အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၄)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၄)
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၇


● ဘုရားသုံးဆူ နေ့ရက်များ (၁၂)

အစိုးရစစ်ကြောင်းတွေက ၁၉၉၀ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဘုရားသုံးဆူစခန်းကို စတင် ထိုးစစ်ဆင် တိုက်ခိုက်လာတယ်။ စစ်ပွဲစဖြစ်တော့ ကျနော်တို့ စခန်းက တပ်စိတ်တစိတ်စာပဲ လက်နက်ရှိတော့ သူတို့ကို အခြားအင်အားတွေနဲ့ ပေါင်းပေး လိုက်ရတယ်။ ကျနော်တို့စခန်းရှိရာ ဘုရားသုံးဆူရွာ ကရင်ဘုန်းကြီးကျောင်းက ရှေ့ကျွံနေတယ်။ မွန်နဲ့ကရင်ကြား သတင်း အဆက်အသွယ်ပြတ်နေတယ်။ ပူးပေါင်းဆောင်ရွက်မှု မရှိရင်ခက်မယ်။ ဒီလိုနဲ့ ယခင်တပ်ရင်း (၁၀၁) စခန်းရှိတဲ့ နေရာကို နောက်ဆုတ် ပြန်ပေါင်းကြရတယ်။ မွန်ပြည်သစ်ပါတီက အကြံပြုတယ်။ ကျနော်တို့ ကျောင်းသားတပ်တွေကို တစုတည်း ပြန်စုဖွဲ့ဖို့၊ ဦးစိန်မြ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှာ စစ်ရေးအရ အတွေ့အကြုံရှိတဲ့ တပ်မှူးဟောင်းတွေ ရှိနေတယ်။ သူတို့ ဦးဆောင်မှုကို ခံယူပါ။ စစ်ရေးမှာ ယာယီစုဖွဲ့မှု လုပ်ပါလို့ ဆိုလာတယ်။ ဒီလိုနဲ့ ကျနော်တို့ သဘောတူ လိုက်ကြရတယ်။ မွန်ပြည်သစ်ပါတီဌာနချုပ်ကို တကယ်တိုက်မယ့် မနက်မှာတော့ ကျနော်တို့ တပ်ခွဲ (၂) က ရဲဘော်တွေ၊ တပ်ရင်း (၁၀၁) က ရဲဘော်တွေကို ယခင်ကျနော်တို့ တပ်ရင်း (၁၀၁) စခန်း၊ ဆေးရုံနောက်ကျောဘက်က တောင်ကျော လေးပေါ် တင်ထားလိုက်တယ်။ ရဲဘော် ၆၀ လောက် ရှိပေမယ့်၊ လက်နက်က တဝက်လောက်ပဲ ရှိတယ်။ မွန်ပြည်သစ် ပါတီက ပြောင်းဆက်ထားတဲ့ ၆၀ မမ စိန်ပြောင်း (ပြောင်းရှည်) တလက် ထုတ်ပေးထားတယ်။ ဦးစိန်မြရဲ့ (PDF) အဖွဲ့က ဆရာဘ (ဗိုလ်မှူးဟောင်းလိုဆိုတယ်၊ 'ဆရာဘ' ဆိုတာကတော့ သူရဲ့တော်လှန်ရေး နာမည်ဝှက်ပဲ။ နာမည်ရင်းကို မသိဘူး) ကို ကျနော်တို့ကို ကွပ်ကဲဖို့ လာပူးပေါင်းထားတယ်။

"၁၉၉၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်၊ မွန်ဂျထေကျေးရွာမှာ မွန်ပြည်သစ်ပါတီ တပ်ရင်း (၁၀၁) နဲ့ အစိုးရတပ် ထိတွေ့တယ်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ဘုရားသုံးဆူရွာကျတယ်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံးနဲ့ ဂျပန်ရေတွင်း (ဘော်ယိပွန်) ကျေးရွာကျတယ်။
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ သမိန်ဗရမ်းစခန်းနဲ့ မွန်ဗဟိုဌာနချုပ်ကျတယ်။

