ဇင်လင်း ● အမှန်တကယ် ငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုလျှင် ငါစွဲ မကြီးကြဖို့လိုသည်

ဇင်လင်း ● အမှန်တကယ် ငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုလျှင် ငါစွဲ မကြီးကြဖို့လိုသည်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၇

မြန်မာ့ နိုင်ငံရေး မိုးလေ၀သသည် ယခုအချိန်အထိ သာသာယာမရှိသေးပေ။ မုန်တိုင်းကြီးငယ်တို့နှင့် အကြိမ်ကြိမ် ကြုံခဲ့ ဖူးသကဲ့သို့၊ မကြာခနလည်း ကောင်းကင်ပြင်တခွင်၌ တိမ်ညိုမိလ္လာ တိမ်မည်းပြာတို့ဖြင့် အုံ့မှိုင်းနေတတ်သည်။ ရံဖန်ရံခါ မိုးသက်လေပြင်းတိုက်ခတ်ပြီးနောက် ကြည်ပြာရောင် ကောင်းကင်ကို ခနတဖြုတ် မြင်ရသည့် အခါလည်းရှိတတ်သည်။ ယခုအခါတွင် ကောင်းကင်က လင်းလင်းချင်းချင်းမရှိသေးတာတော့ သေချာသည်ဟု ဆိုနိုင်သည်။ ဘင်္ဂလားပင်လယ်ပြင် တွင် မုန်တိုင်းတစ်ခု ဆင်နေသည်လားဆိုသည့် အချက်ကိုမူ အစဉ်အမြဲ အကဲခတ်နေရသည်ဟု ဆိုရမည်။

၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန္န၀ါရီ နောက်ဆုံးအပတ်တွင် ကျင်းပရန် လျာထားလျှက်၊ ယင်း အစည်းအဝေး၌ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင် ရာအပါအဝင် နိုင်ငံရေးကဏ္ဍကို အထူး ဦးစားပေး ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ထားသည်။ အစိုးရ၊ အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော UPDJC အစည်းအဝေးကို အောက်တိုဘာ ၃၀၊ ၃၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု စသည်တို့အပါအဝင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ၂၀၁၈ တွင် အပြီးသတ်ချမှတ်နိုင်ရန် တိုက်တွန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ(၃) ကြိမ်အတွင်း အခြေခံမူများကို အကြေ အလည် ဆွေးနွေးပြီးပြတ်ခဲ့ပါက ဖက်ဒရယ်မူ ဆိုင်ရာ ခိုင်မာသည့် အုတ်မြစ်တစ်ခု ချမှတ်နိုင်ရန် ချမှတ်နိုင်ရေးအထိ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်ရေး တိုက်တွန်းလျှက်ရှိသည်။ အခြေခံမူများ  ထွက်ပေါ်လာ ပြီးနောက်၊ အသေးစိတ်မူများကို ဆက်လက် ဆွေးနွေးရန် ပြင်ဆင် နေကြောင်းလည်း ကြားနေရသည်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ(၃) ကြိမ်အတွင်း အခြေခံမူများကို အကြေအလည် ဆွေးနွေးပြီးပြတ်ခဲ့ပါက ဖက်ဒရယ်မူ ဆိုင်ရာ ခိုင်မာသည့် အုတ်မြစ်တစ်ခု ထွက်ပေါ်လာနိုင်မည်ဟု ဆိုထားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(Peace Process Steering Team – PPST )နှင့် နေပြည်တော် ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

“ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆဲအဖွဲ့တွေ ရှိနေ သလို အခြား တစ်ဖက်မှာလည်း NCA ကို လက်မခံနိုင်သေးတဲ့အဖွဲ့တွေ ရှိနေခဲ့ ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိနေပါတယ်။ နိုင်ငံရေးဆွေး နွေးပွဲတွေမှာ အားလုံး လက်ခံနိုင်တဲ့ အခြေခံမူတွေ ဖြစ်အောင် ရည်ရွယ်ပြီး ဆွေးနွေးညှိ နှိုင်းခဲ့ကြတာဖြစ်ပါတယ်။ NCA လက်မှတ် မထိုးဘဲ ကျန်နေသေးတဲ့ အဖွဲ့တွေ အားလုံးအနေနဲ့လည်း အနာဂတ် နိုင်ငံတော် အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ် တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲဖိတ်ခေါ်ထားပါတယ်။ တစ်ကယ်တော့ NCA ဆိုတာ ကျွန်မတို့ပြည်ထောင်စုရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးရဲ့ စတင်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ NCA ဟာ လမ်းဆုံးခရီး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေး ဆွေးနွေး ပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေးညီလာခံတံခါးကို ဖွင့်လှစ်ပေး လိုက်ခြင်း ဖြစ်တယ် ဆိုတာကို ဒီကနေ့ ထပ်လောင်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုနေ့က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားစဉ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေး ထိုးနိုင်ခဲ့သည့် “တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်” (NCA) သည် နိုင်ငံ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက အကျဆုံး အခြေခံ လုပ်ဆောင်ရမည့် အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ NCA တွင် ပါဝင်သည့် အချက်များသည် တိုင်းရင်းသားပြည်သူ လူထု၏ အခွင့်အရေးကို ကန့်သတ်ထားခြင်း၊ ချုပ်ချယ်ခြင်း၊ ပိတ်ပင်ထားခြင်းတစ်ခုမျှ မပါဝင်ဘဲ ၊ အခွင့်အရေးများကို တတ်နိုင်သမျှ ပေးထားကြောင်းလည်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ပြောကြားခဲ့ကြောင်း 7Day Daily သတင်း အရ သိရသည်။ ဒီမိုကရေစီ ရည်မှန်းချက်များအောင်မြင်၍  နိုင်ငံဖွံ့ဖြိုး တိုးတက်စေရေး အဓိကလိုအပ်ချက်သည် ‘နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး’ ဖြစ်ကြောင်း၊ NCA သည် အမည်နာမအားဖြင့် ‘ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်’ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ပိုမိုနက်ရှိုင်းကြောင်း တပ်ချုပ်က ပြောကြားသည်။

ဤနေရာတွင် အထူးသတိပြုမိသည့် အချက်မှာ NCA သည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက အခြေခံရမည့် မဟာဗျူဟာလုပ်ငန်းစဉ် ဖြစ်ကြောင်း နိုင်ငံရေးခေါင်းဆောင်နှင့် စစ်ရေးခေါင်းဆောင် နှစ်ဦးစလုံးက ရှုမြင်သုံးသပ်ထား ကြောင်း တွေ့ရသည်။ ၎င်းအခြေအနေအပြင် မြန်မာ့ငြိမ်းချမ်းရေးကိစ္စ စဉ်းစားသည့်အခါ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို လည်း ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင် နေပြီး နှစ်ဖက်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ကူညီနေသည်ဟု NCA ၂  နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်  (Mr. Sun Guoxiang) က အခမ်းအနားအပြီးတွင် ၇ ရက်နေ့စဉ် သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်ဟု ဆိုသည်။

‘၀’အဖွဲ့ (UWSA) ဦးဆောင်ပြီး မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် မြန်မာအစိုးရတို့ အကြား တွေ့ဆုံ ဆွေးနွေးမှုများဖြစ်ပေါ်လာရန် တရုတ်နိုင်ငံက ကူညီနေသည်ဟု ‘ဆွန်ကော့ရှန်’ က ဆိုသည်။ တရုတ်နိုင်ငံအစိုးရ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကောင်းမွန်သည့် အလားအလာများ ရှိသည်ဟုလည်း ယုံကြည်ကြောင်း မစ္စတာဆွန်ကော့ရှန်က ပြောကြား သည်။  မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နီးကပ်စွာ ဆက်ဆံ၍ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော် အနေဖြင့် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းလုပ်ဆောင်နေသည်ကို သိရှိ ထောက်ခံပြီး အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်လက်ရပ်တည် ကူညီလုပ်ဆောင်သွားမည်ဟု ဆွန်ကော့ရှန်က ဆွေးနွေး ပြောဆိုခဲ့သည်ဟု သိရသည်။

