ဗိုလ်သူရိန် ● ဘယ်လဂျီယမ်နိုင်ငံ ဂျန့် (Ghent) မြို့ရောက် ကျွန်တော် သင်္ဘောသား

ဗိုလ်သူရိန် ● ဘယ်လဂျီယမ်နိုင်ငံ ဂျန့် (Ghent) မြို့ရောက် ကျွန်တော် သင်္ဘောသား
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇

     
ဥရောပတိုက်က အင်္ဂလိပ် ရေလက်ကြားကိုဖြတ်ပြီး ဘယ်လဂျီယမ် ဂျန့် (Ghent) မြို့မှာ သံတိုသံစ (SCRAP) တွေ သွားတင်ဖို့ ကျွန်တော်တို့သင်္ဘောက ဦးတည်မှောင်းနှင်လာခဲ့ပါတယ်။ ဒီဇင်ဘာ ဆောင်းရာသီလဆိုတော့  အင်မတန်အေးခဲလျှက်ရှိနေ တယ်။ ပင်လယ်ရေ (sea water) စုပ်ယူကာ မီးသတ်ပိုက်တွေနဲ့ ကုန်တင်ပေါက်တွေကို ပက်ဖြန်း သန့်ရှင်းရေးလုပ်တဲ့အခါ လက်တွေကျင်နေအောင်  ခံစားရပါတယ်။ သင်္ဘောသားဆိုတော့လည်း ကုန်တင် ကုန်ချပြုလုပ်ရမယ့်နိုင်ငံ သူ့အရပ် သူ့ရာ သီဥတုကို ခံစားရတာပါပဲ။ ငြင်းပယ်လို့ရတဲ့ အခွင့်အရေး ကိုယ်တွေမှာ မရှိပါဘူး။ သင်္ဘောကြီးတစ်စီးကို သူဌေးတယောက် က ဝယ်၊ သင်္ဘောသားတွေခေါ်ယူဖို့ သက်ဆိုင်ရာကုမ္မဏီတွေကို လူရှာခိုင်း၊ အားလုံးအဆင်သင့်ဖြစ်ပြီဆို ကုန်စည်ရဖို့ သင်္ဘောခေါက်ရေအလိုက် (သို့မဟုတ်) နှစ်ရှည် ငှားရမ်းပြေးဆွဲဖို့အတွက် chatter လို့ခေါ်တဲ့ နိုင်ငံတကာစီးပွားရေး ကုမ္ပဏီ များနဲ့ ချိတ်ဆက်ထားသောကုန်စည် သယ်ယူပို့ဆောင်ပေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို အပ်လိုက်ပြီးတာနဲ့ သင်္ဘောကြီး တစ်စင်းက ပယ်လယ် သမုဒ္ဒရာထဲမှာ စတင်ပြေးဆွဲ အသက်ဝင်လာပါပြီ။ (အခြားနည်းလမ်းများနဲ့ လည်ပတ်သွားလာနေတဲ့ သင်္ဘောတွေလည်း ရှိပါတယ်။) သင်္ဘောသားတဦးစီ ရာထူးအလိုက် လခသက်မှတ်ချက်များပေးအပ်ပြီး သင်္ဘောရဲ့ကုန်တွေ မပျောက် မပျက်မစီး လျင်လျင် မြန်မြန်နဲ့ လိုရာဆိပ်ကမ်းတွေကို ကုန်တင်ကုန်ချလုပ်ပေးဖို့က ကျွန်တော်တို့ သင်္ဘော သားတွေရဲ့ တာဝန်တွေပါ။ မိမိသင်္ဘောကိုလည်း အမြဲမပျက် လည်ပတ်သွားလာနိုင်အောင် ပြုပြင်ထိမ်းသိမ်းမှုတွေလည်း လုပ်ရပါတယ်။

ကျွန်တော်တို့ သင်္ဘောသားတွေက ကမ္ဘာ့နိုင်ငံ အစုံရောက်ပေမယ့် ရောက်တဲ့နိုင်ငံအချို့မှာ ရတဲ့ နားချိန် သုံးလေးနာရီ အချိန်လေးကို ဆိပ်ကမ်းမဆင်းရ၊ မလည်ပတ်တာတွေရှိသလို ဆင်းခွင့်ရပြီဟေ့ဆိုရင်လည်း ရေထဲမှာ သင်္ဘောသံပြားကြည့် နင်းနေရတော့ ပထဝီဓာတ်ယူဖို့ ပျော်ပျော်ကြီး မြေနင်းဆင်းကြတာပါပဲ။

