အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၅)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၅)
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၁၃)
စံခလယ်ဒုက္ခသည်စခန်းမှာ တလလောက်နေပြီးတော့ နယ်စပ်ရဲ့ အခြားတဖက်ခြမ်း 'ကလိန်ကန်စခန်း' ကို ပြောင်းရွှေ့ အခြေချကြ ရတယ်။ စံခလယ်ဒုက္ခသည်စခန်းမှာ နေကြရတုန်းက ယာယီပဲ။ မီးဘေးဒုက္ခသည်တွေလို ယာယီဖျင်တဲတွေနဲ့ မလုံမခြုံ နေကြရတယ်။ ဘုရားသုံးဆူဒေသက ထွက်ပြေးလာတဲ့ မွန်-ကရင်ဒုက္ခသည် ထောင်နဲ့ချီရှိမယ်။ ဘုရားသုံးဆူကို ထိုးစစ် မလာခင်နဲ့ အဲသည်စခန်းမှာနေတုန်းမှာ ကျနော်တို့ ABSDF အဖွဲ့ဝင်အတော်များများ ဘန်ကောက်ကို တက်သွား ကြတယ်။ ဒုက္ခသည်လျှောက်ကြတယ်။ ဘန်ကောက်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ နိုင်ငံရေး နဲ့ အခြားစိုးရိမ်ဖွယ်အကြောင်းများရှိရင် ဒုက္ခသည်လျှောက်နိုင်တယ်။ ဒုက္ခသည်အဖြစ်ကလည်း မက်စရာ အကြောင်းရှိ တယ်။ စခန်းမှာ ငှက်ဖျားဖျား၊ ငတ်မွတ်၊ အနေအစားဆင်းရဲတဲ့ ဘဝမျိုးထက်စာရင် ဘန်ကောက်လိုမြို့ကြီးမှာ ဒုက္ခရောက်တယ်ဆိုပေမယ့် သက်သက်သာသာ နေနိုင်တယ်။ UNHCR က တလကို ဘတ် ၃,၀၀၀ ထောက်ပံ့ပေးတယ်။ (အဲသည် အချိန်က USD တစ်ဒေါ်လာက ၂၅ ဘတ်လောက်ပဲ ရှိမယ်။) လူရှိကြောင်း သက်သေပြနိုင်အောင် UN ရုံးလေးမှာ တလ တခါ လက်မှတ်ထိုးကြရတယ်။ လကုန်ရင် ATM ဘဏ်ကဒ်ပြားထဲကို ထည့်ပေးတဲ့ ထောက်ပံ့ကြေးငွေ ရောက်လာမယ်။ စုပေါင်းအိမ်ငှားနေတဲ့အခါမျိုးမှာ လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်ကဒ်ပြားက လည်း ထိုင်းရဲတွေရန်က တစုံတရာ လုံခြုံမှုပေးနိုင်တယ်။ နောက်ပိုင်း တတိယနိုင်ငံမှာ အခြေချဖို့ လည်း အခွင့်အလမ်း ရှိတယ်။ ဒါကြောင့် ဒီလို ဒုက္ခသည် ခံယူရေး-မခံယူရေးကိစ္စက စခန်း တွေအတွက် အရေးတကြီး စဉ်းစားရတဲ့ မူဝါဒ တခု ဖြစ်လာခဲ့ တယ်။ ကျနော်တို့ ခွဲ (၂) က ဒုက္ခသည် ခံယူရေးမူကို ဆန့်ကျင်တယ်။ 'ဒါဟာ တော်လှန်ရေးမဆန်ဘူး၊ တော်လှန်ရေးကို ဖောက်ပြန်ရာကျတယ်' လို့ ကျနော်တို့ အစုက