မောင်အောင်မွန်- ခေတ်စုံ လူစုံနှင့် တွဲတတ်သော မင်းကျော်မင်း- ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၇)


 
ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၇)
မောင်အောင်မွန်
ခေတ်စုံ လူစုံနှင့် တွဲတတ်သော မင်းကျော်မင်း
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇

(၁)

စာရေးဆရာ မင်းရှင် မိတ်ဆက်ပေး၍ ခင်မင်သော ဗိုလ်မှူးဘသော် (မောင်သော်က) အယ်ဒီတာချုပ် လုပ်သော ရှေ့သို့ထုတ်ရာ ရုံးသို့ရောက်သွား၏။ Forward အယ်ဒီစားပွဲ၌ ထိုင်နေသော ဦးကျော်မင်းနှင့် ဆရာမောင်သော်က မိတ်ဆက်ပေး၍ သူနှင့်စတွေ့စသိ၏။

၁၉၅၉ ခု၊ အောက်တိုဘာလ ကျွန်တော် မြန်မာ့အသံတွင် စက်မှုလက်ထောက် အလုပ်ရချိန်တွင် သူလည်း အင်္ဂလိပ်ပိုင်းအစီအစဉ်၌ ရှိနေသေးဟုထင်၏။ သူတို့က ၀င်ဒါမီယာကရက်ဆင့်မှာ--ကျွန်တော် တာဝန်ကျ သည်ကား ရေကူးအသံလွှင့် စက်ရုံမှာမို့ ရေဒီယိုကကြားဖူးနေသူ ဦးကျော်မင်းနှင့် မဆုံလိုက်ရပါ။
၁၉၆၀ ခု၊ ပြည်လမ်း မြန်မာ့အသံ ဖွင့်ချိန်တွင် ဦးကျော်မင်း အလုပ်ထွက်ကာ VOA (Burmese) , Washington DC သွားရောက် အသံလွှင့်နေပြီ။

(၂)

အင်္ဂလိပ်စာတော်၊ အင်္ဂလိပ်လိုအပြောကောင်းသော ဦးကျော်မင်းသည် အင်္ဂလိပ်စကားပြော အမေရိကန်၌ နေထိုင်စဉ်ကာနှစ်များအတွင်း Media မည်မျှကြွယ်လာမည်ကို အလွယ်တကူခန့်မှန်းနိုင်ပါ၏။ ဦးခင်ဇော်(ဆရာK) တည်ထောင်သော ဗမာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်တွင် ဦးကြီးတင်၊ ဦးလှဘူးတို့နှင့် နှစ်အတန်ကြာ တွဲလုပ်ခဲ့သူမို့ သူ့စကားအတိုင်းဆိုရသော် အင်္ဂလိပ်စာညံ့ချင်ရင်တောင် အင်မတန်ပင်ပန်း ကြီးစွာကြိုးစားရပေလိမ့်မည်

ဝါရှင်တန်ရှိ မြန်မာစစ်သံမှူးရုံးမှ ဗိုလ်မှူးကြီး အောင်ဌေး( နောက်ပိုင်း စစ်ထောက်လှမ်းရေး/ ပြန်ကြားရေး ၀န်ကြီး) ၏ အားထားရာ ဖြစ်လိုက်၏။

(၃)

မြန်မာပြည်သို့ ပြန်ရောက်လာပြီးနောက် ပြန်ကြားရေးဌာနက အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော Forward ဂျာနယ်၌ အယ်ဒီတာလုပ်၏။ ထို့နောက် Guardian သတင်းစာ အယ်ဒီတာချုပ် အဖြစ်ပြောင်း သွားဟု သိလိုက်ရသည်။ ထိုအခါ မင်းကျော်မင်း နာမည်နှင့် ရေးသားသော သူ့လက်ရာများ ကျွန်တော်တို့ ဖတ်ကြရ၏။

