မောင်ကျေးရေ ● လူနှင့် ရေ ... ရေနှင့် လူ

 မောင်ကျေးရေ ● လူနှင့် ရေ ... ရေနှင့် လူ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂ဝ၁၇

လူသည် လွန်ခဲ့သော နှစ်သန်းပေါင်း (၇) သန်းကျော်ကာလ၊ လူဝံ မျောက်ဝံများခေတ်ကစ၍ ရေသုံးစွဲလာကြောင်း ကမ္ဘာ့ သမိုင်းမှတ်တမ်းများက ဖေါ်ပြထားသည်။ မြန်မာ့သမိုင်းမှတ်တမ်းအရ၊ ဝိဓူရဇာတ်တော်တွင် "ရေပြည့်သောအိုးကိုမြင်ကာ မျှနှင့် လက်အုပ်ချီမိသည်" ဆိုသောစာသားကိုဖတ်ရ၏။ ဘုရားရှင်လက်ထက်ကဖြစ်သည်။ မြန်မာလူမျိုးများအတွက်မူ ထိုကာလကစသည်ဟု ယူဆရသည်။ ယနေ့အထိ ရေကိုအသုံးပြုနေဆဲ၊ လိုအပ်နေဆဲဖြစ်သည်။

ရေသည် သဘာဝ၏ လက်ဆောင်မဟုတ်၊ သဘာဝကပေးထားသောပစ္စည်း (Property) ဖြစ်သည်။ လူသည် ဆင်းရဲချမ်းသာ မရွေး၊ သောက်သုံးရေမရှိဘဲ နေလို့မရပါ။ မြန်မာစကားပုံတခုက ဖော်ညွန်းထားသေးသည်။ "ရေအသက် တမနက်၊ ထမင်း အသက်ခုနှစ်ရက်”။ လူသည် ရေမရှိဘဲ ရှင်သန်၍မရပါ။ လူ့ခန္ဓာကိုယ်သည် ရေဓါတ်အများဆုံးနှင့် ဖွဲ့စည်းထား၏။ (၇ဝ) ရာခိုင်းနှုန်းသည် ရေသာဖြစ်သည်။

ဦးနှောက်၏ရေလိုအပ်ချက်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသည့် ရေပမာဏ၏ (၈ဝ) ရာခိုင်နှုန်းဖြစ်သည်။ သွေးအတွက် ရေလိုအပ်ချက်သည် (၈၅) ရာခိုင်နှုန်း၊ နှလုံး၏လိုအပ်ချက် (၇၈) ရာခိုင်နှုန်း၊ အဆုတ်သည် (၈ဝ)ရာခိုင်နှုန်း၊ ကျောက်ကပ်က (၈၃) ရာခိုင်နှုန်း၊ အသဲက (၈၅) ရာခိုင်နှုန်း၊ အရိုးသည် (၂၅) ရာခိုင်နှုန်း၊ တံတွေး၊ သွားရည်များသည် (၉၅) ရာခိုင်နှုန်း၊ ကြွက်သားက (၇၅) ရာခိုင်နှုန်း၊ အသားအရည်က (၇ဝ) ရာခိုင်နှုန်း၊ လိုအပ်နေသည်။ သို့ပါသဖြင့် ရေဓာတ် (၅) ရာခိုင်းနှုန်း လျော့သွားပါက အသားအရေခြောက်သွေ့လာပြီး မျက်နှာပြာအမ်းအမ်းဖြစ်လာမည်။ (၁ဝ) ရာခိုင်နှုန်းနှင့်အထက် ကျော်လွန် လာပါက ရေငတ်ဝေဒနာဖြင့် ကွယ်လွန်သွားနိုင်ပါသည်။

