အောင်ဒင် - နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့



အောင်ဒင် - နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့
(ခေတ်ရနံ့မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၁၇) မိုးမခ၊ ဒီဇင်ဘာ ၃၊ ၂၀၁၇

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေဟာ ဆက်လက် မြင့်မားနေဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများကတင် ဖိအားပေးနေတာမဟုတ်ပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများမှာ အခြေစိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ဘာသာရေးအဖွဲ့အစည်းများကပါ ပြည်သူလူထုအခြေပြု လှုပ်ရှားမှုများ (Grassroots Campaigns) ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ ဒီ ဖိအားပေးမှုတွေကို ကျနော်တို့ မြန်မာနိုင်ငံက စနစ်တကျ ရင်ဆိုင်တုန့်ပြန်နိုင်ကြဖို့ ဒီဆောင်းပါးနဲ့ အကြံပြုချင်ပါတယ်။

လက်ရှိ နိုင်ငံတကာဖိအားနှင့် ရှေ့အလားအလာများ
ကျနော်တို့ မြန်မာနိုင်ငံမှာက နိုင်ငံတကာသတင်းတွေကို အပြည့်အဝ အကုန်အစင် မသိနိုင်ကြတာရယ်၊ ကိုယ့်ခေါင်းဆောင်အပေါ် အကြည်ညိုလွန်ကဲပြီး စိတ်ကူးယဉ် ဖန်တီးတဲ့ သတင်းမှားတွေကိုပဲ စိတ်ဝင်တစား မျှဝေကြတာရယ်ကြောင့် ပြည်သူအများဟာ နိုင်ငံတကာဖိအားပေးမှုများရဲ့ အတိုင်းအတာကို သေသေချာချာ မသိကြဘူးလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံး လက်ရှိ နိုင်ငံတကာဖိအားပေးမှုအခြေအနေနဲ့ နောင်အလားအလာများကို ရှင်းပြချင်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်တစ်ရပ်ကို "ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်" (Presidential Statement) ပုံစံနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ဟာ မြန်မာနိုင်ငံက မလွဲမသွေလိုက်နာရမယ့် ဆုံးဖြတ်ချက် (Binding Resolution) တစ်ရပ် မဟုတ်ပေမယ့် ဒီလို "ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်" ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်နိုင်တာက အင်မတန်အရေးကြီးတဲ့ ဆောင်ရွက်ချက်ပါ။ တရုတ်အစိုးရက ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံက ပူးတွဲတင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ငြင်းပယ်နိုင်ခဲ့ပေမယ့် ဒီကြေညာချက်ထုတ်ဖို့ကိုတော့ သဘောတူညီခဲ့ရပါတယ်။ ဒါဟာဖြင့် တရုတ်အစိုးရကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ပြသနာအပေါ် စိုးရိမ်ပူပန်မှုရှိတယ်ဆိုတာ သက်သေပြသလို မြန်မာနိုင်ငံမှာ အခြေအနေ တိုးတက်ကောင်းမွန်ခြင်းမရှိလို့ နောင်တစ်ချိန်မှာ ဗြိတိန်နဲ့ ပြင်သစ်တို့က ဆုံးဖြတ်ချက်မူကြမ်း ထပ်တင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် သူ့ရဲ့ ဗီတိုအာဏာသုံးပြီး ကာကွယ်ဖို့ မသေချာဘူးဆိုတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပနေဆဲ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ တတိယကော်မတီအစည်းအဝေးမှာ အီဂျစ်နိုင်ငံက အစ္စလမ်နိုင်ငံများအဖွဲ့ (Organization of Islamic Countries/ OIC) ကိုယ်စား တင်သွင်းတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၁၃၅ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ၂၁ နိုင်ငံက မဲပေးဖို့ ပျက်ကွက်ပါတယ်။ ကန့်ကွက်မဲပေးတဲ့ ၁၀ နိုင်ငံမှာ အင်အားကြီးနိုင်ငံများ ဖြစ်တဲ့ တရုပ်နဲ့ ရုရှား၊ အာဆီယံအဖွဲ့ဝင်များ ဖြစ်ကြတဲ့ ကမ်ဗောဒီးယား၊ လော၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်၊ အာရှတိုက်ကပဲဖြစ်တဲ့ ဘူတန်နိုင်ငံနဲ့ ထူးထူးခြားခြား အရှေ့အလယ်ပိုင်းက ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား၊ အရှေ့ဥရောပက ဘယ်လားရုစ် နဲ့ အာဖရိကတိုက်က လောလောဆယ် အာဏာသိမ်းမှုဖြစ်နေတဲ့ ဇင်ဘာဘွေ တို့ပါဝင်ပါတယ်။ ထောက်ခံကြတဲ့အထဲမှာ အာဆီယံအဖွဲ့ဝင်များဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်း၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂနိုင်ငံများ၊ အစ္စလမ်မစ်နိုင်ငံများအဖွဲ့ဝင်နိုင်ငံများ ပါဝင်ကြပါတယ်။ အာဆီယံအဖွဲ့ဝင်များ ဖြစ်ကြတဲ့ စင်္ကာပူ၊ ထိုင်း၊ အာရှအင်အားကြီးများဖြစ်ကြတဲ့ အိန္ဒိယ၊ ဂျပန်တို့က ကြားနေတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာလထဲမှာ ကျင်းပမယ့် အထွေထွေညီလာခံ စုံညီအစည်းအဝေးမှာ ထပ်မံ မဲခွဲတဲ့အခါ မဲအရေအတွက် အပြောင်းအလဲရှိနိုင်ပေမယ့် ထောက်ခံမဲအများစုနဲ့ အတည်ပြုနိုင်မှာ သေချာသလောက်ရှိပါတယ်။ မြန်မာနိုင်ငံက ဒီဆုံးဖြတ်ချက်ကို လက်မခံပါ။

