ဌေးမင်းခိုင် ● Social Darwinism, Foucault and Knowledge is Power

ဌေးမင်းခိုင် ● Social Darwinism, Foucault and Knowledge is Power
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇

ပညာရပ်နယ်ပယ်အသီးသီးမှာ ဉာဏ်ပညာအားကောင်းလှတဲ့ ပညာရှင်တွေ ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်နယ်ပယ်ကို ကျော်ပြီး တခြားနယ်ပယ်ကိုပါ သြဇာလွှမ်းတဲ့သူမျိုးကတော့ တော်တော်ရှားပါတယ်။

ချားစ်ဒါဝင် (Charles Darwin) က အဲလို ရှားရှားပါးပါး လူမျိုးပါ။ သဘာဝသိပံ္ပပညာရှင်လို့ခေါ်ဆိုရမယ့် ဒါဝင်ရဲ့အတွေး အခေါ်တွေဟာ သဘာဝသိပံ္ပကို ကျော်ပြီး (လူမှုသိပံ္ပ၊ စိတ်ပညာ၊ ပညာရေးနယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်တွေပါ မကျန်) နယ်ပယ်အစုံနီးပါးပေါ် လွှမ်းမိုးသက်ရောက်ခဲ့တယ်။ အဲ ကျနော်တို့ဆီမှာတော့ ဒါဝင်ကြီးကို လူကို မျောက်နဲ့ ဆွေမျိုးစပ်ပေးတဲ့ သူကြီးအဖြစ် လူသိများပါတယ်) ။ (အမှန်က အဲလိုလည်း မဟုတ်ပါ၊ ဒီနေရာမှာတော့ မဆိုင်၍ မပြောတော့ပါ)

သူ့ရဲ့ ဆင့်ကဲဖြစ်စဉ် (Evolution) သီအိုရီဟာ တော်သူနေ (Survival of the fittest) အယူအဆနဲ့ သဘာဝရဲ့ရွေးချယ်မှု (Natural Selection) ဆိုတဲ့အယူအဆအပေါ်မှာ အခြေစိုက်ထားတာပါ။ တခွန်းတည်းပြောရရင် သဘာဝနဲ့ ကိုက်ညီအောင် နေနိုင်တဲ့ သူတွေပဲ ရှင်သန်ကျန်ရစ်မယ်၊ မနေနိုင်တဲ့သူတွေကတော့ ကျရှုံးရမယ် (ပျောက်ကွယ်ရမယ်)၊ တနည်းအားဖြင့် အင်အားကြီးတဲ့သူ (တော်တဲ့သူ) တွေပဲ ရှင်သန်ကျန်ရစ်မယ်ဆိုတာ သူ့အယူဝါဒပါပဲ။ အဲလိုပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ မနေနိုင်လို့ (မတော်လို့/အင်အားမကြီးလို့) တချို့မျိုးစိတ်တွေဟာ မျိုးတုန်းပျောက်ကွယ်သွားရတယ်လို့ ဆိုပါတယ်။

ငြင်းစရာအကြောင်းမရှိတဲ့ အချက်ပါ။ ဥပမာ ဝန်ရိုးစွန်းနေ ဝက်ဝံတကောင်အတွက် တော်တော်ထူတဲ့ အနွေးထည် (အရေခွံ) ရှိရပေမယ်ပေါ့။ မဟုတ် ... ဒီကောင်သေသွားမှာပေါ့။ ရှင်းပါတယ်၊ အားလုံးဟာ သဘာဝပတ်ဝန်းကျင်နဲ့တော့ ကိုက်ညီအောင် နေရပါလိမ့်မယ်။ ဒါမှ ရှင်သန်နိုင်မယ်။

အဲ့ဒီ ဒါဝင်ရဲ့အယူဝါဒကို လူမှုသိပံ္ပရဲ့ ခေါင်းကိုင်ဖခင်တဦးဖြစ်တဲ့ စပင်ဇာ (Herbert Spenser) တို့က ယူသုံးပါတယ်။ Social Darwinism (လူမှုဒါဝင်ဝါဒ) လို့ လူသိများပါတယ်။