ရေ၏အာနိသင်သည် ခန္ဓာကိုယ်အပူချိန်ကို မျှတစေသည်။ သွေးလည်ပတ်မှုကိုဖြစ်စေ၏။ မျက်စိ၊ မျက်လုံးနာခေါင်းတို့ အမြဲ စို ပြေနေစေသည်။ ရေကို တနေ့ (၁.၅) လီတာ အနည်းဆုံးသောက်သင့်သည်။ ဆာဟာရသဲကန္တရအတွင်းနေထိုင်သော လူမျိုးစုများသည် ညအချိန်သာ ခရီးသွားကြသည်။ ခရီးသွားရင်လည်း တနေ့စာ ရေ (၅) လီတာပါရင် လုံလောက်သည်။ ခန္ဓာကိုယ်၏ ရေလိုအပ်ချက်ကို ပြန်ဖြည့်ပေးနိုင်သည်။ လူသည် မိမိခန္ဓာကိုယ်၊ ကလီဇာများ အစဉ်လည်ပတ်နေရေး၊ မလို အပ်သောအညစ်အကြေးများ စွန့်ပစ်ရေးတို့အတွက် ရေလိုအပ်သည်။ သန့်စင်သော၊ စိတ်ချစွာ သောက်သုံးနိုင်သော ရေကို နေ့စဉ်လိုအပ်သည်။ ရေကြောင့်ဖြစ်သော ကာလဝမ်းရောဂါ၊ အသဲရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျားရောဂါ စသည့် ကူးစက်ရောဂါများကို တားဆီးပေမည်။ ရေကို ရေအေး၊ ရေနွေး၊ ရေခဲ စသည်ဖြင့် ပုံစံမျိုးစုံသုံးကြသည်။

ကမ္ဘာတဝှမ်း လူတစ်ဦးခြင်းစီ၏ တနေ့ပျမ်းမျှ ရေသုံးစွဲမူ့ပမာဏသည် (၂၃ ဂါလံ / ၈၇ လီတာ) ဖြစ်သည်။ အမေရိကသည် (၉၂. ၅ဝ ဂါလံ / ၃၅ဝ လီတာ)၊ ဥရောပ (၅၃ ဂါလံ /၂ဝဝ လီတာ)၊ အာဖရိက၊ (၅ ဂါလံ /၂ဝ လီတာ)၊ ဖွံဖြိုးဆဲနိုင်ငံများ (၁၃ ဂါလံ / ၅ဝ လီတာ) ဖြစ်သည်။



လူတို့၏ရေသုံးစွဲမှုသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံ၊ နေရာဒေသနှင့် ဆင်းရဲချမ်းသာအလိုက် ကွာဟသည်။ အမေရိကန် ရေအသုံးချရေးသင်းအဖွဲ့အဆိုအရ၊ အမေရိကန်နိုင်ငံအတွင်း လူတစ်ဦးခြင်းစီ၏ တစ်နေ့ ရေသုံးစွဲမှုပမာဏသည် (၈ဝ ဂါလံ / ၃ဝ၂.၈ဝ လီတာ) ဖြစ်သည်။ အန္ဒိယသည် (၃၅.၆ဝ ဂါလံ / ၁၃၅ လီတာ) သုံးသည်။ မြန်မာနိုင်ငံ၏ ပျမ်းမျှသောက်သုံးရေသုံးစွဲ မှု သည် (၂၅ ဂါလံ / ၉၅ လီတာ) ဖြစ်သည်။ ကျေးလက်ဒေသနေ တောင်သူများ၏ သုံးစွဲနှုန်းသည် ထိုတစ်ဝက်ထက်လျော့သည်။

