နိုင်ဝင်းသီ - လမ်းနီလေး

လမ်းနီ​လေး
နိုင်​ ဝင်း သီ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇
   
( တစ်​ )

စိန်​ပန်း​ကြွေချိန်​ ဒီလမ်း​ပေါ်မှာ ကိုယ်​လွမ်းတယ်​ ...

ရစ်​သမ်​ခတ်​သံဟာ တိုးတိုးရီရီ။ သီချင်းသံဟာ ထိခိုက်​​ကြေကွဲမှု​တွေ ရော​ထွေး​ပျော်​ဝင်​​နေ​သောသီဆိုမှုမျိုး။ တခါတ​ခါမှာအသံဟာ ဆို​နေရင်းနှင့်​ တုန်​ရီထစ်​အသွား။

စိန်​ပန်းပွင့်​​တွေဟာ ဖွဲဖွဲလွင့်​လွင့်​၊ လ​ရောင်​မှုန်​ရီဟာ ဖွဲဖွဲလွင့်​လွင့်​၊ သြဂုတ်​လရဲ့မိုးတိမ်​တွေဟာ ဖွဲဖွဲလွင့်​ လွင့်​၊ နာကျင်​​ကြေကွဲမှု​တွေဟာ ဖွဲဖွဲလွင့်​လွင့်​ .....

ချောရယ်​ဟာ သူ့ပုဂ္ဂလိကဘဝအတွက်​ဘုရားသခင် လက်​​ဆောင်​​အပ်​နှင်း​ပေးလိုက်​တဲ့ သီချင်းတပုဒ်​လို့​ တောင်​ ​ပြောလို့ရမယ်​နဲ့တူပါတယ်​။

ချောရယ်​ဟာ သူ့ချစ်​ခြင်း​မေတ္တာ၊ ​ချောရယ်​ဟာ သူ့ရဲ့​မြင့်​မြတ်​စင်​ကြယ်​မှု၊ ချောရယ်​ဟာ သူ့ရဲ့ ရဲရင့်​​ တောက်​ပမှု၊ ချောရယ်​ဟာ ...

Cho အပိုဒ်​ကို​ရောက်​ရင်​ လ​ရောင်​စိမ်းစိမ်းရီရီ​အောက်​က ညဟာ လွမ်း​မောစရာ​ကောင်းသွားခဲ့ပြီ။

အဲဒီအချိန်​မှာ အားလုံးဟာ အင်းလျားဆီဆိုက်​​ရောက်​သွားခဲ့ကြ။ လှိုင်း​ရေပြာ​တွေ လိမ့်​စီးရိုက်​ခတ်​​နေသော အင်းလျား။ ပြီး​တော့ လ​ရောင်​ အစက်​အ​ပြောက်​​တွေ​အောက်​မှာေ​မြွ​တ​ကောင်​လို ဝပ်​ဆင်းငြိမ်​သက်​​နေ​ သောလမ်းနီ​လေး။ ပြီး​တော့လမ်းနီ​လေးထဲက ​"ချော" လို့ သူအမြတ်​တနိုး​ခေါ်​လေ့ရှိတဲ့ ​ကြေးစားမိန်းမ တ​​ယောက်​၊ ပြီး​တော့ .....

လမ်းနီ​လေးထဲက ​"ချော"ဆီဆိုက်​​ရောက်​သွားတာနဲ့ အားလုံးဟာ အလွမ်း​တွေထဲကို စုပြုံလွင့်​ဝင်​သွားခဲ့ကြ။

တွေ့တော့​လေ ပြောမယ်​ ​ချောရယ်​ ...

သီချင်းစာသားအဆုံးမှာ "​ချောရယ်​"ကို သူတို့အားလုံး ဝိုင်းဆိုကြ။ ​ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ကို အ​တောမသတ်​နိုင်​​အောင်​ တ​ယောက်​ပြီး​တ​ယောက်​ တမ်း​မောကြ။ ချောရယ်​ကို လွမ်း​တကြ။ ချောရယ်​ကို ​အော်​ဟစ်​​ခေါ်​ဝေါ်ကြ။

ပြောမယ်​ဆိုရင်​​ပေါ့။ ​ချောဆိုတဲ့ မိန်းမဟာ လမ်းနီ​လေးကို ဗဟိုပြုထားတဲ့မုန်​တိုင်းတခု။ ငြိမ်​သက်​​နေ​ပေမယ့် အချိန်​အခါမ​ရွေး ထတိုက်​သွားနိုင်​တဲ့ မုန်​တိုင်းမျိုး။ သူ့ဘဝထဲကို အား​ကောင်းသန်​မာစွာနဲ့ ဖြတ်​တိုက်​သွား ခဲ့တဲ့ မုန်​တိုင်း။

ချောရယ် ​အသံ​တွေ မှုန်​ရီတိုးတိတ်​သွားပြီလား။ လိဒ်​ဂစ်​တာသံဟာ မ​ဟော်​ဂနီရွက်​​တွေ တရွက်​ပြီး တရွက် ​​ ကြွေကျလာသလိုညထဲကို ​ကြွေကျလာ ခဲ့ပြီ။ ရစ်​သမ်​ခတ်​သံဟာ တဖြည်းဖြည်းနဲ့ တိုးတိတ်​ပါး လျ။ ​နောက်​ကျပြီးမှ လိမ့်​စီးလာခဲ့တဲ့ ​ဘေ့စ်​ဂစ်​တာသံဟာ အသံလုံးတူ​တွေကို ဖိတီးလိုက်​၊ ရပ်​တန့်ငြိမ်​သက်​သွားလိုက်​၊ cho ပိုဒ်​ရဲ့အဆုံးမှာ အလှိမ့်​အလူး​လေး​တွေနဲ့ပြန်​ထွက်​သွားလိုက်​။ ကြောက်​မက်​ဖွယ်​ရာ တီး ခတ်​မှုများ။ ချောကို မွတ်​မွတ်​သိပ်​သိပ်​ သတိရ​နေ​သော အင်းလျားညများ။ သံသရာဟာ တိုတယ်​။ ငါတို့ရဲ့ဘဝ​တွေသာ ရှည်​လျားချင်​တိုင်း ရှည်​လျားခဲ့ရတာ။ အင်းလျားညထဲမှာ​ချော​ပြောခဲ့ဖူး​တဲ့ စကား လုံးများ။

ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ ...