နောက်ထပ် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီကတော့ မတ်လ ကတည်းက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင် (International Fact-Finding Commission) တစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးထားပြီးသား ဖြစ်ပါတယ်။ အဲဒီ ကော်မရှင်က မြန်မာနိုင်ငံသို့ လာရောက်စုံစမ်းခွင့် တောင်းခံတာကို မြန်မာအစိုးရက လက်မခံပါ။

ဥရောပသမဂ္ဂနိုင်ငံများ (EU) က မြန်မာ့ တပ်မတော်ခေါင်းဆောင်များကို အဆက်အသွယ်ဖြတ်ခြင်းဖြင့် စတင်အရေးယူပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ စတင်နေပါပြီ။ အီးယူနဲ့ အမေရိကန်ပြည်ထောင်စု အစိုးရများက မြန်မာနိုင်ငံအစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးကော်မရှင်ကို ပြည်ဝင်ခွင့်ပေးပြီး စုံစမ်းစစ်ဆေးခွင့်ပြုဖို့ တောင်းဆိုနေကြပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးအခင်းဟာ လူမျိုးစုသန့်စင်ရှင်းလင်းရေး (Ethnic Cleansing) ဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒါဟာဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ တစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ် ခရီးစဉ်အပြီး ရက်ပိုင်းလေးအတွင်းမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က Rex Tillerson ကို ဒီနေ့ခေတ်မှာ အင်မတန်ရှားပါးတဲ့ ပွင့်လင်းတဲ့အမြင်ရှိသူတစ်ယောက်လို့တောင် ချီးကျူးလိုက်ပါသေးတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် (UN Special Envoy on Myanmar)
လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ယောက် ခန့်အပ်တာဝန်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။ အထွေထွေညီလာခံဆုံးဖြတ်ချက်မှာတော့ အတွင်းရေးမှူးချုပ်ကို အငယ်တန်းအတွင်းရေးမှူးချုပ် (Under-Secretary-General) ရာထူးအဆင့်ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ယောက်ကို အထောက်အကူပြု ရုံးအဖွဲ့နဲ့တကွ ခန့်အပ်တာဝန်ပေးဖို့ ညွှန်ကြားထားပါတယ်။ အငယ်တန်းအတွင်းရေးမှူးချုပ်ရာထူးဟာ ကုလသမဂ္ဂမှာ တတိယအမြင့်ဆုံး ရာထူးဖြစ်ပါတယ်။ အထွေထွေညီလာခံ တတိယကော်မတီမှာ အီဂျစ်နိုင်ငံက တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲ အတည်ပြုရာမှာ အတွင်းရေးမှူးချုပ်က ပူးတွဲတင်သွင်းတဲ့ အထူးသံတမန်ခန့်အပ်ရေး ဘတ်ဂျက်မူကြမ်းကိုပါ တတိယကော်မတီက အတည်ပြုပေးခဲ့ပါတယ်။

ဒီ ဘတ်ဂျက်အရ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးနဲ့ အဖွဲ့ဝင် ၆ ဦးပါတဲ့ ရုံးအဖွဲ့အတွက် တစ်နှစ်စာ အသုံးစားရိတ် ဒေါ်လာ တစ်သန်း ၅သိန်း ၄သောင်း ၁ ထောင် (US$ 1,541,100) သတ်မှတ်ထားပါတယ်။ အထူးသံတမန်ဟာ အငယ်တန်း အတွင်းရေးမှူးချုပ် ရာထူးအဆင့်ရှိရမယ်။ ဒေသအတွင်း (အရှေ့တောင်အာရှ ဒေသအတွင်း) မှာ ရုံးဖွင့် အခြေစိုက်ရမယ်။ ရုံးအဖွဲ့ဝင် ၆ ဦးအနက် ညွှန်ကြားရေးမှူးအဆင့် ၁ ဦး၊ အကြီးတန်းနိုင်ငံရေးအရာရှိ ၁ ဦး၊ အလတ်တန်း နိုင်ငံရေးအရာရှိ ၁ ဦး နဲ့ ဒေသဆိုင်ရာဝန်ထမ်း ၁ ဦးတို့ဟာ ဒေသအတွင်းဖွင့်လှစ်မယ့် ရုံးမှာ တာဝန်ယူပြီး အကြီးတန်းနိုင်ငံရေးအရာရှိ ၁ ဦးနဲ့ အလတ်တန်း နိုင်ငံရေးအရာရှိ ၁ ဦးတို့က နယူးယောက်၊ ကုလသမဂ္ဂဋ္ဌာနချုပ်မှာ ရုံးထိုင်ပြီး ဒေသအတွင်းက အထူးသံတမန် ရုံးအဖွဲ့ (Office of the UN Special Envoy on Myanmar) ကို ပံ့ပိုးပေးရမယ်လို့ ဆိုပါတယ်။