ရေသည် သတ္တလောက၊ လူနှင့်တိရိစ္ဆာန်များအားလုံးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးအကြီးဆုံးသော မရှိမ ဖြစ် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်က မိုးခေါင်ရေရှားအရပ်၊ အညာဒေသတွင်နေခဲ့စဉ်၊ ရှေးက အဖိုး အဖွားတွေ အမြဲပြောနေကြစကားတစ်ခွန်း နားထဲစွဲနေပါသည်။  ရေမကြွယ်၊ မီးမကြွယ်" တဲ့။ အဓိပ္ပါယ်က "ရေသည် အမြဲ ရရှိမနေ၊ သို့ပါ၍ သိုလှောင်ထားရမည်။ ထို့အတူ မီး (ထင်းမီးကို ဆိုလိုပါသည်) လည်း အမြဲမွှေးပြီးရှိမနေ၊ ထင်းရှိမှဖြစ်သည်။ ထို့ကြောင့် နွားလှည်းပေါ် ထင်းတင်ရောင်းသောထင်းလည်း လာတုန်းဝယ်ထားက၊ နေ့ဖို့ ညစာ စိတ်ချရသည်" ဟု ဆိုလိုပါ သည်။ ရေတန်ဘိုးသိလောက်မည်ဖြစ်ပါသည်။ သောက်ရေ၊ သုံးရေ၊ စက်ရုံအလုပ်ရုံ သုံးရေ၊ စိုက်ပျိုးရေးလုပ်ငန်းသုံရေ စ သည်ဖြင့် ကဏ္ဍစုံအတွက် ရေလိုအပ်သည်။ သဘာဝရေထွက်များ၊ စိမ့်စမ်းရေများ၊ မြေအောက်ရေများ၊ မိုးရေ၊ မြစ်ချောင်း အင်းအိုင်ဆည်မြောင်းကန်ချောင်းစသည့်တို့သည် အဓိက ရေပင် ရေရင်း များဖြစ်ကြသည်။ ထာဝစဉ်တည်တံ့၍ စိတ်ချစွာ သောက်သုံးနိုင်သော၊ ရေကောင်းရေသန့်ဖြစ်တည်နေရမည်။ သို့မှသာ လုံလောက်စွာရရှိနိုင်မည်ဖြစ်သည်။ ရေသည် အေးမြ ၏။ သန့်စင်၏။ အသက်ဆက်ပေးနိုင်၏။

သန်ရှင်းသော သောက်သုံးရေပမာဏသည် တကမ္ဘာလုံးရှိရေပမာဏ၏ တစ်ရာခိုင်နှုန်းအောက်တွင်သာ ရှိပါသည်။ ထိုသန့် စင်သောရေချိုပမာဏ (နှစ်စဉ် ရေကုဗကီလိုမီိတာ (Cubic Kilo-meter) ပေါင်း (၃၈ဝဝ) ကျော်) ၏ (၁ဝ) ရာခိုင်နှုန်းသည် သာလျှင် သောက်သုံးရေဖြစ်ပါသည်။

ရေအရင်းအမြစ်ဆိုသည်မှာ လူနှင့် ပတ်ဝန်းကျင်အတွက် (သောက်သုံးရေ၊ စိုက်ပျိုးရေ၊ စက်ရုံ အလုပ်ရုံသုံးရေ၊ လူမှုပတ်ဝန်း ကျင်သုံးရေ စသည့်လိုအပ်ချက်များ) လိုအပ်သလို စိတ်ချစွာအသုံးပြုနိုင်သောရေ (မြေပေါ်ရေနှင့် မြေအောက်ရေ) ကို ခေါ် ဆိုပါသည်။ ကမ္ဘာ့ရေထု၏ (၉၈) ရာခိုင်နှုန်းသောရေ (ပင်လယ်ရေနှင့် ဒီရေအတက်အကျရှိသည့် ပင်လယ်စပ်အနီးအနားရှိ မြစ်ချောင်းအင်းအိုင်များ၊ ဆားငံရေအိုင်များနှင့် အငံဓာတ်ပျော်ဝင်နေသော မြေအောက်ရေ) တို့သည် သောက်သုံး၍ မရနိုင် သော ရေငံများဖြစ်ပါသည်။ ကျန် (၂.ဝ) ရာခိုင်နှုန်းသောရေသည်သာ သောက်သုံးနိုင်သောရေဖြစ်ပါသည်။ ထိုသောက်သုံး နိုင်သောရေများတွင် ရေခဲမြစ်များ၊ ရေခဲတောင်များ၊ မြေပေါ်ရေချိုနှင့် မြေအောက်ရေချိုများ ပါဝင်ပါသည်။ ရေခဲမြစ်များ၊ ရေခဲတောင်နှင့် နှင်းတောင်များမပါဝင်ပါက အမှန်တကယ်သောက်သုံးနိုင်သည့် ရေပမာဏမှာ (၁၃) ရာခိုင်နှုန်း၊ (မြေပေါ်ရေ (၁) ရာခိုင်နှုန်းနှင့် မြေအောက်ရေ (၁၂) ရာခိုင်နှုန်းသာလျှင်ရှိပါသည်။

