မေနှင်းလဲ့မွန် - မြန်မာစစ်မြေပြင် ဘာသာပြန်စာအုပ်မိတ်ဆက်



ယာမဒါစံ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မိုးကြိုး(ကာနယ်ဆူဇူကီး)၏ဇနီးနှင့်အတူ။ ၁၉၈၆ခုနှစ်။
ယာမဒါစံ ခန်းဇမ်ကြီးပန်းခြံတွင်။ ၁၉၈၆ခုနှစ်။

မေနှင်းလဲ့မွန် -  မြန်မာစစ်မြေပြင် ဘာသာပြန်စာအုပ်မိတ်ဆက်
(မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၈၊ ၂၀၁၇
ဘာသာပြန်သူ၏အမှာ
၁၉၈၅ခုနှစ်က ကျမရောက်သွားတဲ့၊ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုအသင်း(တိုကိုင်း) ဆိုတာ ရှိပါတယ်။ တိုကိုင်းဆိုတာက မိအဲ၊ အအိချိ၊ ဂိဖု (Mie, Aichi, Gifu )တိုင်း၃ခုပေါင်းကို တိုကိုင်း(ToKai)လို့ ခေါ်တာဖြစ်ပြီး၊ တိုကိုင်းဧရိယာမှာရှိတဲ့ မြန်မာစစ်ပြန်၂၀၀ကျော်က ကမ ကထလုပ်ပြီး တည်ထောင်ထားတာဖြစ်ပါတယ်။ တစ်လတစ်ခါ Nagoya International Center Building အဆောက်အဦမှာ၊ မြန်မာ ထမင်း ဟင်းချက်ပြုတ်ကြပြီး၊ မိတ်ဆုံစားပွဲသဘောမျိုး လူစုကြပါတယ်။
နဂိုယာကို အသစ်ရောက်လာကြတဲ့ မြန်မာကျောင်းသားတွေ၊ သင်တန်းလာတက်တဲ့မြန်မာတွေ၊ အလည်အပတ်ရောက်လာကြတဲ့ မြန်မာတွေကို မိတ်ဆက်ပေးပြီး၊ ဌာနေ ဂျပန်-မြန်မာ အသိုင်းအဝိုင်းက နေရာထိုင်ခင်း၊ အိုးခွက်ပန်းကန်၊ အဝတ်အစားကအစ လိုအပ်တာတွေ ဝိုင်းကူကြပါတယ်။ အနီးအနားတဝိုက် အလည်အပတ် ရောက်သင့်တဲ့နေရာတွေကိုလည်း လိုက်လံပို့ဆောင်ပေးကြပါတယ်။ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းမျိုး၊ လုပ်ကြပါတယ်။ အင်မတန် ကောင်းတဲ့အစီအစဉ်ဖြစ်ပါတယ်။ ထမင်းနဲ့ဟင်း ကတော့၊ ဌာနေ မြန်မာတွေက အုပ်စုလိုက်၊ အလှည့်ကြ တာဝန်ယူ ချက်ပြုတ်ကြပါတယ်။ ကုန်ကျစရိတ်ကိုတော့ တက်ရောက်လာကြတဲ့ မြန်မာစစ်ပြန်တွေက ထည့်ဝင်ကြပါတယ်။
ကျမတွေ့ဖူးခဲ့တဲ့ ဂျပန်စစ်ပြန်တွေဟာ စစ်ရှုံးသွားလို့ပဲလားတော့ မသိပါ၊ မြန်မာတွေကို ချစ်နေကြပါတယ်။ ကျမတို့မြန်မာတွေက ဂျာနယ်ကျော်မမလေးရေးတဲ့ “သွေး” စာအုပ်ထဲကလို ဂျပန်ဆိုရင် ရွံကြောက်ပြီး၊ ကြားဖူး၊ မြင်ဖူး၊ ဖတ်ဖူးထားတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက တော်လှန်ရေးရုပ်ရှင်ဇတ်ကားတွေ၊ ဝတ္တုပြဇတ်တွေ၊ လူကြီးသူမတွေပြောပြတဲ့ အတွေ့အကြုံတွေထဲကအတိုင်း ရက်စက်ကြမ်းကြုတ်သူတွေဆိုပြီး မုန်းနေကြလေ့ရှိပါတယ်။ သူတို့က မြန်မာတွေနဲ့ ပြောင်းပြန်ဖြစ်ပြီး မြန်မာဆိုရင် ကူညီချင်နေကြပါတယ်။ သူတို့ မြန်မာပြည်ထဲမှာ ဘယ်နေရာတွေရောက်ခဲ့ပြီး၊ ဘာတွေလုပ်ခဲ့ကြသလဲ။ ဘယ်သူတွေနဲ့ တွေ့ခဲ့ကြသလဲ၊ ဘာတွေမြင်တွေ့ ခံစားခဲ့ကြသလဲဆိုတာကို ကျမ သိချင်လာပါတယ်။
၁၉၈၅ခုနှစ် နိုဝင်ဘာလမှာ ဒေါ်မြမြဝင်းကို မြန်မာစစ်ပြန် ဗိုလ်ကြီးဟောင်းယာမဒါစံ (ဤစာအုပ်တွင်ပါသူ)နဲ့ နာကာမူရစံတို့က ရှီဇုအိုကမြို့စစ်ပြန်အသင်းမိတ်ဆုံစားပွဲမှာ မြန်မာအကနဲ့ ကူညီပေးဖို့ ဖိတ်ပါတယ်။ ကျမက ဒေါ်မြမြဝင်းကိုကူညီဖို့ လိုက်ပါခဲ့ရပြီး ယာမဒါစံနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ အဲဒီပွဲပြီးတော့၊ ကျမတို့ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်၃ကျိပ်၊ စခန်းချခဲ့တဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ရှီဇုအိုကခရိုင်၊ ဟာမမတ်စုမြို့က ခန်းဇမ်ကြီးပန်းခြံကို လိုက်ပို့ပါတယ်။ အဲဒီခရီးမှာ ယာမဒါစံက မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို သုတေသနပြုဖို့ လာမယ့်အကြောင်း ပြောပြပါတယ်။
နောက် ၁၉၈၈ခုနှစ် မြန်မာပြည်မှာ စီမိုကရေစီအရေးအခင်းဖြစ်တဲ့အခါ  ဂျပန်ရောက်မြန်မာတွေကလည်း ထောက်ခံအားပေးမှုတွေ ပြုလုပ်ကြပါတယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့မှာ ဂျပန်တပြည်လုံးမှာရှိကြတဲ့ မြန်မာတွေက ခန်းဇမ်ကြီးပန်းခြံမှာ လူထုစည်းဝေးပွဲ ကျင်းပကြပါတယ်။ ယာမဒါစံ၊ နာကာမူရစံတို့ရဲ့ ကျေးဇူးကြောင့် စုဝေးနိုင်ခဲ့ကြတာပါ။ သူတို့နဲ့အတူ ရှီဇုအိုကတိုင်းစစ်ပြန်အသင်းက ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်စာနေရာကို ရှင်းလင်းထားပေးတဲ့အပြင်၊ မြန်မာအားလုံး လူ၅၀ကျော်စားဖို့ နေ့လယ်စာကိုလည်း အကုန်ကျခံခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ယာမဒါစံက နဂိုယာမှာရှိတဲ့ ဒေါက်တာအီနာဂခိတဲရုစုကဲဆီ အလည်လာတဲ့အခါ ကျမကိုလှမ်းခေါ်ပြီး၊ မိတ်ဆက်ပေးပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာအီနဂခီက အသက်၈၀လောက်ရှိနေပါပြီ။ သူရေးထားတဲ့ “တရုတ်ပြည်နှင့် မြန်မာပြည်စစ်မြေပြင်” မှတ်တမ်းစာအုပ်ကို လက်ဆောင်ပေးပါတယ်။