အထူးသံတမန်ရဲ့ လုပ်ငန်းတာဝန်တွေကို (၁) ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် တိုးတက်မှုရှိရေး၊ (၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ တိုးတက်စေရေး၊ နဲ့ (၃) ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် တိုးတက်မှုရှိရေး စသည်ဖြင့် အပိုင်း သုံးပိုင်း ခွဲခြားသတ်မှတ်ထားပါတယ်။ အထူးသံတမန်ဟာ မြန်မာအစိုးရကို (၁) ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ဆင်ရေးများ ရပ်တန့်ရေး၊ (၂) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အကန့်အသတ်မရှိ ခွင့်ပြုရေး၊ နဲ့ (၃) ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ မိမိတို့ သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံစွာ၊ ဂုဏ်သိက္ခာဖြင့် ပြန်လာနိုင်ရန် အာမခံဆောင်ရွက်ရေးတို့အတွက် တိုက်တွန်းရမယ်လို့လည်း ဆိုထားပါတယ်။

အထူးသံတမန်ဟာ ဒေသအတွင်း နိုင်ငံတစ်ခုခုမှာ နေထိုင်သူဖြစ်ရမယ် (Home-based) လို့လည်း ဆိုထားပါတယ်။ ဒါကြောင့် ဒေသအတွင်းက ဒီဆုံးဖြတ်ချက်ကို ထောက်ခံအားပေးခဲ့ကြတဲ့ အစ္စလမ်နိုင်ငံ ၃ နိုင်ငံ (မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဘရူနိုင်း) မှ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သံအမတ်ကြီးဟောင်း တစ်ယောက်ယောက်ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဖြစ်လာနိုင်ပါတယ်။ တစ်ချိန်တုံးက မလေးရှားနိုင်ငံက ရာဇာလီ အစ္စမေးကို အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ဘူးတာမို့ရယ်၊ ဘရူနိုင်းနိုင်ငံက နိုင်ငံရေးအရ သိပ်တက်ကြွမှုမရှိတာကြောင့် ဒီတစ်ကြိမ် အင်ဒိုနီးရှားနိုင်ငံက ဒီရာထူးကို ရမယ် ထင်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အစ္စလမ်မစ်နိုင်ငံများအဖွဲ့က ဦးဆောင်တင်သွင်းပြီး မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂကို အသုံးချပြီး ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားတာဖြစ်လို့ မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း ကြေညာထားပါတယ်။ ဒါကြောင့်မို့ ဒီဆုံးဖြတ်ချက်အရ ဖွဲ့စည်းပေါ်ပေါက်လာမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို လက်မခံသင့်ပါ။ ဒီအထူးသံတမန်ဟာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုတင်မက အစ္စလမ်မစ်နိုင်ငံများအဖွဲ့ကိုပါ ကိုယ်စားပြုသလို ဖြစ်နေမှာပါ။

ဒါပေမယ့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ကို ပြည်ဝင်ခွင့်မပေးပဲ ငြင်းဆန်ဖို့ဆိုတာ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ကတိကဝတ်ပြုထားတဲ့ မြန်မာအစိုးရအတွက် သိပ်မလွယ်လှပါ။ ဒီ အထူးသံတမန်ကို လက်မခံရင် ဖိအားပေးမှုတွေ များပြားလာမှာ ဖြစ်သလို လက်ခံလိုက်ရင်လည်း မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ လာရောက်ပြီး အနီးကပ် စွက်ဖက်နေဦးမှာပါ။

