ဗိုလ်သူရိန် ● ကမ္ဘာကျော် ဆူးအက်တူးမြောင်း (suez cannal) နှင့် သင်္ဘောသား

ဗိုလ်သူရိန် ● ကမ္ဘာကျော် ဆူးအက်တူးမြောင်း (suez cannal) နှင့် သင်္ဘောသား
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇

ကမ္ဘာ့ ကုန်သွယ်စီးဆင်းမှု့မှာ ရေကြောင်းပို့ဆောင်ရေးက အဓိက အခန်းကဏ္ဍကပါဝင်ပါတယ်။ ကုန်ကျစားရိတ်လည်း သက်သာသလို ပင်လယ်ကူးသင်္ဘောကြီးတွေက ကုန်တန်ချိန်များစွာတင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ထိရောက်သော ကုန်သွယ်မှုများစွာ ဖြစ်ပေါ်လာရေးအတွက် ရေကြောင်းပို့ဆောင်ရေးမှာ ပိုမိုလျင်မြန်တဲ့ ရေလမ်းကြောင်းများရှာဖွေလာကြ ပါတယ်။

အီဂျစ်နိုင်ငံ ကမ္ဘာကျော် ဆူးအက်တူးမြောင်းက သဲကန္တာရကို ဖြတ်ဖောက်ထားပြီး မြေထဲပင်လယ်နဲ့ ပင်လယ်နီကို ချိတ်ဆက် ထားတဲ့ ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အာရှမှ ဥရောပကို ပို့ဆောင်ကုန်သွယ်ကြမယ့် သင်္ဘောကြီးတွေက မိုင်
၄၀၀၀ ကျော် အာဖရိကတိုက်ကို ပတ်ပြီးမသွားရတော့တဲ့အတွက်ကြောင့် အချိန်ကုန် ငွေကုန်သက်သာတဲ့ တူးမြောင်းတစ်ခု ဖြစ်လာပါတယ်။

သင်္ဘောကြီးတွေက အလှည့်ကျ ကျောက်ချစောင့်ကြရပြီး ဆူးအက်တူးမြောင်းကို တကယ်ဖြတ်သန်းသွားလာချိန်က ၁၂ နာ ရီ ဝန်းကျင်သာကြာပါတယ်။ အိန္ဒိယသမုဒ္ဒရာကို ဖြတ်လာကြမယ့်သင်္ဘောတွေကတော့ ဆိုမာလီပင်လယ်ဓါးမြအန္တရာယ်ရှိကြ ပေမယ့် အချိန်ကုန် ငွေကုန်သက်သာတဲ့ ဆူးအက်တူးမြောင်းကိုပဲ ရွေးချယ်ဖြတ်သန်းကြပါတယ်။

ဆူးအက်တူမြောင်းကို ဖောက်လုပ်တဲ့သူကတော့ ပြင်သစ်နိုင်ငံသား မစ္စတာ ဖာဒီနယ် (mr Ferdinal De Lesseps) ဆိုသူက ၁၈၅၈ ခုနှစ်မှာ စတင် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ မိုင် ၁၂၀ ရှည်လျားပြီးအကျယ် ၂၅၄ ပေ ရေစူးအနက် ၆၆ ပေ အထိ နက်တဲ့ ဆူးအက်တူးမြောင်းကို ၁၈၆၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲ အပြီးနောက်ပိုင်း မြန်မာ့ထွက်ကုန် ဆန် ပိုးချည်ထည်များ ကျွန်းသစ်များက ဆူးအက်တူးမြောင်းဖောက်လုပ်ပြီးစီးချိန်မှာ ဥရောပတိုက်ကို စတင်ပို့ဆောင်နေပါပြီ။ မြန်မာနိုင်ငံ အင်္ဂလိပ် ကိုလိုနီလက်ထပ် ဂျာမနီ နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကုန်စည်ပြပွဲ မှာ ပေါင်မှာထိုးကွင်းများထိုးထားတဲ့ မြန်မာနှစ်ယောက်  မြန်မာ့ဆင်နှင့် ကျွန်းသစ်တုံးတွေခင်းကျင်းပြသထားတာကို ရှေး ဟောင်းဓါတ်ပုံတစ်ခုအား လေ့လာတွေ့မြင်ဖူးပါတယ်။ မြန်မာနိုင်ငံ သိပ်တော့မခေပါဘူး။ ဒါပေသိ ကံ ခေသူတွေလက်ထဲရောက် တော့ မြန်မာဆိုတာ ကမ္ဘာ့နိုင်ငံအချို့က  အခုမှ ပြန်သိလာကြတာ။ ဒါတောင် ကမ္ဘာ့ဘယ်နေရာမှာလည်းလို့ တချို့နိုင်ငံတွေက မေးလာရင် အိမ်နီးခြင်း ထိုင်းနိုင်ငံနဲ့ တွဲပြောနေရပါသေးတယ်။