မင်းကျော်မင်းမှာလည်း မောင်သော်ကကဲ့သို့ပင် ဟာသ(Humour) ရှိသည်။
မောင်သော်က မြန်မာလိုရေးသော သရော်စာများလိုပင် မင်းကျော်မင်း၏ ကိုယ်တွေ့ဆောင်းပါးတိုများ ဖတ် ကောင်းလှပါ၏။ အင်္ဂလိပ်လိုရေးသားရာ၌ လွယ်ကူရှင်းလင်း၍ ကျောင်းသားများ ကြိုက်နှစ်သက်ကြ၏။
ထို့နောက် တရားဝင်နာမည် ဦးကျော်မင်း ပျောက်သလောက်ဖြစ်ကာ မင်းကျော်မင်းဟုသာတွင်သည်။

(၄)

မင်းကျော်မင်းနှင့် စတင်ရင်းနှီးသည်က ၁၉၈၁ ခု၊ နှစ်မှာပါ။
သူက မြန်မာ့သတင်းစဉ် (ပြည်ပ) အယ်ဒီတာချုပ်ဖြစ်နေပြီ။ နိုင်ငံခြားတွင် အလုပ်သွားလုပ်လိုလျှင် ထွက်ရ မည်ဟု သတ်မှတ်၍ ကျွန်တော် မြန်မာ့အသံက ထွက်လိုက်သည်။ VOA (Burmese) , Washington DC အတွက် စာမေးပွဲအောင်၏။ အရွေးခံရ၏။ သို့သော် မသွားရ၊ အညစ်ခံထားရ၏။

KUNA (Kuwait News Agency) ၏ မြန်မာပြည်ဆိုင်ရာ နိုင်ငံခြားသတင်းထောက်အလုပ်ရ၏။
သို့သော် အသိအမှတ်ပြုလွှာမရ၊ အညစ်ခံနေရပြန်ပြီ။

ပြန်ကြားရေးဌာန ဒု ၀န်ကြီးက အစွမ်းထက်သော ထောက်လှမ်းရေး ဗိုလ်မှူးကြီး အောင်ဌေးပါ။ ကျွန်တော့်အဖြစ်စုံကို သိခွင့်ရလိုက်သော မင်းကျော်မင်း စတင်ခင်မင်လာ၏။ စာရေးဆရာချင်းမို့ စာနာခြင်းဖြစ်ပေလိမ့်မည်။

VOA (Burmese) , Washington DC သို့ ကျွန်တော်ဆက်သွယ်သော စာများကို သူပြင်ပေးသည်။ သူကိုယ်တိုင်လုပ်ခဲ့သော ဌာနမို့ အထိရောက်ဆုံးဖြစ်အောင် နိုင်နင်းလွယ်ကူစွာ ရေးပေး၏။ မင်းကျော်မင်းသည် ခေါင်းထဲကတွေးလို့မဆုံးသေး လက်အင်္ဂလိပ်လို လက်နှိပ်စက်နှင့် ရိုက်ပြီးနေပြီဟု ဆိုရ လောက်အောင်ပင် မြန်ဆန်သွက်လက်လှပါဘိ။

နောက်တော့ ကျွန်တော့်အပေါ် ညစ်ထားသောအချက်များ ဟုတ်မဟုတ် ထောက်လှမ်းရေးက စုံစမ်းပြီး ကင်းရှင်းကြောင်း အစီရင်ခံစာ တက်လာတော့မှ ကျွန်တော်လည်း KUNA (Kuwait News Agency) ၏ နိုင်ငံခြားသတင်းထောက် ဖြစ်လာတော့သည်။

အယ်ဒီတာချုပ် ဦးကျော်မင်းလို ကျွန်တော်လည်း ခေါင်းပေါင်းနှင့် ပြည်သူ့လွှတ်တော်ထဲ သတင်းသွားယူ ရသည်။ သူလည်းဝမ်းသာနေ၏။ ပိုပြီးတော့လည်း ရင်းနှီးလာကြရာ ကျွန်တော်က ညစာဖိတ်ကျွေးသည် ကို သူလက်ခံကာ မိသားစုနှင့်အတူ ဘိုကလေးကျောင်းလမ်းရှိ ကျွန်တော်ငှားနေသော အိမ်သို့ရောက်လာ ၏။

