မောင်နောင်မွန် - အောက်ပြည်သားနှင့် မြေလတ်ဆောင်း


အောက်ပြည်သားနှင့် မြေလတ်ဆောင်း
မောင်နောင်မွန်
(မိုးမခ)၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၇


အေးစက်စက်ဆောင်းလေပြေသည် ကားပေါ်မှာဆင်းဆင်းချင်း ခန္ဓာကိုယ်တခုလုံးကို လာရောက်ထိတွေ့နေသည်။ မြေလတ်ဒေသဆောင်း၏ စစချင်းနှုတ်ဆက်ပုံက အရိုင်းဆန်လှသည်။ ကိုယ်ပေါ်တွင်ဟန်ပါပါဝတ်ဆင်ထားသောနာမည်ကြီးတံဆိပ်အနွေးထည်ကြောင့်သာ ခံသာတော့သည်ထင်မိသည်။ အောက်ပြည်အောက်ရွာမှပင်လယ်အတွေ့အထိနှင့်ရင်နှီးခဲ့သော လူတယောက်အတွက် မြေလတ်ဒေသ၏ဆောင်းဦးရာသီကြိုဆိုပုံက တမူထူးဆန်းနေသည်။

ကျနော်ကြီးပြင်းရာ အောက်ပြည်အောက်ရွာမှဇာတိရွာလေးသည် တောင်တန်းနှင့်ပင်လယ်ကြားတွင် တည်ရှိသည်။ အီကွေတာအနီးပတ်ဝန်းကျင်ဒေသ၏မိုးများ၍ စိုစွတ်သောရာသီဥတုကြောင့် စိုက်ပျိုးမွေးမြူးရေးကောင်းမွန်ကာ စီပွားရေးချောင်လည်သောဒေသတစ်ခုဖြစ်သည်။ နွေမိုးဆောင်းသုံးရာသီသည် အညီအမျှလည်ပတ်နေကာ ရာသီဥတုမျှတလှသောဒေဖြစ်သည်။ ထိုကြောင့်ဆရာမြသန်းတင့်ပင် သူ၏မြန်မာပြည် အောက်ပိုင်း ကမ်းရိုးတန်းဒေသခရီးသွားဆောင်းပါးအဖြစ် ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာညများဟူ၍ တခမ်းတနား မှတ်တမ်းတင်ထားသည်ကိုဖတ်ခဲ့ရဖူးသည်။ ယခုကျနော်တွေ့ထိခံစားနေရသော ဆောင်းရာသီ၏အေးစိမ့်မှုအရသာကိုဇာတိမြေတွင်တခါမှမခံစားခဲ့ဖူးချေ။ ယခုမှလောလောလတ်လတ်ခြေချဖူးသောမြေလတ်မြို့လေး၏အေးမြသောအငွေ့အသက်သည်ကာ ကျနော်အတွက် တစိမ်းဆန်ဆန်အေးစက်မှုမဖြစ်ပါစေနဲ့ဟု ဆုတောင်းနေမိသည်။ သည်မြို့လေးမှာ သူ အချိန်ကာလ အတော်ကြာရင်းနှီးနေထိုင်ရဦးမည်မဟုတ်ပါလား။

လူနေထူထပ်သောရွှေမြို့တော်ဆီမှ ဆယ့်သုံးနာရီကျော် အလယ်ရိုးမကိုဖြတ်ကာ တညလုံးကားစီးခဲ့ရသောဒဏ်ကြောင့် တကိုယ်လုံး ပင်ပန်း နွမ်းနယ်နေသည်။ ကျနော်တို့သည် မြေလတ်မြို့လေးကိုရောက်ရန်အတွက် ကားနှစ်ဆင့်စီးရသည်။ ပထမဇာတိရွာလေးမှ ရွှေမြို့တော်ကြီးဆီသို့ ခြောက် နာရီခန့်၊ ထိုမှတဖန် အလယ်ပဲခူးရိုးမကိုဖြတ်၍ မြေလတ်မြို့လေးဆီသို့ ဆယ်သုံးနာရီခန့် ခရီးဆက်ခဲ့ရသည်။ ရိုးမလမ်း၏ကြမ်းတမ်းမှု တောင်တက် တောင် ဆင်းများကြောင့် ခရီးစဉ်တလျှောက်တညလုံး မအိပ်ခဲ့ရသောကြောင့် ကိုင်ရိုက်ထားသကဲ့သို့ တကိုယ်လုံးကိုက်ခဲနာကျင်သည်ဟုထင်သည်။ 