ယခင်က တစ်နေ့ကို သင်္ဘော၄၉ စီးခန့်သာ
ဖြတ်သန်းနိုင်ခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၈.၄ ဘီလီယံ အကုန်ကျခံ တူးမြောင်းချဲ့ ထွင်ခဲ့ရာ ယခုအခါ ၉၇ စီးအထိ ဖြတ် သန်းသွားနိုင်ပါပြီ။  မြန်မာနိုင်ငံက ကြယ်ငါးပွင့် သင်္ဘောတွေက စူးအက်တူးမြောင်းကို ဖြတ်သန်း ဖြတ်လာ ကုန်သွယ်မှုပြု လုပ်ခဲ့ရာမှ ၁၉၉၅- ၉၆ ခုနှစ် စီးပွားရေးပိတ်ဆို့လာတဲ့အခါ မရောက်ဖြစ် မသွားဖြစ်တော့ဘူးလို့ တောင်ကိုရီးယားသင်္ဘောမှာ တာဝန်ထမ်းဆောင်နေတဲ့ ကပ္ပတိန် လူမွန်ရဲမြင့်က တူးမြောင်းအလွမ်းပြေ ပြောပါတယ်။ ကျွန်တော်က ၂၀၁၆ ခုနှစ်မှ  ပထမ ဦးဆုံး စူးအက်တူးမြောင်းကို စတင်ဖြတ်သန်းဖူးပါတယ်။ ၂၀၁၇ မှာ နောက်တစ်ကြိမ်ဖြတ်သန်းရပြန်ပါတယ်။ တူးမြောင်းရဲ့ ပင်လယ်နီဘက်အခြမ်းမှာ သင်္ဘောသား အသစ် အဟောင်း လဲလှယ်ကြတာများကြပြီး ဆိုမာလီ ပင်လယ်ဓါးမြရန်အတွက် သင်္ဘောမှငှားရမ်းတဲ့ လက်နက်ကိုင် လုံခြုံရေး security guard များ အတက်အဆင်း ပြုလုပ်ကြပါတယ်။

စူးအက်တူးမြောင်း စဖြတ်တော့မယ်ဆို သင်္ဘောပေါ်သို့ ကျွမ်းကျင် ရေကြောင်းပြ (pilot) /ရုတ်တရက် သဲမုန်တိုင်း တိုက်လာ ရင် သို့မဟုတ် သင်္ဘောတစ်ခုခုဖြစ်ရင် ကမ်းကပ် ကျောက်ချနိုင်မယ့် အရေးပေါ်လှေတစ်စီး /အလင်းအားကောင်းသော ၄၄၀ ဗို့စ် စူးအက်မီးသီးကြီးများကိုပြင်ဆင်ဖို့အတွက် ကျွမ်းကျင်လုပ်သားများက တက်ရောက်လာကြပါတယ်။ သူတို့အားလုံး က တူးမြောင်းဖြတ်သန်းပြီးချိန်မှ တဖက်မှာ ပြန်ဆင်းကြတဲ့အတွက် သင်္ဘောမှာ စူးအက်လုပ်သားများ suez အခန်းဆိုပြီး သီးသန့်ပေးထားရပါတယ်။

အလုပ်သမားများနှင့်အတူ အီဂျစ်အမှတ်တရလက်ဆောင် souvenir ပစ္စည်းများ ကွန်ပြူတာ ဖုန်းအီလက်ထောနစ် (electric ) ပစ္စည်းအသေးစားလေးတွေ ရောင်းချကြပါတယ်။ ငှက်ပျောရွက် အခြောက်ဖက်များကို စက္ကူအဖြစ် အသုံးပြုထားတဲ့ ရှေး ခတ် အီဂျစ် ပန်းချီလက်ယာများ  သားရေဂျာကင်များ စွန်ပလွန်ယိုများကတော့ သင်္ဘောသားများ အကြိုက်ဖြစ်ကြပါတယ်။ အခြားသစ်သားနဲ့ပြုလုပ်ထားတဲ့ ပရစ်မစ်ပုံ အီဂျစ် ဘုရင် ဘုရင်မရုပ်ထုများ တိရိစ္ဆာန်မျိုးစုံ ရုပ်ထုပုံများ စတဲ့ အမှတ်တရပစ္စည်း  များကိုလည်း ရောင်းချကြပါတယ်။ ဈေးနှုန်းတွေက ဈေးရောင်းသူတို့တက်လာခါစမှာ ဈေးကြီးပေမယ့် တူးမြောင်း ဖြတ်သန်း ပြီးခါနီး အချိန်ကြရင်တော့ဈေးချိုသွား တက်ကြပါတယ်။

လှပညှို့အားကောင်းသော မာယာရှင် ဘုရင်မ ကလီယိုပါထရာ (Cleopatra) ရဲ့ အီဂျစ်နိုင်ငံက ရှေးယခင်က နတ်ကိုးကွယ်သူ များကြပေမယ့် ယခုအခါမှာတော့ အစ္စလာမ်ဘာသာဝင်တွေဖြစ်နေကြပါပြီ။ နိုင်းမြစ်ဝန်းတလျှောက်က စိုက်ပျိုး ရေးများစွာ ဖြစ်ထွန်းသလို ရှေးဟောင်း ပရစ်မစ်များ မံမီရုပ်အလောင်းများ သဲကန္တာရကို ဖြတ်ဖောက်ထားတဲ့ စူးအက်တူးမြောင်းတို့ ကမ္ဘာလှည့်ခရီးသည်မျာစွာကို စိုးမိုးထားနိုင်ပါတယ်။