အေးအေးဆေးဆေးစားကြ စကားပြောကြနှင့် မိသားစုချင်းလည်း ရင်းနှီးသွားကြ၏။
သိပ်မကြာမီမှာပင် စိတ်မကောင်းစရာ ဖြစ်လာရပြီ။ ကျုံတနိတွင် ရေနံပြင်ကြီးတွေ့၍ တနေ့ ပီပါသန်းပေါင်း ဘယ်လောက်ထွက်မည် စသဖြင့် သတင်းစာရှင်းလင်းပွဲကို မဆလပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းဦးဆောင်ကာ ပြုလုပ်၏။ အသေးစိတ် ဗိုလ်မှူးကြီးမောင်ချိုက ကိန်းဂဏန်းများနှင့် တင်ပြ၏။ ဒေါက်ညီညီကလည်း မြန်မာပြည် နေ့ချင်းညချင်း ချမ်းသာတော့မည်ဟု ဆို၏။
ကျွန်တော်တို့ နိုင်ငံခြားသတင်းထောက်များလည်း သတင်းပို့ကြသည်။
ကူဝိတ်က ရေနံထွက်သော နိုင်ငံခြားသို့ တင်ပို့ရောင်းချသော နိုင်ငံမို့ အထူးစိတ်ဝင်စားသွား၏။ မေးခွန်းတွေ တသီကြီးမေးလာစဉ် ရေနံပြင်ကြီးမဟုတ် အက်ကြောင်းက မဆိုစလောက်လေးသာထွက်ဟု ဖြစ်သွားသည်။ ကျွန်တော်ဖြေရှင်လို့မရနှင့် အလုပ်ပြုတ်သွားတော့၏။
သက်သက်မဲ့ သားကောင်းဖြစ်သွားရသော ကျွန်တော့်အတွက် မင်းကျော်မင်းက စိတ်မကောင်းဖြစ်ရ သည် မှာ ကွယ်လွန်ချိန်ထိဖြစ်ပေလိမ့်မည်။

(၅)

မြန်မာ့သတင်းစဉ် (ပြည်ပ) အယ်ဒီတာချုပ် ဦးကျော်မင်းသည် နိုင်ငံပိုင်သတင်းစာ အယ်ဒီတာချုပ်များနှင့် နေ့စဉ်စည်းဝေးထိုင်ကာ ထည့်သွင်းဖော်ပြရမည့် နိုင်ငံခြားသတင်းများရွေးပေး၏။ TV မှဂြိုတုသတင်းများ ကို မြန်မာ့အသံသို့ သွားရောက်စည်းဝေးကာ ရွေးပေးရ၏။ အပြန်တွင် ကျွန်တော်တို့အိမ်သို့ ၀င်လာပြီး မြို့ထဲသူ့ကားနှင့် ခေါ်သွားသည်။
သူအလုပ်အားချိန်ဆို ကျွန်တော်သွားလိုရာ မဂ္ဂဇင်းတိုက်များသို့ ကားနှင့်လိုက်ပို့ပေး၏။ နှုတ်သွက်သူ မင်းကျော်မင်း သည်လိုနှင့် ကလျာမဂ္ဂဇင်းတွင် မြန်မာလိုရေးသော ပင်တိုင်ဆောင်းပါးရှင် ဖြစ်လာ၏။ ဂီတပဒေသာ မဂ္ဂဇင်း တာဝန်ယူထုတ်နေသော ဦးဘိုးဟံနှင့် ခင်မင်စွာ စကားပြေကြရင်း အင်္ဂလိပ်စာ သင်ခန်းစာ လစဉ်ရေးပေးဖို့ သဘောတူလိုက်ကြ၏။