အချုပ်ပြောရရင် လူ့အဖွဲ့အစည်းတခုရဲ့ ရှင်သန်ရပ်တည်နိုင်ခြင်းဟာလည်း တော်သူနေ (Survival of the fittest) သဘော တရားအတိုင်းပါပဲတဲ့။ တော်တဲ့သူတွေ အားကြီးသူတွေသာ ရှင်သန်နိုင်မယ်လို့ ဆိုပါတယ်။

တကယ်လည်း ပတ်ဝန်းကျင်မှာ အင်အားကသာ အနိုင်ကို ပြဌာန်းနေတဲ့ ကိစ္စတွေကိုက ဒုနဲ့ဒေးကိုး။ ဥပမာ အာဏာကြီးတဲ့ သူကို မလှန်နိုင်တာ၊ ပိုက်ဆံကြီးတဲ့သူက မင်းမူအနိုင်ယူနိုင်တာ၊ လက်နက်ကိုင်ထားတဲ့သူတွေရဲ့ အနိုင်အကျင့်ကို ခေါင်းငုံ့ခံ ရတာ ... ဒါမျိုးဥပမာတွေကလည်း အများသားကိုး။

စပင်ဇာတို့က ဒါ သဘာဝပဲ ... လွှတ်သာထားလိုက်၊ တော်တဲ့ကောင်တွေက မင်းမူမှာပဲလို့ ဆိုပါတယ်။ တနည်းအားဖြင့် လွှမ်းမိုးနိုင်တယ်ဆိုကတည်းက လွှမ်းမိုးနိုင်စွမ်းရှိလို့လို့ ဆိုပါတယ်။ သူဌေးဖြစ်တာ သူဌေးဖြစ်နိုင်စွမ်းရှိလို့ဖြစ်တာ၊ ဆင်းရဲတာ လည်း ကြိုးစားနိုင်စွမ်းမရှိလို့ (တနည်း အင်အားနည်းလို့) လို့ ဆိုပါတယ်။ (အင်္ဂလိပ်လိုရေးထားတာ ပိုပြီး ကွင်းကွင်းကွက် ကွက်ရှိပါတယ်။ Poor deseved to be poor and the rich to be rich တဲ့)

အရင်းရှင်ကွန်ဆာဗေးတစ်တွေ အလွန်ကြိုက်တဲ့ အယူအဆလည်း ဖြစ်လာပါတယ်။

ဒီလိုအယူအဆမျိုးက ငြင်းဖို့ အလွန်ခက်ပါတယ်။

ဒါပေမဲ့ အင်အားကြီးသူ/တော်တဲ့သူ (fittest) ဆိုတာ ဘယ်လိုလူတွေတုန်း ... ။ တနည်းအားဖြင့် ပါဝါကြီးသူဆိုတာ ဘယ်လို လူတွေတုန်း ... ။

အဲဒီ့မှာ Knowledge is Power ဆိုတဲ့ အယူအဆကို သွားတွေ့မိပါတယ်။

စတွေ့ခါစတော့ ဒါ ပညာရေးကို အမွှန်းတင်တဲ့ ပညာရေးနယ်က လာတဲ့စကားလို့ ထင်မိပါတယ်။ အသိပညာမှာ ပါဝါအစွမ်းရှိ သည်ပေါ့၊ လွှတ်ကြိုက်ပေါ့ဗျာ ... ။

ဒါပေမဲ့ တကယ့်တကယ်က အဲဒါ နိုင်ငံရေးစကားပါ။ အာဏာကို အသိပညာနဲ့ ချိတ်ဆက်ပြတဲ့အဆိုပါ။

စသုံးတဲ့သူကတော့ ပို့စ်မော်ဒန်အပေါ် အလွန်သြဇာကြီးတဲ့ မီရှယ်ဖူကိုး Michel Foucault ပါ။

ဒါပေမဲ့ သူပြောတဲ့ အာဏာ (power) ဆိုတာ (ကျနော်နားလည်သလောက်) နိုင်ငံရေးအာဏာတခုတည်း မဟုတ်ပါဘူး။ အ ကောက်အယူ ကျယ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာ ပျံ့နှံ့တည်ရှိနေတဲ့သဘောကို ညွှန်းပါတယ်။

