ညိုထက်ညို - မြေကြီး နှင့် လူ




မြေကြီး နှင့် လူ
 ညိုထက်ညို
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၇
 
အဲဒီနေ့ မနက် ငါးနာရီလောက်မှာ ကျွန်တော်တို့ ကားလေး မန္တလေးရဲ့နှုတ်ခမ်းစပ်က ပလိပ်မြို့ကိုရောက် တယ်….
မြန်မာပြည်ရဲ့ နေ့တာအရှည်ဆုံး ဇွန်လစခဲ့ပြီမို့ ပလိပ်မြို့ကလေးရဲ့ မနက်ငါးနာရီဟာ ကျွန်တော့်မျက်စိထဲ မှာ အတော်ကြီးကို လင်းနေတယ်….

ပြီးတော့ မန္တလေး မြို့ထဲကို ကျွန်တော်တို့မဝင်တော့ဘဲ မေမြို့ကို တန်းတက်ခဲ့ကြတယ်….
မေမြို့ကို ကျွန်တော်နောက်ဆုံး ရောက်ခဲ့တာတော့ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်က မေလထဲမှာပဲ….နေရာ တစ်နေရာကို ရောက်ပြီးရင် နောက်တစ်ခါပြန်ရောက်ဖို့ကလည်း ဆယ့်ငါးနှစ်လောက် ဘဝက ကြာတယ်….
ကျွန်တော်တွေးနေရင်းနဲ့ မေမြို့ တောင်တက်လမ်းအတိုင်း ကျွန်တော်တို့ ကားကလေးက တက်လာတယ်။
ကျွန်တော် တစ်ညလုံး ကားပေါ်မှာမအိပ်ခဲ့ရပေမယ့် စိတ်ရောကိုယ်ပါ နိုးနေတယ်….။

…………………………….   ……………………………..  ………………………

ကျွန်တော်တို့ တောင်စဉ်တောင်ထွတ်တွေကို ကျော်လာတယ်….
နေရောင်ခြည်တွေမပါသေးတဲ့ အလင်းရောင်နုနုကလေးတွေ ဖြာကျနေတဲ့ အနိမ့်အမြင့်အချိုင့်အဝှမ်းတောင် စဉ် တောင်တန်းတွေကို ကျွန်တော်ငေးရင်း ကားပေါ် ပါလာတယ်….

ကျွန်တော်တို့ ၂၁ မိုင် အနီးစခန်း ကို ဖြတ်လာတယ်….
လမ်းပေါ်မှာ ဦးထုပ်ဆောင်းမထားတဲ့ ဆိုင်ကယ်စီးသူတွေကို တွေ့တယ်…
လမ်းဘေးမှာ ဘိုဆန်ဆန်ု တစ်ထပ်အိမ်ကလေးတွေကို တွေ့တယ်….
ရောင်းမည်လို့ သစ်သားဆိုင်းဘုတ်စိုက်ထားတဲ့မြေကွက်လေးတွေကို တွေ့တယ်….

ပြီးတော့ ကျွန်တော်တို့ တောင်ပတ်လမ်း အတိုင်း တက်လာရာက ညာဘက်မှာ တွေ့တဲ့ လမ်းကလေးကို ချိုးဝင် ခဲ့ကြတယ်….
ဘေးတစ်ဖက်တစ်ချက် မှာ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ လမ်းကလေး က ကား သွားလို့ ဖြစ်ရုံလောက်ပဲ ရှိမယ်….
ကျွန်တော်မွေးဖွားကြီးပြင်းလာရာ ရန်ကုန်က ကွန်ကရစ်တိုက်ခန်းကျဉ်းကလေးနဲ့ ကမ္ဘာကြီးတခုလုံးခြား သွားသလို ကျွန်တော် ခံစားရတယ်…..
ပြီးတော့ ကျွန်တော်တို့ ကားကလေးက ညာဘက်က လမ်းသွယ်လေးထဲ ထပ်ချိုးဝင်လာတယ်….
ပြီးတော့ ဘယ်ဘက်ကို ထပ်ချိုးပြီး ကားကလေးက ရပ်သွားတယ်….
ကျွန်တော်တို့စီးလာတဲ့ ကျွန်တော့်သူငယ်ချင်း သိန်းဇော် ရဲ့ကားကိုမောင်းလာတဲ့သူ့မိတ်ဆွေ ကိုဉာဏ်လင်းရဲ့ အသိခြံတဲ့….။
ကျွန်တော်တို့ကားပေါ်မှာပါလာတဲ့လူအားလုံး အောက်ကို ဆင်းလိုက်ကြတယ်….။