မကြာသေးမီ  နိုဝင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ သို့ရောက်ရှိခဲ့သည်။ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများကို  အရှိန် အဟုန် မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက် အဆင့်မြင့် ခေါင်းဆောင်များအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားလာရေး၊ နှစ်နိုင်ငံပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု တိုးမြင့်ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးတို့အပြင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မည့် စီမံကိန်းကြီးများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ ဆက်လက် အကူအညီပေးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားကြောင်း ဒီဗွီဘီသတင်းအရ သိရသည်။ ၎င်း တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ ဘေဂျင်း၌ ကျင်းပနေသော CPC တရုတ်ကွန်မြူနစ် ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများမှ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်လာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တရုတ်သမ္မတ ရှီကျင်းပင် (Xi Jinping) တို့ ဒီဇင်ဘာ ၁ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့သည်။ အာဏာရပါတီ အချင်းချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာအားကောင်းစေရန် မျှော်လင့်ကြောင်း ‘ရှီကျင်းပင်’ က ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီ အာဏာရပြီးနောက် သူတို့နှစ်ဦး အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံ အာဏာရပါတီများဖြစ်သော CPC နှင့် NLD ဆက်ဆံရေး ဆက်လက်တိုးတက်မှုကြောင့် တရုတ် မြန်မာနိုင်ငံရေးအရ ဆက်ဆံမှုသာမက ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ ပိုမိုခိုင်မာစေသည်ဟု သမ္မတ ရှီက ပြောကြောင်း ဗွီအိုအေသတင်းက ဖေါ်ပြသည်။

တရုတ်သမ္မတနှင့် သီးသန့်တွေ့ဆုံချိန်မှာရော၊ ကမ္ဘာ့နိုင်ငံရေးပါတီများမှ အဆင့်မြင့် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းပြောကြားရာမှာပါ၊ တရုတ်အပါအ၀င် မြန်မာနိုင်ငံအပေါ် နားလည်ထောက်ခံပေးသည့် မိတ်ဆွေနိုင်ငံများကို ကျေးဇူး အထူးတင်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"ကျမတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ခံကူညီပေးနေတဲ့ ကျမတို့ပြည်သူတွေ အပါအ၀င် မိတ်ဆွေတွေအားလုံးကို လေးစားတန်ဖိုးထားပါတယ်။ ကျမတို့လိုအပ်နေတဲ့အချိန်မှာ ကျမတို့အပေါ် နားလည်မှုပေးပြီး ပံပိုးကူညီသူတွေကိုလည်း ကျမတို့ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ပါဘူး။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံရာတွင် တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုသည် မြန်မာနိုင်ငံ အတွက် အလွန် အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ၎င်းအပြင် အာဏာရပါတီအချင်းချင်း အနီးကပ် ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် တရုတ်သမ္မရှီကျင်းပင်ပြောဆိုသည့် အချက်ကိုလည်း သူ့အနေနဲ့ သဘောတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော် အပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းစင်တာ (၁) တွင် ကျင်းပခဲ့သော NCA သဘော တူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး ကိစ္စ၌ တရုတ်နိုင်ငံ၏ အကူအညီ များစွာလိုအပ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြောင်း ၇ ရက် နေ့စဉ်သတင်းအရ သိရသည်။
            ‘‘ကျွန်တော်တို့မြောက်ပိုင်း အဖွဲ့တွေဆိုရင် နှစ်နိုင်ငံကြားမှာ ဖြစ်နေတာ။ နှစ်နိုင်ငံကြားမှာဖြစ် နေတဲ့အခါကျတော့ တရုတ်နိုင်ငံရဲ့ အားပေးမှု ကူညီမှု ပူးပေါင်း ဆောင်ရွက်ပေးမှုဟာ အင်မတန်ကို အရေးကြီးပါတယ်’’ ဟု ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ဆိုသည်။

