အဲလိုထူး ● ဆောင်းဦးပေါက် ထမင်းကြမ်းခဲ

အဲလိုထူး ● ဆောင်းဦးပေါက် ထမင်းကြမ်းခဲ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

ဧရာဝတီရဲ့ ဟိုဘက်တကြောက ရာသီဥတုပုံမှန်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ မေမြို့..တောင်ကြီးတို့လို့ ဒရသီအေးနေတာ မျိုးမဟုတ်။ အညာဒေသလို ပူစရာရှိရင် ကြွတ်ရွနေအောင်ပူ၊ အေးစရာရှိရင် ခိုက်ခိုက်တုန်အောင်အေး၊ ဒီလိုမျိုးလည်း မ ဟုတ်။ မိုးမှန်သောဒေသဖြစ်သလို ဆောင်းရာသီရောက်ရင်လည်း သူ့နည်း သူ့ဟန်နဲ့ ချမ်းတာပဲဟု ပြောရပါလိမ့်မည်။

ပြီးခဲ့သည့်သုံးလေးရက်ကမှစတင်ပြီး ရန်ကုန်သို့ ဆောင်းရာသီဝင်ရောက်လာသည်။ ချမ်းလိုက်တာဟူသောစာသားများ လူမှု ကွန်ယက်စာမျက်နှာပေါ်တက်လာတာတွေရသည်။ မိုးလေဝသဦးထွန်းလွင်ကလည်း လေးရက်လောက်ဆက်တိုက် အေးမည်ဟု ဖော်ပြထား၏။ ကိုယ်တိုင်လည်း ရေစောစောချိုးပြီး သားတော်မောင်လက်ဆောင်ပေးထားသော အားကစား ဝတ်စုံ ထွက်ဆုဝမ်းဆက်ကို ထုတ်ဝတ်ဖြစ်သည်။ ဟုတ်သည်။ ရာသီဥတုက ဆောင်းဦးပေါက်သို့ ရောက်ခဲ့ပြီ။

ဒီရက်ပိုင်းအတွင်း ဆရာကန်တော့ပွဲရာသီရောက်သည့်အလျှောက် မိမိအထက်တန်းတက်ခဲ့ရာမြို့ကလေးမှ ငယ်သူငယ်ချင်း များနှင့်အဆက်အသွယ်ပြုဖြစ်သည်။ အမှတ်တရစာစောင်တစ်ခုလုပ်ပေးဖို့ တာဝန်ပေး၏။ အဲဒီမှာ ငယ်ဘဝဆောင်းဦးပေါက် ရာသီနဲ့ ထမင်းကြမ်းခဲကို လွမ်းမောမိခြင်းဖြစ်ပေါ်လာတော့သည်။

အစကရေးသားခဲ့သည့်အတိုင်း ငယ်ငယ်တုန်းက ဆောင်းဦးပေါက်ရာသီသည် ခိုက်ခိုက်တုန်အောင် ချမ်းအေးခြင်းလည်း မဟုတ်သလို အနွေးထည်ထူထူတော့ ဝတ်ထားရသည့်အခြေအနေမျိုးဖြစ်သည်။ ငယ်ဘဝ၏ ဆောင်းဦးပေါက်ညနေစောင်း သည် အများနည်းတူ နာရီစောစော မှောင်စပျိုးတတ်သည့်အတွက် ကျောင်းဆင်းပြီး မိုးမချုပ်ခင်အထိ ဘောလုံးကန်ကြ သည်။ ဘောလုံးပွဲကို စောစောသိမ်းပြီး အလုပ်ပိုတစ်ခုကို ဂရုတစိုက်လုပ်မိသည်။ အိမ်အနီးအနားပတ်ဝန်းကျင်တွင် ထင်း ခြောက် ကောက်ခြင်းဖြစ်သည်။ တောရွာသာသာမြို့သေးသေးဖြစ်သည့်အတွက် အိမ်ရှေ့လမ်းမဘေးတွင် ရေခမ်းခြောက် နေသောရေအိုင်များရှိသည်။ ထိုရေအိုင်ထဲတွင် သစ်ကိုင်းခြောက်များ၊ ဝါးလုံးအပိုင်းအစများ၊ ကြွေကျပြီးခြောက်သွေ့နေ သော အုန်းလက်များ စသည်တို့ကို လက်ဖြင့် တပွေ့စာလောက်ရအောင် စုဆောင်းပြီး အိမ်ရှေ့မြေကွက်လပ်တွင် ပုံထား လိုက်သည်။ ပြီးမှ ရေကိုတဗွမ်းဗွမ်းလောင်းချိုး၊ အနွေးထည်ထူထူကောက်စွပ်လိုက်လျှင် ဆောင်ဦးပေါက်ရဲ့ ရုပ်ထွက်က ပီပြင်သွားလေပြီ။