ဆောင်းမနက်ခင်းဝေလီဝေလင်းအချိန်မို့ မြေလတ်ဒေသမြို့တော်၏အဝေးပြေးကားဝင်းသည် ကားအဝင်အထွက်များဖြင့် ရှုပ်ယှက်ခတ်နေသည်။ တုတ်တုတ်ဟုခေါ်သော သုံးဘီး ဆိုင်ကယ်များလည်း ကားဝင်းအတွင်းပြာယာခတ်နေသည်။ အသိမိတ်ဆွေတယောက်ပြောထားဖူးသောစကားလေးတခွန်းကို သတိရမိသည်။

"မင်းတို့ကားဝင်းထဲမှာလူသစ်ဆိုရင်တော့ တုတ်တုတ်မငှားနဲ့။ မျက်နှာသစ်လေးတွေဆို ဒီကောင်တွေကရိုက်တာ။ မအူမလည်လုပ်ရင်တော့ခံသွားရမှာပဲ" ဟူသောစကား ကိုပြန်ကြားမိသည်။ ထိုကြောင့်လည်း ကားဂိတ်အတွင်းမှအပြင်သို့ခြေမလှမ်းရဲဘဲ ငေးကြည့်ရုံသာတတ်နိုင်တော့သည်။

ရွာထဲမှမိတ်ဆွေတဦးဖုန်းဆက်ချိတ်ထားပေးသော လူတယောက်လာကြိုမည်ကို ကားဂိတ်အတွင်းမှထိုင်စောင့်နေမိသည်။ တညလုံးပင်ပန်းသည့်ဒဏ်ကြောင့် တူဝရီး နှစ်ယောက်သည် အနားယူချင်နေသော်လည်း ငုတ်တုတ်ထိုင်ကာ လာကြိုမည်သူကို စောင့်နေမိသည်။ တောသားများဖြစ်သည်ကတကြောင်း၊ အသစ်အဆန်း ယခုမှရောက်ဖူးသော မြို့ဖြစ်သည်ကတကြောင်း အရာရာတိုင်းကို အထူးအဆန်းပမာ ငေးကြည့်နေမိသည်။ ထို့အပြင် တူဝရီး နှစ်ယောက်ကာ လာကြိုမည့်သူကို တခါမှမတွေ့ဖူးချေ။

ဆောင်းဦးရာသီ၏လေပြေဆော့ကစားမှုကြောင့်လည်ကောင်း၊ မြေလတ်ဒေသ၏ခြောက်သွေ့သောကြောင့်လည်းကောင်း မြို့လေးသည် ဖုန်ထူထပ် လှသည်။ ရွာဦးကျောင်းဆရာတော်မိန့်ကြားသည့် "အညာဒေသဆိုတာတော့ အစွန်းနှစ်ဖက်ဖြစ်ပျက်နေတဲ့ဒေသဘဲကွ။ နွေဆိုအရမ်းပူတာ အဝတ်မကပ်ဘူး၊ အေး... ဆောင်း အေးပြန်ပြီဆိုလည်း ခိုက်ခိုက်တုန်ပဲကွာ။ ဒါကြောင့် အချုပ်တန်းဆရာဖေက လမ်းဆုံမှာကမ်းကုန်အောင် ဟစ်ချင်တာဖြစ်မယ်။ ဒါပေသိ မိုးတော့ မရွာ ဘူးကွ။ မြွေဘေးကင်းဘေး သတိတော့ထားဟေ့" ဟုဆိုခဲ့သောသြဝါဒအား ပြန်လည်သတိရမိသည်။ (ကင်းမြီးကောက်နှင့်မြွေပွေးအလွန်ပေါသည်။ နွေရာသီတွင် အဆောင်အခန်းထဲ သို့မဟုတ် လမ်းများတွင် ကင်းမြီးကောက်များ မြွေများကိုအမြဲလိုလိုတွေ့နေရသည်။)

