မိုးကျော်ဇင် ● ၁၆ နှစ်

မိုးကျော်ဇင် ● ၁၆ နှစ်
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၇

၁။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားတစ်ယောက်ရဲ့ အသိုင်းအဝိုင်းဟာ ဆယ့်ခြောက်နှစ်သားတွေနဲ့ တရုန်းရုန်း။ လီယိုနာဒိုကေနဲ့ ချက်ပြုတ်ပုဆိုးဟာ ဆယ့်ခြောက်နှစ်သားတွေရဲ့ အမှတ်တံဆိပ်ပဲ။ အသက်ရှူကြပ်တဲ့ ခေတ်ကြီးထဲ အင်္ကျီရင်ဘက်ကြယ်သီးတွေ ဖြုတ်ဟ ထားတတ်ကြတယ်။ တိုက် တန်းနစ်ဇာတ်ဝင်ခန်း တွေပါတဲ့ ဗလာစာအုပ်နဲ့ဘော့လ်ပင်ကို သုံးတယ်။ စိုးမြတ်နန္ဒာကေနဲ့ ဆယ့်ခြောက်နှစ်သမီးလေးတွေဟာ ဆယ့်ခြောက်နှစ် သားတွေအတွက် အသစ်ကျပ်ချွတ်လေးတွေပါပဲ။

၂။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်မသီချင်းကို မီးမီးခဲပြန်မဆိုရသေးဘူး။ အက်ဆစ်လည်း မစတင်ရသေးဘူး။ ကန္တာရလရောင်ထဲ ပင်လယ်အော်သံဟာ မြည်ခြိမ်းလို့။ ထူးအိမ်သင်ဟာ မဇ္စျိမနဲ့ ဆယ့်ခြောက်နှစ်သားတွေကို တရားဟောခဲ့တယ်။ စည်သူလွင်ရဲ့ ကိုယ့်ကြောင့်ဟာ ငါတို့အသဲကွဲဖို့ အကောင်းဆုံး ဝိုင်တစ် ခွက်။

၃။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားရဲ့နေ့စဉ်ဟာ သူလိုကိုယ်လို ဆယ့် ခြောက်နှစ်သားတွေလိုပါပဲ။ ကျောင်းသွား၊ ကျူရှင်သွား၊ မိဘကူ၊ တစ်နေ့ ကဗျာ ၂ ပုဒ်ရအောင် ဖျစ်ညှစ်ထုတ်လုပ်။ ဘောလုံး ကန်တယ်။ ပိုက်ကျော်ခြင်း ခတ်တယ်။ ကြက်တူရွေးတစ်ကောင်လိုလည်း စာအံရသေးရဲ့။

၎။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားရဲ့ ပခုံးပေါ်မှာ အလေးလံဆုံးကတော့ လွယ်အိတ်တစ်လုံးပဲ။ အဲ့ဒီလွယ်အိတ်ထဲမှာ အချိန်ဇယားနဲ့ လွဲချော်နေတဲ့စာအုပ်တွေ ထည့်လို့။ အဲ့ဒီစာအုပ်တွေထဲ ဘွန်ဇိုင်း ဖြစ်နည်း သင်ခန်းစာတွေ ရိုက်နှိပ်ထားလို့။ လက်နှစ်ဖက်ကို ဆန့်လိုက်ရင် အတောင်ပံတွေ ဖြစ်သွား တတ်ပေမဲ့ လက်တွေ ဆန့်ထုတ်မရအောင် နံရံတွေဟာ မွန်းကျပ်လွန်းတယ်။ ကြည့်သလောက် မမြင်နိုင်ဘူး။ တွေးသလောက် မထင်နိုင်ဘူး။ ပြေး သလောက်လည်း ခရီးမရောက်ဘူး။ ကမ္ဘာထဲက ခေါ်သံတွေ သဲ့သဲ့ကြားခဲ့ရတယ်။ လမ်းတွေက ဆွဲဆောင်ကြတယ်။ ဒါပေ မဲ့ စက်ခေါင်းပျက်နေတဲ့ ရထားပေါ်မှာ ငါတို့ ဘယ်ကိုမှမရောက်ခဲ့ကြဘူး။