ဘုရားသုံးဆူတိုက်ပွဲတခုလုံးမှာ အစိုးရတပ်က တပ်သား ၂၀ ကျဆုံးတယ်။ ၄၆ ဦးနဲ့ ရှေ့တန်းလုပ်အားရှင် (ပေါ်တာ) ၁၀ ဒဏ်ရာရတယ်။

သောင်းကျန်းသူဖက်က အလောင်း ၄၀ နှင့် လက်နက်မျိုးစုံ ၅၀ ရတယ်။"

ဒီလိုမျိုး "၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော် ကဏ္ဍ (ပ တွဲ)၊ တပ်မတော်သား သုတေသီတဦး၊ (ပကြိမ်)၊ ၁၉၉၁ ဇန်နဝါရီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (စာ- (နှာ- ၂၈၄၊ ၂၈၅) မှာ ဖော်ပြထားတယ်။

တကယ်တော့ ဖော်ပြချက်တွေ မမှန်ပါဘူး။ ဘုရားသုံးဆူတိုက်ပွဲ တခုလုံးမှာ ကျနော်တို့ဖက်က အကျအဆုံး၊ လက်နက် အဆုံးအရှုံး နည်းပါတယ်။ ကျနော်တို့၊ မွန်ပြည်သစ်ပါတီရဲဘော်တွေဖက်က ဒဏ်ရာအနည်းအကျဉ်းသာရှိတယ်။ လက်နက်အဆုံးရှုံးလည်း မရှိသလောက်ပဲ။ အစိုးရစစ်တပ်ဖက်က စာရင်းတွေ ပိုပြပုံရတယ်။

အဲဒီည၊ မွန်ပြည်သစ်ပါတီ ဌာနချုပ်ကို ထိုးစစ်ညက ကျနော်တို့ တပ်ရင်း (၁၀၁) စခန်း နောက်ကျောဖက်က တောင်ကုန်း လေးပေါ်မှာ စခန်းချထားကြတယ်။ ကျနော်တို့ ရဲဘော်အချို့ကတော့ မွန်ပြည်သစ်ပါတီက ဒု-စစ်ဦးစီး ဗိုလ်မှူးအောင်နိုင် နဲ့ ပါသွားကြတယ်။ ဆရာဘကတော့ စကတည်းက ယဉ်သလိုဆိုသလို၊ ကျနော်တို့ရဲဘော်တွေနဲ့ ကီး မကိုက်တော့ဘူး။ သူက မဆလစစ်တပ်မှာ ဗိုလ်မှူးတာဝန်ယူဖူးတယ်ဆိုတယ်။ အဲသည်တော့ စစ်ကြောင်းမှူးစတိုင်ချိုးနေ ပြီး၊ PDF ရဲဘော် ၂ ယောက်လောက်က သူ့ကို ရေပူရေချမ်းကမ်းလှမ်းတာ လုပ်ပေးနေကြရတယ်။ သူ့ကိုခြေအိပ်စွပ်ပေးတာကအစ၊ မျက်နှာ သစ်ဖို့ ရေခပ်ပေးတာကအစ လုပ်နေလို့၊ ကျနော်တို့ ရဲဘော်တွေက ကြည့်မရတော့ဘူး။ ပြောရရင် ကျနော်တို့က အများ အားဖြင့် ခေါင်းဆောင်-ရဲဘော် တန်းတူရည်တူ ဖြတ်သန်းလာကြသူတွေ၊ အဲဒါအပြင် မလိုအပ်တာတွေ အာချောင်နေ တယ်။ အချို့အချက်တွေကတော့ ပြောဖို့ လိုအပ်ပါတယ်။ "ကျည်ချွေပစ်၊ မမြင်ရင် မပစ်နဲ့… မလိုအပ်ရင် မပစ်နဲ့၊ ကျည်ကွယ် မျက်ကွယ်ယူထား၊ တတောင့်ချင်းပစ်…" ဒါမျိုး ပြောတာမျိုးက အိုကေပါတယ်။ သို့သော်လည်း မလိုအပ်တာ တွေ လျှောက်ပြောနေတယ်။