ပုံမှန်အားဖြင့် အာဏာ (power) လို့ ဆိုလိုက်တာနဲ့ တားမြစ်ပိတ်ပင်ခြင်း၊ ဖိနှိပ်ခြင်းတွေနဲ့ပဲ တွဲမြင်ပါတယ်။ ဒါပေမဲ့ ဖူကိုးတို့လို ပို့မော်ဒန်သမားတွေကတော့ ပါဝါရဲ့သဘောမှာ ပြန်လည်ပြုပြင်တဲ့သဘောနဲ့ ဖန်တီးထုတ်လုပ်တဲ့သဘော (reformative & productive) တွေကိုပါ ထည့်ပါတယ်။ ဒီတော့ ဖူကိုးရဲ့ အာဏာ (power) ဆိုတာ အုပ်ချုပ်ရေးယန္တားရားတင်မက အလုပ်ရုံ တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ .. စသည်ဖြင့် နယ်ပယ်စုံမှာ ရှိတဲ့သဘောကို ညွှန်းပါတယ်။

နောက်တမျိုးပြောရရင် အရင်က အာဏာ (power) ဆိုတာ တကြောင်းသွား အထက်အောက်ဆက်ဆံရေး (one dimension) သဘောပါ။ ခု မဟုတ်တော့ဘဲ မျက်နှာစာမျိုးစုံ (Multi-dimension) ဖြစ်သွားပါတယ်။ အဲဒီမှာ အရင်ကလို အကြောက်တရားနဲ့ အလုပ်မဖြစ်တော့ပါဘူး။ အရင်ကလို အကြောက်တရားနဲ့ အာဏာ (power) ကို မတည်ဆောက်နိုင်တော့ ပါဘူး။ အဲဒီမှာ ပညာ (knowledge) က အက္ခရာဖြစ်လာပါတယ်။ လူ့အဖွဲ့အစည်းတွေကြားမှာ အာဏာတည်ဆောက်ချင်ရင် ပညာနဲ့မှ ရပါလိမ့်မယ်။ ဒီသဘောကိုညွှန်းပြီး Knowledge is Power လို့ ပြောလိုက်တာပါ။

ဘယ်လောက်လှပါသလဲ ... ။ ပါဝါအစွမ်းဆိုတာ ပညာတဲ့။ ပညာရနံ့တွေ သင်းနေတဲ့ အာဏာ (အစွမ်း) ... ။

ကျနော် အလွန်သဘောကျပါသည်။

စွမ်းချင်ရင် ပညာနဲ့ ဖြည့် ... ။ ဉာဏ်ကြီးသူတွေသာ fittest တွေ ... ရှင်သန်ကျန်ရစ်သူတွေ ... ။

ဒါပေမဲ့ အဲ့ဒီဉာဏ်ကြီးသူတွေကလည်း သူတို့ရဲ့ပါဝါကို ပြန်ဖြန့် ... ၊ အဲလိုနဲ့ လူ့အဖွဲ့အစည်းဟာ .... တခုလုံး ရှင်သန်။ (ဒါက တော့ ကျနော့်ရဲ့ အိပ်မက်ပေါ့)

ဘယ်လောက်လှပါသလဲဗျာ ... ။

ဒါပေမဲ့ .... ပေါ့လေ ... ။
ကျနော်တို့ဆီမှာတော့ အာဏာ (power) ဆိုတာ အကြောက် (fear) ပေါ်မှာပဲ အခြေခံထားတုန်း။

ကိုယ့်အနေအထားပျက်သွားမှာ ကြောက်တယ်။
ကိုယ့်ဥစ္စာဓနတွေ လျော့သွားမှာ ကြောက်တယ်။
ကိုယ့်ရှိရင်းစွဲအာဏာတွေ ပျောက်သွားမှာ ကြောက်တယ်။
...... ကြောက်တယ်။
...... ကြောက်တယ်။
...... ကြောက်တယ်။

အဲလိုနဲ့ .....
ကျနော်တို့ရဲ့ နိုင်ငံရေးဟာ ဒါဝင်ခေတ်ကနေ မထွက်နိုင်သေး .. ။
ကျနော်တို့ရဲ့ ပညာရေးဟာလည်း ဒါဝင်ခေတ်ကနေ မထွက်နိုင်သေး ... ။

အို .... အရပ်ပျက်မှာ ဇတ်ပျက်နဲ့ ကချင်သလို ကနေတဲ့ ... မိရွှေပြည် ...
ကျန်းမာပါစေဗျာ ... ။
0