၅။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားရဲ့ မိဘတွေဟာ စားဝတ်နေရေး ကျူရှင်ကြေးတွေအပြင် "ကင်းကြေး" ၊ "ချောကြး" တွေပါ တာဝန်ကျေကြရသေးတယ်။ "ချော .. ချော" ဆိုတဲ့ ခပ်အုပ်အုပ် အသံများ လမ်းပေါ်က ဖြတ်သွားလိုက်တာနဲ့ အရွယ်ကောင်းယောက်ျားတွေဟာ ဘဲခြံထဲ တုတ်ပစ်ထည့်လိုက်သလို ဝရုန်း သုန်းကား ထွက်ပြေးကြတာပေါ့။ "ချော" ဆိုတာ "မချော" မှန်း ဆယ့်ခြောက်နှစ်သားဟာ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က တည်းက ကြိုသိခဲ့ပြီးသား။

၆။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်အရွယ် ရင်ခုန်သံဟာ လူသားသက်တမ်း တလျှောက် ကီးအမြင့်ဆုံးနဲ့ ဒရမ်ရိုက်ချက် အစိပ်ဆုံး ဂီတပေါ့။ မနက်မနက်ဆို အိတ်ကပ်ထဲ မုန့်ဖိုး ကျပ်နှစ်ဆယ်ထည့်ပြီး ကျောင်းသွားတဲ့ငါဟာ ကျောင်းအဆင်းမှာတော့ အဲ့ဒီအိတ်ကပ်ထဲ ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးကို ထည့်ယူ လာခဲ့မြဲ။ ဒါပေမဲ့ ကြိုးမဲ့ဂစ်တာတစ်လက်နဲ့ အသံမဲ့သီချင်းကို သီကျူးခြင်းကသာ ငါ့ရဲ့ အရဲဝံ့ဆုံး ချစ်ရေးဆိုခြင်းသာ ဖြစ် တယ်။

၇။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက်နှစ်သားရဲ့ညတွေဟာ အိပ်မက်ချိန် ၇၀ ရာခိုင်နှုန်းနဲ့ အိပ်စက်ချိန် ၃၀ ရာခိုင်နှုန်း။ ကောင်းကင်ဆိုတာ တွေးကြည့်လိုက်တော့ နိမ့်နိမ့်လေးပဲ။ ဂြိုလ်သားတွေနဲ့တောင် စာပေးစာယူ ရှိနေသလိုလို။ ညဆို လမင်းကို လိုသလိုဆွဲလှည့်ပြီး အလင်းတွေကိုတောင် ချိန်ညှိလို့ ရနေသလိုလို။ ကြယ် တွေကို ပုတ်ခတ်ကစားရင်း နေရာတွေတောင် ရွှေ့ပစ်ခဲ့တယ်။ ဟင်းလင်းပွင့် လွင်ပြင်ကြီးတွေ တွေ့တိုင်း ခေါင်းစဉ်မဲ့ ဆာ လောင်ခဲ့မြဲ။

၈။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ လွန်ခဲ့တဲ့ဆယ့် ခြောက်နှစ်က ဆယ့်ခြောက်နှစ်သားတွေရဲ့ လူ့အခွင့်အရေးဆိုတာ တစ်ခုတည်းရှိတဲ့အထဲ က အဲ့ဒီတစ်ခုကို ရွေးချယ်ဖို့ အနိုင်ကျင့်ခံရခြင်းပါပဲ။

၉။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက်နှစ် သားရဲ့ ခြေထောက်တွေဟာ အဆုတ် ရောဂါသည် စာကြည့်အသင်းလေးရှေ့က ဖြတ်သွားရတတ်ပါတယ်။ တစ်နေ့ ကျူရှင်ကအပြန် စာကြည့်အသင်းလေးရှေ့ ဖြတ်လျှောက်လာတုန်း အတွင်းရေးမှူးအစ်ကိုကြီးက လက်ခုပ်တီး လှမ်းခေါ်တယ်။ ပြီးတော့ အဲ့ဒီလထုတ် မဂ္ဂဇင်းတစ်အုပ် ပြတယ်။ ပြီးတော့ "အဲ့ဒီကဗျာရေးတာ မင်းလား" လို့ မေးတယ်။ ဆယ့်ခြောက်နှစ်သားက ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ ရန်ကုန်မသွားတတ်တဲ့ ဆယ့်ခြောက်နှစ်သားခမျာ ပထမဆုံး ပုံနှိပ်ကဗျာလေးရဲ့စာမူခကို စွန့်လွှတ်ခဲ့ရပါတယ်။