"မင်းတို့အဖွဲ့အစည်းတွေကို မေ့လိုက်တော့၊ ငါက တပ်မှူး၊ ဒီစစ်ပွဲကို ငါက ဦးဆောင်မယ်၊ ငါ့နောက်လိုက်ခဲ့ကြ။ မွန်ဗဟို ကျသွားရင်လည်း ငါက ဦးဆောင် ခေါ်သွားမယ်။ အောက်ဆင်းပြီးတိုက်မယ်။ ယုံတဲ့ကောင် လိုက်ခဲ့… " ဒါမျိုးကျတော့ မလိုအပ်တာတွေ ဖောင်းနေပြီလို့ မြင်မိတယ်။ စကားနဲ ရန်စဲ ကျနော်တို့လည်း ယာယီသဘောနေကြတယ်။ ဖြစ်ချင်တော့ အဲသည် ထိုးစစ်ဆင်မယ့်ညမှာ ဦးမြင့်လှိုင်နဲ့ အချို့လူကြီးတို့ပါ ကျနောတို့ တောင်ကုန်းပေါ် ရောက်နေကြတယ်။ ဆောင်း တွင်းဖြစ်တော့ အေးတယ်။ ကျနော်တို့ ယူနီဖောင်းလောက်နဲ့ အနွေးမလုံဘူး။ လိုအပ်သလောက် ပစ်ကျင်းတွေ တူးထား ကြတယ်။ သို့သော်လည်း အမိုးအကာရှိတဲ့ စနစ်တကျ ဘန်ကာမျိုး လုပ်မထားကြဘူး။ နှစ်ယောက်တတွဲ ကင်းစောင့်ဖို့ ချထားတယ်။ ကျနော်နဲ့ အတူ တာဝန်ကျတာက 'တရုတ်မ' လို့ ကျနော်တို့ခေါ်ကြတဲ့ ယဉ်ထွေး။ သူကတော့ ကျနော့်ကို သွားအိပ်ဖို့ သူစောင့်ထားမယ်ချည်း ပြောနေတယ်။ သေနတ်က နှစ်ယောက် တလက်တည်း။ ကျနော်လည်း အေးတာနဲ့ အိပ်မပျော်နိုင်ပါဘူး။ မနက် ၄-နာရီလောက်ကြတော့ အသင့် (stand to)။ အားလုံး နိုးနေကြပြီ။ နှင်းသိပ်မကွဲသေးတဲ့ အခြေအနေမှာ လက်နက်ငယ်သံ၊ လက်နက်ကြီးသံ အချို့ ကြားနေရတယ်။ စစ်ပွဲဆိုလို့ ဒါဟာ ကျနော့်အတွက် ပထမဆုံး အတွေ့အကြုံပါပဲ။ နည်းနည်းတော့ တုန်လှုပ်နေတယ်။ ဘေးနာက တရုတ်မယဉ်ထွေးကိုကြည့်တော့ သူကတော့ ခပ်အေး အေးပါပဲ။ ယဉ်ထွေးက ငယ်သေးတယ်၊ အထက်တန်းကျောင်းသား ဘဝက တောခိုလာသူ၊ စကားနည်းပြီး၊ သူလုပ်စရာ ရှိတာ လုပ်နေတတ်တဲ့ ခပ်အေးအေးရဲဘော်မျိုးပါပဲ။

