်းဆရာ။ အဖေ ပိုက်ဆံမရှာနိုင်လဲ ကဗျာရေးနေရင်ကို တန်ဖိုးထား နားလည်ခဲ့တာ။ အဲဒီလို ချစ်ခင်လေးစားတဲ့စိတ်ကို သူ့ရင်ထဲကနေ ကိုယ်တို့သားသမီးတွေ အားလုံးရဲ့ ရင်ထဲကို ထည့်ပေးခဲ့တာ။ ကိုယ်တို့ မောင်နှမတွေ စာပေ အနုပညာသမားတွေကို ချစ်နေအောင် အမေ သင်ပေးခဲ့တာပဲ။

ဒီလိုစိတ်တွေနဲ့ ကိုယ်တို့ ကြီးပြင်းခဲ့တယ်။ ဒါကြောင့် အဖေ ကဗျာရေးလို့ အာဏာရှင်က အကြောင်းရှာ ထောင်ချလဲ ကိုယ့်အဖေကို ဂုဏ်ယူစရာလို့ မှတ်တယ်။ သမာအာဇီဝနဲ့ ရှာဖွေ စားသောက်ရတာကို စိတ်အေးချမ်းတယ်။ အနုပညာကို တန်ဖိုးထားတယ်။ မတရားမှုကို ဆန့်ကျင်တဲ့သူတွေကို အထင်ကြီးတယ်။ အဲဒီအတွက် ကြုံလာရတဲ့လောကဓံကိုလဲ ခံနိုင်ရည် ရှိခဲ့တယ်။ အဲဒါတွေဟာ အမေပေးခဲ့တဲ့ အမွေတွေပဲ။

အမေဆုံးပြီး နောက်တနေ့ အဖေက ကဗျာစပ်ပါတယ်။ အဲဒီကဗျာ နောက်ဆုံးပိုဒ်လေးကို ကဗျာချစ်တဲ့ အမေ့အုတ်ဂူလေးပေါ်မှာ ထိုးထွင်းခဲ့ပါတယ်။ ဒီနေ့ အမေ့ကို သတိရ လွမ်းစိတ်နဲ့ ဒီကဗျာလေးကို ပြန် ဖော်ပြပါရစေ။

"စန်းအတွက် အလွမ်းကဗျာ"

သူ မြတ်နိုးသည့်
ပုထိုးစေတီ မြန်မာပြည်ကိုလည်းကောင်း။

သူ ချစ်သည့် ပန်း၊ သူ လွမ်းသည့် ငှက်
သူ နှစ်သက်သည့် စမ်းရေ
သဘာဝ အလှမြေကို လည်းကောင်း။

သူ့သွေး ရင်နှစ်
သားချစ် သမီးချစ်တို့ကိုလည်းကောင်း။

အချစ်ဘ၀၊ စိတ်အလှဖြင့်
နှမမြတ်နိုး၊ ဥယျာဉ်ပျိုး၍
ရိုးသားမြင့်မြတ်၊ အနေမြတ်ခဲ့။

မြတ်သော ချစ်သူ၊ ဖြူစင်သူ၏
မွှေးကြူ ဂုဏ်နံ့၊ သင်းထုံ ပျံ့ ခဲ့။
သင်းပျံ့ စပယ်၊ နှမငယ်ကို
မပြယ်အချစ်၊ အမြဲ သစ်လိမ့်
လွမ်းရစ်ခဲ့ပြီ၊ သင့် ဂုဏ်ရည်။

တင်မိုး
၁၈၊ ၁၁၊ ၁၉၉၀

လွမ်းတယ် အမေ....
0