ကိုဂျေ - စစ်အစိုးရလက်ထက်က အပိတ်ခံရတဲ့ ဆရာမြသန်းတင့်ရဲ့ "ဧကရီဖွားစော"



ကိုဂျေ - စစ်အစိုးရလက်ထက်က အပိတ်ခံရတဲ့ ဆရာမြသန်းတင့်ရဲ့ "ဧကရီဖွားစော" 
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇
(သူ့ဖေစ့်ဘွတ်က ယူပါတယ်)

စာရေးဆရာမောရစ်ကောလစ် Maurice Collis, ရေးတဲ့ She Was a Queen စာအုပ်ကို ဆရာမြသန်းတင့်က စန္ဒာမဂ္ဂဇင်းမှာ “မိဖုရားဖွားစော” ခေါင်းစဉ်နဲ့ အခန်းဆက် ဘာသာပြန်ခဲ့တယ်။ ဒီစာမူကို ထုတ်ဝေသူတဦးက စာအုပ်ထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် စာပေစိစစ်ရေးက ခွင့်မပြုခဲ့ဘူး။ ဒီလိုနဲ့ အဲဒီစာမူတွေဟာ လက်ထဲရောက်လာတယ်။ စာမူကို ဖတ်ကြည့်လိုက်တာ။ လက်ကတောင် မချချင်ဘူး။ အကြောင်းအရာကလဲ စိတ်ဝင်စားတဲ့ အကြောင်း ဖြစ်သလို၊ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ကလဲ ကောင်းလွန်းတာကြောင့် ဒီစာအုပ်ကို မရရအောင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆရာမြသန်းတင့်ကိုလဲ ထုတ်မယ့်အကြောင်း ပြောလိုက်တယ်။ ဆရာကတော့ သူ့ထုံးစံအတိုင်း ကြိုးစားကြည့်စမ်းပါ။ စာအုပ်ဖြစ်ချင်တယ်လို့ပဲ ပြောတယ်။

ဒီစာအုပ်ကို “ဧကရီဖွားစော”အမည်နဲ့ ဒုတိယအကြိမ် စာပေစိစစ်ရေးကို တင်ခဲ့တယ်။ စာရေးဆရာလဲဖြစ် စာပေစိစစ်ရေး အရာရှိလဲဖြစ်တယ်။ စာရေးဆရာနေမျိုးထွန်းရဲ့ အကူအညီနဲ့ စာမူခွင့်ပြုချက်ရခဲ့တယ်။ ဒီစာအုပ်ထွက်တော့ ကိုယ်က ပြည်ပရောက်နေပြီ။ စာအုပ်ကို သပ်သပ်ယပ်ယပ် ထွက်လာအောင် ကြိုးစားခဲ့တဲ့ ညီငယ်တွေကို ကျေးဇူးတင်တယ်။

ကောဇာသက္ကရာဇ် ၅၉၇ ခုနှစ်မှာ နန်းတက်တဲ့ ၅၃ ဦးမြောက် ပုဂံမင်းဆက် ဘုရင် ဥဇနာ က အလှသွေးကြွယ်ပြီး ဂုဏ်သတင်းကြီးတဲ့ မိစောကို မောင်းမတော် အဖြစ်ကောက်ယူခဲ့တယ်။ ဒီနောက်မှာတော့ ဉာဏ်ပညာကော၊ ရုပ်ရည်ကော၊ အရည်အချင်းကော ရှိတဲ့အတွက် မောင်းမတော်လဲမက မိဖုရားအရာလဲ မကျတဲ့ ရာထူးနဲ့ ဘုရင့်အပါးမှာ အမြဲလို ခစားခွင့်ပေးခဲ့ပါတယ်။ ဒီအချက်ကို ကြည့်လိုက်တာနဲ့ ဖွားစောဟာ အရည်အချင်းရှိတဲ့ အမျိုးသမီးတဦး ဖြစ်တယ်ဆိုတာ ပေါ်လွင်လာပါတယ်။ တကယ်ဆို ဖွားစောဟာ တောင်သူတဦးရဲ့ သမီးတယောက်ပါပဲ။