( နှစ်​ )

ဆူး​လေ၊ ​ယောက်​လမ်း၊ ၃ လမ်း၊​ ရေခဲဆိုင်​၊ ​ရွှေဂုံတိုင်​၊ ဟာမစ်​တစ်​၊ ကုက္ကိုင်းလမ်းဆုံ၊ လမ်းနီ​လေး ....

လူ့ဘုံခန်းဝါလူတို့ရွာမှာ ​အဲဒီ​ကားမှတ်​တိုင်​​လေး​တွေဟာ သူ့ရဲ့အသက်​ဇီဝဓာတ်​ဖြစ်​တည်​မှု။ ယာဉ်​လိုင်းတ​ခု​ပေါ်က သူ့ရဲ့​သွေးခုန်​သံဟာ အခါမလပ်​ ပူ​နွေးပြီး အမြဲတ​စေ တဝုန်းဝုန်းနဲ့​ ခုန်​တိုး​နေတတ်​တာပေါ့။

ပြောမယ်​ဆိုရင်​​ပေါ့။ သူဟာ မီး​တောက်​တ​ခု။သူနဲ့ ထိမိ ငြိမိတဲ့ တစုံတ​​ယောက်​ယောက်​ကို အ​သေအချာ​ လောင်​ကျွမ်းသွား​စေနိုင်​တဲ့ မီး​တောက်​မျိုး ...

စက္ကန့်​တိုင်း မိနစ်​တိုင်းမှာ သူ့ရဲ့​မေးရိုး​တွေ မာ​ကျော​ကြံ့ခိုင်​နေဖို့ လိုအပ်​လှသလိုလက်​​ချောင်း​တွေရဲ့ အသွင်းအထုတ်​ အနှုတ်​အသိမ်းဟာလည်း မြန်​ဆန်​သပ်​ရပ်​​နေဖို့ အ​ရေးကြီးလှပါတယ်​။

ကျွဲ​ကော်​ကိုင်း အနက်​​ရောင်​တပ်​မျက်​မှန်​​အောက်​က နူးညံ့ညင်​သာ​နေတဲ့မျက်​ လုံးများ​။ ကော်​လံပြတ်​ရှပ်​လက်​ရှည်နှင့်​ ​ယောပုဆိုးကို ခန့်​ညားစွာ ဝတ်​ဆင်​ထားတတ်​တဲ့​ သူ့ဟန်​ပန်​။

သူလိုလူမျိုးကို ခါးပိုက်​နှိုက်​တယောက်​လို့ သတ်​မှတ်​ရမှာ ကျွန်​​တော့်​အတွက်​​တော့ ခက်​ခဲလှပါတယ်​။ အဲဒီလူဟာ ဗာစကိုပိုပါနှင့် ရှေးမာ့စ်​ဟာနီတို့ ရဲ့ကဗျာ​တွေကို အစွဲအလမ်းကြီးသူတစ်​​ယောက်​ဟု သိခွင့်​ရ လာ​သောအခါမှာ​တော့ ကျွန်​​တော်​ဟာ အ​တော့်​ကိုချောက်​ချားသွားခဲ့​ပေါ့။

နောက်​ပြီး​ သူဟာ ​ခေတ်​ပညာတတ်​တစ်​ယောက်​။

လမ်းနီ​လေးထိပ်​မှာ သူ့ကိုမြင်​လိုက်​ရ​လေတိုင်း ​နောဧသ​င်္ဘော ခုတ်​​မောင်းလာတာကို မျက်​စိနဲ့ တပ်​အပ်​​မြင်​လိုက်​ရသလိုအာရုံဟာ ​ထွေပြားသွားခဲ့။

ကျွန်​​တော်​ကသာ သူ့ကိုကြည့်​ပြီး အမြဲတမ်းစိတ်​မသက်​မသာ ဖြစ်​​ခဲ့သော်​လည်း သူက​တော့ သူ့ဘဝကို​ပျော်​ရွှင်​​နေတဲ့ ဟန်​ပန်​မျိုး။ သူ့ရဲ့အသက်​​ မွေးမှုလုပ်​ငန်းကို တွယ်​မက်​ခုံမင်​​နေတဲ့အသွင်​သဏ္ဌန်​မျိုး။ ဒါပါပဲ​လေ။ လူဆိုတာမျိုးဟာ ဘယ်​လိုအ​နေအထားမျိုးကိုပဲ​ရောက်​​ရောက်​ ​ပျော်​ရွှင်​​နေ ဖို့​တော့ လိုအပ်​တာပဲ မဟုတ်​လား။

" မီးတစ်​တို့​လောက်​​ပေးပါလားခင်​ဗျာ"

တိုက်​ပုံဝတ်​ထားတဲ့လူကြီးတယောက်​ဆီမှာ မွန်​ရည်​တဲ့အ​ပြောအဆိုမျိုးနှင့်​ ​ဆေးလိပ်မီးညှိပြီးသွားပြီလား။ "ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ " အဲဒီလူကြီး​ရှေ့က ​ခေါင်းက​လေးငုံ့ပြီး ရိုကျိုးစွာနဲ့ ထွက်​ခွာလာခဲ့ပြီလား။ သူ့လက်​ထဲမှာ တိုက်​ပုံထဲက နှိုက်​ယူလာခဲ့တဲ့ပို​က်​ဆံအိတ်​ပါလာခဲ့ပြီ။

"လက်​ဟာ လျှပ်​စီးလက်​သလို ဖြစ်​​နေရမယ်​။ ဟိုငြိဒီငြိ လုံးဝဖြစ်​လို့ မရဘူးကွ။ အ​ရေးကြီးဆုံးက စိတ်​တည်​ငြိမ်​ဖို့​ပေါ့ကွာ။ စိတ်​တည်​ငြိမ်​​နေသလို လက်​ကလည်း လုံးဝတည်​ငြိမ်​​နေရမယ်​ကွ"