အစိုးရမဟုတ်သော ဖိအားများ
တစ်ချိန်က အမေရိကန်ပြည်ထောင်စုကို ဗဟိုပြုပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှု (Free Burma Movement) ဆိုပြီး ရှိခဲ့ပါတယ်။ စစ်အစိုးရရဲ့ အုပ်စိုးမှုအောက်မှာ အရှုံးမပေးတမ်း တိုက်ပွဲဝင်နေကြတဲ့ ပြည်တွင်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ပြည်ပကနေ ထောက်ခံအားပေးဖို့ ပြည်တွင်းက ထွက်ခွါလာတဲ့ မြန်မာ့ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံတကာ ကျောင်းသားအဖွဲ့အစည်းများ ပူးပေါင်းလှုပ်ရှားကြတာပါ။ ၁၉၉၆ ခုနှစ်လောက်မှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်လောက်မှာ အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီ အချိန်လောက်မှာ တောင်အာဖရိကနိုင်ငံက အသားအရောင်ခွဲခြားဆက်ဆံတဲ့ လူဖြူအစိုးရကို ဆန့်ကျင်တဲ့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုကြီး (Anti-Apartheid Movement) ပြီးဆုံးသွားခဲ့ပါပြီ။ တောင်အာဖရိကနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေ မြှင့်တင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများက အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေကို မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုက အမွေဆက်ခံပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ (Tourism Boycott Campaign) လုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုတ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်ခွါအောင် အစုရှယ်ယာပိုင်ရှင်တွေက တဆင့် ဖိအားပေးတဲ့ လှုပ်ရှားမှုတွေ (Share-Holders Campaign)၊ မြန်မာနိုင်ငံက တင်သွင်းတဲ့ ပစ္စည်းတွေကို မဝယ်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ (No “Made in Burma” Campaign)၊ နောက်ထပ် နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမပြုအောင် လူထုအင်အားနဲ့ ကုမ္ပဏီရုံးများရှေ့မှာ ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။ မဲဆန္ဒရှင် ပြည်သူများရဲ့ အင်အားနဲ့ ကွန်ဂရက်လွှတ်တော်အမတ်တွေကို စည်းရုံးပြီး မြန်မာစစ်အစိုးရကို ပြစ်တင်ရှုံ့ချတဲ့ ဆုံးဖြတ်ချက်တွေ၊ မြန်မာစစ်အစိုးရကို စီးပွါးရေးပိတ်ဆို့မှုနဲ့ အရေးယူတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ခဲ့ကြတယ်။ အဲဒီ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကြီးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးမှာ အတိုင်းအတာတစ်ခုအထိ အရေးပါခဲ့ပြီး မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ နိုင်ငံတကာဖိအားပေးမှုတွေ သက်ရောက်စေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က စလို့ မြန်မာနိုင်ငံအတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ စတင်ဖြစ်ပွါးခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်လောက်မှာ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကြီးဟာ ပြည်တွင်းက ရဲဘော်များအတွက် မလိုအပ်တော့တာမို့ အလိုအလျောက် ပြိုကွဲသွားခဲ့ပါတယ်။ အခုတော့ အဲဒီ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့ကြဘူးတဲ့ အမေရိကန်နဲ့ ဥရောပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက သူတို့ထောက်ခံအားပေးတဲ့ ရိုဟင်ဂျာများအတွက် ရိုဟင်ဂျာလွတ်မြောက်ရေး လှုပ်ရှားမှု (Free Rohingya Movement) ကို စတင်လိုက်ကြပါပြီ။

အဲဒီ ရိုဟင်ဂျာလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေက အထက်ဖော်ပြပါ နည်းဗျူဟာတွေကို သုံးပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဆုတံဆိပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ ဆုချီးမြှင့်တဲ့ အဖွဲ့အစည်းတွေကို ဖိအားပေးကြပါလိမ့်မယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေကို စည်းရုံးပြီး မြန်မာနိုင်ငံကို ပြစ်တင်ရှုပ်ချတဲ့ ကြေညာချက်တွေ ထပ်ခါ၊ ထပ်ခါ ထုတ်ပြန်ပါလိမ့်မယ်။ ဘင်္ဂါလီတွေကို ဝါရှင်တန် ဒီစီကို၊ လန်ဒန်ကို ဖိတ်ခေါ်ပြီး လွှတ်တော်ကြားနာပွဲတွေမှာ သက်သေခံထွက်ဆိုစေပါလိမ့်မယ်။ မြန်မာနိုင်ငံတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ထွက်ခွါအောင် ဖိအားပေးကြပါလိမ့်မယ်။ နောက်ထပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိအောင် တားဆီးကြပါလိမ့်မယ်။ မြန်မာနိုင်ငံက ပစ္စည်းတွေကို ဝယ်ယူတင်သွင်းခြင်းမပြုဖို့ တောင်းဆိုကြပါလိမ့်မယ်။ ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာနိုင်ငံကို မသွားနိုင်အောင် တားမြစ်ကြပါလိမ့်မယ်။ မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ အရေးယူဖို့၊ မြန်မာခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (International Criminal Court/ ICC) တင်ဖို့ သက်ဆိုင်ရာအစိုးရများကို ဖိအားပေးကြပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး မြန်မာပြည်လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှုကြီးမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၁၂ နှစ်ကျော် ပါဝင်ခဲ့ဘူးတဲ့ ကျနော့်အတွေ့အကြုံအရ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံအစိုးရများဟာ အခြားနိုင်ငံများရဲ့ အရေးအခင်းများကို ဝင်ရောက်ဖြေရှင်းရာမှာ ဆန်ရှင်လို့ခေါ်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ အရေးယူတာကို မကြိုက်ပဲ သံတမန်ရေးလှုပ်ရှားမှု (Diplomacy) ကိုသာ ဦးစားပေးချင်ကြပါတယ်။ ဒါပေမယ့် ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဆန်ရှင်ဥပဒေပြဋ္ဌာန်းပြီး ဖိအားပေးရင်တော့ သူတို့ မလွန်ဆန်နိုင်ပါ။ မကြိုက်သော်လည်း ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌာန်းတဲ့ အရေးယူမှုတွေကို အကောင်အထည်ဖော်ကြရပါတယ်။ ဒါကြောင့်လည်း ကျနော်တို့က မဲဆန္ဒရှင်ပြည်သူများကို အရင်စည်းရုံး၊ သူတို့ရဲ့ ထောက်ခံမှုနဲ့ ကွန်ဂရက်လွှတ်တော်အမတ်များကို ချဉ်းကပ်ပြီး အရေးယူမှုတွေ ဥပဒေဖြစ်လာအောင် စည်းရုံးလှုံ့ဆော်ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ ဖိအားနဲ့ အမေရိကန်ပြည်ထောင်စုအစိုးရက အရေးယူမှုတွေကို လက်တွေ့အကောင်အထည်ဖော်အောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။