၁၀။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ မထင်မှတ်ဘဲ ပြင်သစ်ဗိုလ်စွဲတဲ့ နှစ်မှာ ဆယ့်ခြောက် နှစ်ဖြစ်ရတာ ထူးခြားပေမဲ့ ကျန်ကျောင်းသူရဲကောင်း ဖြစ်တဲ့ခေတ်မှာ ဆယ့်ခြောက်နှစ်ဖြစ်ရတာ ရင်အနာဆုံး။ အာဇာနည်နေ့ ဆိုတာ ကျောင်းပိတ်တဲ့နေ့တစ်နေ့သာမို့ သူလိုကိုယ်လို စနေ တနင်္ဂနွေပါပဲ။

၁၁။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားရဲ့ ခရေဇီစာရင်းထဲ ကဗျာနဲ့ ဂီတ ပါတယ်။ ထက်ထက်မိုးဦးနဲ့ ဆို / ပျော် အစီအစဉ်ပါ တယ်။

၁၂။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားဟာ ဆယ့်ခြောက်နှစ်နဲ့ တောက်ပ ခဲ့ကြတဲ့ ကြယ်တွေကို မော့မော့ကြည့်တတ်လေ့ ရှိတယ်။ တပင်ရွှေထီး နန်းတက်တော့ ဆယ့်ခြောက်နှစ်သား။ ဆရာဇော်ဂျီ ပထမဆုံးကဗျာ ပုံနှိပ်ခဲ့တာ ဆယ့်ခြောက်နှစ်သား။ ...... ဆယ့်ခြောက်နှစ်သား။ .............  ဆယ့်ခြောက်နှစ် သား။ သမိုင်း ကောင်းကင်မှာ တောက်ပခဲ့ကြတဲ့ ဆယ့်ခြောက်နှစ်သားကြယ်တွေကို လိုက်လံရေတွက် ငေးမော အားကျ။ ဒါပေမဲ့ ဆယ့် ခြောက်နှစ်သားဟာ ကျောင်းနောက်က သံဆူးကြိုးတွေ ဖြဲထွက်ပြီး စီးကရက်လည်း ခိုးသောက်ဖူးသူပေါ့။ မှားခဲ့သမျှ၊ မှန်ခဲ့သမျှ အရာရာဟာ အဖြူရောင်မျဉ်းဖြောင့်အတိုင်းပဲ။

၁၃။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားတွေရဲ့ရထားဟာ လွန်ခဲ့တဲ့ဆယ့် ခြောက်နှစ်တုန်းက တစ်ခုသော "မတ်လ" ဘူတာမှာ လမ်းခွဲခဲ့ကြတယ်။ လယ်သမားလက်ဆုပ်ထဲက ပက်ကြဲလိုက်တဲ့ မျိုးစေ့တွေလို ကျရာနေရာက ကုန်းရုန်းထကြရတာပဲ။ နေရာကွက်ကြား မိုးရွာသွန်းမှုတွေ၊ နေရာကွက်ကြား နေရောင်ခြည်ဖြာ မှုတွေကို ၉ ပါးမြောက် လောကဓံအဖြစ် ငါတို့ မဖြစ်မနေ ဧည့်ခံကြရပေါ့။ တစ်နေ့ ငါမသိတဲ့လူတစ်ယောက် လမ်းမှာ ငါ့ကို လာနှုတ်ဆက်တယ်။ ငါ့လက်ကို ဆုပ်ကိုင်လိုက်တဲ့ သူ့လက်ဖဝါးတွေဟာ သံဆန်ကာကွက်တွေလိုပဲ၊ ကြမ်းရှလိုက်တာ။ ဦးခေါင်းမှာ ဆံပင်တွေက ကျွတ်ကျဲလို့။ အားနာစိတ်နဲ့ သူ့အပြောတွေအတိုင်း စီးမျောနေတုန်း "ဖြုန်း" ဆို လွန်ခဲ့တဲ့ ဆယ့် ခြောက်နှစ်တုန်းက ဆယ့်ခြောက်နှစ်သားတစ်ယောက် ပြေးသတိရသွားတယ်။ "အေးကွာ၊ ငါတို့ဘဝတွေက တောထဲတောင် ထဲ လုပ်စားရတော့ ကြမ်းတယ်" တဲ့။ ဆယ့်ခြောက်နှစ်သားအဟောင်းကြီးက ဆယ့်ခြောက်နှစ်သားအဟောင်းကြီးတစ် ယောက်ကို ပြောနေလိုက်ပုံများ၊ ဆွေးမြေ့လိုက်တာ။ သူက ကျက်တီးကုန်းမြေပေါ် ကျရောက်ခဲ့တဲ့ မျိုးစေ့တစ်စေ့ဆိုပါစို့၊ ငါကိုယ်တိုင်ကလည်း မသီးမပွင့်နိုင်သေးတဲ့ ကောက်နှံပင် ကလေးပါ။