ဖြတ်​သန်းခြင်းကို ဖြတ်​သန်းလာခဲ့သူက ဘာမှမဖြစ်​​သော်​လည်း ကျွန်​​တော်​တို့ကတော့ သူ့စကားလုံး​တွေ​ အောက်​မှာ ​​ဖြေဖျားလက်​ဖျား​တွေ ​အေးစက်​ထုံရီသွားခဲ့။ အသက်​ရှူရတာကိုက မွန်းကျပ်​သွားခဲ့။

သူက​တော့ ရှုပ်​​ထွေးလှုပ်​ခတ်​​နေတဲ့ လူတွေကြားမှာ၊ တအီအီ​အော်​ဟစ်​​နေတဲ့ စစ်​လက်​ကျန်​ဘတ်​စ်​ကား​​ တွေပေါ်မှာ၊ မြို့ပြရဲ့အသက်​ရှူသံ​​တွေကြား မှာ.. သား​ကောင်​ကိုရှာလို့ ..ဖွေလို့။ ဘယ်​သူ့ပိုက်​ဆံအိတ်​ဟာ သူ့မျက်​လုံးနဲ့ ငြိကပ်​ပါလာမလဲ။

အ​မှောင်​​ခေတ်​ကြီးထဲမှာ သူ့နည်းသူ့ဟန်​နဲ့ အလင်းစကို ထိစမ်းပွတ်​သပ်​ခဲ့တဲ့လူတယောက်​ပါပဲ။

ဘဝဟာ ဆူး​လေနဲ့​မြောက်​ဥက္ကလာ၊ မြောက်​ဥက္ကလာနဲ့ဆူး​လေ။ စုန်​ချည်​ဆန်​ချည်​​မျောလွင့်​​နေ​​ပေမယ့်​ လမ်းနီ​လေးမှာခုန်ဆင်း​နေခဲ့ရင်​ ​သူ့အတွက်​ ​​ခြေခင်းလက်​ခင်း သာ​နေခဲ့ပြီ​။

သူ့ကို "ကိုခါးကြီး" လို့ ကျွန်​​တော်​တို့​ခေါ်​တော့ မျက်​မှန်​​အောက်​က သူ့မျက်​လုံး​တွေဟာ ပြုံးရွှင်​သွားခဲ့။ အေးကွ ဒီနာမည်​​လေးက ငါနဲ့အ​တော်​လိုက်​တယ်​ကွ။ မျက်​နှာသာ ပြုံးရွှင်​သွားရုံမကသူ့ရဲ့စကား လုံး တွေဟာလည်း ပြုံးရွှင်​​နေ​သော စကားလုံးများ။

ကိုခါးကြီး ...ကိုခါးကြီး

ခေတ်​ကြီးထဲက​နေ ခုန်​ထွက်​လာခဲ့တဲ့ကိုခါးကြီး။ လက်​အချိန်​အဆ အလွန်​သပ်​ရပ်​တဲ့ ကိုခါးကြီး။ သုံးရက် လောက်​​နေလို့ တ​ယောက်​မှ မနှိုက်​လိုက်​ရရင်​ အ​ရေပြား​တွေထဲမှာ ယားယံလာခဲ့တဲ့ ကိုခါးကြီး။ 

ကာင်းသူကို ပယ်​ပြီး ​ကောင်းသူကို ကယ်​​လေ့ရှိတဲ့ကိုခါးကြီး။ ဒူးယားစီးကရက်​ကို ဘူးလိုက်​ဝယ်​​သောက်​တတ်​တဲ့ ကိုခါးကြီး။ နင်းပြား​တွေဆီမှာ မနှိုက်​ဘဲ လူချမ်းသာ​တွေကိုသာ​ရွေးနှိုက်​တတ်​တဲ့ ကိုခါးကြီး။


မင်းတို့ လမ်းနီ​လေး ဟာ ​ချောရှိလို့​ ရှောင်​​ဇေလီ​ဇေလမ်းနဲ့ တူ​နေတာကွလို့ ​ပြောတတ်​တဲ့ ကိုခါးကြီး။


ချောရဲ့ကွန်​ရက်​ထဲမှာ ဆက်​နွယ်​ပတ်​သက်​မှုမရှိ​ပေမယ့်​ ​ ချောရယ်​သီချင်းဆိုလျှင်​သူဟာ ​ဆွေး​ဆွေးမြည့်​ မြည့်​ ကြေကြေကွဲကွဲ။ တ​ခါတ​ခါမှာ​ တော့ ​ချောဟာ လီလီပန်းပါကွာလို့ အင်းလျား​ရေပြင်​ကို ​ငေးရီကြည့်​​နေရင်းနဲ့ သူ့ဟာသူ တယောက်​တည်း​ပြော​နေတတ်​ပြန်​တယ်​။


လီလီပန်းဟာ ​ချောလား။ ချောဟာ လီလီပန်းလား။ လှိုင်းရိုက်​သံ သဲ့သဲ့ဖွဖွကြား​နေရတဲ့လမ်းနီ​လေးညထဲ က ညည်းတွား​အော်​ဟစ်​သံများ။ ချောရယ်​...​ချောရယ်​...​ချောရယ်


( သုံး )


ချောရယ်​ ...​ချောရယ်​...​ချောရယ်​ ...