ဒီကနေ့အခြေအနေမှာတော့ မြန်မာနိုင်ငံလွတ်မြောက်ရေးလှုပ်ရှားမှုကြီးကို ထောက်ခံခဲ့ကြတဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်အများစုဟာ ရိုဟင်ဂျာလို့ ခေါ်ကြသူများအပေါ် စာနာမှုအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်နေကြပါပြီ။ ရိုဟင်ဂျာအဖွဲ့အစည်းများက အမေရိကန်၊ ဗြိတိန်နဲ့ အီးယူနိုင်ငံများက ကွန်ဂရက်လွှတ်တော်များကို စည်းရုံးလိုက်နိုင်ပါပြီ။ ကျနော်တို့ မြန်မာပြည်လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှုကြီး ဆောင်ရွက်တုံးက ရန်ပုံငွေမလောက်မငှနဲ့ ငတ်တလှည့်၊ ပြတ်တလှည့် လှုပ်ရှားခဲ့ကြရတာ ဖြစ်ပေမယ့် အခု ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကတော့ အစိုးရများ၊ ပါလီမန်များနဲ့ အနီးကပ်ဆုံး ဆက်သွယ်နိုင်ပြီး အစိုးရများ၊ ဖောင်ဒေးရှင်းများမှ ရန်ပုံငွေတွေ ဖောဖောသီသီ ရနေတာပါ။ ဒါကြောင့် ထိရောက်တဲ့ အဆက်အသွယ်တွေနဲ့ လုံလောက်တဲ့ ငွေကြေးထောက်ပံ့မှုတွေ ရရှိထားတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုတွေဟာ ရှေ့မှာလည်း ပိုပြီး အားကောင်းလာမှာ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ ဆက်လက် သက်ရောက်နေဦးမှာပါ။

ဖိအားများကို ကြောက်ရန်မလို၊ သို့သော် နည်းလမ်းတကျ တုန့်ပြန်ကြဖို့ လို
နိုင်ငံတကာဖိအားပေးမှုတွေ ဘယ်လောက်များများ၊ ပြည်တွင်းမှာ အစိုးရနဲ့ တပ်မတော်၊ အစိုးရနဲ့ ပြည်သူ ညီညွတ်ကြမယ်၊ စိန်ခေါ်မှုတွေကို အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ပူးတွဲ ရင်ဆိုင်ကြမယ်၊ ပြည်တွင်းပြဿနာတွေကို အမှန်ကန်ဆုံးနဲ့ အမျှတဆုံးဖြစ်အောင် ဖြေရှင်းနိုင်ကြမယ်ဆိုရင် ဒီဖိအားပေးမှုတွေဟာ တစ်ချိန်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒါပေမယ့် ပြည်တွင်းညီညွတ်ရေးနဲ့ ပြည်တွင်ဿးနာများကို မှန်ကန်မျှတစွာ ဖြေရှင်းရေးဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိတာမို့ တပ်မတော်အပေါ် အစိုးရက ဩဇာသက်ရောက်မှု မရှိနိုင်ပါ။ ဘာသာရေးနဲ့ လူမျိုးရေးအစွန်းရောက်များပါဝင်တဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကလည်း အစိုးရနဲ့ တပ်မတော်အကြား ပိုပြီး သွေးကွဲအောင် ဖန်တီးနေပြန်ပါတယ်။ နိုင်ငံခြားအစိုးရများရဲ့ တပ်မတော်အပေါ် သီးခြား ပြစ်တင်အရေးယူမှုတွေကလည်း တပ်မတော်နဲ့ အစိုးရကို ပို၍ ဝေးကွာစေနိုင်ပါတယ်။

ပြည်တွင်းတွင်လည်း အစိုးရရဲ့ လုပ်ငန်းစဉ်များကို ပြည်သူအများက ချွင်းချက်မရှိ ထောက်ခံနေသည် မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် လူထုထောက်ခံပွဲများ နိုင်ငံတဝှမ်းကျင်းပနေသော်လည်း ထောက်ခံကြသူများသည် ဒေါ်အောင်ဆန်းစုကြည်က အကောင်အထည်ဖော်မည်ဟု ကတိပြုထားသည့် ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို သေသေချာချာ နားလည်သိရှိခြင်းမရှိပဲ လူပုဂ္ဂိုလ်ကိုသာ ထောက်ခံနေကြခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုကိုယ်တိုင်က ယင်းအကြံပြုချက်များကို သိရှိနားလည်ပြီး စိတ်ပါလက်ပါ ထောက်ခံရန်နှင့် ယင်းအကြံပြုချက်များကို အစိုးရမှ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အထူးလိုအပ်ပါတယ်။ ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပနေသော်လည်း ယင်းဆုတောင်းပွဲများသည် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများနှင့် မသက်ဆိုင်သလို ဖြစ်နေပါတယ်။ မြန်မာပြည်သူ တစ်ရပ်လုံးက တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့်ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် အထူးအရေးကြီးပါတယ်။