ထို့အပြင် ကမ္ဘာကျော် ၆ ရက်ကြာ စစ်ပွဲကဆူးအက်တူးမြောင်းရဲ့ အထင်ကရတခုဖြစ်ပါတယ်။ အဲဒီစစ်ပွဲအပြီးမှာ စူးအက်တူး မြောင်းကို ၈ နှစ်ပိတ်ပင်ခဲ့တာကြောင် သင်္ဘော ၁၄ စီး တူးမြောင်းအတွင်း ပိတ်နေခဲ့ပါတယ်။ ဒါကြောင့် ပြောရရင် သင်္ဘော သားဆိုတာ နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ ပြောလို့မရပါ။ ရောက်တဲ့နိုင်ငံအလိုက် ပြဿနာကြားဝင်ပါသွားသလို အသက်အန္တရာယ် လည်းရှိလာနိုင်တယ်။  စစ်ပွဲဖြစ်ပွားရာ ရေပြင်နယ်နိမိတ်တွေပါမကျန် အသက်ကို ပဓာနမထားပဲ စွန့်လွှတ်သွားလာရတဲ့ အလုပ်ဖြစ်နေလို့။ ခုခေတ်မှာတော့ သင်္ဘောသားများအတွက် အကာအကွယ်ပေးတဲ့ နိုင်ငံတကာ ဥပဒေတွေပေါ်နေပါပြီ။

ဆူးအက်တူးမြောင်းက ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးမှာ သိပ်အရေးပါသော တူးမြောင်းတခုဆိုတာ ငြင်းပယ်လို့မရပါဘူး။ အရှေ့အာရှက တရုတ် ဂျပန် ကိုရီးယား စတဲ့ ဆိပ်ကမ်းကြီးတွေမှစတင်ပြီး တစ်နာရီ ရေမိုင် ၂၂ မိုင်သွားနိုင်တဲ့ ကုန်သေတ္တာ တင် (containter) သင်္ဘောကြီး တွေက စူးအက်တူးမြောင်းကိုဖြတ်ပြီး မြေထဲပင်လယ်မှ တဆင့် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကာ အမေရိက အရှေ့ဘက် နယူးရောက်မြို့ဆိပ်ကမ်းများသို့ ၂၂ ရက်ခန့်သာကြာမြင့်မှာ ဖြစ်ပါတယ်။ ဆူးအက်တူး မြောင်းနဲ့အပြိုင် ပနားမားတူးမြောင်းကလည်း အရှေ့အာရှမှ ရေမိုင် ၂၂ မိုင် မောင်းနိုင်သော သင်္ဘောကြီးများကို ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်း၍ ပနားမားတူးမြောင်းမှတဆင့်ကူးဖြတ်ပြီး အမေရိက  အရှေ့ဘက် နယူးရောက်မြို့သို့ ၂၁ ရက်သာ မောင်းချိန်ကြာတဲ့အတွက် ဒီတူးမြောင်းနှစ်ခုက ဈေးကွက် အပြိုင်လုနေကြပါတယ်။ (ပနားမားတူးမြောင်းကို ဆောင်းပါး သက်သက်ရေးပါမည်။)

အီဂျစ်အစိုးရအတွက် တူးမြောင်းဖြတ်သန်းခယခင်က တနှစ်ကို ဒေါ်လာ ၅ ဘီလီယံ ရှိခဲ့ရာမှ၂၀၂၃ ခုနှစ်ကြရင် ဒေါ်လာ ၁၃ ဘီလီယံ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဆူးအက်တူမြောင်း ပနားမားတူးမြောင်းတို့က ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေး လိုအပ်ချက်အရ ဖေါ်ဆောင် ဖောက်လုပ်လာကြ တာပါ။ တူးမြောင်းဖောက်လုပ်တဲ့အခါက ငွေကြေးတခုတည်းတင် လိုအပ်တာမဟုတ်ပါဘူး။ လုပ်ငန်း အခက်အခဲများစွာ လူ့ချွေး အသက်ပေါင်းများစွာ ရင်းနှီးလာခဲ့ရတာပါ။ ထို့အတူ မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်းတွေတည်ဆောက်လာတဲ့အခါ မှာလည်း အခက်အခဲများစွာ ကြုံလာနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများကလည်း အစိုးရနဲ့တင်မဟုတ် ပြည်သူအများဆန္ဒ people to people  သွားနိုင်မှသာ လှင်မြန်စွာအဆင်ပြေ ချောမွေ့ အောင်မြင်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ပါစေ။

ဗိုလ်သူရိန်
၁၀၊ ၁၁၊ ၂၀၁၇။

ကိုးကား
အင်တာနက်မှ အချက်အလက်အချို့

Comments