ချောရဲ့ ဖြစ်​တည်​မှုကိုငြင်းဆန်​​ခဲ့ပေမယ့်​ ချောရဲ့သြခက်​စတြာထဲမှာ အ​သေအချာပါဝင်​ခဲ့တဲ့ ဝိုင်း​တော်​သား နှစ်​​ယောက်​ ရှိ​နေပါ​သေးတယ်​။

ကိုဗျတ်​ဝိလို့​အမည်​ရတဲ့ဖဲသမားတ​ယောက်​နဲ့ ​လှည်းတန်းကပ်​စ်​ထရိုလို့ချစ်​စနိုးအမည်​​ပေးထားတဲ့ကျွန်​​တော့်​ မိတ်​​ဆွေတ​ယောက်​ပါ။ ကိုခါးကြီးလိုပဲ ​မီးခိုး​တွေအူ​ထနေတဲ့ခေတ်​ကြီးထဲက​နေ စိမ့်​ထွက်​လာခဲ့တဲ့ လူသား အရင်းအမြစ်​​တွေ​ပေါ့။

အမြဲတမ်း တည်​ငြိမ်​​လေးနက်​​နေ​တဲ့ ကိုဗျတ်​ဝိကို မြင်​လိုက်​ရရင်​ ဘာထရန်​ရပ်​ဆဲလ်​လိုလို၊​ ဆော့ခရိတ္တ လို လိုနဲ့ ထင်​​ယောင်​ထင်​မှား ဖြစ်​သွားနိုင်​ပါ တယ်​။ တကယ်​​တော့ သူဟာ ဖဲသမားအဓိပတိပါ။ ဖဲချပ်​​တွေကိုသာ ထိစမ်းပွတ်​သပ်​​နေရရင်​ ကမ္ဘာ​လောကကြီးတခုလုံးကို ​မေ့​လျော့ထားနိုင်​ခဲ့တဲ့ လူ​တ​ယောက်​​ပေါ့။


"အမြဲတမ်း ဗျတ်​ထု​နေတဲ့သူ့ကို ဗျတ်​ဝိလို့​ခေါ်​တော့ ဒီလူ သ​ဘောကျသွားပုံရတယ်​ကွ။ ဖဲက​တော့ ဘာရိုက်​သလဲမ​မေးနဲ့ ငါ့​လူ။ ရပ်​ထဲရွာထဲမှာ နာ​ရေးရှိပြီဆို ခုနှစ်​ရက်​ခုနှစ်​လီ ဖဲထိုင်​ရိုက်​​တော့တာပဲ။ ဖဲမရိုက်​ရတဲ့​နေ့ ဆိုရင်​ ဒီလူဟာ ​ခြေတုန်​လက်​တုန်​များ ဖြစ်​​နေမလားမဆိုနိုင်​ဘူး"


ကိုခါးကြီးမိတ်​ဆက်​​ပေးလို့ သူ့ရဲ့​နောက်​ခံကားချပ်​ကိုသိခွင့်​ရလိုက်​​တဲ့အခါမှာ ကျွန်​​တော်​ဟာ ပျော်​ရွှင်​သွားခဲ့ ။ ဒီလိုအဝန်းအဝိုင်းထဲကလူ​မျိုးတွေဆို ကျွန်​​တော်​ဟာ အရမ်းကိုစိတ်​ဝင်​စားမိ။ သူတို့ ရွက်​လွှင့်​တဲ့ ပင်​လယ်​ ဟာ ဘယ်​လိုပင်​လယ်​မျိုးဖြစ်​​လေမလဲ။


ကိုဗျတ်​ဝိက​တော့ ပါရမီရှင်​ ဖဲသမားဖြစ်​ပုံရသည်​။ကုလားဖန်​ထိုးတာ​တောင်​ သူများ​တွေလို ​ရှေ့မှာ ချထိုး တာမျိုးမဟုတ်​ဘဲ ​ ဖဲထုတ်​ကို ​နောက်​ကျောဘက်​မှာထားပြီး​ နောက်​ပြန်​ထိုးတတ်​သူဖြစ်​သည်​။


လေထဲမှာ ဖ​ရောင်း..ဖ​​ရောင်းနှင့်​ မြည်​​အောင်​ ကုလားဖန်​ထိုးချလိုက်​လျှင်​​ အ​ကော်​ဒီယံတီး​သည်​နှင့်​ပင်​ တူ​နေ​သေး​တော့သည်​။


ဖဲချပ်​​တွေဟာ မြို့ပြခို​​တွေ​လို ​ဝေါခနဲထပျံသွားလိုက်​...ပြန်​ဆင်းလာလိုက်​နှင့်​။ အဲဒီလိုအချိန်​မျိုးဆို ဝိုင်းစက်​အံ့သြ​နေတဲ့ မျက်​လုံး​တွေက လည်း ​ဝေါခနဲ ထပျံသွားလိုက်​ ...ပျံဆင်းလာလိုက်​။


လတ်​လတ်​ဆတ်​ဆတ်​ဝယ်​လာခဲ့​တဲ့ဖဲထုတ်​အသစ်​ကို တစ်​နာရီ​​လောက်​​ကြာမြင့်​​အောင်​ ကစားပြီးသွားပြီ လား။ ဘယ်​အိမ်​ကဖြင့်​"ကုလားသုံး​ကောင်​"၊ ဘယ်​အိမ်​က​ဖြင့်​"ကိုး"။



နှစ်​လှည့်​တခါ၊ သုံးလှည့်​တ​ခါ​ လောက်​ အမှားအယွင်း မရှိ​ရ​လေအောင်​သူတို့ချင်းသာ နားလည်​​သော သ​င်္ကေတဖြင့်​ သူညွှန်​ပြ လိမ့်​မည်​။


ဒီ​လောက်​​တောင်​ တဖက်​ကမ်းခတ်​​နေတဲ့ပုဂ္ဂိုလ်​။ ချိန်းဝိုင်းသန့်​သန့်​​လေး​တွေ ​ချိန်းရိုက်​​နေတာ ကာလ ကြာမြင့်​ခဲ့ပြီဆို​တော့ အ​တော်​​လေး ဟန်​ကျပန်​ကျဖြစ်​​နေပြီ​ပေါ့။ ကျွန်​​တော်​မေးကြည့်​လိုက်​​တော့ အ​မွေရ ထားတဲ့အိမ်​နဲ့ခြံဆိုတာ ဖဲရိုက်​လို့ ကုန်​သွားပါပြီတဲ့။

ဒီလိုနဲ့ပဲ ​လောကဟာ ငိုလည်းငို...ရယ်​လည်း ရယ်​ခဲ့ရတာ​ပေါ့။ ဒီလိုနဲ့ပဲ ချစ်​သူခင်​သူများရဲ့ ဘဝသံသရာ ဟာ ရှည်​လျား ...​ထွေပြား ...​ဝေဝါးခဲ့ရတာ​ပေါ့။