ခံယူတယ်။ တလတခါ မြို့တက်လက်မှတ်ထိုးလိုက်၊ စခန်း ပြန်လာလိုက်ဆိုတာ လက်တွေ့မကျဘူး။ အဲဒါအပြင် ဒီလိုခွင့်ပြုထားရင် စခန်းမှာ ရဲဘော်တွေကို ထိန်းသိမ်းကွပ်ကဲရမှာ ခက်ခဲတယ်လို့ ယူဆတယ်။ ဒါပေမယ့် တဦးချင်းဆန္ဒအရ ဒုက္ခသည် လျှောက်ချင် ရင်တော့ သွားပေါ့။ တားမြစ်လို့တော့ မရနိုင်ဘူး။ တပ်ရင်း (၁၀၂) ကတော့ ဒုက္ခသည်မူဝါဒအပေါ်မှာ လိုက်လိုက် လျောလျော ရှိတယ်။ ဒါကလည်း သူတို့ စဉ်းစားချက်နဲ့ သူတို့ပေါ့။ တပ်ရင်း (၁၀၁) ကလည်း ကျနော်တို့လိုပဲ ဒုက္ခသည် ကိစ္စကို စိတ်မဝင်စားကြဘူး။ ကေအဲန်ယူ ထိန်းချုပ်ဒေသက ABSDF တပ်ရင်းတွေကတော့ ဘန်ကောက်တက်ဖို့ အလားအလာနည်းတယ်။ ခရီးဝေးတယ်။ ဒါကြောင့် ဒုက္ခသည် ပြဿနာသိပ်ပြီး ရိုက်ခတ်မှု မရှိလှဘူး။ မွန်ပြည်သစ်ပါတီ အောက်က မွန်ကျောင်းသားအဖွဲ့တွေမှာလည်း အဲသလို ဒုက္ခသည်ထောက်ပံ့ကြေး ယူမယ်-မယူဘူး ပြဿနာရှိတယ်လို့ ကြားဖူးတယ်။

ဘုရားသုံးဆူ ဒေသမှာ နယ်စပ်က ကွေ့ဝိုက်သွားတယ်။ ကြားထဲမှာ ထိုင်းက စံခရပူရီ နယ်စပ်မြို့ကလေးရှိတယ်။ မြို့ ကလေးကတော့ ကရင်-မွန်လူမျိုးတွေ အများစုနေထိုင်ကြပြီး၊ ထိုင်းကတော့ ဝန်ထမ်းတွေ အပါအဝင်၊ ၅ ရာခိုင်နှုန်း ဝန်းကျင် လောက်ပဲရှိလိမ့်မယ်။ ဘုရားသုံးဆူနဲ့ စံခလပူရီမြို့က ကီလိုမီတာ ၂၀ လောက် ဝေးတယ်။ မြေနီလမ်း ကားလမ်းပေါက်တယ်။ (အခုတော့ ကတ္တရာလမ်းကျယ်ကြီး ဖြစ်နေပြီ)။ စံခလပူရီကနေ အခြား နယ်စပ်တဖက်ကို ဘီးခီးချောင်းအတိုင်း လှေစီးခရီးသွားရင် ၃-နာရီလောက်အကြာမှာ ကျနော်တို့ ကလိန်ကန်စခန်းရှိတယ်။ ဒါလည်း မွန်ဒုက္ခ သည်ရွာကြီးပဲ။ နယ်စပ်နဲ့ လမ်းလျှောက်ရင် တောထူပြီး တနာရီအကြာ ခရီးလောက်ရှိမယ်။ အဲသည်မှာ မွန်ဗဟိုစခန်း အသစ်လုပ်ထားတဲ့နေရာ၊ "လှပဒပ်" စခန်း ရှိတယ်။ တောလမ်းအတိုင်းလျှောက်ရင် တနင်္သာရီ တောင်ညိုတောင်တန်း ကြီး ဖြတ်ရမယ်။ ပြီးရင် တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ်ဒေသတွေကို ဖြတ်ပြီး ဆင်းသွားရင် ရေးမြို့ တောင်ဖက် ဒေသ တွေကို ရောက်နိုင်တယ်။ ကျနော်တို့ ကျောင်းသားစခန်းချဖို့တော့ ရွာနောက်ကျောဖက်က စမ်းချောင်းလေးဖြတ်စီးနေတဲ့ တောင်ကြားလျှိုနေရာ ကလေးတခုကို ပေးထားတယ်။ ကလိန်းကန်းစခန်းကနေ ချောင်းအောက်ဖက် နာရီဝက်လောက် လမ်းလျှောက်ရတဲ့နေရာမှာ ဗိုလ်မှူးနိုင်ကားရော့ ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ တပ်ရင်း (၃၃၃) တပ်ရင်းစခန်း (ပနန်းထော်ကျေးရွာ) ရှိတယ်။

အဲဒီမှာ တပ်ရင်း (၁၀၁)၊ တပ်ရင်း (၁၀၂)၊ ကျနော်တို့ (၁၀၁-ခွဲ ၂) သုံးအုပ်ပေါင်းပြီး၊ အုပ်စုလိုက် စခန်းချနေကြရတယ်။ အဲဒီမှာ လိုအပ်ချက်အရ နယ်မြေပုံစံ စုဖွဲ့မှု ပြန်လုပ်ကြတယ်။ အဲဒီအခါ ကျနော်က ဘုရားသုံးဆူဒေသ နိုင်ငံရေးမှူး ဖြစ်လာတယ်။ ဒု-နိုင်ငံရေးမှူး အဖြစ် ၁၀၂ က [အမည်မမှတ်မိ] တာဝန်ယူတယ်။ တပ်ရင်း (၁၀၂) စခန်း ဥက္ကဋ္ဌ ကိုသီရိညွန့်က ဒုတိယအကြိမ် မင်းသမီးစခန်းညီလာခံ (၁၉၈၉ နိုဝင်ဘာ၊ ဒီဇင်ဘာ) အပြီးမှာ ဗဟိုကော်မီတီမှာ အတွင်းရေးမှူး (၁) တာဝန်ဖြစ်သွားတယ်။ စစ်ရေးခေါင်းဆောင်အဖြစ် တပ်ရင်း (၁၀၁) က ဆရာကျော်တင့်က တာဝန်ယူ တယ်။ သူက စစ်တပ်ကအငြိမ်းစားပြီး သူ့ရွာမှာ နားနေခဲ့တဲ့၊ တိုက်ပွဲအတွေ့အကြုံများတဲ့ တပ်ကြပ်ကြီးတဦးပဲ။ ကျနော်တို့ စစ်သင်တန်းတွေ လုပ်တုန်းကလည်း သူက ဦးဆောင်သင်တန်းပေးတဲ့အထဲ ပါတယ်။ တပ်ရေးအဖြစ် ကိုတိုးကြီး (၁၀၂) က တာဝန်ယူတယ်။ တပ်ထောက်တာဝန်ကိုတော့ ကျနော်တို့ဆီက ဆရာ ဦးအောင်မြင့်စိုး၊ တပ်ရင်း (၁၀၂) က ကိုရဲမွန် တို့က တာဝန်ယူကြတယ်။ ပြင်ပဆက်ဆံရေးရုံး၊ ထောက်ပံ့ရေးရုံးအဖြစ် စံခပူရီမှာ ကျနော်တို့ အိမ်ကလေးတလုံးငှားထား ကြတယ်။

လက်နက်ရှိတဲ့ ကျနော်တို့တပ်တွေကတော့ ဘုရားသုံးဆူအကျမှာပဲ ရှေ့တန်းကို အခြားလမ်းကြောင်းက ဆင်းသွားကြ တယ်။ အချို့ကလည်း ရှေ့တန်းဆင်းဖို့ ပြင်ပြီးစောင့်နေကြတယ်။ အထူးသဖြင့်တော့ ရေးမြို့ကို စစ်ဆင်ရေး သွားတိုက် ကြမယ်ဆိုတာ တစုံတရာ သိပြီး ပြောဆိုနေကြတယ်။ တပ်ရင်း (၁၀၂) က ကိုကိုလေးဦးဆောင်တဲ့ တပ်ဖွဲ့၊ ကျနော်တို့ ဆီက ကိုဝင်းနိုင်ဦး၊ ကိုမင်းလွင်တို့ အပါအဝင် အချို့တပ်တွေက ဘုရားသုံးဆူကျပြီးနောက်ပိုင်းမှာ အရင် ရှေ့တန်းဆင်း