………………………….  ……………………….  ………………………

ကျွန်တော်တို့လာခဲ့တဲ့ တောင်တက်လမ်းနဲ့ဆို ကားနဲ့လာရင် ဒီကိုရောက်ဖို့ ငါးမိနစ်လောက်ပဲ လာရမယ်….
ဒါပေမဲ့ ဟိုးခပ်လှမ်းလှမ်းကလို့ ပြောလို့ရတဲ့လမ်းမကြီးနဲ့ ဒီနေရာ ငါးမိုင်လောက်ကွာနေသလားထင်ရတယ်။ 

ကျွန်တော့် ဘေးပတ်ချာလည်ကို ကြည့်လိုက်တော့ မြင်မြင်သမျှ အပင်တွေချည်းပဲ….
အဲဒီမှာပဲ ရှေ့မှာမြင်နေရတဲ့ မြေစိုက်တစ်ထပ်အိမ်ကလေးထဲက အမျိုးသမီးတစ်ယောက် ထွက်လာတယ်…
ကိုဉာဏ်လင်းကို လှမ်းတွေ့လိုက်တော့ အမျိုးသမီးက အသံဝဲဝဲနဲ့ လှမ်းနှုတ်ဆက်တယ်….

ကိုဉာဏ်လင်းက ပြန်နှုတ်ဆက်ရင်း ရန်ကုန်ကဝယ်လာတဲ့မုန့်ထုပ်တွေကို အမျိုးသမီးကိုပေးတယ်….. အဲဒီမှာပဲ အိမ်လေးထဲက အမျိုးသမီး ရဲ့ခင်ပွန်းဖြစ်ဟန်ရှိတဲ့ ယောက်ျားတစ်ယောက် ထွက်လာတယ်….
ပြီးတော့ ကျွန်တော်တို့ အပြန်အလှန်မိတ်ဆက်ကြရင်းနဲ့ အမျိုးသမီးက ပြီးခဲ့တဲ့တစ်ပတ်ကမှ ရန်ကုန်က ပြန်လာတာလို့ ပြောတယ်….

ရန်ကုန်မှာ ငရဲလိုပူနေလို့ ဒီမှာနေရတာ ကံကောင်းတာပေါ့လို့ ကျွန်တော်ပြောတော့ အမျိုးသမီးက ကျွန်တော့်စကားကို ထောက်ခံဟန်နဲ့ ရယ်နေတယ်….
ပြီးတော့ လင်မယားနှစ်ယောက် နဲ့ ကိုဉာဏ်လင်းစကားပြောနေတုန်း ကျွန်တော်တို့ ကျန်တဲ့လူတွေ ဟိုဟိုသည်သည် လျှောက်ကြည့်ကြတယ်….