ဘုံဘိုင်ရေပူ၏ ပျမ်းမျှအပူချိန်သည် (၅ဝ) ဒီဂရီခန့်ဖြစ်ပြီး ရေအေးသည် (၇) ဒီဂရီခန့်ဖြစ်သည်။ ရေဆူမှတ်အပူချိန်သည် (၁ဝဝ) ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၂၁၂) ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ လူတို့ပုံမှန်သောက်သုံးနေသော ရေ၏အပူချိန်သည် (၅ဝ-၇၂) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိ၏။

မြေအောက်ရေသည် သောက်သုံးနေသည့်ရေများတွင် ဒုတိယမြောက်အကြီးဆုံးသော ရေချိုရေအောင်းလွှာဖြစ်သည်။ မြေ ပေါ်ရေ (မြစ်ချောင်း၊ ကန်အင်အိုင်းများသည် ကမ္ဘာ့ရေချို၏ (၁.ဝ) ရာခိုင်းနှုန်းအောက်တွင်ရှိသည်။ မြေအောက်ရေသည် (၁၂) ရာခိုင်နှုန်း ရှိသည်။ ကမ္ဘာပေါ်ရှိ ရေများပြန့်နှံ့တည်ရှိနေမှုကို အောက်ပါဇယားဖြင့်ပြထားပါသည်။


ရေတို့၏ ဂေဟစနစ်သည် စားသောက်ကုန်ထုတ်လုပ်ရေး၊ လူ့အသုံးအဆောင်စက်ပစ္စည်း၊ ယာဉ်ရထားထုတ်လုပ်ရေး၊ ရေ ကောင်းရေသန့်ရရှိရေး၊ ရောဂါအများထိမ်းချုပ်ရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက်အကျိုးပြုလျက်ရှိပါသည်။ မိုးရေသည်လည်း လူတို့အသုံးပြုသည် ရေအမျိုးအစားတစ်ခုအနေနှင့် ပါဝင်သည်။

● လူနှင့် ရေဆက်သွယ်ခြင်း

လူတိုအတွက် သောက်ရေ၊ သုံးရေ၊ စက်ရုံအလုပ်ရုံသုံးရေ၊ လူမှုပတ်ဝန်းကျင်အတွက် သုံးရေတို့မှာ ပေါများစွာရှိသည်ဟု  မှတ် ယူ၍မရနိုင်ပါ။ သို့ပါ၍ လက်ရှိသောက်သုံး၍ရနိုင်သောရေကို ရေအရည်အသွေးမပျက်စီးအောင် ထိန်းသိမ်းသွားနိုင်ရန်၊ ရေရှည်အသုံးပြု၍ရနိုင်အောင် ဆောင်ရွက်ကြရန် အရေးကြီးပေသည်။ မြေပေါ်မြေအောက် ရေအရင်းအမြစ်မှာ သဘာဝ အလျောက်ဖြစ်တည်နေသော အရာများဖြစ်ပေသည်။