ညဘက်ကတော့ အတော်အေးပါသည်။ သူများဆောင်းဦးပေါက်နီးပါးပါပဲ။ ဂွမ်းဆောင်ခြုံအိပ်မှ နွေးပါသည်။ ညဥ့်နက်ပိုင်း  နှင့် မိုးလင်းပိုင်းမှာ ပိုအေးသည်ဟု အအိပ်အနေနည်းသော လူကြီးသူမများက ပြောပါသည်။ ကလေးဖြစ်တဲ့ ကိုယ်တွေ တောင် မနက်လင်းအားကြီးသာသာမှာ နိုးနေတတ်သည်။ စောင်ခြုံထဲမှ လှမ်းကြည့်လိုက်လျှင် အိမ်ရှေ့မြေတလင်းတွင် မီးညွန့်ရောင် လှမ်းမြင်နေရ၏။ အဖွားသည် သူ့၏တင်းတိမ်စောင်ကြီးကိုပတ်ပြီး မီးဖိုတွင် မီးလှုံနေချေပြီ။ ညနေစောင်းက စုဆောင်းထားသောထင်းခြောက်များကို အစာထည့်ပြီး..။

ရေအေးအေးကို မထိရဲ မကိုင်ရဲသေးသည့်အတွက် မျက်နှာမသစ်ပဲ အိပ်ယာထခဲ့သည်။ ဂွမ်းစောင်ကြီးကို မနိုင်မနင်းပတ်ပြီး မြေကြီးကို ဒရွတ်တိုက်နေလျှင်လည်း အမေကဆူလိမ့်မည်။ အဖွားဘေးနာကပ်ထိုင်ပြီး ထင်းချောင်းတွေနှင်း မီးပုံကို ဟိုဆွ ဒီဆွ လုပ်သည်။ အဖွားက အလိုလိုက်သူဖြစ်သည်။ ဘာမှမပြော၊ မီးပုံဘက် မျက်နှာလှည့်ထားတဲ့အပိုင်းကပူလာတော့ မီးပုံ ကို ကျောခိုင်းလိုက်သည်။ တခါတရံ ဂွမ်းစောင်ကြီးကို မီးပုံပေါ်ဝဲပျံလိုက်သည်။ တချက် နှစ်ချက်ဝဲပျံပြီးမှ ကိုယ်မှပတ်လိုက် သည်။ အပူရှိန်သွင်းခြင်းဖြစ်သည်။ အချိန်အားဖြင့် အလင်းရောင်မြင်မြင်ထင်ထင်ဖြစ်လာသလို ကိုယ်ကလည်း အပူဓါတ် ရလာပြီဆိုသောအခါ အိမ်ပေါ်တက်ပြီး ထမင်းကြမ်းခဲကို သံဇလုံထဲထည့်လိုက်သည်။ ညက ကြွင်းကျန်နေသော ခရမ်းချဉ်သီး ငပိချက်သည် ဆောင်းအအေးဒဏ်ကြောင့် အေးခဲနေသည်။ ဇွန်းနှင့်ကလော်ပြီး ထမင်းကြမ်းခဲပေါ်သုံးလေးပုံ ပုံလိုက်သည်။ ထမင်းဇလုံကို ခဏချထားပြီး ဆန်အိုးကို ဖွင့်လိုက်သည်။ ငါးပုတ်သင် လက်သုံးလုံးလောက်တကောင်ကို ယူလိုက်သည်။ ပြီးလျှင် ငါးပုတ်သင်အခြောက်တကောင်ကို မီးဖိုထဲထိုးထည့်လိုက်၏။ အဖွားက မီးခဲနဲ့အုံးပြီး ဟိုလှန် ဒီလှန် လုပ်ပေး၏။ ကျက်လောက်ပြီဆိုမှ ကပ်ပေနေသောပြာမှုန်တချို့ကို ဖုတ်ဖက်ခါပြီး ထမင်းကြမ်းခဲနဲ့ ခရမ်းချဉ်သီးငပိချက်တလုပ်၊ ငါးပုတ်သင်ခြောက်မီးဖုတ်ကတစ်ကိုက်နဲ့ ထမင်းတစ်ဇလုံကုန်တော့ နေရောင်က ပြူတစ် ပြူတစ် ထွက်လာပြီ။ အချမ်းက လျှော့ သွားတာမျိုး မဟုတ်သေးသည့်အတွက် မီးဖိုဘေးကနေ နေရောင်ရှိရာကို ပြောင်းရွှေ့လိုက်သည်။ စောင်ခြုံကြီးလည်း ကွာ ကျသွားပြီး လူကလည်း ထမင်းကြမ်းတစ်ဇလုံကြောင့် အားအင်ပြည့်ဖြိုး ခံနိုင်ရည်တိုးသွားပါပြီ။

အဲလိုထူး

Comments