ကျွန်တော်တို့ကားရပ်ထားတဲ့ဘေးနားက ကုန်းမြင့်လေးမှာ စတုရန်းပုံ မကျတကျ အုတ်ကန်ကြီးတစ်ကန် ရှိတာပဲ….
ကျွန်တော် ကုန်းမြင့်လေးပေါ်တက်ပြီး ကန်ဘောင်ပေါ် တက်ရပ်ကြည့်တယ်….
ကန်ဘေးပတ်ချာလည်မှာ ယူကလစ်ပင်တွေ စိုက်ထားတယ်….
ယူကလစ်ပင်တွေရဲ့အရိပ်တွေက ကြည်စိမ်းနေတဲ့ ကန်ရေပြင်ပေါ် ကျနေတယ်….
ကန်ထဲကိုကြည့်လိုက်တော့ ကျွန်တော်ချစ်တဲ့ရွှေဝါငါးကြင်းရောင်စုံကလေးတွေ ရေအောက်မှာ ကူးနေကြတယ်….
ကြည့်နေရင်းနဲ့ ပိုင်စိုးဝေ ရဲ့ ‘ဗုဒ္ဓဟူး နေ့မှ မိုင်ငါးရာ’ ကို ကျွန်တော်သတိရလာတယ်….
ဒီနေ့ဟာ ကြာသပတေးနေ့ပဲ ….
ရန်ကုန်မြို့နဲ့ မိုင်လေးရာလောက်ဝေးတဲ့တောင်ပေါ်တစ်နေရာမှာ ကျွန်တော် မတ်တပ်ရပ်နေတယ်။

………………………………   ………………………………   …………………………….

ခဏနေတော့ ကျွန်တော်တို့ ခြံရှင် လင်မယားနှစ်ယောက်ကိုနှုတ်ဆက်ပြီး ကားပေါ် ပြန်တက်တယ်…
ပြီးတော့ လမ်းကလေးအတိုင်း ပြန်ထွက်လာပြီး နောက် ခြံတစ်ခြံထဲကို ထပ်ဝင်တယ်….
မြေကြီးကို ထယ်ထိုးထားတဲ့ ထယ်ကြောင်းကြီးတွေနားမှာ ကျွန်တော်တို့ ကားရပ်လိုက်တော့ ရှေ့က မြင်နေရတဲ့ တစ်ထပ်အိမ်လေးထဲက အဘိုးကြီးတစ်ယောက် ထွက်လာတယ်….
အဘိုးကြီးကိုမုန့်ထုပ်တွေပေးပြီးတော့ ကျွန်တော်တို့ ပြန်ထွက်လာတယ်…..
လမ်းကျဉ်းကလေးအတိုင်း ပြန်ထွက်လာပြီး မေမြို့တောင်တက်လမ်းပေါ်ပြန်ရောက်တော့ စိတ်ထဲမှာ မေမြို့ကို ဆက်တက်တော့မယ် ထင်မိပေမယ့် တကယ်က အခုမှ ဇာတ်လမ်းက စတယ်…..
ကိုဉာဏ်လင်း က သူ့ခြံထဲကို သွားမယ်တဲ့ ။
……………………………………   ……………………………….  …………………………………
တောင်တက်လမ်းအတိုင်း ခဏလေးပဲမောင်းလိုက်ရပြီး ညာဘက်က လမ်းကလေးထဲ ကျွန်တော်တို့ ကားလေး ဝင်လာခဲ့တယ်…..
လမ်းထဲမှာတော့ အိမ်ကလေးတွေ တချို့တလေ တွေ့တယ်….
ဆိုင်းဘုတ်ကလေးတွေ့လို့ လှမ်းကြည့်လိုက်တော့ ‘သပြေရေရွာ’ တဲ့….။
မြေစိုက်အိမ်ကလေးတစ်လုံး ရှေ့မှာ ရပ်နေတဲ့ ကလေးလေးတစ်ယောက်ကို ကျွန်တော် ငေးနေတုန်းပဲ ကားလေးက ဘယ်ဘက်က လမ်းသွယ်လေးထဲ ထပ်ချိုးဝင်လာပြီး ခြံတစ်ခြံ ရှေ့မှာ ရပ်လိုက်တယ်…..
ကျွန်တော် ကားထဲကနေ ကြည့်လိုက်တော့ ခြံအဝင်ဝ သံတံခါးကြီးက ပိတ်ထားတယ်….
အဲဒီမှာပဲ ကိုဉာဏ်လင်း ကားပေါ်ကဆင်းသွားပြီး သံတံခါးကြားကနေ အထဲကို ချောင်းကြည့်တယ်….
ပြီးတော့ သံတံခါးအလယ်မှာ ဖောက်ထားတဲ့အပေါက်ကနေ လက်နှိုက်ပြီး အထဲက ကလန့်ကို ဖွင့်လိုက်တယ်….။
ပြီးတော့ ကိုဉာဏ်လင်း ဖွင့်ပေးလိုက်တဲ့သံတံခါးကြီးကနေ ကျွန်တော်တို့ မောင်းဝင်ခဲ့ကြတယ်။