ကမ္ဘာတဝှမ်းရေသုံးစွဲမှုပမာဏသည် တိုးတက်သောနေရာဒေသနိုင်ငံအလိုက်ကွဲပြားသည်။ တကမ္ဘာလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက် သုတေသနပြုရာ အိမ်သုံးသောက်သုံးရေသည် (၈) ရာခိုင်နှုန်း၊ စက်ရုံအလုပ်ရုံသုံးသည် (၂၂) ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် (၇ဝ) ရာခိုင်နှုန်း ဖြစ်နေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် လုပ်ငန်းသုံးရေကို ထိမ်းထိမ်းသိမ်းသိမ်း သုံးစွဲမှုနည်းကြောင်း သိသာသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ရေကို စနစ်တကျအသုံးပြုကြောင်း ကိန်းဂဏန်းများအရ သိသာနေသည်။

နေရာဒေသအများစုတွင် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများအပြားအသုံးပြုနေကြပါသည်။ မြေပေါ်ရေရှိမှု အလားအလာနည်းပါးသည့်နေရာဒေသများနှင့် မြေပေါ်ရေနှင့် ဝေးလွန်းသည့်နေရာဒေသများတွင်သာ မြေအောက်ရေကို ထုတ်ယူ အသုံးပြုကြပါသည်။ မိုးရေကို အသုံးပြုကြရသည်။


ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာ၏။ မိုးရွာသွန်းမှုလျော့နည်းလာ၍ အငွေ့ပြန်နှုန်း ပိုမိုလာပြီး ရေ အရင်းအမြစ်များသည် ရေပမာဏလျော့နည်းလာသည်။ ထိုအခါ ရေအရည်အသွေးများကျဆင်းလာပေမည်။ လူတို့ အ တွက် ရေလိုအပ်မှုပိုမိုများပြားလာစေမည်။ စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း အထွက်နှုန်းများ ကျဆင်းလာမည်။ မိုးခေါင် ရေရှားမှုကြောင့် စိုက်ပျိုးရေအတွက်ပါ ရေလိုအပ်ချက်များပြားလာပေမည်။ အဆိုပါအချက်အလက်များကလူ၊ ရာသီဥတု နှင့် ရေအရင်းအမြစ် (မြေပေါ်ရေ၊ မြေအောက်ရေ) ဆက်နွယ်မှုရှိနေကိုပြနေသည်။

တကမ္ဘာလုံးရှိ (၄ဝ) ရာခိုင်နှုန်းသောလူဦးရေသည်သာ ရေကို ပြည့်ပြည့်ဝဝ အသုံးပြုနေပေသေးသည်။ သက္ကရာစ် ၂ဝ၃ဝ နှောင်းပိုင်းတွင် လူနှင့်ရေ ဆက်နွယ်မှုများ ပိုမိုကျဆင်းလာပေမည်။

၂၁ ရာစုအတွင်းနှင့် နှောင်းပိုင်းကာလများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကြောင့် ရေအရင်းအမြစ်များကို များစွာထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ ဤသို့ ဖြစ်ပျက်လာနိုင်စေခြင်းသည် လူနှင့်ရေ ဆက်နွယ်နေမှု ကို ကောင်းကျိုးမဟုတ်၊ ဆိုးကျိုးသာဖြစ်စေမည်။



မြန်မာနိုင်ငံတွင် နှစ်စဉ်သုံးစွဲနိုင်သော မြေပေါ်ရေအရင်းအမြစ် ကုဗကီလိုမီတာပေါင်း (၁ဝ၈၂) နှင့် မြေအောက်ရေအရင်း အမြစ် ကုဗကီလိုမီတာပေါင်း (၄၉၅) ရှိပါသည်။ မြေပေါ်မြေအောက် စုစုပေါင်း ရေအရင်းအမြစ်ပမာဏ (၁၅၇၇) ကုဗကီလို မီတာ၊ နှစ်စဉ် ပြည်တွင်းပြန်လည်ဖြည့်တင်းပေးနိုင်သည့် ရေပမာဏ (၈၈ဝ.၆ဝ) ကုဗကီလိုမီတာ၊ နှစ်စဉ်ထုတ်လုပ်ပေးသည့် မြေအောက်ရေပမာဏ (၁၅၆) ကုဗကီလိုမီတာ၊ နှစ်စဉ်ထုတ်လုပ်ပေးသည့် မြေပေါ်ရေပမာဏ (၈၇၆.၆ဝ) ကုဗကီလိုမီတာ၊ မြေပေါ်ရေ၊ မြေအောက်ရေ ဆက်စပ်နေသည့်ကဏ္ဍတွင် နှစ်စဉ်ရေပြန်လည်ဖြည့်တင်းပေးနိုင်မှု (၁၅ဝ) ကုဗကီလိုမီတာ၊ ရေအရင်းအမြစ်စုစုပေါင်း၏ နှစ်စဉ်ပြန်လည်ဖြည့်တင်ပေးနိုင်မှုပမာဏ (၁ဝ၄၅.၆ဝ) ကုဗမီတာဖြစ်ပါသည်။