ကျနော်တို့ ပြည်သူများမှာလည်း "ငါ" စွဲတွေ ကြီးလှပါတယ်။ "ငါတို့ ကိုးကွယ်တဲ့ ဘာသာက အကောင်းဆုံး"၊ "ငါတို့လူမျိုးက အမြတ်ဆုံး"၊"ငါတို့ နိုင်ငံက အကြီးကျယ်ဆုံး"၊ "ဗမာလူမျိုးဆိုတာ တစ်ချိန်တုံးက ကမ္ဘာကို စိုးမိုးအုပ်ချုပ်ခဲ့တာ"၊ "ဗုဒ္ဓဘာသာမှလွဲ၍ အခြားဘာသာအယူဝါဒ ကိုးကွယ်သူများဟာ မိစ္ဆာဒိဌိ"၊ စတဲ့ ကိုယ့်ကိုယ်ကို အလွန်အကျွံ အထင်ကြီးမှုတွေ၊ အမှားကို အမှန်အဖြစ် တရားသေလက်ခံထားမှုတွေ မဖျောက်နိုင်သ၍ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင်ပါ။ ဒီကြားထဲ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် ဘာသာခြားတွေကို သတ်တာ အပြစ်မရှိဘူးလို့ ဟောပြောနေတဲ့ ဘာသာရေးခေါင်းဆောင်တွေ ရှိနေပြန်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာ၏ စွပ်စွဲချက်များကို သေသေချာချာ နားလည်ရန်လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရနှင့် ပြည်သူတစ်ရပ်လုံးက ဘင်္ဂါလီများအား တိုင်းရင်းသားအဖြစ်၊ နိုင်ငံသားအဖြစ် မသတ်မှတ်ပဲ ပြည်ပမှ ခိုးဝင်လာသူများအဖြစ် သတ်မှတ်ကာ နိုင်ငံအတွင်းမှ မောင်းထုတ်ရန် ကြိုးစားနေတယ်လို့ စွပ်စွဲနေတာပါ။ မြန်မာအစိုးရက ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံ၍ နိုင်ငံသားဖြစ်ထိုက်သူများကို နိုင်ငံသားအဖြစ် အမြန်ဆုံး အသိအမှတ်ပြုပြီး မြန်မာပြည်သူများကလည်း ၎င်းတို့အား နိုင်ငံသားအချင်းချင်းအဖြစ် လက်ခံ၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြမည်ဖြစ်ကြောင်း သက်သေမပြနိုင်သ၍ နိုင်ငံတကာ၏ ဖိအားပေးမှုများ၊ စွပ်စွဲမှုများ ရပ်တန့်မည် မဟုတ်ပါ။ ပြန်ဝင်လာသူများကို လက်ခံပြီးလျင်လည်း ၎င်းတို့အား ရခိုင်ပြည်နယ်အတွင်း ဆက်လက်လှောင်ပိတ်ထား၍ မဖြစ်နိုင်ပါ။ ပြန်ရောက်လာသူများအတွက် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနေထိုင်ခွင့်မရှိသ၍၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများကို အစိုးရက တာဝန်မယူသ၍၊ လုံခြုံရေးအတွက် အစိုးရက တာဝန်မခံနိုင်သ၍ နိုင်ငံတကာဖိအားများ ရပ်တန့်မည်မဟုတ်ပါ။ ၎င်းတို့အား နိုင်ငံအတွင်း လွတ်လပ်စွာ အခြေချနေထိုင်ထိုင်ခွင့်ပေးရန်အတွက်လည်း မြန်မာပြည်သူများ၏ သဘောထားကြီးမှုနှင့် အမှန်တကယ် ဘာသာ၊ လူမျိုးမခွဲခြားပဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေလိုစိတ်ရှိရန် အရေးကြီးပါတယ်။