……………………………………..   …………………………………..  ………………………………

ခြံထဲက ညိုညစ်ညစ်နဲ့ ဘာအရောင်အဆင်းမှမရှိတဲ့ Cabin လို တစ်ထပ်အိမ် ပုပြတ်ပြတ်ကလေးရှေ့မှာ ကျွန်တော်တို့ ကားရပ်လိုက်ပြီး ကားပေါ်က ဆင်းခဲ့ကြတယ်….
ကိုဉာဏ်လင်းကတော့ သူ့ဖုန်းကို ကိုင်ပြီး တစ်ယောက်ယောက်ကိုခေါ်ရင်း ကျွန်တော်တို့ဆီ ခြံဝကနေ လျှောက်လာတယ်….
အိမ်ကလေးရှေ့ ခပ်လှမ်းလှမ်းမှာ အတန်းလိုက်စိုက်ထားတဲ့အပင်ပေါက်စကလေးတွေကို ကျွန်တော် ကြည့်နေတုန်းပဲ ကိုဉာဏ်လင်းက အိမ်ကလေးထဲ ဝင်သွားတယ်….
ကျွန်တော် နဲ့ သိန်းဇော် လည်း အိမ်ကလေးထဲ လိုက်ဝင်ခဲ့ကြတယ်။

……………………………….   …………………………   ………………………….

အိမ်ကလေးထဲမှာတော့ ထောင့်မှန်စတုဂံပုံ ခြေတံတိုတို စားပွဲတစ်လုံး ရှိတယ်….
စားပွဲနောက်မှာ ခပ်ကြမ်းကြမ်း သစ်သားနဲ့ရိုက်ထားပုံပေါ်တဲ့ ခုံနှစ်လုံး ရှိတယ်….
အိမ်ကလေး ရဲ့မျက်နှာကြက်မှာ မီးချောင်းလေးတစ်ချောင်း ရှိတယ်….
အိမ်ကလေးရဲ့ ကြမ်းပြင်မှာတော့ ဖုန်တွေကော အမှိုက်အတိုအစတွေကောနဲ့ ရှုပ်ပွနေတယ်….
အဲဒီမှာပဲ ကိုဉာဏ်လင်းက ‘ဆိုလာလေ’ လို့ ပြောတော့ မေမြို့နဲ့ နီးနီးကလေးနဲ့ ဝေးနေတဲ့ အိမ်ကလေးမှာ လျှပ်စစ်မီးမရှိမှန်း ကျွန်တော် သဘောပေါက်သွားတယ်….
တဆက်တည်း ကိုဉာဏ်လင်းက ဒီမှာမှမဟုတ်ဘဲ ဒီနားတဝိုက်မှာ ဘယ်မှာမှလျှပ်စစ်မီး မရကြောင်း ရှင်းပြတယ်….
ဒါနဲ့ပဲ ဆိုလာဆင်ထားရတာတဲ့….၊ အားပြည့်ရင် တီဗီခပ်သေးသေးတော့ ကြည့်လို့ရတယ် ပြောတယ်….။