တရုတ်နိုင်ငံအနေအထားသည် သူ့အတွက် အကျိုးမရှိဟု ယူဆလျှင် မြန်မာ့အတွက် ငြိမ်းချမ်းရေးကိစ္စ၌ အခက်တွေ့နိုင် သည်။ သို့သော်  တရုတ်သည် One Belt One Road (OBOR) ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအောင်မြင်ရေးအတွက်  မြန်မာနိုင်ငံ ငြိမ်းချမ်းစေချင်သည့် သဘောရှိသည်။ မြန်မာနိုင်ငံ မငြိမ်းချမ်းဘဲ၊ OBOR အကောင်အထည်ဖေါ်ရန် အဆင်ပြေ နိုင်မည်မဟုတ်။ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆက်လက်ပေါ်ပေါက်လာသည့် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုအသစ်မှာ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအောင်မြင်ရေး ဖြစ်သည်။ OBOR သည် တရုတ်၏ နိုင်ငံရေး စီးပွားရေး သြဇာနယ်ပယ် ချဲ့ထွင်မှုနှင့် လည်း မလွဲမသွေ ဆက်စပ်ပတ်သက်နေဖွယ်ရှိသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။ မည်သို့ဆိုစေ မြန်မာ့ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မှသာ တရုတ်နိုင်ငံအဖို့လည်း အကျိုးဖြစ်မှာ သေချာသည်။ ထို့ကြောင့် တရုတ်နိုင်ငံ ကလည်း NCA အကောင်အထည်ဖေါ်ရေးကို ထောက်ခံနေပေသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးအခြေအနေသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး“တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)” ကို လက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင် လာရေးအပေါ် များစွာတည်နေသည်။ လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးအတွက် အထူး ၀ါယမစိုက်ထုတ် ကြိုးပမ်းနေသည်ကို မြင်နိုင်သည်။ သို့သော် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်အကြားတွင်မူ ကြိုတင်စည်းကမ်းချက်များနှင့် မူဝါဒများ အသီးသီးရှိနေကြသည်။ ထိုသို့ မိမိတို့ဆန္ဒသဘောထား အစွဲများကို အလျော့အတင်း မလုပ်နိုင်လျှင် NCA ခြေခံ လမ်းကြောင်း ပေါ်ပေါက်ရန် ခက်ခဲမည်။

နိုင်ငံ၏ ကောင်းကျိုးအတွက် နိုင်ငံရေးဆွေးနွေးကြရာတွင် လက်တွေ့မြေပြင်အခြေအနေကို ဂရုစိုက်လေ့လာသင့်သည်။ လူအများအကျိုးအတွက် ဖြစ်နိုင်ခြေအရှိဆုံး လမ်းကြောင်းကို ရွေးချယ်ရန် လက်တွေ့မြေပြင်ပေါ်ရှိ ပြည်သူတို့၏ သဘောထားကို သိအောင်လုပ်ဖို့လိုသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရေး ပြင်ဆင်ရာ၌ ငါစွဲ မကြီးကြဖို့၊ ငါနှင့် ငါသာ နှိုင်းစရာဟု မမြင်ကြဖို့လိုသည်။ ဒီမိုကရေစီကို လက်ခံလျှင် အများစု၏ သဘောထားကို အနည်းစုက လက်ခံနိုင်ရမည်။ အများစုကလည်း အနည်းစု၏ သဘောဆန္ဒကို လေးစား အသိ အမှတ်ပြုရမည်။ အားကြီးသူက အားနည်းသူကို ဖိနှိပ်၍ ကိုယ်ကျိုး ဗဟိုပြုသည့် ဆုံးဖြတ်ချက်များ မချမှတ်သင့်။ ယနေ့ NCA လမ်းစဉ်အတိုင်း သွားပါက အကျိုးရှိ/မရှိ။ မိမိတို့ သဘောဆန္ဒနှင့် မတိုက်ဆိုင်သဖြင့် NCA လမ်း ကြောင်းကို စွန့်ပစ်ခြင်း၏ အကျိုးရလဒ်သည်  ကောင်းနိုင်/မကောင်းနိုင် စသည်တို့ကို အောက်ခြေထု အမြင်နှင့် ညှိသင့်သည်။ အရေးကြီးသည့် အဆုံးအဖြတ်များ ချမှတ်ရန် အခက်တွေ့နေပါက အောက်ခြေလူထု သဘောထား အမြင်နှင့် ညှိသင့်သည်။ NCA လမ်းစဉ် (သို့မဟုတ်) လက်နက်ကိုင်လမ်းစဉ်ဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်ခြင်းသည် အကျိုးရှိ/မရှိ ချိန်ဆသင့် ၏။ ၂၁ ရာစုခေတ်တွင် စစ်လက်နက်အင်အားဖြင့် ငြိမ်းချမ်းရေး ရယူဖို့ ဆိုသည်မှာ ဖြစ်နိုင်ခြေ မရှိကြောင်း သတိချပ်သင့်သည်။

Comments