တခါတခါမှာ ကိုခါးကြီးက သူ့ကို​ဗော်​လ်​တဲယားလို့ ခေါ်တတ်​​သေးသည်​။ ဘယ်​လိုပဲ​ ခေါ်​ခေါ် ဘုရားသခင်​ကလွဲလို့ ကျန်​တာ အကုန်​​ခေါ်နိုင်​တဲ့ ပုံပါပဲ။


နောက်​တယောက်​ ရှိ​သေးသည်​။ လှည်းတန်းကပ်​စ်​ထရိုတဲ့။ ဘယ်ရီကက်​ကိုအမြဲ​ဆောင်းပြီး မုတ်​ဆိတ်​​ မွှေး ပါးသိုင်း​မွှေး​တွေကို မရိတ်​မသင်​ဘဲ အမြတ်​တနိုးထား​လေ့ရှိသူ လူလတ်​ပိုင်းအရွယ်​ ပညာတတ်​တယောက်​။ သူဟာလည်း မြို့ပြထဲမှာ လွင့်​ချင်​တိုင်း လွင့်​​နေခဲ့တဲ့ မြို့ပြသစ်​ရွက်​ပါပဲ။


အဲဒီနှစ်​ကာလ​တွေတုန်းက ကျွန်​​တော်​ဟာ လွတ်​လပ်​မှုတ​ခုကလွဲလို့ ကျန်​တာ​တွေ အားလုံး​ပျောက်​ဆုံး​ နေခဲ့တဲ့ လူငယ်​​တယောက်​။

ညဘက်​ဆိုကျွန်​​တော်​တို့ဟာ ကုက္ကိုင်းလမ်းဆုံက အမိုးတို့ရဲ့ ခရိုးခရိုင်​အိမ်​ဆိုင်​​လေးမှာ၊ ဒါမှမဟုတ်​ လှည်းတန်းမှာ၊ မြေနီကုန်းမှာ၊ တိုက်​ဆယ့်​နှစ်​လုံးတန်းမှာ။




အင်းလျားညထဲကို ကျွန်​​တော်​တို့ပြန်​​ရောက်​လာခဲ့ရင်​​ အားလုံးဟာ ​ချောကို လွမ်းဆွတ်​သွားကြ​ပေါ့။ မူးမူးရီရီဖြစ်​​နေတဲ့ ဂစ်​တာသံ​တွေနဲ့အတူ ​​ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ ...


(​လေး )

သူမရဲ့ အနမ်း​​တွေ​အောက်​မှာ လူတယောက်​ဟာ အရှင်​လတ်​လတ်​ ပြာကျသွား​စေနိုင်​တယ်​။

ပူ​နွေးတဲ့အနမ်း​တွေ​ကြောင့်​ ဘဝတခုလုံး ထုံကျဉ်​​အေးစက်​ပြီး ​ လောကသုံးပါးကို အ​မေ့​မေ့အ​လျော့​လျော့ ဖြစ်​သွားခဲ့ရတဲ့ လူတချို့...

သူမ...

မီး​တောက်​မီးလျှံ​တွေ ကြားထဲက ​ပျော်​ရွှင်​ခြင်းနိုင်​ငံ​တော်​ကို ရှာ​ဖွေ​နေခဲ့တဲ့သူမ။

လမ်းနီ​လေးရဲ့ အချစ်​နတ်​ဘုရား သူမ။

ပြောမယ်​ဆိုရင်​​ပေါ့။ သူမဟာ အ​မှောင်​​ခေတ်​ထဲက​နေ ​အေးစက်​​လေးကန်​စွာနဲ့မျောလွင့်​လာခဲ့တဲ့ အရည်​အ​သွေးမြင့်​ လူသုံးကုန်​ပစ္စည်းတခု။

အမည်​သညာ ​ခေါ်စရာကား "Chaw "

အဲဒီအချိန်​တုန်းက ကျွန်​​တော်​တို့ဟာ ချောနဲ့ နီးကပ်​စွာ တည်​ရှိ​နေ​ပေမယ့်​​ သူမနဲ့ အ​ဝေးကွာဆုံး​နေရာက လူ​တွေ။ ကျွန်​​တော်​မှ မဟုတ်​ဘူး။ ကိုခါးကြီး၊ ကိုဗျတ်​ဝိ၊ လှည်းတန်းကပ်​စ်​ထရို ကျွန်​​တော်​တို့အားလုံးဟာ ချောနဲ့ ကင်းလွတ်​တဲ့ လွတ်​မြောက်​နယ်​​မြေ​တွေထဲမှာ ​​ခြေဦးတည့်​ရာ ​လျှောက်​သွားရင်းမူးရီယိမ်းထိုး​နေ​တဲ့ အရိပ်​မည်း​မည်းတွေ။

ချောတို့၊ အဝင်းတို့၊ မခိုင်တို့​ဟာလည်း​ ဟောဒီလမ်းနီ​လေးထဲမှာ သူတို့ရဲ့ ဘာသာစကားနဲ့သူတို့။

တခါတခါမှာ​တော့ အ​ကြောင်းပြချက်​တခုခုနှင့်​ ဖမ်းလားဆီးလားလုပ်​လာပြီဆို ဘုတ်​ကလပ်​ထဲကိုသူတို့​ လေး​တွေတိုးဝင်​လာခဲ့ပြီ။ အဲဒီလိုအချိန်​မျိုးဆို သူတို့​လေး​တွေရဲ့ မျက်​လုံး​တွေဟာ တိုးလျှိုး​တောင်းပန်​​နေ​တဲ့မျက်​လုံးမျိုး​တွေ။ စိုးထိတ်​အားငယ်​​နေတဲ့မျက်​လုံး​မျိုး​တွေ။

"ဖြစ်​သမျှဇာတ်​​ကြောင်းမလွယ်​ အင်းလျားကန်​​စောင်းဝယ်​ "ဆိုတာမျိုးကို လမ်းနီ​လေးည​တွေ ထဲမှာ မကြာခဏဆိုသလို ကျွန်​​တော်​တို့ ကြုံခဲ့ဖူး​ပေါ့။