ညဆိုရင်တော့ ရှိတဲ့မီးချောင်း မှုန်တိမှုန်ဝါးလေးတစ်ချောင်းနဲ့ ချောက်ချားစရာ ဖြစ်နေမှာပဲ….
တစ်ယောက်တည်းနေရရင်တော့ မလွယ်ကြောပဲ….
အရေးထဲ သိန်းဇော်က ရန်ကုန်ကနေထွက်ပြေးခဲ့တဲ့ ကျွန်တော့်ကို ဒီမှာ လာနေပါလား နောက်နေတယ်….
ညဘက် လူခြေတိတ်ချိန်ပိတ်ထားတဲ့တံခါးကို ခေါက်သံကြားလိုက်ရလို့ကတော့ ဖွင့်ရအခက် မဖွင့်ရအခက် နဲ့ ဒုက္ခပဲ….။

ဒီနေရာနဲ့ အနီးဆုံးအိမ်တောင် အတော်အော်ယူမှ ကြားရလောက်မယ့်အနေအထားမှာ ရှိတယ်….
တွေးနေရင်းနဲ့ပဲ ကျွန်တော်တို့ အိမ်လေးထဲက ပြန်ထွက်လာတယ်….
အဲဒီမှာပဲ ဖွင့်ထားတဲ့ ခြံဝကတံခါးက အသက်သုံးဆယ်လောက် လူတစ်ယောက် ဝင်လာတယ်….
ကိုဉာဏ်လင်းကို မေးကြည့်လိုက်တော့ အဲဒီလူက ကိုဉာဏ်လင်းရဲ့ခြံကို လုပ်ပေးနေတဲ့ လူတဲ့….
ကိုဉာဏ်လင်းနဲ့ အဲဒီလူတွေ့ပြီး စကားပြောနေကြတုန်းပဲ ကျွန်တော် ကိုဉာဏ်လင်းရဲ့ခြံကို လှည့်ပတ်ကြည့် တယ်….

ကြည့်ရတာ ဧကဝက်လောက်တော့ ရှိမယ်ထင်တယ်….
နောက်ဘက်မှာ ရှိသေးတယ်လို့ ကိုဉာဏ်လင်းက ပြောလို့ ကချင်မှလည်း ကမယ်….
ခြံထဲမှာတော့ အိမ်ကလေးရှေ့ခပ်လှမ်းလှမ်းမှာ အတန်းလိုက်စိုက်ထားတဲ့အပင်ပေါက်စလေးတွေပဲ ရှိတယ်….
ကျွန်တော်ကြည့်နေတုန်း ခုနကလူက အိမ်ထဲဝင်သွားလို့ ကိုဉာဏ်လင်းကိုသိချင်တာတွေ မေးကြည့်တော့ ကိုဉာဏ်လင်းက ကျွန်တော့်ကို ပြောပြတယ်….
ဒီခြံက သူ့အမေနဲ့ပတ်သက်ပြီး ကြွေးကိစ္စတစ်ခု နဲ့ သူ ဖြတ်ယူလိုက်ရတာတဲ့….
သိန်းလေးရာ့ငါးဆယ်လောက် ပေးရတယ် ပြောတယ်….
ဘာမြေလဲလို့ ကျွန်တော်မေးကြည့်တော့ သစ်တောပိုင်မြေတဲ့….
ဂရမ်ခံပြီးလုပ်ရတာတဲ့….
ဒါပေမဲ့ ဂရမ်ကို လွှဲပြောင်းရောင်းချလို့တော့ မရဘူးတဲ့….
ဒီလိုပဲ နားလည်မှုနဲ့ ရောင်းကြဝယ်ကြရတာတဲ့….
သူလည်း ပြန်ရောင်းချင်တာ ရောင်းမထွက်လို့ ခု ခြံစိုက်ဖို့လုပ်နေရတယ် ပြောတယ်….
ခု ရှေ့မှာ စိုက်ထားတဲ့အပင်လေးတွေက Macadamia ပင်လေးတွေတဲ့….
အစေ့ကို စားရတယ် ပြောတယ်….။