မနက် နည်းနည်းလင်းလာတော့ ကျနော်တို့ အောက်ဖက် ဂျပန်ရေတွင်း ကျေးရွာရှေ့ဖက်လမ်းပေါ်မှာ စစ်ကြောင်းတခု လျှောက်လာတာ မြင်ရတယ်။ ဒါပေမယ့် မိန်းမတွေလည်း အတူပါလာတာ မြင်နေရတယ်။ စကားပြောစက်နဲ့ မေးတယ်။ ပစ်ရမလား… "မပစ်နဲ့… အဲဒါ ကိုယ့်စစ်ကြောင်း" အဲသလိုမျိုး မွန်တပ်ဖက်က သတင်းပြန်လာတယ်။ ကျနော်တို့လည်း ကြည့်နေလိုက်ရတယ်။ နောက် သိပ်မကြာခင်မှာ " မဟုတ်ဘူး။ အဲဒါ ရန်သူ့စစ်ကြောင်း … ပစ်" လို့ ပြောတယ်။ လွန်နေပြီ။ အဲဒီအချိန်မှာ ၆၀ မမ စိန်ပြောင်း ပြောင်းရှည်နဲ့ ပစ်တယ်။ သူက သာမန် ၆၀ မမ စိန်ပြောင်းထက်နည်းနည်း ပိုပြေးပြီး (ပို့ယမ်း) အပေါ်မူတည်လို့ ဝေးဝေးရောက်တယ်။ ပထမတလုံး ထွက်သွားတော့ နည်းနည်း အားတက်သွားတယ်။ အလုပ်လုပ်တယ်ပေါ့။ ဒါပေမယ့် ဘယ်နားကျမှန်း မသိဘူး။ ကျနော်တို့ကို အကဲကြည့် (OP) ပေးမယ့် သူလည်း မရှိဘူး။ အဲဒီအချိန်မှာ မွန်ပြည်သစ်ပါတီ ဌာနချုပ်ဖက်ကို ၈၁-မမ စိန်ပြောင်းကြီး ကျသံတွေ ကြားရတယ်။ ကြေးလင်ပန်းကွဲကြီး ထုလိုက်တဲ့ အသံမျိုးနဲ့တူတယ်။ ကျနော်တို့ဖက်ကိုတော့ ဘာမှ မလာဘူး။ ကျနော်တို့ရှိတာ မသိလို့လည်း ဖြစ်နိုင်သလို၊ အရေးပါတဲ့ နေရာမဟုတ်လို့လည်း ဖြစ်နိုင်တယ်။

၈၁-မမ မော်တာ ၈-လုံးလည်း ကျပြီးရော၊ စက်လာတယ်။ "မွန်ပြည်သစ်ပါတီ ဌာနချုပ် ကျသွားပြီ၊ ထွက်တော့" တဲ့။ ဒီနေရာမှာလည်း ကျနော်တို့ရဲဘော်တွေနဲ့ မွန်ပြည်သစ်ပါတီ ရဲဘော်တွေ ရှေ့တန်းမှာကတည်းက နားလည်မှုအချို့ လွဲကြ တာ ရှိတယ်။ မွန်တွေက နောက်ဆုတ်ဆိုရင်၊ မွန်ဘာသာနဲ့ 'တက်… တက်' လို့ အော်တယ်။ အဓိပ္ပါယ်က "ထွက်တော့၊ ထွက်တော့" ပေါ့။ ကျနော်တို့ရဲဘော်တွေက တက်…တက်ဆိုတော့ ရှေ့ကို တက်ခိုင်းတယ် ထင်ကြတာ။ အခုမှာ နေပွင့် ကာစ မနက်ခပ်စောစောပဲ ရှိတယ်။ မွန်ပြည်သစ်ပါတီ ဌာနချုပ်ကျသွားပြီ။ ထွက်တော့ဆိုတော့ ကျနော်တို့လည်း ကားလမ်းတဖက်ကိုကူး၊ တဖက်ခြမ်းက ထုံးကျောက်တောင်ပေါ် တက်ကြတယ်။ အပေါ်တဝက်လောက်မှာ လှိုဏ်လိုမျိုး နားနေရာ နေရာတွေရှိတယ်။ ကျနော်တို့ ဆုတ်ကြတုန်း ၈၁-မမ မော်တာသီး တချို့ကျတယ်။ အထိအခိုက် ဘယ်သူမှ မရှိကြဘူး။