ခရစ်ယာန် အများစုဖြစ်တဲ့ ဥရောပတိုက်က ဘယ်လဂျီယမ်နိုင်ငံ ဂျန့်မြို့လေးမှာ ဒီဇင်ဘာလဆိုတော့ တမြို့လုံး စည်ကား သိုက်မြိုက်နေပါတယ်။ ထင်းရရှူးပင်တွေ ခရစ္စမတ်ဘိုးဘိုးကြီး စတဲ့ အထိမ်းအမှတ်ပုံတွေ၊ အမှတ်တရ လက်ဆောင် ပစ္စည်း တွေနဲ့ စုံနေတာပါပဲ။ ဂျန့်မြို့လေးရဲ့ထူးခြားချက်က တမြို့လုံးနီးပါး စက်ဘီးစီးကြတာကို တွေ့မြင်ရပါတယ်။ စက် ဘီးစီးဖို့လမ်း လည်း သတ်မှတ်လုပ်ပေးထားသလို ကားလမ်းမများပေါ် ဓါတ်ရထားတွေ၊ နှစ်စီးတွဲ ခရီးသည် ဘက်စ်ကားတွေကလည်း ဥဒဟို သွားလာနေပါတယ်။

လမ်းလျှောက်တဲ့ သူများကို စက်ဘီးစီးလာသူတွေက ဦးစားပေးဖြတ်လျှောက်ခိုင်းသလို စက်ဘီး၊ ဓါတ်ရထား၊ ကား ဘက်စ် ကားများကလည်း တဦးနဲ့တဦး အပြန်အလှန်လေးစားသမှုပြုပြီး အလျင်စလို မဖြတ်သန်းကြဘဲ သွားလာမောင်းနှင်နေကြ တာက ဒီမြို့လေးရဲ့ ချစ်စရာဓလေ့ပါ။ ကမ္ဘာစစ်နှစ်ခုလုံးမှာပါဝင်ခဲ့တဲ့ ဘယ်လဂျီယံနိုင်ငံက မြို့အလိုက်တိုင်းမှာ သူရဲ ကောင်းရုပ်ထုတွေ ထားရှိကြပါတယ်။ နှစ်ပေါင်း ရာချီရှိနေပြီဖြစ်တဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ မြို့တော်ခန်းမကြီးတွေကို လည်း ရှေးမူလက်ရာမပျက်တွေ့ရတယ်။

ဂျန့်မြို့ရဲ့ အထင်ရှားဆုံး နိုင်ငံခြားဧည့်သည် အများဆုံးဝင်ထွက်လေ့လာတဲ့နေရာကတော့ နှစ်ပေါင်း ခုနှစ်ရာကျော်ပြီဖြစ်တဲ့ သံစုံညီညာတဲ့ နာရီစင်ကြီးဖြစ်ပါတယ်။ နာရီစင်ကြီးပေါ်ကို တက်ကြည့်ဝန်ဆောင်ခ ရှစ်ယူရို မြန်မာငွေ တစ်သောင်းကျော် ပေးရပါတယ်။ နာရီစင်ကြီးကို ဓါတ်လှေခါးနဲ့တက်၍ရသလို သုံးပေအကျယ်သာရှိတဲ့ အုတ်လေခါး ကျဉ်းကျဉ်းလေးတွေ ကလည်း တက်လို့ရပါတယ်။ အပေါ်ဆုံးကိုရောက်သွားတော့ ဂျန့်မြို့ရဲ့ လှပတဲ့ ရှုခင်းများနဲ့ ပင်လယ်ကမ်းစပ်ကို လှမ်းမြင်ရပါ တယ်။ မြို့ထဲက အဆောက်အဦးတော်တော်များများ ရှေးလက်ယာ ဗိသုကာများဖြစ်ပြီး ယဉ်ကျေးမှု လက်ဆင့်ကမ်းအမွေ အတော်ထိမ်းသိမ်းနိုင်တယ်လို့ မှတ်ယူရပါ့မယ်။ ကျွန်တော်တို့ ရှုမျော်ခင်းတွေကြည့်ရှုချိန်မှာပဲ နာရီစင်ကြီးက စတင်လည် ပတ်သံများနဲ့အတူ သာယာငြိမ့်ညောင်းတဲ့ ဂီတဆည်းလည်းသံများ စတင်ထွက်ပေါ်လာပါတယ်။ နာရီကိုကြည့်လိုက်တော့ ၃ နာရီထိုးတော့မယ်။ သံစဉ်တွေ တီးခက်လည်ပတ်တဲ့ နေရာကို အောက်တထပ်ဆင်းကြည့်တော့ အံသြဖို့ အင်မတန်ကောင်း ပါတယ်။ နာရီစင်ဆိုမြန်မာပြည်က ဘယ်နာရီစင်မှ အထဲဝင်မကြည့်ဖူးပါဘူး။ အခုလို ကြေးကြိုးများနဲ့ ချိတ်ဆက် သွယ်တန်း ထားသော လူနှစ်ယောက်ဖက်စာ စွန်ရစ်ဘီးလို အကြီးစား ကြေးရစ်ဘီးလုံးကြီးက လည်ပတ်လာပြီး ချိတ်ဆက်ထားတဲ့ကြိုး များကနေ ခေါင်းလောင်းများကို သံစဉ်မှန် တီးခက် ပေါ်လွင်စေပါတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း အလေးချိန်တွက်ဆ ချိတ်ဆက်ထားတဲ့ ခွေးသွားစိတ် ပင်နယံအုံတွေကိုလည်းတွေ့ရပါတယ်။ ရှေးယခင်က လူနဲ့ အလှည့်ကျ သံပတ်ပေးသလို လုပ်ရပြီး အခုအခါမှာတော့ လျှပ်စစ်မော်တာနဲ့ ချိတ်ဆက်ထားတာကို တွေ့ရတယ်။ အသုံးမပြုတော့တဲ့ခေါင်းလောင်းတွေကိုလည်း ပြသထားပြီး၁၃၁၃ ခုနှစ်လို့ ထိုးထွင်းထားပါတယ်။

