သင်းရည်လွင် ● မငြိမ်းချမ်းသော ခရီးသွားများ

သင်းရည်လွင် ● မငြိမ်းချမ်းသော ခရီးသွားများ
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၇

၁ ။
လူလေးကြီးရင်ဘာလုပ်မလဲလို့ဘယ်သူမှမမေးကြတော့တဲ့မေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှိပါကြောင်း ရိုးရိုးသား သား ဖြေပါသည်။ သည့်အတွက် မည်သူမျှ စိတ်အနှောင့်အယှက်ဖြစ်မည် မထင်၍ ဖြစ်ပါသည်။

အဖေသည် သူ၏မြင်းကို အစာကောင်း စားနိုင်ရန်အတွက်စနစ်တကျ ကြိတ်ခွဲ လှီးဖြတ်ကျွေးသော်လည်း လူလေးတို့ ညနေ စာများသည် မဲပြာပုဆိုးများဖြစ်ကြပါသည်။ သည်စကားသည် မှန်သောသစ္စာစကားဖြစ်သည် ဆိုငြားအံ့။

ရင်ခုန်စရာမကောင်းသော ရုပ်ရှင်ကဲ့သို့ လူကြိုက်နည်းပါသည်။

၂။
နေရာတကာ သီဆိုနေသောသီချင်းများ ရိုးသွားတတ်ပြီး နားငြီးယုံဖြစ်သည်ဟု မြည်တွန် တောက်တီး ပြောတတ်သောအမေ့ ကွယ်ရာတွင် အဖေကတစ်ယောက်ထဲ ပြောသလိုလိုနှင့် အမေ့ကိုပြောတတ် ပါသည် ။ အမေက ရီစရာကောင်းလောက်အောင် ရိုးအသူ ဖြစ်သည်။ ဟုတ်ပါ့တော် သည်ဗိုလ်အောင်ဒင်သီချင်းက နေရာတကာ သောက်မြင်ကပ်ကပ်သေးတော့ ဆိုပြီး ပြန် ပြောတတ်ပါသည်။

ဘဝတွေကတော့ ရီစရာမကောင်းတတ်ကြောင်း နားလည်နေသည်မှာ ကြာခဲ့ပြီ။ မြို့ကလေးတွင် မြင်းလှည်းများ မောင်းခွင့် မပြုတော့ဟူသော သတင်းကို အဖေယူလာသည့်နေ့မှစတင်သည်ဟု ထင်ပါသည်။ အဖေ့ဘဝသည် အဘိုးလက်ထက်မှ စပြီး မြင်းလှည်းမောင်းသည့်လုပ်ငန်းကိုသာ တစိုက်မတ်မတ် မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

အခုတော့ အဖေ့ အတွက် တစ်ခါမှ မကြုံဘူးသော အဖြစ်အပျက်တစ်ခုကိုတွေ့ လိုက်ရတာဖြစ်သည်။

၃ ။
အဲသည့်နေ့က လူလေးတို့ မောင်နှမတွေပါ ဘာမသိညာမသိ ရောယောင် စိတ်ပျက်နေကြသည်။ အမေက ပြောင်းဖူးဖက် ဆေးလိပ်ဖွာပြီး မည်သူ့ကိုမှ စကားမပြောပဲထိုင်နေခဲ့သည်။ အဖေက အိမ်သို့ ရောက်လာကြသောမြင်းလှည်းသမားအချို့နှင့် စကားအချေတင် ပြောဆိုနေသည်။

လူလေးတို့တတွေက အိမ်အောက်ဆင်းထိုင်ပြီး မြင်းမလေးမိညိုကို ယင်ကောင်မောင်းပေးနေလိုက်သည်။ တစ်အိမ်လုံး အပ် ကျသံပင် ကြားနေရသောနေ့ ဖြစ်သည်။

အဖေတို့ မြင်းလှည်းသမားတွေကို မြို့ကလူကြီးတွေက ခွင့်ပြုချက်မရှိပဲ လူစုပြီး ဆန္ဒပြမှုဖြင့် အဖေနှင့် တချို့ရဲစခန်းသို့ ရောက်သွားကြသည်။ အမေက အဖေမှာသောလိုအပ်သည်များ သွားပို့ပေးသည်။ အိမ်ပြန်လာတော့ အဖေနှင့် မတွေ့ခဲ့ရဟု အမေ ပြောသည်။

ဒါပေမဲ့ အဘွားပေးခဲ့တဲ့ အမေပန်နေကြနားဋောင်း အမေ့နားမှာ မတွေ့တော့။ လူလေးတို့ အဲသည် ညနေကစလို့ မငြိမ်းချမ်း တော့ကြောင်း နားလည်လိုက်ကြသည်။

အဖေ အချုပ်ထဲ ပြန်ထွက်လာတော့ လူလေးလည်း ကျောင်းထွက်ပြီးသားဖြစ်နေသည်။

၎။
အဲသည်နေ့က လူလေး မငိုပါ။ အကိုဝမ်းကွဲ တစ်ယောက်နှင့် ပန်းရံ အလုပ်ရသည်။ အုတ်သယ် မဆလာသယ်အဆင့်ပေမယ့် လူလေးပင်ပန်းနေသည်။ အမေ ကမျက်ရည်ကျသည်အဖေက အံကိုတင်းပြီး နေသည်။ လုပ်အား ခငွေအမေ့ ကိုပေးသည့် နေ့က တအိမ်လုံး ညစာ မစားဖြစ်ကြ။ မျက်ရည်တွေရင်ပြည့်နေတာ ဖြစ်သည်။