ကျွန်တော် ကိုဉာဏ်လင်းကို အင်တာဗျူးပြီးတော့ ခြံရဲ့အစွန်ဘက်ကို ထွက်လာခဲ့တယ်….
အဝေးကိုမျှော်ကြည့်လိုက်တော့ ကျွန်တော် ဘာပင်ရယ်လို့ခွဲခြားမသိတဲ့ ပင်စည်လုံးသေးသေးသွယ်သွယ် နဲ့ အပင်တွေကို ဟိုးနောက်က တောင်ကုန်းတွေ ကုန်းမြင့်တွေ ပြာလဲ့လဲ့ ဖြူလွလွ မိုးတိမ်တွေရဲ့နောက်ခံမှာ တွေ့နေရတယ်….

လေတိုက်ရာဘက်ကို ယိမ်းနေတဲ့အရွက်တွေကို ကြည့်နေရင်းနဲ့ မေမြို့ တောဘက်မှာ ခြံလေးတစ်ခြံ ဝယ်ထားတယ်ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ကို သတိရလာတယ်….
သူလည်း ပြန်ရောင်းချင်နေတယ်ဆိုပဲ….

ကျွန်တော် ပြန်လှည့်ထွက်လာတော့ ခြံထဲမှာ ခုနက သတိမထားမိတဲ့တိုင်ကီတစ်လုံး ကို တွေ့တယ်….
တိုင်ကီရှိရာသွားကြည့်လိုက်တော့ အထဲမှာ စိမ်းနောက်နောက်နဲ့ ရေက သုံးပုံးတစ်ပုံ လောက်ပဲ ရှိမယ်….
တိုင်ကီနဲ့ မနီးမဝေးမှာတော့ ဖိုခနောက်ဆိုင်ထားတဲ့ အုတ်ခဲသုံးလုံးပေါ်မှာတင်ထားတဲ့ အိုးလေးတစ်လုံး ရှိတယ်….
ပြီးတော့ အပင်လေးတွေ စိုက်ထားတဲ့နေရာနား ကျွန်တော် ပြန်လျှောက်လာပြီး ညောင်းလာတာနဲ့ မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက် မိတယ်။

…………………………  ………………………..  ……………………………

တောင်ပေါ်ဒေသ မို့ ထင်တယ်…. ဒီနေရာက မြေတွေက အနီရောင် စပ်စပ်နဲ့….။
မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်မိမှပဲ ကျွန်တော် မြေကြီးနဲ့ ဘယ်လောက်ဝေးမှန်း သိတော့တယ်….
ကျွန်တော့်ဘဝမှာ အသက်ကြီးမှ မပြောနဲ့၊ ကလေးဘဝတုန်းကတောင် မြေကြီးပေါ်မှာ တစ်ခါမှမဆော့ဖူးတာ သတိရလာတယ်….။

ကျွန်တော်သိတဲ့ မြေကြီးဆိုတာ ကတ္တရာလမ်းမ နဲ့ ရန်ကုန်မြို့လယ်က ပလက်ဖောင်းတွေပဲ….
စိန်ပြေးတမ်း ဆော့ခဲ့တာလည်း အဲဒီ ပလက်ဖောင်းတွေပေါ်မှာပဲ…. ဂေါ်လီမဖြစ်စလောက် ရိုက်ခဲ့တာ လည်း အဲဒီမှာပဲ…. ကော်ဘောလုံးကလေးနဲ့ ဘောလုံးကန်ခဲ့တာလည်း အဲဒီမှာပဲ….။