အထက်ပါအချက်အလက်များကို အခြေခံ၍ အောက်ပါအတိုင်း အကြံပြုချင်ပါတယ်။
(က) မြန်မာအစိုးရမှ ဘင်္ဂါလီများနှင့် ပတ်သက်သည့် မူဝါဒကို ရှင်းလင်းပြတ်သားစွာ ကြေညာရန်။ ။
ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုဟူ၍ မရှိကြောင်း ပြတ်သားစွာ ငြင်းဆိုခဲ့ပါတယ်။ ယနေ့ကာလတွင်လည်း တပ်ချုပ်က အဆိုပါမူဝါဒကို ပြတ်သားစွာ ကြေညာထားပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း မရှိသေးပါ။ တစ်ဖက်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ သူမအား ရိုဟင်ဂျာများဖက်မှ ရပ်တည်ပြောဆိုခြင်း မရှိသည့်အတွက်၊ စစ်တပ်ကို အပြစ်မတင်သည့်အတွက် ပြစ်တင် ရှုံ့ချနေကြပါတယ်။ သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုဟူ၍ မရှိကြောင်း၊ ကိုယ့်ကိုယ်ကို စိတ်ကြိုက်အမည်ပေးခွင့်၊ ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ခွင့် (Self-identification) ဟူသည့် အကြောင်းပြချက်ဖြင့် ၎င်းအမည်ကို နိုင်ငံတကာမှ အသိအမှတ်ပြုလျင်တောင်မှ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ဋ္ဌာနေတိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ်ပြုခံရမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်း လာရောက် အခြေချနေထိုင်သူများနှင့် အတူတူပင် ဖြစ်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဆွေစဉ်မျိုးဆက်နေထိုင်ခဲ့သူများသည် နိုင်ငံသားဖြစ်ထိုက်သူများ ဖြစ်၍ ၎င်းတို့အား စီစစ်လက်ခံပြီး နိုင်ငံသားအဖြစ်အသိအမှတ် ပြုမည်ဖြစ်ကြောင်း၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီးသည့်နောက် နိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို လွတ်လပ်စွာအခြေစိုက်နေထိုင်ခွင့်အပါအဝင် နိုင်ငံသားအခွင့်အရေးများကို တန်းတူရည်မျှခံစားနိုင်အောင် အစိုးရမှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်လာမည့် သူများကလည်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်၊ နိုင်ငံလူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာ နေထိုင်ရန်၊ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ခိုးဝင်လာသူများအား စစ်ဆေးတွေ့ရှိက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ စသည်ဖြင့် မူဝါဒသဘောထား အတိအကျ ရှင်းလင်းစွာ ထုတ်ပြန်သင့်ပါတယ်။

ရိုးရိုးရှင်းရှင်း ပြောရရင်ဖြင့် ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နိုင်ငံသားဖြစ်ခွင့်ကိုသာ မျှော်လင့်နိုင်ပြီး တိုင်းရင်းသားလူမျိုးစုဖြစ်ခွင့် လုံးဝမရှိကြောင်း ပြတ်သားစွာ ကြေညာရန် ဖြစ်ပါတယ်။

(ခ) ပြည်သူလူထုမှ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို သိရှိနားလည် လက်ခံအောင် ပညာပေးစည်းရုံးရန်။ ။
ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် ၈၈ ချက်ကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ဩဂုတ်လ နောက်ဆုံးပတ်က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း အများပြည်သူ မသိရှိကြပါ။ အစိုးရပိုင် သတင်းစာများနှင့် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ၎င်းအကြံပြုချက်များအား နေ့စဉ်၊ အခန်းဆက် ဖော်ပြသင့်ပါတယ်။ သဘောထားမျှတသော စာရေးဆရာများအားလည်း ယင်း အကြံပြုချက်များနှင့် ပတ်သက်၍ အများပြည်သူအလွယ်တကူနားလည်အောင် ရှင်းလင်းတင်ပြသည့် ဆောင်းပါးများအား အစိုးရသတင်းစာတွင် ဖြစ်စေ၊ အခြားစာစောင်များတွင် ဖြစ်စေ ရေးသားကြရန် တိုက်တွန်းသင့်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဆရာ/ဆရာမများ၏ ဦးဆောင်မှုဖြင့် ကျောင်းသား/သူများ ၎င်းအကြံပြုချက်များကို သိရှိအောင်၊ လက်ခံအောင် စည်းရုံးသင်ကြားမှုများ၊ ဆွေးနွေးမှုများ ပြုလုပ်သင့်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ဦးဆောင်၍ ပညာရှင်များ၊ အစိုးရဋ္ဌာနဆိုင်ရာများဖြင့် ဆွေးနွေးပွဲများ ကျင်းပ၍ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို အများနားလည်ရေးနှင့် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသင့်ပါတယ်။