ပြောရရင်တော့ စစ်ဆင်ရေးစီမံမှု အတော်အားနည်းတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်တယ်လို့ ဆိုနိုင်တယ်။ စစ် ကစားတာမျိုး မရှိသလောက်ပဲ။ မွန်ပြည်သစ်ပါတီက အင်အား၊ သင်တန်းကျောင်းဆင်း အင်အားနဲ့ ကျနော်တို့ ကျောင်းသားအဖွဲ့တွေ၊ ကေအဲန်ယူ ဒီထက်အဆက်အစပ် ရှိရှိပေါင်းရင် ဒီထက်ပိုပြီး စစ်ကစားနိုင်မယ်လို့ ကျနော် သိ သလောက် ဦးဏှောက်နဲ့ စဉ်းစားမိတယ်။ အခုတော့ မစရသေးဘူး။ ၈၁-သီး ၈ လုံးကျတာနဲ့ မွန်ပြည်သစ်ပါတီ ဗဟို ဌာနချုပ် ကျသွားပြီဆိုတော့ သိပ်မခံစားနိုင်ဘူး။ အမှန်ကတော့ မွန်ပြည်သစ် ဗဟိုက စစ်ရေးအရ နေရာကောင်း မဟုတ်ဘူး။ လျှို-ချိုင့်ထဲမှာ… ခုခံစစ်ဆင်ဖို့ နေရာကောင်းလည်း မဟုတ်တာတော့ သေချာတယ်။ ဒီလိုနဲ့ ကျနော်တို့ ကျောက်တောင်ပေါ်က လျှိုထဲမှာ တနေ့လုံးနေကြတယ်။ စားစရာကတော့ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာတွေ ရှိနေတယ်။

မွန်ပြည်သစ်ပါတီ စစ်ကော်မရှင် တွဲဘက်အတွင်းရေးမှူးဟောင်း နိုင်ပန်းသာကတော့ သူ့စာအုပ် (မွန်နိုင်ငံရေး လှုပ်ရှားမှု၊ သမိုင်းအတွေ့အကြုံ၊ ဒု-ကြိမ်၊ ၂၀၁၄ ဇန်၊ အရှေ့ကြယ်စာပေ၊ စာ-၂၇၃-၂၇၇) မှာ ဒီလိုသုံးသပ်ထားတာ ဖတ်ရတယ်။ ဘုရားသုံးဆူကို ထိုးစစ်ဆင်မှာကို သူတို့ကြိုတင်ခန့်မှန်းထားကြတယ်။ ထိုင်ဝမ်အကူအညီ အပါအဝင် နိုင်ငံခြား ဆက်သွယ်မှုတွေ ရနေတာ၊ ထိုင်းသစ်ကုန်သည်တို့ သစ်ထုတ်လုပ်ရာ အစိတ်အပိုင်းအတော်များများကို ဘုရားသုံးဆူက ထိန်းချုပ်နေတာကြောင့် ထိုးစစ်လာမယ်လို့ မှန်းထားကြတယ်။ တပ်ရင်း ခလရ (၁၀၆) က ပြင်ဆင်နေတာလည်း သူတို့ သတင်းရထားကြတယ်။ ဒါပေမယ့် စစ်ဦးစီး တာဝန်ခံတွေ ခံစစ်ပြင်ဖို့ ပျက်ကွက်တယ်လို့ နိုင်ပန်းသာက စွပ်စွဲတယ်။ ကျောင်းသားတပ်ရင်း (၁၀၁) (၁၀၂) အင်အားတွေကို သေချာစုစည်း အသုံးမချနိုင်ဘူး။ တဖက်က တာဝန်အတိအကျ ယူထားတဲ့ ကေအဲန်ယူကလည်း တိုက်ပွဲဖြစ်တာနဲ့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်.. စသည်ဖြင့် ဝေဖန်ထား ပါတယ်။ ဒါပေမယ့် ကျရှုံးရတဲ့ အဓိကအချက်ကတော့ (၁) မွန်-ကရင် ပဋိပက္ခကို အကွက်ကျကျ အသုံးချသွားခြင်း (၂) မွန်ပြည်သူတို့ မွန်တပ်ကို ထောက်ခံမှုအားနည်းခြင်း.. လို့ သူက သုံးသပ်ပါတယ်။

