သျှင်မျိုးငယ် - စည်းလွတ်ဝါးလွတ် အက္ခရာများ

စည်းလွတ်ဝါးလွတ် အက္ခရာများ
သျှင်မျိုးငယ်
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၇

အဲဒီတိမ်တွေပေါ့ ငါ့ရင်ဘတ်ကို လာစူးနေတာ
ညနေခင်းတခုလုံးလည်း အိပ်တန်းပြန်အတောင်ပံများနဲ့အပြည့်
မီးမှိတ်ထားလိုက်မှ ဘဝဟာ ပိုပြီးလုံခြုံလာတယ်...
အသွေးထဲ အသားထဲ အရိုးထဲအထိ ရူးသွပ်ခဲ့တာပဲ
ငါ့ကောင်းကင်တခုလုံးဟာ အနုပညာ...။

လူငယ်တယောက်ရဲ့ ကောင်းကင်ဘုံဆိုတာ
ကိုယ်ကြိုက်တာ/ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေရတာပဲ
နိယာမတွေကို ဖောက်ဖျက်ပစ်လိုက်တာမျိုး
သီအိုရီတွေကို ငြင်းပယ်ပစ်လိုက်တာမျိုး
အခု လွင့်နေတဲ့မီးခိုးတွေပဲလေ
ငါ့ကို သယ်ဆောင်သွားကြတာ...လေထဲမှာ။

ဖောက်ထုတ်ပစ်လိုက်တဲ့ လက်မောင်းသွေးဟာ မြစ်တစင်းပဲ
ယုံကြည်ချက်အတွက်  စတေးခဲ့ကြ
ခံစားချက်နဲ့ အသက်ဆက်ရှင်သန်ကြ
အောင်မြင်မှုလား
ကျော်ကြားမှုလား
အထင်ကြီးခြင်းလား
လူရာဝင်ခြင်းလား
ငါ့အတွက်ကတော့
ကဗျာတပုဒ်လောက်တောင် အရေးမပါဘူးလေ
ကဗျာတပုဒ်ဟာ ငါ့အတွက် ဘဝပဲဟေ့။

ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်...လက်ထဲမှာ
ရင်ဘတ်တစ်ခုလုံးလည်း ပြတ်ရှနာကျင်ကြေမွ
ငါ့အတွေးကို ငါ့အက္ခရာတွေနဲ့ ငါ ဖွဲ့တယ်
ပြေးလမ်းဟာ အက္ခရာတွေ အထပ်လိုက်အထပ်လိုက်
မှောင်မိုက်နေတဲ့စကားလုံးတွေကို ငါသိခဲ့
အက္ခရာတွေကို စကားလုံးတွေအဖြစ်
စကားလုံးတွေကို စကားစုတွေအဖြစ်
စကားစုတွေကို ဝါကျပြတ်တွေအဖြစ်
ဝါကျပြတ်တွေကို ဝါကျတခုအဖြစ်
ဝါကျတွေကို စာပိုဒ်တွေအဖြစ်
စာပိုဒ်တွေကို ကဗျာအဖြစ်   ငါ ဖန်တီးခဲ့တယ်
ခြေလှမ်းတွေဟာ လှေကားထစ်တွေကို အဓိပ္ပာယ်မဖွင့်ဆိုခဲ့ဘူး
ငါ့ကဗျာတွေဟာ ငါအတွက် အဖိုးအနဂ္ဃထိုက်တယ်။

ငါနဲ့ကဗျာ
ကဗျာနဲ့ငါ
ဖြတ်သန်းသွားတဲ့ပုံရိပ်တွေ အရောင်တွေ အသံတွေ
လောကဓံတရားမှာ အလူးအလဲ လဲကျခဲ့ဖူးတယ်
ခေါင်းမော့လိုက်  ခေါင်းငုံ့လိုက်
ကြင်နာလိုက် နာကျင်လိုက်
ပြေးလိုက် ရပ်လိုက်   ထိုင်လိုက်  ထလိုက်
နာကျင်အချိန်ပိုတွေကို ထပ်ပေါင်းလိုက်တော့ နာရီသံတွေကြားတယ်
နောက်ဆုံးတော့  ငါ့အတွက် ကဗျာတပုဒ်ပဲ လိုတယ်
ငါရွတ်ဆိုလိုက်တယ်...ကဗျာတပုဒ်ကို  အမှောင်ထဲမှာ။

ပျံသန်းနေတယ်
အတောင်ပံခတ်သံပြင်းပြင်းများနဲ့ ပျံသန်းခဲ့...
ကိုယ့်ကဗျာကိုယ်သွေးရတာပဲ...
ကိုယ့်အက္ခရာနဲ့ ကိုယ်ဖွဲ့နွဲ့ရစ်သီခဲ့ရတာပဲ...
ဒီလိုပါပဲ
နောက်ဆုံးတော့
အိမ်ပြန်လမ်းမပေါ်ကို ခြေချတဲ့အခါ
ကိုယ့်ကဗျာတွေကို ချန်ထားခဲ့ရတာပါပဲ...။

ဒီလိုနဲ့
အသံကိုဖွင့်ပြီး
ကဗျာတပုဒ်ကို ရွတ်ဆိုလိုက်တယ်
သံစဉ်တွေကင်းမဲ့နေလိုက်ပုံက ချောက်ချားဖွယ်အတိနဲ့
ဘဝမှာ...။     ။
                                                                             

သျှင်မျိုးငယ်

Comments