ဗိုလ်သူရိန် ● ကိုစီချန်း ပတ္တရားကမ်းခြေနှင့် ယိုးဒယားသို့ သင်္ဘောတခေါက်

ဗိုလ်သူရိန် ● ကိုစီချန်း ပတ္တရားကမ်းခြေနှင့် ယိုးဒယားသို့ သင်္ဘောတခေါက်
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၇

ဆော်ဒီအာရေးဗီယားမှ တင်လာတဲ့ဓာတ်မြေသြဇာတွေကို ယိုးဒယား ထိုင်းနိုင်ငံ ကိုစီချန်းကို လာပို့ရပါတယ်။ ကျွန်တော်တို့ သင်္ဘောကတော့ ရေအလယ်မှာကျောက်ချပြီး ကုန်ချရတာပါ။ ဒီလို ကျောက်ချပြီး ကုန်တင်ကုန်ချ လုပ်နေကြတဲ့ နိုင်ငံတကာ သင်္ဘောတွေကလည်း ပတ်ပတ်လည်အများကြီးပါပဲ။ ယိုးဒယားရဲ့တိုးတက်အောင်မြင်မှုကို ကျွန်တော်တို့နိုင်ငံ အတော်ကြိုး စားလိုက်ယူရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုလွတ်လပ်ရေးရပြီးရင် သူများကတလှမ်းဆို ကိုယ်က အလှမ်းနှစ်ဆယ် ပို လှမ်းနိုင်မှ တော်ရုံကျမယ်။ ဒီလိုသာမလုပ်ရင် ယိုးဒယားက ကျွန်တော်တို့ထက် အများကြီးကျော်သွားပါလိမ့်မယ်။ ဟုတ်ကဲ့ ဗိုလ်ချုပ်ခင်ဗျ အခုယိုးဒယားက မြန်မာပြည်ထက်ကျော်သွားသလို မြန်မာနိုင်ငံသားတွေပါခေါ်ပြီး အလုပ်ခိုင်းနေပါပြီ။

သင်္ဘောကျောက်ချပြီးပြီးခြင်း အေးဂျင့်၊ ကုန်တွက်ချက်သူ၊ အလုပ်သမားခေါင်း (Forman) တို့ ရေကြောင်းပြလှေကားကနေ တက်လာကြပြီး သင်္ဘောအရာရှိတွေနဲ့ ကုန်တွက်ချက်ကြ ရုံးလုပ်ငန်းဆိုင်ရာတွေ ပြောဆိုကြပါတယ်။ နောက်နာရီဝက် အကြာမှာတော့ သင်္ဘောအောက် ရေထဲကနေ တပွမ်ပွမ်နဲ့ ဟွန်းတီးလို့ကြည့်လိုက်တော ယိုးဒယားမလေးများ။ သူကြီးက အမိန့် (Order) ပေးထားတာက အလုပ်သမားကလွဲလို့ ကျန်တဲ့သူ မတက်ရဘူးတဲ့။ မကြာပါဘူး ရေကြောင်းပြလှေကားကနေ အားလုံးတက်ချလာပါတယ်။ နောက်ပြီး အသက်ကြီးကြီး ယိုးဒယားသူက သူကြီးကို မေးတယ်။ သူသွားတွေ့မယ်ပြောဆိုပြီး သင်္ဘောထဲဝင်သွားတယ်။ ခပ်ကြမ်းကြမ်းပါပဲ။ ခဏနေတော့ ကိုရီးယားသူကြီးက သင်္ဘောနောက် (Station) မှာ နေရာ ပေး လိုက်ပါလို့ ရေဒီယိုစကားပြောစက်ကန လှမ်းပြောတယ်။ သူပဲအမျိုးမျိုး။