စာအုပ်ထဲက ဇတ်ကောင် ဗိုလ်ကြီးယာမဒါ နဲ့ ဒေါ်အောင်ဆန်းစုကြည်။ နကာမူရစံ၊ (၁၉၈၆)
ဒေါက်တာအီနဂခိ ဆုံးသွားတာ ကြာပါပြီ။ သူ့သမီး ရှိတယ်ဆိုတာ သိထားတဲ့အတွက်၊ ၂၀၁၁ခုနှစ်မှာ ဒေါက်တာအီနဂခိရဲ့ သမီးကို သွားတွေ့ပြီး၊ စာအုပ်ကို ဘာသာပြန်ခွင့်တောင်းခဲ့ပါတယ်။ “အဖေသာသိရင် သိပ်ဝမ်းသာမှာ” လို့ ပြောပါတယ်။ ကျမ အချိန် တော်တော် နောက်ကျသွားပါတယ်။ “ယာမဒါစံ မနှစ်က ဆုံးသွားပြီ” လို့လည်း ပြောပြပြန်ပါတယ်။ ကျမသိခဲ့တဲ့ မြန်မာပြန်ဂျပန်စစ်သည်ဟောင်း တော်တော်များများ ကွယ်လွန်ကုန်ကြပါပြီ။ မြစ်ကြီးနားဘူတာရုံမှာ ရုံပိုင်လုပ်ခဲ့တဲ့ ခိနော်ရှိတစံတစ်ယောက် (အသက်၉၅နှစ်)တော့ ကျန်ပါသေးတယ်။
ဂျပန်တို့ မြန်မာပြည်က ရေနံကို လိုချင်လို့ စစ်လာတိုက်တာဖြစ်ကောင်းဖြစ်ပေမဲ့၊ သူတို့တကယ်တွေ့သွားတာက ဘယ်လိုမှ မေ့မရနိုင်တဲ့၊ ကြီးကျယ်မြင့်မြတ်တဲ့ မြန်မာတို့ရဲ့နှလုံးသားမှာကိန်းနေတဲ့ ဗြဟ္မစိုလ်တရား၊ အနောက်တိုင်းကလူတွေပြောပြောနေကြတဲ့ လူသားဂုဏ်သိက္ခာပဲ ဖြစ်ပါတယ်။
 အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)ကလည်း “မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့၊ တစ်ခုတည်းသော လူမျိုးဖြစ်တယ်” (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့ပါတယ်။ 
ဂျပန်စစ်ပြန်တွေ ကွယ်လွန်သွားကြပေမယ့်၊ သူတို့ရဲ့ဝိညာဉ်တွေဟာ မြန်မာတွေ ဒီစာအုပ်ကိုဖတ်ရကြောင်း သိနေကြပါလိမ့်မယ်။
 (ဘာသာပြန်ရာတွင် မူရင်းစာအုပ်တွင် ပါရှိသော ဒေါက်တာအီနဂါခိ၏ ဂျပန်ပြည်တွင်းနှင့် တရုတ်ပြည် စစ်မှုထမ်းဘဝအပိုင်းကို ချန်လှပ်ခဲ့ပါသည်။)
စာပေခရီးသွားများ စာအုပ်တိုက်
အမှတ် ၀၀၁၊ တိုက် စီ
ကန်ရိပ်မွန် ကွန်ဒိုဝင်း ၁၀ရပ်ကွက် ကန်လမ်း
လှိုင်မြို့နယ်

တန်ဖိုး ၂၅၀၀ ကျပ်
ဖုံး
၀၉ ၅၄၁ ၅၃၀၉
၀၉ ၇၉၅ ၅၅၁ ၂၈၆
၀၉ ၅၄၀ ၃၃၆၉

  မေနှင်းလဲ့မွန်

Comments