ဖုန်လုံးတထောင်းထောင်းနှင့် မောင်းဝင်လာသောတရုတ်ဆိုင်ကယ်တစီးသည် ကျနော်တို့ထိုင်နေသောကားဂိတ်ရှေ့တွင် ရပ်သည်ကို တွေ့ရသည်။ အောက်ပြည်အောက်ရွာတွင် ဂျပန်လုပ်၊ ယိုးဒယားလုပ် ဟွန်ဒါဆိုင်ကယ်များပေါများသကဲ့သို့ ယခုမြေလတ်ဒေသတွင်လည်း ရေနံချောင်းစက်မှုဇုန် ထုတ် တရုတ်တံဆိပ်ဆိုင်ကယ်များပေါများလှသည်။ ဆိုင်ကယ်ပေါ်မှ နေလောင်နေသောအသားအရည်၊ မွန်သံဝဲဝဲနှင့်လူကြီးက နှစ်လိုသောအပြုံးဖြင့် ပြုံးပြသောအခါတွင် ကားဂိတ်အတွင်း ထိုင်နေသော တူဝရီးနှစ်ယောက်အတွက်မူ ကယ်သူမဲ့ပင်လယ်ပြင်ကျယ်ကျယ်ထဲ မဏိမေခလာကိုမြင်တွေ့ရသကဲသို့ အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။ ရပ်ဝေးဒေသတွင် ထို့ကဲ့သို့ဖော်ရွေသောအပြုံးမျိုးသည်ကာ အဖိုးမဖြတ်နိုင်သောအပြုံးမျိုးဖြစ်သည်။

လမျက်နှာပြင်ကဲ့သို့လမ်းမထက်တွင် တရုတ်ဆိုင်ကယ်ကို သုံးယောက်သားခွစီးရင်း ဖုန်းဆက်ချိတ်ထားသော နေရမည့်အဆောင်သို့လာခဲ့သည်။ မြေလတ်ဆောင်း၏အေးမြမှုနှင့်အတူတူ ဖုန်လုံးကြီးများက တလိပ်လိပ်ဖြစ်သည်။ မြစ်မင်းဧရာဝတီ၏ကမ်းနဖူးတွင်မှေးတင်းထားသောမြို့လေး၏အလှသည်ကား တင့်တယ်လွန်းလှသည်။ မြစ်၏အလယ်ခေါင်တွင်ဟိုတကွက် ဒီတကွက် သောင်ထွန်းနေသော မြေနုကျွန်းများ၌ ကိုင်းခင်းစိမ်းစိမ်းများကိုလည်း သဘာဝပန်းချီကားတချပ်သဖွယ် တွေ့မြင်ရသည်။ လှေသမ္မာန်လေးများသည် မြစ်ပြင်တွင်ကူးလူးကနေကြ၍ ကိုရွှေတံငါသည်များက ငါးပိုက်များဖြုတ်နေကြသည်။ မြစ်ကူးသင်္ဘောကြီးများတစ်စီးစနှစ်စီးစတွေ့ရသည်။ရေနံတင်သဘောင်္ကြီးများ ဆိုက်ကပ်ထားသည်ကိုတွေ့ရသည်။ သစ်ဖောင်များကိုလည်း မြစ်ပြင်ကျယ်ထဲတွင် ဟိုဟိုဒီဒီအနှံ့ တွေ့ရသည်။ မြစ်ကြောင်းတလျှောက် အပျော်စီးတိုးရစ်အဖွဲ့တဖွဲ့၏သဘောင်္တစီးကိုလည်း တွေ့မြင်ရပေသည်။ မြစ်ကိုကန့်လန့်ဖြတ်ထားသောတံတားကြီးကိုကား ကမ်းနားလမ်းမှမျှော် ကြည့်မိသည်။ ဆောင်းဦးရာသီနံနက်ခင်းမို့ တံတားပေါ်တွင် ကိုယ်လက်အားကစားလှုပ်ရှားနေသူများကိုလည်း ပြည့်နှက်နေလေသည်။ ရံဖန်ရံခါ အစိုးရပိုင်၊ ကုမ္မဏီအပိုင်ဆီဘောက်စာကားကြီးများ တံတားပေါ်မှ ဖြတ်သန်းသွားသည်ကိုတွေ့မြင်ရရာ သက်ဝင်လှုပ်ရှားမြင်ကွင်းကျယ်ရုပ်ရှင်ကား တကားကို ကြည့်နေရသည်နှင့်လည်း ခပ်ဆင်ဆင်တူလှပါသည်။ 