၁၄။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ကစားကွင်းတွေမှာ ကစားနည်းမျိုးစုံနဲ့ အနိုင်အရှုံးတွေ ရှိခဲ့တဲ့ ဆယ့်ခြောက်နှစ်သားတွေဟာ နောက် ထပ်ဆယ့်ခြောက်နှစ်ခရီးကို ဖြတ်သန်းသွားပြီးသည့်တိုင် ကစားကွင်းတွေထဲမှာ ကစားနေ ကြတုန်းပါပဲ။ လူကျွံဘောတွေ၊ ပြစ်ဒဏ်ဘောတွေ၊ ထမင်းရည်ပူစည်းတွေနဲ့ မကင်းနိုင်ကြ သေးဘူး။ တချို့က ကံကြမ္မာဒိုင်လူကြီးရဲ့ တစ်ဖက်စောင်းနင်း အနီကတ်တွေ ထိကြ၊ ပင်နယ်တီဂိုးတွေ ပေးလိုက်ကြရ။ လူနာတင်ကတ်တွေပေါ် လိုက်ပါသွားကြရ။ တချို့ကတော့ မာရာဒိုနာလို ဘုရားပေးတဲ့လက်တွေနဲ့ အငြင်းပွားတွေဂိုးတွေ တဒိုင်းဒိုင်း သွင်းယူသွားကြ။ အဲံ့ဒီ ဘုရားပေးတယ်ဆိုတဲ့ လက်တွေနဲ့ပဲ ဆုဖလားတွေ တစ်လုံးပြီးတစ်လုံး ကိုင်မြှောက် အောင်ပွဲခံကြတယ်လေ။

၁၅။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက်နှစ်သားဘဝကို ဆယ့်ခြောက်နှစ်လွန် မြောက်ခဲ့ပြီး ဆယ့်ခြောက်နှစ်သားစတိုခန်းကို ပြန်ဖွမိတော့ ဆယ့်ခြောက်နှစ်သားအရွယ်မှာ ငါဝတ်ခဲ့တဲ့ ဂျင်းဘောင်းဘီကိုပြန် တွေ့တယ်။ ပြန်ဝတ်ကြည့်ဖို့ ကြိုးစားတော့ ဂျင်းဘောင်းဘီလေးရဲ့ ခါးနံပါတ်က ငါ့ဝမ်းဗိုက်ရဲ့ အတ္တအခေါက် ထူကြီးကို လှောင်ပြောင်တယ်။ တကယ်တော့ ဆယ့်ခြောက်နှစ်သားဘဝဆိုတာ ပြန်ဝတ်လို့မရတော့တဲ့ အလွမ်းတစ်ထည်ပေါ့လေ။ ပြီးတော့ ... အုပ်ဆောင်းထဲ စွန့်ကြဲပစ်ချကျွေးသ လောက်ကိုသာ ရောင့်ရောင့်ရဲရဲ အစာကောက်ခဲ့ကြတဲ့ လွန်ခဲ့တဲ့ဆယ့်ခြောက် တုန်းက ဆယ့်ခြောက်နှစ်သားတွေရဲ့ သူရဲဘောင်ကြောင်မှုတွေကို ဒီဂျင်းဘောင်းဘီလေးကပဲ ဖြောင့်ချက်ပေးနေပြန်ပါ ရောလား။

၁၆။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်က ငါဟာ ဆယ့်ခြောက်နှစ်သားပေါ့။ ဆယ့်ခြောက် နှစ်သားဘဝဆိုတာ ယာဉ်ကြောတွေ ရှုပ် ထွေးလွန်းတဲ့ မီးပွိုင့်တစ်ခုလိုပေါ့။ ငါဟာ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်တုန်းက အရေးတကြီး လမ်းဖြတ်ကူးခဲ့သူလား၊ ဒါမှမ ဟုတ် တွေဝေနှောင့်နှေးခဲ့သူလား။ ဘာပဲဖြစ်ဖြစ် ဒုလ္လဘ လူ့ဘဝကြီးမှာ ဆယ့်ခြောက်နှစ်သားဖြစ်ခဲ့ရတာကိုပဲ ဆယ့်ခြောက် နှစ်သားလက်ဟောင်းကြီးက ကျေကျေနပ်နပ်ကြီး လွမ်းဆွတ်နေပါတော့တယ်။   

မိုးကျော်ဇင်

0