ဖွားစောကို ဘုရင်ဥဇန စိတ်ဝင်စားစေတဲ့ သတင်းတွေကတော့ ဖွားစော ငယ်ငယ်က လယ်တောမှာ အိပ်မောကျခိုက်၊ အဆိပ်ပြင်းတဲ့ မြွေကြီးတကောင်က သူ့ကို ခွေပတ်ပြီး ပါးပျဉ်းထောင် စောင့်ရှောက်တယ်ဆိုတဲ့ ထူးခြားချက်နဲ့ ဖွားစော အပျိုဖော်ဝင်စက ပန်းစိုက်တဲ့အခါမှာ မြတ်လေးပန်းရုံ တရုံကနေ ပုန်းညက်၊ စကား၊ ချရား ဆိုတဲ့ ပန်းသုံးမျိုး ပွင့်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် ဖြစ်တယ်။ ဒီမိန်းကလေးဟာ မြင့်မြတ်တဲ့သူ ဖြစ်တယ်ဆိုတဲ့ သတင်းကို ဘုရင့်ဆီ နားသွင်းခဲ့ကြတယ်။ ဘုရင်ကလဲ ရုပ်ချောပြီး နာမည် ဂုဏ်သတင်းကြီးတဲ့ ဖွားစောသီတဲ့ ပန်းကို ယူပြီး ပုပ္ပားက မင်းမဟာဂီရိ နတ်မောင်နှမကို ပူဇော်တဲ့ အထိ ဖြစ်လာတယ်။ မကြာပါဘူး။ အပျိုသွေးကြွယ်ဝနေတဲ့ ဖွားစောကို ဘုရင် ဥဇနက ကောက်တော်မူလိုက်တယ်။



ဖွားစောကို ဘုရင် သိပ်သဘောကျတဲ့ အချက်ကတော့ “ယားနေတယ်၊ အယားဖျောက်ဘိ”လို့ မိန့်တော်မူလိုက်ရင် ဖွားစောက ဘုရင်ဥဇန ဘယ်နေရာက ယားတယ်ဆိုတာ တန်းသိတယ်။ ကြာတော့ ဘုရင်က ယားတယ်ပြောတာနဲ့ ဘယ်နေရာကို အယားဖျောက်ပေးရမယ်ဆိုတာ တန်းသိသူလေးကို သူ့ဘေးကကို မခွာခိုင်းတော့ပါဘူး။

ဥဇနမင်းကြီး နတ်ရွာစံတဲ့နောက်မှာ ဥဇနမင်းရဲ့ သားတော် နရသီဟပတေ့ နန်းတက်ပါတယ်။ နရသီဟပတေ့မင်းဟာ ဖွားစောကို မိဖုရားမြောက်ပါတယ်။ ဒီမင်းဟာ အင်မတန် ဇိမ်ခံတဲ့၊ ကာမဂုဏ်ခံစားတဲ့၊ ဒေါသကြီးတဲ့ ဗေဒင်ယုံတဲ့ မင်းဖြစ်တယ်လို့ ရာဇဝင်မှာပါတယ်။ ပုဂံမြို့ရဲ့တောင်ဖက် မိုင်ဝက်လောက်မှာရှိတဲ့ မင်္ဂလာစေတီကို တည်ခဲ့တဲ့ ကောင်းမှုကုသိုလ် ပြုခဲ့တာလဲ ရှိပါတယ်။ ဒါပေမယ့် ဘုရားပြီးရင် တိုင်းပြည်ပျက်မယ်ဆိုတဲ့ နမိတ် တဘောင်ကြောင့် ဘုရားတည်တာကို ခြောက်နှစ်ရပ်ပြီးမှ သူ့အကြိုက်လိုက်တဲ့ မင်းဆရာနဲ့ တွေ့မှ ပြန်ဆောက်တာပါ။ ဘုရင့်ညီလာခံမှာ အိပ်ချင်လို့ သန်းဝေတဲ့ သူကို ဒေါသထွက်ခဲ့သလို၊ သူအိပ်ရာက နိုးတဲ့အခါ အလိုမကျရင်လဲ အိပ်ရာဘေးရှိတာနဲ့ ကောက်ပေါက်တတ်တယ်လို့ ဖတ်ဖူးပါတယ်။ ဒါကြောင့်ဖွားစောက မာကျောတဲ့ လက်နက်တွေ ဘုရင့်အိပ်ရာဘေးမထားတော့ဘဲ။ လုံပနီသီးတွေကို ထားပေးထားရတယ်။ ဒါေ့ကြာင့် လုံပနီသီးနဲ့ ကောက်ပေါက်ခဲ့တဲ့အတွက် သူ့ရဲ့ မောင်းမတဦး ခါးနာဖူးတယ်လို့တောင် ဆိုပါတယ်။ လုံပနီသီးကို တချို့က ခါးရမ်းသီး လို့ခေါ်ပါတယ်။ ခါးရမ်းသီးဘဝကနေ ခရမ်းသီး ဖြစ်လာတယ်လို့ ပညာရှင်တွေက ရေးသားခဲ့ပါတယ်။ ဘာကြောင့် အိပ်ယာဘေး ခရမ်းသီး ထားအိပ်ခဲ့တယ်ဆိုတဲ့ အချက်ကလဲ စိတ်ဝင်းစရာကောင်းလှပါတယ်။