ဘုတ်​ကလပ်​ထဲက​နေလှမ်းကြည့်​လိုက်​ရင်​ ကြယ်​ပွင့်​​တွေသီးထနေတဲ့ အင်းလျား​ဟာ အမှောင်​ထဲ မှာ တဖျပ်​ဖျပ်​။

တိတ်​ဆိတ်​​နေတဲ့ ညဟာ အသက်​ဇီဝဓာတ်​တခုခုကို ခုန်​ဟပ်​ဖို့ ​ချောင်းလို့​မြောင်းလို့။

မြို့ပြဝံပု​လွေ​တွေဟာ လ​ရောင်​ကို​မော့ကြည့်​​ရင်းက ဆွဲဆွဲငင်​ငင်​ ပျစ်​ပျစ်​ချွဲချွဲ အူလို့။

ဒီလိုအချိန်​မျိုးဆိုရင်​ လမ်းနီ​လေးနဲ့သိပ်​မ​ဝေးတဲ့အင်းလျားကန်​ဟိုတယ်​ရဲ့ ဒိုမီနိုခန်းမထဲမှာ Samba Pati လား။ ဒါမှမဟုတ်​ Besame Mucho လား။ ကနွဲ့ကလျ လိဒ်​ဂစ်​တာသံ​အောက်​မှာ ကကြိုးကကွက်​​တွေဟာ နုသွဲ့ညင်း​ပျောင်း​နေပြီ​ပေါ့။ မီး​ရောင်​မှုန်​ရီ​အောက်​က​ မျက်​ဝန်း​တွေဟာ မှေးစင်းရီ​ဝေ​​နေပြီ​ပေါ့။

ဘာပဲ​ပြော​ပြော ဘုတ်​ကလပ်​ထဲကို​ရောက်​လာခဲ့ရင်​​တော့ ​သူတို့ကိုဝိုင်းဆိတ်​မယ့်​ လင်းတ​တွေရန်​က ချော တို့၊ မခိုင်​တို့၊ အဝင်းတို့ဟာ လွတ်​​မြောက်​သွားခဲ့ပြီ။

လမ်းနီ​လေးအတွက်​​တော့ ဒီလိုအဖြစ်​အပျက်​မျိုးတွေဟာ များပြားလှ​ပေါ့။ လမ်းနီ​လေးထဲမှာ ငေါင်​စင်းစင်းနဲ့ ရပ်​​နေကြတဲ့ ဓာတ်တိုင်​​တွေတတိုင်​မှမရှိ။ အ​ရောင်​မွဲမွဲနှင့်​မြို့ပြခို​တွေတကောင်​မှ မရှိ။ စည်​ပင်​တဲ​လေး တလုံးကလွဲလို့ လူ​နေအိမ်​​ခြေတလုံးတလေပင်​ မရှိ။ လက်​ဖက်​ရည်​ဆိုင်​၊ ဘူးသီး​ကြော်​ဆိုင်​၊ အရက်​ဆိုင်​၊ ထမင်းဆိုင်​တ​ဆိုင်​မှမရှိ။ ကုန်​ကုန်​​ပြောရလျှင် ည​ဉ့်​နက်သန်း​ခေါင်​ထဲ ချိုးချိုးချွတ်​ချွတ်​အသံဗလံ​ကြားလျှင်​​ တောင်​ ထိုး​ဟောင်​ပေးမည့်​ ခွေး​လေ​ခွေးလွင့်​ တ​ကောင်​ပင်​မရှိပါ။

လမ်းနီ​လေးထိပ်​မှာ​တော့ "လမ်းနီ​လေးက​ဖေး"ဟု ကိုခါးကြီး နာမည်​​ပေးထား​သော ကိုဆန်းတို့ ညီအစ်​ကို ရဲ့လက်​ဖက်​ရည်​ဆိုင်​​လေးရှိသည်​။ အ​မေမြိုင့်​ထမင်းဆိုင်​​လေးရှိသည်​။ ဦးနှုတ်​ခမ်း​မွှေးရဲ့တွန်းလှည်း ကွမ်း ယာဆိုင်​​လေးရှိသည်​။ကြံ​ချောင်း​တွေကို ထည့်​ကြိတ်​လိုက်​တိုင်း ခြူသံလွင်​လွင်​မြည်​​လေ့ရှိ​သော ကိုဘာဘူ့ ကြံရည်​ဆိုင်​​လေးရှိသည်။ လမ်းနီ​လေး၊ သမိုင်း၊ ခဝဲခြံ ကား​​လေးဂိတ်​ရှိသည်​။

သတင်းအရင်းအမြစ်​ ဘာမှမရှိ​​လေတဲ့လမ်းနီ​လေးထဲမှာ ​ချောတို့ကို ဖမ်းလားဆီးလားလုပ်​ပြီဆိုလျှင်​သတင်း။ လူငယ်​​လေးတယောက်​ ရေကူး​နေရင်း ရေနစ်​​သေသွားပြီဆိုလျှင်​သတင်း။ ရုပ်​ရှင်​ရိုက်​မည့်​အဖွဲ့ လမ်းနီ​လေးထဲ ဝင်​သွားပြီဆိုလျှင်​သတင်း။ ကြက်ကျွန်းထဲမှာ ကြက်​ပွဲဖြစ်​​နေပြီဆိုလျှင်​သတင်း​၊

လူ​တွေဟာ အသက်​ရှင်​​နေလျက်​နှင့်​ ​သေဆုံး​နေကြတာလား။ သေဆုံး​နေလျက်​နှင့်​အသက်​ရှင်​​နေကြတာ လား။ ကျွန်​​တော်​သဲသဲကွဲကွဲမသိပါ။ ရက်​စွဲတွေဟာ ပျင်းရိငြီး​ငွေ့စရာ​ကောင်း​နေတာ​တော့ ​သေချာခဲ့သည်​။

အဲဒီပျင်းရိငြီး​ငွေ့စရာ​ကောင်းတဲ့ရက်​စွဲ​တွေထဲမှာပဲ ကျွန်​​တော့်​ဆီရောက်​ရောက်​လာတတ်​တဲ့ တ​မြို့တည်း သား သူငယ်​ချင်းဟာ ​ချောကို ​တွေ့ရှိသွားခဲ့​ပေါ့။