လှေပေါ်မှာ ကျန်နေတဲ့သူတွေအတွက် သင်္ဘော အလူမီနီယမ်လှေကား (Gangway) ချပေးလိုက်ပါတယ်။ သင်္ဘောနောက်မှာ တာပေါ်လင် အမိုးဆွဲချ၊ လှေနဲ့အတူပါလာတဲ့ ပစ္စည်းတွေဆွဲတင်ပြီး သုံးနာရီအကြာမှာတော့ ယိုးဒယားစားသောက်ဆိုင် အသေးစားလေးဖြစ်လာပါတယ်။ သီချင်းလည်းဆိုလို့ရသလို ဘီယာ ယိုးဒယားစာ အမြည်း အဆင်သင့်။ လှပျိုဖြူများကတာ့ သင်္ဘောရဲ့ အနားယူအပန်းဖြေအခန်း (Recation Room) မှာ သူတို့အိမ်အလား မြူးထူးပျော်ပါးလို့။ ပုရိသတို့ခြေလှမ်းတွေက ညနေဘက်မှာ သံလိုက်ဓါတ်များ ဆွဲငင်ယူနေကြပါတယ်။

ကုန်ချဖို့အတွက် သင်္ဘောပေါ်ကိုအလုပ်သမား ၂၀ ကျော်လောက်တက်လာကြပါတယ်။ နေ့ဆိုင်း ညဆိုင်းခွဲ  ၂၄ နာရီ အ လုပ်လုပ်ကြပါတယ်။ သင်္ဘောဘေးကို တန်ချိန် ၁၀၀၀ ဝန်းကျင်ဆန့် (Bulk) သင်္ဘောအသေးလေးတွေ လာကပ်ကြပြီး ကုန် ယူ သယ်ဆောင်သွားကြပါတယ်။ ဒီသင်္ဘောပေါ်က အလုပ်သမားတွေအတွက် ထမင်းကျွေးဖို့ သင်္ဘောရဲ့ညာဘက်အခြမ်းမှာ အမျိုးသမီးကြီးတဦးဦးဆောင်တဲ့ ချက်ပြုတ်ကျော်လှော်အဖွဲ့က မနက် နေ့ ညနေအစာ ချက်ပြုတ်နေကြပါတယ်။ သူတို့ရဲ့ ယိုးဒယားဟင်းအနံ့များက ကျွန်တော်တို့ကိုဖိတ်ခေါ်နေလို့ သင်္ဘောက ဟင်းလျာများနဲ့ သွားရောက် လဲစားဖြစ်ပါတယ်။ ချိုစပ် အရသာ ယိုးဒယားအစားအစာက အစားအသောက်အပြောင်းအလဲ ကျွန်တော်တို့အတွက် ထမင်းမြိန်စေပါတယ်။

ကျောက်မြတ်ရတနာ ပြခန်းသင်္ဘောက ဓာတ်မြေသြဇာ ချပြီးတာနဲ့ယိုးဒယား ပီလောပီနံအမှု့န်တွေ ပြန်တင်မှာ ဖြစ်တဲ့ အတွက် ရက် ၂၀ လောက်ကြာမှာပါ။ ဒါကြောင့် ကိုဆီချမ်းနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ပတ္တရားကမ်းခြေကို ကျွန်တော်တို့ မြန်မာ သင်္ဘောသားတွေ အလှည့်ကျ သွားလည်ကြပါတယ်။ ရေအလယ် ကျောက်ချထားတဲ့သင်္ဘောကနေ လှေ (Speed board) တစ်နာရီလောက်စီးပြီးရင် ဆိပ်ကမ်းကိုရောက်ပါတယ်။

အသွားအပြန် လှေ (Board) ခ ဒေါ်လာ ၁၀၀ ပေးရပါတယ်။ ငါးယောက်ဆိုတော့ တယောက် ဒေါ်လာ ၂၀ ကျပါတယ်။     ဆိပ်ကမ်းရောက်တော့ ပတ္တရားကမ်းခြေကို အသွားအပြန် ဒေါ်လာ ၅၀ တောင်းပါတယ်။ ဈေးဆစ်တော့ ကမ်းခြေမရောက်ခင်
ကျောက်မြတ်ရတနာ ပြခန်းတခုကိုလိုက်ပို့မယ် ပြောပါတယ်။ ကမ်းခြေက မနက်၁ဝ နာရီကျော်မှဖွင့်တဲ့အတွက် အချိန်စော
သေးတာနဲ့ ကားဆရာလိုက်ပို့တဲ့ ကျောက်မြတ်ရတာနာပြခန်းကို အရင်သွားလိုက်ပါတယ်။