(ဂ) မှုခင်းဆိုင်ရာ နိုင်ငံတကာစုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းတာဝန်ပေးရန်။ ။
နိုင်ငံတကာက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အချက်အလက်ရှာဖွေရေးကော်မရှင် (UN Fact-Finding Commission) ကို ပြည်တွင်းသို့ ဝင်ရောက်စစ်ဆေးခွင့်ပေးရန် တောင်းဆိုနေကြပါတယ်။ ခွင့်မပြုသင့်ပါ။ ကုလသမဂ္ဂရဲ့ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင်က "လူမျိုးတုံးသတ်ဖြတ်မှု" ဟု တစ်ဖက်သက် ဆုံးဖြတ်ထားပြီးသား ဖြစ်၍ ယင်းကော်မရှင်ကို ဝင်ခွင့်ပေးလျင်လည်း အလားတူဆုံးဖြတ်ပါလိမ့်မယ်။ သို့သော်လည်း ဖြစ်ရပ်တစ်ခုလုံးကို ရာဇဝတ်မှုကြီးတစ်ခုအဖြစ်သတ်မှတ်ပြီး ရာဇဝတ်မှုခင်းဆိုင်ရာ နိုင်ငံတကာစုံစမ်းရေးကော်မရှင် (International Commission of Forensic Enquiry) ဖွဲ့စည်းတာဝန်ပေးသင့်ပါတယ်။ ယင်းကော်မရှင်တွင် နိုင်ငံတကာမှ လေးစားသော စစ်အရာရှိဟောင်းများ၊ ဥပဒေပါမောက္ခဟောင်းများ၊ တရားသူကြီးဟောင်းများ၊ ရဲအရာရှိဟောင်းများ၊ ထောက်လှမ်းရေးအကြီးအကဲဟောင်းများ၊ သမိုင်းပညာရှင်များ ပါဝင်သင့်ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှ စသည့်အကြမ်းဖက်မှုများနှင့် နောက်ဆက်တွဲအခြေအနေအရပ်ရပ်ကို ရာဇဝတ်မှုခင်းရှုထောင့်မှ စုံစမ်းစစ်ဆေးရန် ဖြစ်ပါတယ်။ ယင်းသို့ စစ်ဆေးခြင်းဖြင့် အကြမ်းဖက်သမားများ၏ စည်းရုံးလှုံ့ဆော်မှုများ၊ တိုက်ခိုက်မှုများ၊ ရွာမီးရှို့မှုများ၊ ပြည်တွင်းမှ ဘင်္ဂါလီများအား ပြည်ပသို့ ထွက်ခွါလာအောင် စည်းရုံးမှုများ၊ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်မှုများ၊ ဘာသာရေးကျောင်းများတွင် မြန်မာ/ရခိုင် မုန်းတီးရေး လှုံ့ဆော်မှုများနှင့် အကြမ်းဖက်သင်တန်းပေးမှုများ၊ ပြည်မမှ ခွဲထွက်ရန် ကြံစည်အားထုတ်မှုများ၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်ပနိုင်ငံများ၏ အားပေးမှုများကို ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ပါတယ်။ မိမိတို့ဘက်မှ အမှားအယွင်းရှိလျင်လည်း ဖော်ထုတ်ခံရပါလိမ့်မယ်။ ထိုအခါ ပြတ်ပြတ်သားသား အရေးယူဖို့လည်း လိုအပ်ပါတယ်။

တကယ်ညီညွတ်ကြဖို့လို၊ တကယ် မှန်ကန်မျှတဖို့လို
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေ၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ ဘယ်နှစ်ကြိမ်လုပ်လုပ်၊ ဘယ်လောက်ပဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်လုပ် နိုင်ငံတကာဖိအားပေးမှုတွေက အလွယ်တကူ ပပျောက်သွားမှာ မဟုတ်ပါ။ ဒီဖိအားတွေကို ငါတို့ ဂရုမစိုက်ပဲ နေနိုင်ပါတယ်လို့ မာနကြီးနေလို့လည်း မဖြစ်ပါ။ နိုင်ငံတကာအထောက်အပံ့တွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ လျော့နည်းသွားတာနဲ့ အမျှ မြန်မာနိုင်ငံရဲ့ စီးပွါးရေးကို အကြီးအကျယ်ထိခိုက်မှာပါ။ နိုင်ငံတကာက မြန်မာပြည်က ကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းခြင်း မပြုတော့ရင်လည်း ပြည်တွင်းစီးပွါးရေးကို ထိခိုက်မှာပါ။ စီးပွါးရေး ကြပ်တည်းတာနဲ့ အမျှ အလုပ်လက်မဲ့အရေအတွက် ပိုများ၊ ဆင်းရဲနွမ်းပါးမှု မြင့်မားတာနဲ့ အမျှ လူကုန်ကူးမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ပိုပြီး မြင့်မားလာမှာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာပါ။ နိုင်ငံတကာမှာ မြန်မာပြည်သူတွေကို မုန်းတာနဲ့အမျှ ပြည်ပရောက် မြန်မာနိုင်ငံသားများ လုံခြုံမှု မရှိနိုင်ပါ။ ပြန်ဝင်ရောက်လာသူတွေထဲမှာလည်း အကြမ်းဖက်သမားတွေ ပါဝင်လာနိုင်ပြီး တချို့လည်း အခုမှ နာကျည်းမှုတွေနဲ့ အကြမ်းဖက်ဝါဒကို ရွေးချယ်လိုက်သူတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တင်မကပဲ မြန်မာတစ်နိုင်ငံလုံးမှာ လုံခြုံမှု ကင်းမဲ့နိုင်ပါတယ်။ ကိုးကွယ်ရာ ဘာသာကွဲပြားသူ အသိုင်းအဝိုင်းများကြားမှာ အပြန်အလှန် မယုံကြည်မှုတွေ မြင့်မားပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပိုပြီး ဖြစ်ပွါးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဖိအားတွေကို ဂရုမစိုက်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို တံခါးပိတ်နေလို့လည်း မဖြစ်နိုင်ပါ။

ကျနော်တို့ အားလုံး အမှန်တကယ် ညီညွတ်ကြမှ၊ ပြည်တွင်းပြဿနာတွေကို အမှန်တကယ် မျှမျှတတ ဖြေရှင်းနိုင်မှ ဒီနိုင်ငံတကာ ဖိအားတွေကို ကျနော်တို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ကြမှာပါ။

လေးစားစွာ၊

အောင်ဒင်
နိုဝင်ဘာ ၁၉၊ ၂၀၁၇။ ရန်ကုန်

Comments