ထိုးစစ်မလာမီကတည်းက ပြင်ဆင်မှုအနေနဲ့ 'ဗဟိုစခန်းသစ်' ကို ရေးချောင်းဖျားဖက်ကို ရွှေ့ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်ထောက်ပံ့ရေးပစ္စည်းများ မဆုံးရှုံးခဲ့၊ စစ်ရေးအနေနဲ့ စစ်ရေးတာဝန်ခံတွေကို လွှဲအပ်ထားခဲ့တယ်။ ဒါကြောင့် စစ်ဆုတ်ရာမှာ ထိုင်းနယ်စပ်ကို ဖြတ်ပြီး ဆုတ်ရလို့ မလိုအပ်တဲ့ ငွေသိန်းချီကုန်ကျရမှု၊ စစ်လက်နက် ခဲယမ်းများ ဆုံးရှုံးရမှု တွေ ရှိခဲ့တယ်လို့ သူ့စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။

ကျောက်တောင်ပေါ်က လျှိုထဲမှာ ဆရာဘရဲ့ အညိုအညင်က စပါတော့တယ်။ သူမိန့်ခွန်းတွေ တရစပ်လွှတ်ပါတယ်။ အခု အချိန်က စပြီး သူထိန်းချုပ်မယ်၊ အောက်ကိုဆင်းပြီး သွားတိုက်မယ်။ အဖွဲ့အစည်းတွေကို မေ့လိုက်တော့။ သူ့ဦးဆောင်မှု ကိုနာခံ… စသည်ဖြင့် သည်းမခံနိုင်လောက်အောင် သြဝါဒတွေ လွှတ်ပါတော့တယ်။ အဲဒီမှာ ပြဿနာတက်ကြပါတယ်။ လူ (၆၀) လောက်မှာ လက်နက်ရှိသူ အင်အားကလည်း တဝက်လောက်ပဲ ရှိပါတယ်။ နောက်ဆုံး ညနေစောင်းလာတော့ လက်နက်မရှိတဲ့ ကျန်တဲ့ အင်အားစုတွေ ခုနေရာကခွာမယ်။ စံခလယ် (Songkhlia) ကျေးရွာမှာရှိနေတဲ့ ဒုက္ခသည်စခန်းကို သွားပူးပေါင်းမယ်လို့ ဆုံးဖြတ်ကြပါတယ်။ ကျန် လက်နက်ရှိတဲ့ရဲဘော်တွေကတော့ ခဏနေခဲ့ပြီး၊ နောက်မှ ပြန်ပူးပေါင်းဖို့ ဆုံးဖြတ်ကြပါတယ်။ ဆရာဘကတော့ အရှိုက်ထိုးခံရသလိုပဲ၊ မြည်တွန်တောက်တီးပြီး 'သွားကြ… ငကြောက်တွေ၊ေ-ာက် သုံးမကျတဲ့ကောင်တွေ' ဒီလို ရေရွတ်ပြီး၊ ကျန်ခဲ့ပါတယ်။ ပြောရရင် သူ့ PDF ရဲဘော်တွေထက်၊ ကျနော်တို့ ABSDF လက်နက်ကိုင်က များနေလို့သာ သူမလွန်ဆန်နိုင်တာပါ။ သို့မဟုတ်ရင် စစ်မြေပြင်စွန့်ခွာမှု… စသဖြင့် စွပ်စွဲချက်တွေ လုပ် နေပါသေးတယ်။ ကျနော်တို့ရဲဘော်တွေလည်း 'ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ် မဟုတ်ဘူး' ဆိုပြီ ထွက်ခဲ့ကြပါတယ်။ ကျနော် အပါအဝင် ရဲဘော် ၃၀ လောက် ကားလမ်းကြီးအတိုင်း စံခလယ်ဒုက္ခသည်စခန်းကို လျှောက်ခဲ့ကြပါတယ်။ နောက် တော့ ယာယီမီးဘေးဒုက္ခသည် စခန်းလို ရွက်ဖျင်မိုး ယာယီတဲတွေမှာ တလလောက် နေထိုင်ကြရပါတယ်။ ဒီကာလမှာပဲ ဦးမြင့်လှိုင်က ထိုင်းရဲတွေနဲ့ ပြဿနာတက်ပြီး၊ ဘန်ကောက်ကို ထွက်သွားခဲ့ရပါတယ်။