မြစ်မင်းဧရာ၏တဖက်တချက်ကမ်းရိုးပေါ်ရှိ ကုန်းမြင့်များတွင်မူ ရွှေရောင်တဖုံ ထုံးဖြူတလှည့်ဖြင့် စေတီများကို အစီအရီတွေ့မြင်ဖူးမျှော်ရသည်။ မြစ်၏ဟိုဘက်ကမ်းတွင်မတော့ ရခိုင်ရိုးမအစ တောင်တန်းလေးများ။ သို့နှင့် ကမ်းနားလမ်းအဆုံးတွင် သင်္ဘောဆိပ်ကို ဘွားခနဲတွေ့ရသည်။ ဘောတံတားနှင့် သစ်သားကုန်းဘောင်ခံထားသော သဘောင်္ဆိပ်တွင်သဘောင်္ကြီးငယ်အနည်းငယ်ကို တွေ့ရသည်။ဧရာမြစ်ကြောင်းတလျှောက်ဈေးရောင်းထွက်သော ဈေးလှေကြီးတစ်စီးဆိုက်ထားကာ ထိုလှေပေါ်တွင်ဈေးရောင်းဈေးဝယ်များတက်ချီဆင်းချီပြုလုပ်နေကြသည်။ ထိုမှဆက်သော် နိုင်ငံကျော် စေတီိအမွန်မြသလွန်စေတီတော်ကို ရွှေရောင်ထီးထီးဖြင့် ကြည်ညို သပ္ပါယ်စွာ ဖူးမြင်ရသည်။ ဆောင်းဦးရာသီမို့ စေတီ၏အောက်ခြေရှိမြစ်ပြင်တွင် မြေနုကျွန်းများပေါ်ပေါက်နေပေရာ အာရုံရိပ်ထဲတွင် အမြင်တမျိုးဆန်း နေလေသည်။ (မကွေးမြို့ရှိဧရာဝတီမြစ်ပြင်သည် မိုးတွင်းကာလ တောင်ကျချောင်းများစီးသောအချိန်တွင်သာ ရေပြင်ကျယ်ကျယ်ရှိသည်။ ဆောင်းဦး ရာသီရောက်သည်နှင့် မြေနုကျွန်းများပေါ်ကာ မြစ်ပြင်ကျယ်သည် အနည်းသာရှိသည်။ ထိုအခါသင်္ဘောများသည် ရေကြောင်းဌာနမှညွှန်ပြထားသော မြစ်ရေ စီးကြောင်းအတိုင်း သွားလာခုတ်မောင်းရသည်။ ထိုမြေနုကျွန်းများမှ မင်းဘူးဘက်ကမ်းနားရှိ အကြီးဆုံးကျွန်းမကြီးပေါ်တွင် ကျွန်းမကြီးကဗျာပွဲကို မြေလတ်ဒေသကဗျာဆရာများကဦးစီး၍ နှစ်စဉ်လိုလိုကျင်းပပြုလုပ်လျက်ရှိရာ တနိုင်ငံလုံးမှ ကဗျာဆရာများက သိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲလာကြလေ့ရှိသည်။)

အဆောင်တွင် လူစုံတက်စုံရောက်ရှိနေပြီဖြစ်သည်။ နှစ်ကြီးအတန်းက စီနီယာနောင်တော်အကိုများနှင့် ကျနော့်လို ကျောင်းသားအသစ်များလည်း ရောက်ရှိနေကြသည်။ သို့သော်ငယ်စဉ်ကဖတ်ခဲ့ဖူးသောတက္ကသိုလ်နောက်ခံဝတ္ထုများကဲ့သို့ ကြိုဆိုပုံမတူချေ။ ဆရာဇဝနရဲ့ကောလိပ်ဂျင်း၊ ကောလိပ်ကျောင်းသားများကဲ့သို့ ပျော်စရာမကောင်းချေ။ (ဆောင်းရာသီဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာသည် စာမေးပွဲပြီး၍ ကျောင်းများ ပိတ်ကြသည်။ သို့သော် ကျနော်တက်သော တက္ကသိုလ်တွင်မူ ဆောင်းရာသီတွင် ပုံမှန်စာမေးပွဲဖြေဆိုမအောင်မြင်သောသာများကို ပြန်လည်ကုစားခြင်း သို့မဟုတ် နောက်ဆက်တွဲစာမေးပွဲ ဖြေဆိုခြင်းများ ပြုလုပ်သည်။ ထိုကြောင့် နှစ်ကြီးအတန်းများအဆောင်တွင် ရောက်နေခြင်းဖြစ်သည်။ ကျနော်တက်ခဲ့သောကျောင်းတွင် နိုင်ငံတဝန်းမှ ကျောင်းသား/သူများမှာ အများစုဖြစ်သောကြောင့် စာမေးပွဲပြီးသော ဆောင်းရာသီကျောင်းပိတ်ရက်သည်ကာ အိမ်ပြန်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။)