မြေကြီး နဲ့ အဝေးလံဆုံး ဆုကိုပေးရင် ကျွန်တော် ရလောက်မယ် ထင်တယ်….
ဘာပဲဖြစ်ဖြစ် လူအနေနဲ့ ပြောရရင်တော့ ကျွန်တော်တို့ မြေကြီးပေါ်မှာ လူ့သမိုင်းကို စခဲ့ကြရတယ်…..
ဒီမြေပေါ်မှာပဲ ထွန်ယက်စိုက်ပျိုးရင်း နဲ့ ကျွန်တော်တို့ လူ့ဘောင်ကို တည်ထောင်ခဲ့ရတယ်….
ဒီမြေပေါ်မှာပဲ နေပြီး ဒီမြေပေါ်မှာပဲ သေခဲ့ကြတယ်….
ကျွန်တော့်ရဲ့ဘိုးဘွားအနွယ်အဆက်လည်း ဒီအတိုင်းပဲ…. တခြားသူတွေရဲ့ဘိုးဘွားအနွယ်အဆက်လည်း ဒီအတိုင်းပဲ….။
ကျွန်တော်တို့မြေကြီး နဲ့ ဝေးခဲ့ရတာ တကယ်ဆို ရှိလှမှ မျိုးဆက်နှစ်ဆက် သုံးဆက်လောက်ပဲ ရှိဦးမယ်….

အဲဒီအရင် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ မြေကြီး နဲ့ ကျွန်တော်တို့ ပတ်သက်ခဲ့မှာပဲ….
တွေးနေရင်းနဲ့ ပူပြင်းတောက်ပနေတဲ့ နေမင်းကြီး နဲ့ တစ်ရက်တစ်ရက် နပမ်းလုံးနေရတဲ့ ရန်ကုန် မြို့လယ်ကောင်က ကျွန်တော်နေတဲ့ တိုက်ခန်းလေးကို သတိရလာတယ်….။

အဲဒီ တိုက်ခန်းလေးက ကျွန်တော် မနေ့ကမှ ဒီကိုထွက်ပြေးလာခဲ့တာပဲ….
တွေးနေရင်းနဲ့ ခုနက သိန်းဇော်ပြောတဲ့ ဒီမှာ နေခဲ့ပါလားဆိုတဲ့ စကားကို ပြန်ကြားမိတယ်….
နေမယ်ဆိုရင် တကယ်တော့ နေလို့ ဖြစ်တာပါပဲ….
လျှပ်စစ်မီး မရှိတဲ့ဘဝမှာ နေနိုင်မယ်ဆို၊ ကိုယ့်ဘာသာကိုယ် ဟောဟိုက အုတ်ခဲသုံးလုံး ဖိုခနောက်ဆိုင် ဒန်အိုးကလေး နဲ့ ထမင်းချက်စား နိုင်မယ်ဆို၊ အင်တာနက်မသုံးဘဲ နေနိုင်မယ်ဆို၊ ဘယ်သူ့ကိုမှတွေ့စရာ လည်းမလို မျှော်စရာလည်းမရှိတဲ့ဘဝမှာ တစ်ယောက်တည်း စကားတွေ ပြောရင်းနဲ့ပဲ နေနိုင်မယ်ဆို၊ ကျွန်တော် မြတ်နိုးမိတဲ့အပင်တွေ လေညင်းတွေ တောင်တန်းကုန်းမြင့်တွေကြား တစ်ယောက်တည်း သီချင်းတွေ ညည်းရင်းနဲ့ပဲ နေနိုင်မယ်ဆို နေလို့ဖြစ်တာပါပဲ….
မနေလို့လည်း ဖြစ်တာပါပဲ….

တွေးနေရင်းနဲ့ ရှေ့မှာ မြင်နေရတဲ့ နီစပ်စပ် မြေကြီးခဲကလေး တစ်ခဲကို ကျွန်တော် လက်နဲ့ လှမ်းယူလိုက်မိ တယ်….
ကျွန်တော့် လက်ထဲမှာ မြေကြီးခဲကလေး က မွမွလေးနဲ့ နွေးနေတယ်….
ချစ်ခြင်းမေတ္တာ စစ်စစ်လိုပဲ တကယ့်ကို မွမွလေး နဲ့ နွေးနေတယ် ။     

ညိုထက်ညို

Comments