အစောပိုင်းက မွန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ထွက်သွားကြတဲ့ ကျနော်တို့ ရဲဘော်တွေနဲ့ မွန်ရဲဘော် ၄၀ လောက်က ဖေဖေါ် ဝါရီ ၁၁ ရက်နေ့ညမှာ မွန်ပြည်သစ်ပါတီ ဗဟိုနား ကပ်ထားကြပါတယ်။ ကိုယ်ပိုင်နိုင် ကျွမ်းကျင်တဲ့နယ်မြေ ဖြစ်တာကြောင့် လည်း အခက်အခဲမရှိပါ။ အရုဏ်လင်းလာတော့ ဌာနချုပ်ထဲ တိုက်ခိုက်ကြပါတယ်။ ကျနော်တို့ စခန်းက ကိုမင်းဇော်တို့၊ အချို့ရဲဘော်တွေ အပါအဝင်ပါ။ အစိုးရစစ်တပ်က အတော်အထိနာပါတယ်။ ကျနော်တို့ဖက်ကတော့ ၇၉-မမ ကျည်စ ထိတာလောက်သာ ဒဏ်ရာ တယောက်-နှစ်ယောက် ရှိခဲ့ပါတယ်။

ဘုရားသုံးဆူကို ပြန်ရဖို့ မတိုက်နိုင်တော့ပါဘူး။ အစိုးရစစ်တပ်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်း ရှည်ပေမယ့်၊ မြန်မာပြည်ဖက်ကနေ ရိက္ခာပို့စရာ မလိုတော့ပါဘူး။ ထိုင်းဖက်က သစ်ကုန်သည်ကြီး 'စီယာဟု'က မြန်မာစစ်တပ်တွေ အတွက် ထိုင်းဖက်ကနေ ရိက္ခာထောက်ပံ့ပေးတာတွေ လုပ်နေပါတော့တယ်။ ဒီအချိန်မှာ အချို့မွန်တပ်မှူးတွေကတော့ ပြောဆိုနေကြပါတယ်။ "သူတို့က တောမှာလာနေတော့ ငါတို့က မြို့ယူကြမယ်" ဆိုပါတယ်။ "မြို့ယူကြမယ်" ဆိုတာက တော့ မြို့သိမ်းတိုက်ပွဲသဘောမျိုး လုပ်ကြမှာပါ။ မြို့ကိုသိမ်းပိုက်မယ်လို့ ဆိုကြတာပါ။ စစ်ရေးလျှို့ဝှက်ချက်ဆိုပေမယ့် ရေးမြို့ ကို ပြန်သွားပြီး တိုက်ခိုက်မယ်ဆိုတာ ကုန်သည်ရော၊ အရပ်သားရော၊ လူတိုင်းကပါ သိနေကြပါပြီ။
0