စိုးခိုင်ညိန်း - ဒီဇင်ဘာ

ဒီဇင်ဘာ 
စိုးခိုင်ညိန်း
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၇

ငါ လှမ်းကြည့်လိုက်တော့ 
ဖုန်တထောင်းထောင်းနဲ့ ထွက်ပြေးသွားတဲ့ 
လှည်းလမ်းကြောင်းရဲ့ အမြီးပိုင်းကိုပဲ မြင်ရတော့တယ်
အခိုးထွက်မလားလို့ ဟားဆိုပြီး ပါးစပ်ကနေ မှုတ်ထုတ်လိုက်တာ
သစ်ရွက်တွေပဲ တဖွဲဖွဲ ကြွေကျလာတယ်
ဥသြသံက နေလုံးကြီး နီရဲနေသည်အထိ အဆက်မပြတ်အော်နေတယ်
နီရဲနေတဲ့ လက်ပံပင်အောက်က ရေအိုးစင်လေးထဲက ရေတခွက်သောက်ရဖို့ 
ပေသုံးရာကျော်လောက်နက်တဲ့ တွင်းထဲကနေ ကုပ်ကပ်တက်ခဲ့ရတယ်
စိန်ပန်းတွေရဲ့ မခံမရပ်နိုင် တောက်လောင်နေမှုဟာ
ကတ္တရာလမ်းမတွေပေါ် အရည်ပျော်ကျလို့ 
အမောတကောပြေးဝင်လာတဲ့ လေဟာ 
ခန္ဓာကိုယ်ပေါ်က ချွေးစေးတွေနဲ့ ပိတ်မိနေတယ်
အဲဒီ အန္တရာယ် အထပ်ထပ် အသွယ်သွယ်ကြားကနေ
ငါ ထုတ်ပိုးပြီး ဖွက်ယူလာခဲ့တဲ့ နှင်းတွေကို 
ဒီဇင်ဘာထဲ ရောက်တာနဲ့ ဖွင့်ပြီး လွှတ်ပေးလိုက်တယ်
အခုတော့ နှင်းတွေဟာ မြက်ပင်နဲ့ ပန်းပွင့်တွေကြား ပြေးလွှား ဆော့ကစားလို့
အဲဒါကို နေရောင်ခြည်က လက်ပိုက်ပြီး ပြုံးကြည့်နေလေရဲ့။။

စိုးခိုင်ညိန်း 
(1, 12, 2017)
0