နေကြ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက တောင်ပေါက် ၂၄ ရွာဖက်ကို ဆင်းသွားကြတယ်။ မွန်-ကရင်ပူးတွဲအုပ်ချုပ်ရေး ဒေသတွေပဲ။ တပ်ရင်း (၁၀၁) က ဦးနန္ဒ၊ ကိုတင်စိုးမောင် သူ့တပ်တွေနဲ့ တပ်ရင်း (၁၀၂) က ကိုဝင်းမိုး၊ ကိုကိုဦး၊ ကိုအေးမင်း၊ ကိုဘတိုးတို့ အုပ်စုတွေက ရေးတောင်ပိုင်းဒေသဘက်ကို စစ်ကြောင်းဆင်းကြတယ်။ အခု ခေါဇာမြို့၊ ကဗျာဝကမ်းခြေ ဖြစ်နေတဲ့ ဒေသတွေပဲ။

အဲဒီအချိန်မှာ မွန်ပြည်သစ်ပါတီမှာလည်း နိုင်ငံရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ပန်းသာက သူ့စာအုပ်မှာ ရေး ထားခဲ့တယ်။ ၁၉၉၀ ခုနှစ်၊ ဖေဖေါ်ဝါရီလထဲမှာပဲ မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင် နိုင်တင်အောင်၊ ထိုင်ဝမ် အဆက်အသွယ် မစ္စတာယပ် (Mr. Yap)၊ ဦးဇင်းဝိဇျာန်၊ ဦးဥတ္တမတို့ ခေါင်းဆောင်ပြီး လျှို့ဝှက် ဆွေးနွေးပွဲတခုလုပ်တယ်။ ဦးဇင်းဝိဇျာန်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေကို ဖယ်ရှားပြီး မွန်ဆရာဝန်ကြီး တဦး ဖြစ်တဲ့ နိုင်စုအက်ကို သမ္မတ၊ နိုင်တင်အောင်ကို ဝန်ကြီးချုပ်၊ မစ္စတာယပ်ကို နိုင်ငံခြားရေးဝန်ကြီးထားပြီး မွန်အစိုးရအဖွဲ့ တခု ဖွဲ့ဖို့ ကြိုးစားတယ်လို့ ဆိုတယ်။ နောက်ပိုင်းမှာ မစ္စတာယပ်ကိုယ်တိုင်က ဒီအကြောင်းတွေကို မွန်ပြည်သစ်ပါတီဆီကို တိုင်ကြားခဲ့တယ်လို့ ရေးထားတယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ချမ်းတွဲ့ကတော့ ဒီကြိုးပမ်းမှုက အောက်ခြေထုအပေါ် သက်ရောက်မှုမရှိခဲ့ဘူး။ နိုင်ငံရေးအရ ဂယက်ထမှုလည်း နည်းပါတယ်လို့ ဆိုတယ်။ (နိုင်ပန်းသာ၊ စာ- ၂၇၆-၂၇၇)

မွန်ပြည်သစ်ပါတီ၊ ဒု-စစ်ဦးစီးချုပ်က ရေးမြို့ကိုတိုက်ဖို့ စစ်ပြင်ဆင်တယ်လို့ ဆိုတယ်။ အဲဒါကို မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့က သိပြီးတော့ တားမြစ်တယ်၊ စစ်ဦးစီးချုပ်နဲ့ မွန်ပြည်သစ် ဥက္ကဋ္ဌကိုယ်တိုင်က တားမြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ရေးမြို့ကို တိုက်ဖို့ စစ်ဆင်ရေးဖြစ်လာခဲ့တယ်။

Comments