ကနဦးတုန်းက ​ချောလိုမိန်းက​လေးတယောက်​ကို ​ပေါ့ပါးလွယ်​ကူစွာနဲ့ပဲ ​ ကျော်ဖြတ်​​သွားလိမ့်​မယ်​လို့ ကျွန်​​တော်​တို့အားလုံးဟာ ထင်​မှတ်​ထားခဲ့ကြ။ သူ ကျွန်​​တော့်​ဆီရောက်​​လာတိုင်းလည်း ဘုတ်​ကလပ်​ထဲမှာ ချက်​ကြပြုတ်​ကြစားကြ​သောက်​ကြ။ မူးမူး​ဝေ​ဝေနဲ့ သီချင်း​တွေတပုဒ်​ပြီးတ​ပုဒ်​​ အော်​ဆိုကြ။ အမိုးတို့ရဲ့အိမ်​စုစု​လေးကို ညကြီးအချိန်​မ​တော်​ တံငါ​လှေ​လေးလှော်​ခတ်​သွားပြီး ​ဘီအီးကို အ​ကြွေးနှိုးဝယ်​ကြနဲ့ အင်းလျား ည​တွေကို ဖြတ်​သန်းလာခဲ့ကြတာမဟုတ်​လား။

ကိုဗျတ်​ဝိ ဖဲနိုင်​လာခဲ့တဲ့ရက်​မျိုး ဒါမှမဟုတ်​ ကိုခါးကြီး​ ခြေခင်းလက်​ခင်းသာတဲ့ ရက်​မျိုးဆိုရင်​ ဂုဏ်​သ​ရေရှိ လူကြီးမင်း​တွေလို ကျွန်​​တော်​တို့ဟာ အောင်​ပွဲခံခဲ့ကြ။လှည်းတန်း၊ ​မြေနီကုန်း၊ တိုက်​ဆယ့်​နှစ်​လုံးတန်း၊ တခါတခါ ​တောင်​ဥက္ကလာ စာတိုက်​မှတ်​တိုင်​နားကဆိုင်​​လေး​တွေအထိ ကျွန်​​တော်​တို့ဟာခြေစင်္ကြာဖြန့်​ခဲ့ ကြတဲ့ ထရွိုင်​စစ်​သည်​​တွေ။

လှည်းတန်းကပ်​စ်​ထရိုကို နယ်​အိမ်​က ငွေပို့လိုက်​တဲ့ ရက်​​ကောင်းရက်​မြတ်​​တွေဆိုရင်​ ကျွန်​​တော်​တို့ဟာ ဘီအီးတို့၊ ​ထွေးညိုတို့ကို ​မျက်​​စောင်း​တောင်​ လှမ်းမထိုးတဲ့ဆီ​နေတာ​တွေ​။

ချောကို လက်​ထပ်​ယူ​တော့မယ်​လို့ သူဖွင့်​ဟပြောလာ​တဲ့​နေ့က အင်းလျားဟာ အရူးတယောက်​လို သူ့ကို​ ငေးရီကြည့်​​နေခဲ့​။

အဲဒီညက သူဘာမှမဖြစ်​ပေမယ့်​ ကျွန်​​တော်​တို့အားလုံးဟာ မူးမူးရီရီနဲ့ တညလုံးရူးနှမ်း​အော်​ဟစ်​ခဲ့ကြတယ်။ လူအဖြစ်​မှာမူး​နေဖို့သာမက တခါတရံမှာ ရူးနေဖို့ပါလိုအပ်​တဲ့အ​ကြောင်း အဲဒီညက ကျွန်​​တော်​ အ​သေ အချာ​ တွေ့ရှိသွားခဲ့ပါတယ်​။

ဂျက်​လန်​ဒန်​ရဲ့ ပင်​လယ်​ဝံပု​လွေ၊ ဟာမန်းဟက်​စ်​ရဲ့ သိဒ္ဓတ္တ၊ ပါရဂူရဲ့စိတ္တရ​လေခါ၊ ရစ်​ချတ်​ဗာ့(ခ်​)ရဲ့​ယောန သံစင်​​ယော်​ စာအုပ်​​တွေကို ​ခေါင်းအုံးအိပ်​ခဲ့တဲ့သူငယ်​ချင်းရဲ့ ချစ်​ခြင်း​မေတ္တာကို ရှာ​ဖွေ​တွေ့ရှိခန်းပါပဲ။

ပြောမယ်​ဆိုရင်​​ပေါ့။ ​ချောဟာ သူ့ဘဝအတွက်​ နွံထဲက ကြာဖြူပွင့်​။

သူ့ရဲ့ အာရုံခံစားမှုကိုက သူများ​တွေနဲ့မတူဘဲ ကွဲပြားခြားနား​နေတတ်​တာ။ အလင်း​ဖြူအောက်​မှာ ထိုင်​​နေ​ ပေမယ့်​ သူ့ရဲ့အာရုံထဲမှာတော့ ​မည်း မည်းရီရီ ဖြစ်​ချင်​ဖြစ်​နေတတ်​တာ။ တိတ်​ဆိတ်​​နေ​ပေမယ့်​လည်း သူ့ရဲ့ စိတ်​အာရုံထဲမှာ တဝုန်းဝုန်းနဲ့ဆူညံ​ပေါက်​ကွဲ​နေတတ်​တာ။ တခါတခါမှာ နှင်း​ဖြူပြာညို အင်းလျားနံနက်​ခင်း ကို ​ငေး​ငေးရီရီကြည့်​​နေရင်းနဲ့ ခိုင်​ထူးရဲ့ နှင်းသက်​သက်​​ဝေဟာသူ့ရဲ့နှုတ်​ဖျားက တိုးတိုးလျလျ​လေး ထွက်​ နေတတ်​တာ။

ဒါ​ပေမဲ့ ....