ပြခန်းမှာ လူတော်တော်စည်ပါတယ်။ ပြခန်းအပေါက်ဝမှာ ယိုးဒယား ရိုးရာအဝတ်အစားဝတ်ထားသူ လူငယ်အမျိုးသား အမျိုးသမီးများက ဆီးကြိုနေပါတယ်။ ပထမဦးဆုံးပြခန်းထဲကို အရင်မဝင်စေဘဲ ရန်ကုန်က (Happy World) ကစားကွင်းက သူရဲ ရထားစီးရသလို နေရာကို အရင် လိုက်ပို့ပါတယ်။ ဒီရထားလေး စီးနေချိန် ကင်မရာ လုံးဝ မရိုက်ဖို့ မေတ္တာရပ်ခံထားပါတယ်။ ကျွန်တော်နဲ့အတူပါလာသူ အိန္ဒိယခရီးသွားတစ်ဦးက ဖုန်းနဲ့ရိုက်နေလို့ ရထားကိုရပ်စေပြီး မရိုက်ဖို့ လာရောက်ပြောကြားပါ တယ်။ သူတို့တွေ CCTV က အမြဲကြည့်နေပါတယ်။

ရထားစတင်ဝင်သွားတာနဲ့ မီးအမှောင်ချထားတဲ့ အခန်းထဲကို ရောက်သွားပါတယ်။ ခဏနေတော့ အင်္ဂလိပ်စကားပြောသံနဲ့ အတူ ကမ္ဘာမြေကြီးအကြောင်းပြောပြပါတယ်။ ခဏနေတော့ ဘေးပတ်လည်မှာ မီးတချို့လင်းလာပြီး မြေငလျင်လှုပ်ခတ် မြေကြီး ပြတ်ရွေ့လှုပ်ရှားမှုကနေ တွင်းထွက်သဘာဝပစ္စည်းများဖြစ်ပေါ်လာပုံကို ရုပ်ထုရုပ်လုံးပေါ်အောင် အထူးမီး ပြုလုပ် ချက်တွေနဲ့ ပြသပါတယ်။

နောက်တခန်းကို ရောက်သွားတော့ လျှော်ရည်ပူတွေကနေ ကျောက်သံပတ္တမြားရွှေ ဖြစ်ပေါ်လာပုံများပြသပါတယ်။ ဆက် လက်ပြီးတော့ ရွှေတူးဖေါ်နေပုံများကို သရုပ်ပြအရုပ်များနဲ့ပြသပါတယ်။ တကယ်အသက်ဝင်လှပါတယ်။ ရှေးယခင် ရွှေတူး ဖေါ်ပုံ၊ ရေမဆေးကျောက်ရှာနေပုံတွေကို အသံပုံတူလှုပ်ရှားမှုများနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ နောက်ဆုံးအခန်းမှာ တော့ တွင်းထွက်ကျောက်သံပတ္တမြားရွှေထွက်ရှိရာ နိုင်ငံများကို ပြသထားပါတယ်။ စိန်ကလွဲလို့ ကျန်တွင်းပစ္စည်းများ ရှိ သောပြသထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည် အမြဲပါပါတယ်။ အကော်ဒီယံအုန်းကျော် (ဦး) ဆိုတဲ့သီချင်း သတိရလိုက်တာ။ သံယံဇာတပေါတဲ့ ဒို့ရဲ့တိုင်းပြည်အဖိုးထိုက်တဲ့မြေ။ ကျွန်တော် ဆက်မဆိုချင်တော့ပါဘူး။