ကျနော်တို့သည်က ခေတ်နှင့်လျော်ညီစွာ ခေတ်သစ်ပညာရေးစနစ်၏သားသမီးများပီပီ တက္ကသိုလ်ပညာရေးကို တဲစုတ်များတွင်နေထိုင်၍သင်ယူရသောခေတ်ဖြစ်သည်။ ထိုအပြင်ကျောင်းသားများသည် မိမိတို့နေထိုင်ရေးကို မိမိဘာသာ စီစဉ်ပူပန်ရသည်။ မိမိတို့စရိတ်ဖြင့်တက္ကသိုလ်ပညာသင်ကာ လျော်ကြေးစာချုပ်ချုပ်ရသည်။ နိုင်ငံရေးကင်းရှင်းပါသည်ဟူသောကတိကိုလက်မှတ်ထိုးရသည်။ ကျနော်တို့နေသောအဆောင်သည် ၁၉ ရာစုနှောင်းပိုင်း ကတည်ဆောက်ထားသော အုတ်တိုက်အိမ်ကြီးဖြစ်သည်။ မြို့ဟောင်းရပ်ကွက်တွင်းဖြစ်သောကြောင့် အနီးပတ်လည်မှတိုက်များအိမ်များသည်လည်းကိုလိုနီခေတ်အငွေ့အသက်ပါသည်။ 

ထိုအပြင့် ချောက်သွေ့၍မီးလောင်လွယ်သောဒေသဖြစ်သောကြောင့် ပြတင်းပေါက်တံခါးပေါက်များကိုသံပြားထူထူများဖြင့် တံခါးများပြုလုပ်ကာ အိမ်နံရံမှာလည်းထူထဲလှသည်။ အိမ်တိုင်းနီးပါး မီးဘေးအတွက်ကြိုတင်ပြင်ဆင်ထားကြသည်။ ထိုမြို့ရှိအရာရှိဟောင်းတဦးဦးမှဆွေစဉ်မျိုးဆက်ပိုင်ဆိုင်သောအိမ်ကို ကျနော်တို့နယ်ဘက်မှ ကျောင်းသားမိဘတဦးကငှားကာ အခန်းဖွဲ့၍ အဆောင်ပြန်ငှားခြင်းဖြစ်သည်။ ငယ်စဉ်က စိတ်ကူးယဉ်ခဲ့ဖူးသောတက္ကသိုလ်ကျောင်းသားဘဝသည် လက်တွေ့တွင် တခြားဆီဖြစ်သည်။ 

လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများထဲမှ ဟားဗက်တက္ကသိုလ်ဝင်းရှိ အိုင်ဗွီဘော်ဒါဆောင်ကို အားကျမိသည်။ ရန်ကုန်တက္ကသိုလ်ဝင်းရှိ ပဲခူး ဆောင်၊ အင်းဝဆောင်များတွင် ငယ်စဉ်က တက္ကသိုလ်ဝတ္ထုလေးတွေဖတ်တိုင်း နေချင်ခဲ့မိသည်။ တကယ့်တက္ကသိုလ်ရောက်သောအခါမြို့ပြင်ရှိ အရိပ်မဲ့ကန္တာရအလယ်တွင်ထီးထီးတည်သော ကျောင်းဆောင်များတွင်တက်ရသည်။ မြို့နှင့် ခုနစ်မိုင်ကျော်အကွာအဝေးရှိသော ကျောင်းဆောင် သည်ကား အထီးကျန်လှသည်။ ထို့ပြင် မြို့ထဲတွင် တကွဲတပြားစီး ဆင်းဆင်းရဲရဲနေကြရသည်။ မြို့ထဲတွင်ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ဤလောကမြေကမ္ဘာ ဝတ္ထုထဲမှ မကွေးတက္ကသိုလ်ရှိသည်။ မြို့ပြင်အရှေ့ဘက်တွင် နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ကို တမိုင်စီခန့်ခြားကာ အတန်းလိုက်နေရာချထားသည်။ မြို့ပြင်တောင်ဘက်တွင်မူ အခြေခံကျန်းမာရေးတက္ကသိုလ်ရှိသည်။ ထိုအပြင်ပညာရေးကောလိပ်နှင့်စိုက်ပျိုးရေးတက္ကသိုလ်၏ဌာနခွဲ ပဲနှင့်အပူပိုင်းဒေသအပင်များဌာနရှိသည်။ မြေလတ်ဒေသမှ ကျောင်းသားမြို့တော်ဖြစ်ကာ မြို့လေးသည် တက္ကသိုလ်များဖွင့်ချိန်တွင် ကျောင်းသားဖြင့်ပြည့်ကျပ်နေသည်။