ခေါင်းလောင်းတွေ သံစဉ်ညီညာဖို့ ဘယ်လိုသွန်းလုပ်ရတယ်ဆိုကိုလည်း တီဗွီနဲ့ ပြသထားတယ်။ နာရီအလိုက် သံစဉ်ဖော် ကြူးတဲ့နေရာမှာလည်း ဂီတပညာရှင်ကြီးများက ကြေးချောင်းများနဲ့ ပြုလုပ်ထားတဲ့ စန္ဒယားပုံစံကြီးကို တီးခတ် အသံထည့်ကြ တယ်။ အောက်နောက်တထပ်မှာကတော့ နာရီစင်ကြီးရဲ့ အမိုးအပေါ်ဆုံးထိပ်မှာ အမှတ်တရထားရှိတဲ့ နဂါး (Dragon) ကြေးရုပ်အဟောင်းကြီးကို ပြသထားပါတယ်။ ကျွန်တော်တို့ဆီက တိုးနယား နဂါးရုပ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။

နာရီစင်ကြီးကို လေ့လာကြည့်ရှု့ပြီးတော့ မြို့အလယ် စားသောက်ဆိုင်တမ်းများနဲ့ ဈေးဆိုင်များဘက် ကျွန်တော်တို့ ထွက် လာခဲ့တယ်။ သစ်သားစည်တွေနဲ့ စားပွဲ ထိုင်ခုံလုပ်ထားတဲ့ ဝိုင်ဆိုင်လေးကို ဝင်ထိုင်လိုက်တယ်။ မီးသွေး ဂက်စ် စတဲ့ မီးအေး အေးနဲ့ အပူပေးထားတဲ့ ဝိုင်ကို ကျွန်တော် ဥရောပဆောင်းရာသီရောက်မှပဲ သောက်ဖူးပါတော့တယ်။ ချိုပြင်းပူမွှေးတဲ့ အရ သာရှိပါတယ်။

ဝါးတွေကို အဆစ်အပိုင်းအလိုက် အလှလုပ်မီးလုံးလေးတွေထည့် ရောင်းနေတဲ့ ဆိုင်ကိုကြည့်မိတယ်။ စပ်စပ်စုစု ဒီဝါးတွေ ဘယ်ကရလည်းမေးတော့ ဗီယက်နမ်ကပို့တာတဲ့။ ဝါးပိုးဝါးနဲ့ တင်းဝါးအမျိုးအစားတွေပါ။ အိမ်ပြန် ဝါးပွဲစားပြန်လုပ်ရရင် ကောင်းမလား။ ဒါပေမယ့်လည်း မဖြစ်သေးပါဘူး။ တော်ကြာ သစ်ပင်တွေ စွတ်ခုတ် နိုင်ငံခြားပို့လို့ တောင်ကတုံးအဖြစ် ကျန် ခဲ့ပြီး သူများတွေက ခရိုနီသူဌေးကြီးတွေ ဖြစ်သွားကြပေမယ့် ကိုယ့်အလှည့် ဝါး ခုတ်မှ သဘာဝပတ်ဝန်းကျင် ဖျက်ဆီး ခံရပါတယ်ဆိုပြီး နေရင်းထိုင်ရင်း ထောင်ထဲရောက်မယ့်လက္ခဏာ။

ခရစ်ယာန် ဘာသာဝင် သင်္ဘောသားတွေက ဒီအချိန် အိမ်လွမ်းကောင်းတဲ့အချိန်ပေါ့။ သင်္ဘောသားဆိုတော့လည်း ခရစ္စ မတ်ရက် အိမ်ပြန်ချင်၊ မိသားစုနဲ့တွေ့ချင်ပေမယ့်လည်း မတွေ့ရ၊ မစုံရဖြစ်ရပါတယ်။ ဒါပေမယ့်လည်း ခရစ္စမတ်ပွဲတော်အချိန်မှာ ဒီလိုဥရောပတိုက်မှာ တွေ့ကြုံရတဲ့အတွက် ဝမ်းသာပီတီတမျိုး ခံစားရပါတယ်လို့ ကျွန်တော်နဲ့ အတူပါလာတဲ့ စက် ၂ (second engineer) စောဘောမူဒိုးက အိမ်အပြန်အလွမ်းပြောပြပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဂျန့်မြို့လေးမှာ ခရစ္စမတ်ပွဲတော်ကာလဖြတ်သန်းရင်းသင်္ဘောသားတယောက်ရဲ့ ဘဝဖြတ်သန်းချိန် နာရီအချို့ကို မျှဝေပေးခဲ့ပါတယ်။

ဗိုလ်သူရိန်
၂၁ ၁၁ ၂၀၁၇
တောင်ဖစိဖိတ်
0