ဦးဘိုးဟံ ဆေးရုံတက်နေသော ရန်ကုန်အရှေ့ပိုင်းဆေးရုံသို့ ကျွန်တော့်ကိုပါ ခေါ်ကာ သွားကြည့်သည်။
ကျွန်တော့်ဇနီးကအလုပ်မလုပ်၊ ကလေးနှစ်ယောက်က အတန်းကြီးလာပြီလို့ ကျူရှင်ဖိုးကမြင့်မို့ သူအထူး စာနာကူညီ၏။ သူ့ကားနှင့် ဟိုဟို ဒီဒီ လိုက်ပို့ပေးခြင်းကပင် ကျေးဇူးကြီးမားလှပါဘိ။ စကားပြောတိုင်း ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းကြီး ပြောတတ်သူမို့ မကြိုက်သူများလည်း ရှိချင်ရှိမည်။
 
ဦးကျော်မင်း၏ ပုဂ္ဂလိကဘ၀ (Private Life) ကိုကျွန်တော်မရေးလိုပါ။
သူစာရေးလျှင် အများဆုံးရေးသော သူ့သမီးကြီး မိဂျမ်းအကြောင်း သူပြောပြခဲ့သည့် များစွားတို့ထဲ ကောက်နှုတ်ရေးပါရစေ။ မိဂျမ်း ဆယ်တန်းရောက်ချိန်တွင် သမီးလေး အငယ်ထွေးက သူငယ်တန်း၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၌ နေကြ၏။

ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ဖြေအပြီး မိဂျမ်းစားဖို့ မင်းကျော်မင်း ခေါက်ဆွဲကြော်ဝယ်သွားသည်။
မြင်သွား သိသွားသော အငယ်ထွေးက ဆယ်တန်းလည်း မေးခွန်းနဲ့ဖြေရပြီး အောင်စာရင်းထွက်တယ်၊ သူငယ်တန်းလည်း မေးခွန်းနဲ့ဖြေရပြီး အောင်စာရင်းထွက်တယ်၊ ဘယ်ရမလဲဆိုပြီး အကုန်စားပစ်လိုက် တယ်၊ သူကိုယ်တိုင်က မတရားလုပ်မလို့ နှုတ်ပိတ် ရေငုံနေလိုက်ရပုံ ကျွန်တော့ကိုပြောပြ Guardian သတင်းစာ၌ ဆောင်းပါးရေး၏။

နောက်တပုဒ်က မိဂျမ်းအိမ်ထောင်ရေးအကြောင်း။

စစ်ဗိုလ်တွေ ကောင်းစားနေသောခေတ်မို့ သမီးလေးဗိုလ်ကတော်ဖြစ်ဖို့ မျှော်တွေးကြိုးစားသော်လည်း အထမမြောက်ပါ။ ကိစ္စမရှိ မိဂျမ်းက သင်္ဘောသားလေးနှင့် မေတ္တာမျှနေ၍ ပိုအဆင်ပြေလေရဲ့၊ ပူဆာလာ၍ ခပ်မြန်မြန် လက်ထပ်ပေးလိုက်သည်။
သင်္ဘေားသားက ရေထဲမဆင်းတော့...ကုန်းပေါ်သာမက အိမ်ပေါ်သို့ပါတက်လာပြီမို့ သမက်ကိုပါ ကျွေး ထားရပုံ--၊ အင်မတန်ဖတ်လို့ကောင်း။

(၆)

၁၉၈၈ ခု၊ အရေးအခင်းက တပြည်လုံးကို ကမောက်ကမ ဖြစ်စေ၏။
သူနှင့်မဆုံဖြစ်တော့ချေ။ ကျွန်တော်တို့ မိသားစုလည်း ဘ၀ပျက်၊ တကွဲတပြားစီဖြစ်နှင့် နောက်ဆုံး ဘန် ကောက်သို့ စွန့်စားထွက်ခဲ့၏။ အင်္ဂလိပ်စာ နိုင်နင်းကျွမ်းကျင်သူ ခပ်ရှားရှားမို့ ဦးကျော်မင်း အလုပ်ဖြစ် နေဟု သတင်းကြားရ၍ ၀မ်းသာပါ၏။