တူဝရီးနှစ်ယောက်သည်ကာ သေတ္တာလေးတလုံးသာပါသည်။ အဝတ်အစားနှင့် အသုံးအဆောင်လုံလောက်စွာမပါသောအခါတွင် မြေလတ်ဆောင်း၏ ကြိုဆိုမှုဒဏ်ကို အလူးအလဲခံရသည်။ အနွေးထည်မပါသောဒဏ်ကို ခံနေရသည်။ ပစ္စည်းများနေရာချပြီးသောအချိန်တွင် တူဝရီးနှစ်ယောက် မြို့နှင့်အကျွမ်းဝင်စေရန်အတွက်နှုတ်ဆက်စကားပြောရန် လမ်း လျှောက်ထွက်ခဲ့သည်။ ကျောင်းဖွင့်စအချိန်ဖြစ်သောကြောင့်မြေလတ်ဒေသ၏ကျောင်းသားမြို့တော်၏လမ်းထောင့်တိုင်းတွင် ကျောင်းသားများဖြင့် စည်ကားနေသည်။ လမ်းမထက်တွင် စစ်ကျန်ဟီနိုးကားကြီးများကိုသနပ်ခါးလူးကာ ကျောင်းကားအဖြင့် မထသမှ ပြေးဆွဲပေးနေသည်။ RTC ဟုခေါ်သော ကားကြီးများသည် အခြားသောဒေသများတွင် ပစ္စည်းတင် တိရစ္ဆာန်တင်သောကားများဖြစ်သည်။ သို့သော် ယခုမူ ကျောင်းသားများအတွက် ကျောင်းကားဖြစ်နေသည်။ ထိုRTC ကျောင်းကားသည်ပင် မြေလတ်ဒေသတွင်ကျောင်းတက်သော ကျောင်းသားတိုင်း၏အမှတ်တရဖြစ်ခဲ့သည်။ကားနောက်တွဲတွင် ခြေတဖက်တင်ရုံသာ မတ်တပ်ရပ်၍ ပြွတ်သိပ်စီးသွာသော ကျောင်းသားများကိုကြည့်ရင်း ကျနော်လည်း နောက်ဆို ထိုသို့ စီးရဦးမှာပါတကားဟု အတွေးရောက်သည်။ သို့သော် နောင်လာနောင်ဈေးဟုသဘောထားကာ ယခုလောလောဆယ်မြို့နှင့် အကျွမ်းဝင်ရန် သည်သာ ပိုအရေးကြီးသည်ဟုဆို၍ တူဝရီးနှစ်ယောက်သား ဧရာမြစ်မင်းဘေးရှိရေနံမြို့တော်အနှံ့ ခြေစကြာမြန်းကြသည်။ ထို့အပြင် မြေလတ်ဆောင်း၏အအေးဒဏ်ကိုခံနိုင်ရန်အတွက် မြို့မဈေးဘေးနားတွင်ရှိသော တရုတ်ထည်ဘေထုပ်ဆိုင်များတွင် အနွေးထည်သွားရွေးရန်လည်းရှိသေးသောကြောင့် တူဝရီးနှစ်ယောက်ခပ်သုတ်သုတ်သာ လျှောက်နေမိတော့သည်။   ။

မောင်နောင်မွန်

Comments