ရထားလေးပေါ်က ဆင်းဆင်းခြင်းမှာ ဘာလူမျိုးလည်း မေးပါတယ်။ မြန်မာလို့ပြောလိုက်တော့ ရှမ်းတရုတ်မလေး ရောက်လာ ပြီး ရွှေငွေလက်ဝတ်ရတနာများ ကြိုက်တာဝယ်ယူနိုင်ကြောင်း မြန်မာလို လာရှင်းပြပါတယ်။ ရှမ်းပြည်နယ်က အလုပ်လာလုပ် နေသူတဦးပါ။ ဒါနဲ့ ပြခန်းကြီးထဲကိုစဝင်တော့ မှန်လေးတွေနဲ့ကာထားတဲ့ ပန်းထိမ်လုပ်ငန်းကို ပြသထားပါတယ်။ ဆွဲကြိုး နားတောင်း လက်စွပ်တွေကို အမျိုးအစားလိုက်ပြုလုပ်နေကြတာကို မြတ်မြင်ကိုယ်တွေ့ ပြသထားပါတယ်။ ဒါက ဒုတိယ မြောက် ပန်းချီပြခန်းရဲ့ ဧည့်သည်များအပေါ် ဆွဲဆောင်မှုပါပဲ။

လက်ဝတ်လက်စား ပြသရောင်းချတဲ့ဘက်လိုက်ပြတော့ ဒေါ်လာ ၅၀၀ ထက် ဈေးကြီးလှတော့ မဝယ်ဖြစ်ပဲ လိုက်ကြည့် လိုက်တယ်။ လိုက်လံရှင်းပြသူ ရှမ်းမလေးက ဒေါ်လာ ၁၀၀ ဝန်းကျင်နေရာကို လိုက်ပြပါတယ်။ ကျွန်တော်နဲ့ အတူပါလာသူ Second officer ကိုသက်ဦးခိုင်ညွန့်က သူ့အမေအတွက် ရွှေဖြူနဲ့လုပ်ထားတဲ့ စိန်နားကပ်လေးတရံ ဝယ်လိုက်ပါတယ်။ ဒေါ်လာ ၂၀၀ တန် လက်ရာက သေသပ်လှပါတယ်။ Second engineer စောဘော်မူဒိုးက သူဝတ်ဖို့ ဒေါ်လာ၅၀ တန် နား တောင်းအသေးလေးတဖက် ဝယ်ပါတယ်။ ကျွန်တော်ကတော့ ရွေးချယ်ပေးသူပါ။ ကျွန်တော်တို့ဝယ်တော့ ရာခိုင်းနှုန်းရမယ့် ရှမ်းမလေးလည်း ပျော်နေပါတယ်။

သူများနိုင်ငံက စီးပွားဆွဲဆောင်မှုက အတုယူလောက်ပါပေတယ်။ ပတ္တရားကမ်းခြေ (Pattaya Beach)  ကျောက်မြတ်ရတ နာပြခန်းကနေ ပြန်ထွက်လာပြီးတော့ ပတ္တရားကမ်းခြေကို ထွက်လာခဲ့ပါတယ်။ ၃၀ မိနစ်လောက် ထပ်မောင်းရပါတယ်။ ကားလမ်းဘေးနဲ့ကပ်ရပ် ပတ္တရားကမ်းခြေက လူအတော်စည်ကားနေပါပြီ။ ဆိပ်ကမ်းကိုအရင်မဆင်းပဲ ကုန်တိုက်တစ်ခုမှာ အဝတ်အစားဝယ်လိုက်ကြပါသေးတယ်။