စိုက်ပျိုးရေးအတွက် ရေအသုံးပြုမှုမှာ (၃ဝ) ကုဗကီလိုမီတာခန့်နှင့်စက်ရုံအလုပ်ရုံနှင့် အများပြည်သူတို့၏ သောက်သုံးရေမှာ (၃) ကုဗကီလိုမီတာခန့်ရှိသဖြင့်မြေပေါ်ရေသုံးစွဲနိုင်မှုပမာဏ၏ (၁ဝ) ရာခိုင်နှုန်းအောက်တွင်သာရှိပါသည်။ မြေအောက်ရေ ၏ (၁ဝ) ရာခိုင်နှုန်းခန့်သာ အိမ်သုံး၊ သောက်သုံးရေအဖြစ် အသုံးပြုကြပြီး စိုက်ပျိုးရေအတွက် (၅) ရာခိုင်နှုန်းသာ အသုံးပြု သည်။ မြန်မာနိုင်ငံ လူထုအပြုရန် ရေအရင်းအမြစ် (မြေပေါ်၊မြေအောက်) များစွာရှိနေပါသေးသည်။

မြန်မာနိုင်ငံတွင် လူနှင့် ရေဆက်နွယ်၊ ဆက်သွယ်မှု ပိုမိုကောင်းမွန်ရေးကို အကျိုးပြုစေမည့် ရေအကျိုးဆယ်ပါး (ဆုမတောင်း ပဲရရှိနိုင်သည့် အကျိုးကျေးဇူး) မြဲရနေမည့်ဟု သိရှိခံယူထားသော ဝိသေတများမှာ ...

၁။ အာယဝါ (အသက်ရှည်ခြင်း)    
၂။ ဝဏ္ဏဝါ (အဆင်းလှခြင်း)    
၃။ ဗလဝါ (ခွန်အားကြီးမားခြင်း)
၎။ ဓိယော (ဉာဏ်ပညာကြီးခြင်း)    
၅။ လသဝါ (အချွေအရံပေါများခြင်း)
၆။ သုခိ (ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း)    
၇။ အပဓိကော (သူတပါးတို့ ရိုသေလေးစားခြင်း)        
၈။ နမိသဝိယေါဂေါ (ချစ်ခင်သူနှင့် မကွဲမကွာနေထိုင်ရခြင်း)
၉။ အနပဒ္ဒဝါ (ဘေးရန်အန္တရာယ်ကင်းခြင်း/စင်ကြယ်ခြင်း)
၁ဝ။ ဓိကောဝိရော (လွန်ကဲသောဝရိယရှိခြင်း/ ဆာလောင်မွတ်သိပ်မှုကင်းကွာခြင်း)

သန့်ရှင်းကောင်းမွန်သောရေသည် လူသားအားလုံး၏ ကျန်မာရေးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးကြီးသော၊ တန်ဘိုးရှိသော လာဘ်တပါးဖြစ်ပါသည်။ စိတ်ချစွာ သောက်သုံးနိုင်သောရေနှင့် သန့်စင်သောလေ ရရှိရေးသည် လူသား အားလုံးအတွက် မွေးရာပါ ရပိုင်ခွင့်ဖြစ်ပါသည်။


Comments