နရသီဟပတေ့မင်းဟာ အစားကျူးတယ်။ ဟင်းခွက်သုံးရာမပြည့်ရင် မသုံးဆောင်ဘူး။ တရုတ်တွေဝင်လို့ ပုသိမ်းဘက်ကို စစ်ပြေးရတဲ့ ဘဝမှာတောင် ဟင်းခွက် တရာ့ငါးဆယ်ပါမှ သုံးဆောင်တယ်ဆိုပဲ။ ကဲ တိုတို ပြောပါစို့ နောက်ဆုံးမှာ တိုင်းရေးပြည်ရာတွေအထိ ဖွားစောက ဝင်ကိုင်ခဲ့ရတယ်။
နရသီဟပတေ့မင်းနဲ့ မတည့်လို့ နန်းတော်က ခွာသွားတဲ့ ပညာရှိတွေ၊ သူရဲကောင်းတွေ၊ စစ်သည်တွေကို ပြန်စုဆောင်းခဲ့တယ်။ လူထုထောက်ခံမှုရအောင် ပြန်လည် ကြိုးပမ်းခဲ့တယ်။ တိုင်းပြည်မှာ နိုင်ထက်စီးနင်းလုပ်တာတွေကို မလုပ်အောင် ထိန်းကြောင်းပေးခဲ့တယ်။ နောက်ဆုံးမှာ သားတော် ပြည်စား သီဟသူက အဆိပ်ခတ်ခဲ့တဲ့အတွက် နရသီဟပတေ့မင်း နတ်ရွာစံပြန်တယ်။ ကောဇာသက္ကရာဇ် ၆၆၂ မင်းမှာ နန်းတက်တဲ့ ပုံဂံမင်း ၅၅ ဆက်မြောက် စောနစ်လက်ထက်မှာလဲ ဖိဖုရားဖွားစောဟာ တိုင်းပြည်အရေးအရာတွေမှာ အကြံဉာဏ်ကောင်းတွေ ပေးခဲ့တယ်။ စောနစ်ဟာ နရသီဟပတေ့ရဲ့ ညီတော်လဲဖြစ်၊ ပုဂံမင်းဆက် ၅၆ ဆက်မြောက် ဘုရင် ကျော်စွာရဲ့ သားတော်ဖြစ်ပါတယ်။

မိဖုရားဖွားစောဘဝကိုကြည့်လိုက်ရင် တောင်သူလယ်သမား မိသားစုက မွေးဖွားခဲ့သူ ဖြစ်ပေမယ့်၊ ပုဂံဘုရင် ၄ ဆက်လောက်အထိ တိုင်းရေးပြည်ရာတွေမှာ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ အမျိုးသမီးတဦးက တိုင်းပြည်မှာ အကြံဉာဏ်ကောင်းတွေ ပေးတယ်။ အာဏာကလွဲပြီး စီမံခန့်ခွဲမှုညံ့တဲ့ ဘုရင်ကြောင့် ပြိုကွဲသွားတဲ့ တိုင်းပြည်ကို ပြန်စုစည်းမှုရအောင် လုပ်ပေးခဲ့တယ် ဆိုတဲ့အချက်ကို မနစ်သက်တဲ့ စစ်အစိုးရက ဆရာမြသန်းတင့် ဘာသာပြန်တဲ့ She Was a Queen စာအုပ်ကို ထုတ်ခွင့်မရအောင် ပိတ်ခဲ့တာဟာ သိပ်မဆန်းပါဘူး။ အခုတော့ ဘယ်သူမှ ပိတ်ပင်တားဆီးလို့ မရတော့ပါဘူး။

ကိုဂျေ
ဒီ၊ ၁၃၊ ၂၀၁၇

Comments