ကမ်းခြေကိုဆင်းတဲ့အချိန်မှာတော့ ကမ်းခြေတောက်မြောက်ထိပ်မှာ ခရီးသွားဧည်သည်များစွာကို တွေ့မြင်ရပါတယ်။ (Speed board) ရေပေါ်ဆိုင်ငယ် (အင်္ဂလိပ်အမည် မခေါ်တက်ဘူး) နောက် လေထီးကို ရှေ့က လှေ (Board) နဲ့ ဆွဲသွားပြီး စီးတာမျိုး အကုန်ရှိပါတယ်။ ကျွန်တော်ကတော့ တနာရီ ဒေါ်လာ ၃၀ ပေးရတဲ့ ရေပေါ်ဆိုင်ကယ်ကို ဆီလောင်း ကိုအုန်းသီး နဲ့ နှစ်ယောက်စီးပါတယ်။ စမောင်းခါစမှာတော့ ဖြေးဖြေးမောင်းတော့ လှိုင်းနဲ့လှုပ်နေတော့ ကြောက်စရာ။ နောက်ပိုင်းကြ အမြန်မောင်းခါမှ သူက စီးလို့ကောင်းတာကိုး။ ဒါကြောင့် ငှားရမ်းသူက စီးတတ်လား အရင်မမေးဘူး။ စာရွက်တစ်ရွက်အပေါ် လက်မှတ်ထိုးခိုင်းတယ်။ အသက်အာမခံနဲ့အတူ ပျက်စီးပါက လျှော်ကြေးပေးရမည်ဆိုတာ ထည့်ရေးထားပါတယ်။ မြန်မာ ပြည်က ကျွန်တော့်သူငယ်ချင်း ဒေါက်တာကျော်လင်းစိုးကတော့ သူစီးခဲ့တုန်းကသူများသွားတိုက်လို့ ဒေါ်လာ ၁၀၀ လျော် ဖူးတယ်ပြောပါတယ်။    ကမ်းခြေမှာ ရေအနက်ဧရိယာတွေ သက်မှတ်ပေးထားပါတယ်။ ကမ်းခြေမှ ပင်လယ်စာအကင်မျိုးစုံနဲ့ အုန်းရေ ဘီယာ စုပ်လို့ရပါတယ်။ အနောက်နိုင်ငံသားများထုံးစံ  နေပူစာလှုံနေကြပါတယ်။ တချို့က ပြောကြတယ်။ သင်္ဘောသားဖြစ်ပြီး ကမ်းခြေပြန်သွားရလားတဲ့။ ကျွန်တော့်ခံယူချက်ကတော့ ပင်လယ်ထဲမှာက သူက ကျွန်တော်တို့ကို အနိုင်ကျင့်တယ်။ သူ ပြုသမျှ ခံနေရတာပါ။ ကမ်းခြေမှာက ပင်လယ်လှုပ်နေရင်တောင် လှိုင်းသွားစီးလိုက်သေးတယ်။ သူ့ကို ပြန်နိုင်တဲ့သဘောလို့ ကိုယ့်ဘာသာသတ်မှတ်ပြီး ကမ်းခြေအတော်များများကို သွားဖြစ်ပါတယ်။

ညနေ ၄ နာရီလောက်နေတော့ ကမ်းခြေကပြန်တက်လာခဲ့တယ်။ ကမ်းခြေမျက်နှာစာတမ်း လမ်းတဖက်က ကော်ဖီဘား များမှာတော့ နေဝင်ချိန် (Sun Set) ကို စောင့်ကြည့်ကြတဲ့ ခရီးသွားဧည့်သည်တွေ တမ်းစီနေကြပါပြီ။ ကမ်းခြေလမ်းရဲ့ အနောက်ဖက်တလမ်းမှာတော့ဆီ အမွှေးနံသာတွေနဲ့နှိပ်နယ်ပေးတဲ့ အနှိပ်ခန်းတွေ ခါးပြတ်လောက်သာ ကာရံထားတဲ့အရက် ဘီယာဘားများကလည်း မီးရောင်စုံထွန်း ဆောင်းဘောက်သီချင်းသံများနဲ့ ပါလာသမျှငွေကို ယိုးဒယားမှာ ထားခဲ့ပါဆိုသလို မျိုး အမျိုးမျိုး မြူဆွယ်နေကြပါတယ်။

ညနေဘက် ပတ္တရားကမ်းခြေပြန်အထွက်မှာ ရုံးဆင်းချိန်ထင်ပါရဲ့။ ကားတွေကြပ်နေလို့ သင်္ဘောပေါ်ကို ည ၇ နာရီကျော်မှ ပြန်ရောက်ပါတယ်။ ပြန်ရောက်တော့လည်း ကိုယ့်သင်္ဘောနောက်မှာက မီးရောင်စုံလင်း I 'm sailing အင်္ဂလိပ်သီချင်းသံ သဲ့သဲ့။ ဟူး..ယိုးဒယားရယ် တော်သေးတာပေါ့။ သင်္ဘောသာ အခေါက်တိုင်း ဒီအမြဲရောက်ရင် ပါလာတာလေးလည်းကုန် သီချင်းလိုပဲ ကျုပ်တို့သင်္ဘောသားတွေ ခက်ရချည်ရဲ့ဗျာ။

ဗိုလ်သူရိန်
၁၅၊ ၁၂၊ ၂၀၁၇

0