၁၉၉၅ ခု၊ နှစ် အောက်တိုဘာလတွင် သူလုပ်သွားသော VOA (Burmese) , Washington DC သို့ ကျွန်တော် ရောက်လာ၏။ သူဘယ်လောက် ၀မ်းသာနေမည်ကို တိုင်းတာ၍မရနိုင်ပါ။ သူ့သတင်းများ မပြတ်ကြားနေရသည်။ ကျန်းမာရေး မကောင်းတော့ဟုလည်း သိရ၏။ ယုံကြည်စိတ်ချရသော လူကြုံက သူကိုယ်တိုင်သွားပေးမည်ဆို၍ အသုံးဝင် အီလက်ထရွန်းနစ် ပစ္စည်းလေး ထည့်ပေးလိုက်၏။

အတော်လေးကြာတော့မှ ထိုင်းတံဆိပ်ခေါင်းကပ် စာတစောင် ဘန်ကောက်ကရောက်လာသည်။
ကျွန်တော်တို့အိမ်တွင် အလုပ်ရ၍ စားခဲ့သည့်ထမင်း အလုပ်ပြုတ်သွား၍ အစာမကြေဖြစ်နေရာ ခုတော့ အစာကြေသွားပြီဟု အစချီကာ ၃ မျက်နှာစာရှည်ကြီးရေး၏။ Parkinson ရောဂါဖြစ်နေပုံလည်းပါ၏။ သမီးလေးတွေက အဖေလိုအင်္ဂလိပ်စာတော်ကြ၍ ကျူရှင်ပြကြနှင့် အဆင်ပြေပုံ--အဖေ့အကျင့်တွေမရကြလို့ တော်သေးရဲ့ဟုတွေးမိပြီး စိတ်သက်သာရာရပုံကိုပင် ထည့်ရေးလိုက်သေးသည်။

မြန်မာပြည်တွင်း မသွင်းရဟု ပိတ်ထားချိန်၌မှာပင် Centrum အားဆေး သူ့ထံပို့နိုင်ခဲ့၏။ Phone 552-791 သို့ ဆက်မေးတော့ ရကြောင်းသိရ၏။ နောက်ပိုင်း မင်းကျော်မင်း စကားသိပ်မပြောနိုင်တော့၊ နောက်ဆုံး တယ်လီဖုန်းပင် မကိုင်နိုင်တော့ဆိုမှ ကျွန်တော်လက်လျှော့ကာ မဆက်တော့ချေ။

(၇)

မင်းကျော်မင်း ဆုံးသွားပြီ။
သူနှင့်ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက် အတော်များများလည်း ကွယ်လွန်ကုန်ကြပါပြီ။ သူလည်းလေ လူသား ပေမို့ မကြိုက်ချင်စရာတွေလည်း ရှိမည်မုချ။ ကျွန်တော့်အဖို့မူ မခင်မင်ကတည်းက ထားရှိသော သူ့စာနာမှု ....နောက်ပိုင်း အပြတ်ကူညီမှု၊ ကျွန်တော်တို့မိသားစု အဆင်ပြေသွားချိန် သူ့ရင်တွင်းကပီတိ... စသည်တို့ကား ရေးသား၍မကုန်နိုင်ပါ။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ဖဆပလခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ပထစခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မဆလ ခေတ်၊ န၀တခေတ် စသဖြင့် ခေတ်အစုံစုံတွင် လူစုံနှင့်တွဲလုပ်နိုင်စွမ်းသော မင်းကျော်မင်း၏ အရည်အသွေးကို တွေးနေမိကြောင်းပါ။

၂၀၁၇ ခု၊ ဒီဇင်ဘာလ(၂)ရက်နေ့။
0