ခင်လွန်း ● ကြည်အေး ပြောပြတဲ့ တောအုပ်၊ မြစ်ကမ်းပါးနဲ့ ကျနော်တို့ရဲ့အိမ်များ

ခင်လွန်း ● ကြည်အေး ပြောပြတဲ့ တောအုပ်၊ မြစ်ကမ်းပါးနဲ့ ကျနော်တို့ရဲ့အိမ်များ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၇

အင်တာနက်မရတဲ့နေရာကို တပတ်လောက် သွားနေရတယ်။ လက်လှမ်းမီရာ တနေရာကိုရောက်တော့ အချစ်မှာရဲတဲ့ (ဆရာမကြီး) ကြည်အေးဆုံးပြီတဲ့။ တကယ်သေလို့လား။

"မီ" ကတော့ ခုထိ ကျနော့်ရင်ထဲရှင်သန်ဆဲ။

ဆရာမကြီးကိုလွမ်းတော့ မောင်ကိုကိုနှင့် မြနန္ဒာထဲမှာ ဆရာမကြီး (ရှင်းရှင်းလင်းလင်းတော့ မသိဘူး။ သူပြန်တာပဲနေမှာပါ) ဘာသာပြန်ထည့်ထားတဲ့ ဂျာမန်ကဗျာဆရာ ဟေလဒါလင်း (မမှန်ရင်ခွင့်လွှတ်ပါ၊ စာအုပ်လှန်စရာ အသင့်လည်းမရှိ၊ မှတ် ဉာဏ်ကလည်းမကောင်း) ရဲ့ "အိမ်" ကဗျာလေးကိုကျနော် (သောက်တုန်းကဆို) အမြဲဆိုညည်းလေ့ရှိတာကို သတိရသွား တယ်။ ခုလဲ မသောက်နိုင်တော့ပေမယ့် အဖြူထည်ကြီးနဲ့ ဆိုညည်းတတ်မြဲပါပဲ။ အထူးသဖြင့် ပင်လယ်ကမ်းစပ်တနေရာကိုရောက်တဲ့အခါမျိုးမှာ ကမ်းနဖူးပေါ်ရပ်မိရင် နှုတ်ဖျားမှာ အလိုလိုပေါ်လာတတ်တုန်းပေါ့။

ကျနော်တို့က အိမ်မပြန်နိုင်ကြသူတွေမို့လား။ (ဆရာမကြီးလဲ အိမ်မပြန်ခဲ့ဘူးထင်ပါရဲ့)

ကဗျာထဲမှာပါတဲ့ ဒုက္ခခံစားခြင်းသာ ရိတ်သိမ်းစရာ ရှိခဲ့သူများမဟုတ်လား။ ပြီးတော့ ပြန်ရပြီဆိုရင်ရော ကျနော်တို့ငယ်ဘဝ တောအုပ်များက ငြိမ်းချမ်းခြင်းတွေ တဖန်ပြန်ပေးနိုင်ပါအုံးမလား ....။

ဆရာမကြီးရေ မြန်မာကဗျာ မြန်မာစာပေလောက ရှိနေသေးသ၍ ဆရာမကြီး ဘယ်သောအခါမှမသေ။

“အိမ်”

လှေသမားဟာ
ဟို့အဝေးကကျွန်းတွေမှာ
ကောက်သိမ်းပြီးတော့
သူ့အိမ်…
ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထဲ
ပြန်လာခဲ့တယ်။
ကိုယ်လည်း အိမ်ပြန်ချင်ပါရဲ့…
ဒါပေမဲ့ ကိုယ့်မှာ
ဘာများရိတ်သိမ်းစရာရှိပါသလဲ။
ဒုက္ခခံစားခြင်းသာ ရိတ်သိမ်းစရာ ရှိခဲ့တယ်။
မိတ်ဆွေ မြစ်ကမ်းနဖူးရယ်
သင်ဟာ
ကိုယ့်ကိုမွေးမြူကြီးပြင်းစေခဲ့တယ်။
အချစ်ရဲ့ဝေဒနာကိုရော
သက်သာရာရအောင်
သင် …မတတ်နိုင်ဘူးလား။
အို ..
ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ
ကိုယ်အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို
တဖန်ပေးနိုင်ပါဦးမလား။ ။

(“မောင်ကိုကိုနှင့် မြနန္ဒာ” မှ …)
0