မိညိုကို ရောင်းမလားဟု လာမေးသူတွေ ရှိလာသည်။

သူ့ကို သူစိမ်းများလာကြည့်သောအခါ မိညိုမျက်နှာ မကောင်းမျက်ရည်ဝဲ နေသည်ထင်ရသည်။ ဘယ်သူ မှစိတ်မကောင်းကြ။
အဖေ့ညီတစ်ယောက်က လှည်းကိုရောင်းပေးဖို့ ယူသွားပြီ။

မြင်းမလေးကို ဘယ်သူ့ မှမရောင်းဖြစ်တော့ပဲ ရှင်ပြုရာတွင်မြင်းအငှားလိုက်ဖို့ ဆုံးဖြတ်ကြသည်။

အဲသည်နေ့ကတအိမ်လုံး အဖေ အချုပ်ကလွတ်လာသည့်နောက်ပိုင်း အပျော်ဆုံးဖြစ်သည်။

၅ ။
လူလေး ဘဝလည်း ကျသလို နေတတ်လာသည်။ အလုပ်ပေါင်းစုံ ကျင်လည်ရင်း သူငယ်ချင်းတယောက်ကြောင့် မြဝတီ မဲ ဆောက်ဘက်ရောက်လာသည်။ ကိုယ့်လို ဒုက္ခတွေချည်း ဖြစ်သည်။ အဲသည်မှာ နိုင်ဝင်းဆိုသော သူငယ်ချင်းတစ်ယောက် ရသည်။ သူ ကရောက်နေတာကြာပြီ ကြုံရာကျဘမ်းလုပ်နေသူ။

သည်လိုနဲ့ ကျွန်းပင် ငုတ်တို ခိုးသည့် အလုပ်ရသည်။

ခွဲစိတ်ပြီး တဖက်နိုင် မဲဆောက်ရှိ ပရိဘောဂ လုပ်သူထံရောင်းရသည်။ ငွေကြေး မြိုးမြိုးမျက်မျက်ရသဖြင့် လူလေးရောက်ပြီး နှစ်လအတွင်း အိမ်ကို ငွေပို့ပေးနိုင်သည်။

အလုပ်က သစ်သူခိုးဖြစ်၍ ရှောင်တိမ်းပုန်းအောင်းလုပ်ရသည်။ သည်မှာက လက်နက်ကိုင်အဖွဲ့ စုံသည်။ ဘာသာစကား မတူ အယူအဆ မတူသူတွေ။ မကြာခဏပစ်ကျခတ်ကျသည့်အခါမျိုးမှာ လူလေး တောထဲတောင်ထဲ လေးငါးရက် ပုန်း အောင်း အိပ်ရသည်။

သည်ရက်ထဲ အဖေနေမကောင်းကြောင်း သတင်းရသည်။

အဖေသည် မြင်းလှည်းရောင်းပြီးကတည်းက တရှောင်ရှောင်ဖြစ်တာ ကြာပြီ။ စိတ်ဓာတ်ကျသွားသည် ထင်သည်။

၆။
သတင်းတွေ မကောင်းပါ။ အလုပ်ကလည်း မသေချာသေးတဖက်ကမ်းသို့ ပြည်တွင်း နေရာအနှံ့မှ လူတွေ။

စားဝတ်နေရေးအတွက် ပုံသဏ္ဏာန်အမျိုးမျိုးဖြစ်ရောက်လာကြတာတွေ့သည်။ ကိုယ်တိုင် ဘာမှန်း မသိချိန် သူများတွေလည်း ကိုယ်က မကူတတ်။ ရဲတွေ ခြေရှုတ်နေသည်။ သည်လိုအချိန် အနေအထိုင်တတ်မှ ဖြစ်မည်။

အဆင်မပြေခြင်းတွေ အဖော်ကောင်းသည်။ လူလေးအတွက်တော့မကောင်း သစ်ခိုးသူတချို့ မိုင်းနင်းမိကာ သေသူခြေ ထောက် ပြတ်သူ တွေဖြစ်သည်။ ဘယ်အဖွဲ့ စည်းမှန်းသိပေမယ့် မပြောရဲ ။ အိမ်ကို လည်း အဆက်အသွယ်လုပ်မရမိသားစုများ ဘယ်လိုနေထိုင်ကြပါလိမ့်။ ညသည် အမှောင်သီးသန့်။ အလင်းဆိုလို့ စိတ်ကူးထဲမှာပင် မတွေ့ ။

၇။
အစားအသောက်တောင် နပ်မမှန်ချင်တော့။ ရရာအလုပ်ကအမြဲတန်း အဆင်မပြေ မရတမော့ ရတမော့။ အိမ်ပြန်ဖို့ကလည်း စဉ်းစားလို့ပင်မရ။ သူငယ်ချင်း တွေလဲ ပြေးပြေးလွှားလွှား။

လမ်းပေါ်မှာ လမ်းမမြင်ရတာ ဆိုးသည်။ ထမင်းအတွက်တောင် အဆင်မပြေတာ အိမ်ကို လက်ချည်းပြန်ဖို့မတွေးရဲ ။

လူတစ်ယောက်အတွက် မြစ်တို့သည် တခါတရံ ပိုမိုရှည်လျား တတ်သည်ထင်သည်။

ထီးမပါသောနေ့မှာ မိုးကပိုသည်းလာတတ်တာ မျိုးဖြစ်သည်။ သည်ကြားထဲ ကုန်ပို့တဲ့အလုပ်လေး ရလို့ဝင်လုပ်မိတာသူများ အလုပ်ကိုဝင်လုပ်ရသလားဆိုပြီး ရန်စထိုးကြိတ်တာခံရသည်။ ကိုယ့်နိုင်ငံသားခြင်းက ပိုဆိုးနေသည်။

သင်းရည်လွင်

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ တွင် ဖော်ပြခဲ့သည့် ဝတ္ထုတို။

0