ပြဇာတ်​ထဲက ဇာတ်​ဝင်​ခန်း​တွေသာ ဘဝဆန်​လို့ရပေမယ့်​ ဘဝထဲက ဇာတ်​ဝင်​ခန်း​တွေဟာ ပြဇာတ်​သိပ်​ဆန်​လို့ မရဘူးဆိုတာ သိပ်​မကြာခင်​မှာပဲ သူ တွေ့ရှိခဲ့ပြန်​ပါတယ်​။

သူ မရှိတဲ့အချိန်​။ အလင်း​ရောင်​နည်းနည်းနဲ့ အ​မှောင်​​တွေ​ဝေရီ​နေတဲ့ အခန်းကျဉ်း​လေးထဲမှာ ​ချော ရင်​ဆိုင်​​နေရတာဟာ ​အေးစက်​​ခြောက်​​သွေ့နေ​တဲ့ မျက်​လုံး​တွေ​ပေါ့။

သူမကို စိမ်းကား​ အေးစက်​စွာ ​ငေးစိုက်​ကြည့်​​နေ​တတ်​တဲ့မျက်​လုံးများ။ ဘယ်​​သောအခါမှ ​နွေး​ထွေးနူးညံ့လာမှာမဟုတ်​တဲ့ သူ့မိသားစု​တွေရဲ့ မျက်​လုံးများ။

မျက်​လုံး​တွေ ကင်းလွတ်​မယ့်​ ဇုန်​ထဲကို လွင့်​ထွက်​ပျံသန်းသွားမယ်​ဆိုရင်​ သူနဲ့ ကမ္ဘာတခု ခြားသွားမှာ ကို ​ချောသိပါတယ်​။

သူ့ရဲ့ချစ်​ခြင်း​မေတ္တာ​တွေကိုလည်း ​ချော အ​သေအချာ သိပါတယ်​။ ဒါ​ပေမဲ့ ချောဟာ ကြောက်​မက်​ဖွယ်​မျက်​လုံး​တွေမရှိတဲ့ အရပ်​​ကိုပဲ ​​ရွေးချယ်​ဆုတ်​ခွာ သွားခဲ့​လေတယ်​။

အဲဒီရက်​စွဲကစပြီး ​ချော မရှိ​တော့တဲ့ အထီးကျန်​ကမ္ဘာမှာ သူဟာ ​ခြေဦးတည့်​ရာ​လွင့်​​​မျောနေတဲ့ မိုး တိမ်။ သူ့အလွင့်​​တွေဟာကျွန်​​တော်​တို့ကို ကူးစက်​သွားပြီးနောက်​ပိုင်း ကျွန်​​တော်​တို့ဟာလည်း လွင့်​ချင်​တိုင်း လွင့်​​နေခဲ့ကြတဲ့ မိုးရိပ်​မိုးသား​တွေ။

ညဘက်​ကို ​ရောက်​ပြီလား။ လ​ရောင်​ဟာ ​အေးစက်​ပြာနှမ်း​နေပြီလား။ အားလုံးဟာ ချောဆီကို စုပြုံလွင့်​ဝင်​သွားခဲ့ကြ။ အားလုံးဟာ အလွင့်​ကမ္ဘာထဲကို လွင့်​ချင်​တိုင်းလွင့်​ထွက်​သွားခဲ့ကြ။

ရစ်​သမ်​ခတ်​သံဟာ တိုးတိုးရီရီ။ သီချင်းသံဟာ ထိခိုက်​​ကြေကွဲမှု​တွေ ​ရော​ထွေး​ပျော်​ဝင်​​နေ​သော သီဆိုမှုမျိုး။

သီချင်းစာသားအဆုံးမှာ "​ချောရယ်​" ကို သူတို့အားလုံး ဝိုင်းဆိုကြ။ ​ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ကို အ​တောမသတ်​နိုင်​​အောင်​ တယောက်​ပြီး​တယောက်​ တမ်း​မောကြ။ ချောရယ်​ကို လွမ်း​တကြ။ ချောရယ်​ကို ​အော်​ဟစ်​​ခေါ်​ဝေါ်ကြ ။

တ​ခါတ​ခါမှာ အသံဟာ ဆို​နေရင်း နှင့်​ တုန်​ရီထစ်​အ သွားတတ်​တာ။ တ​ခါတခါမှာ ချောဟာ ကျောလည်​အထိ​ရောက်​​နေတဲ့ ညို​မှောင်​​ကေသာတွေကို အရိုင်းဆန်ဆန်​ ဖြန့်​ချထားပြီး လမ်းနီ​လေးထဲက ထွက်​လာတတ်​တာ။ "ဟောဒီမှာ ထမင်းလိုက်​ပွဲ တ​ပွဲရှိတယ်​ အ​မေမြိုင်​​ရေ" လူကျ​နေတဲ့ အချိန်​ဆို ဘယ်​က​ရောက်​လာမှန်းမသိတဲ့ ကိုခါးကြီးဟာ အ​မေမြိုင့်​ထမင်းဆိုင်​​လေးမှာ ဝိုင်းကူ​ပေးတတ်​တာ။ လမ်းနီ​လေးဟာ အ​မှောင်​ထဲမှာ နစ်​မြုတ်​မှုန်​မှိုင်း သွားပြီဆိုရင်​ အသံဗလံ​​တစ်​ခုမှ မကြားရ​​လေအောင်​ တိတ်​ဆိတ်​​အေးစက်သွားတတ်​တာ။

"အဆိမ့်​ တစ်​ယာ​လုပ်​ပါဗျ ဦးနှုတ်​ခမ်း​မွေးရ" ကိုဗျတ်​ဝိဟာ ကွမ်းမှာရင်း ထုံးခွက်​ထဲထိုးနှစ်​လိုက်​တဲ့ လက်​ညိုးနဲ့ ဦးနှုတ်​ခမ်း​မွေးရဲ့ နဖူး​ပြောင်​ကြီးကို ဖျတ်​ခနဲလှမ်းတို့လိုက်​တာ။

တခါတခါလမ်းနီ​လေးဟာ သည်း သည်းရိုင်းရိုင်း ကျ​လာတဲ့ နှင်းပြာ​တွေ​အောက်​မှာ တဆတ်​ဆတ်​နဲ့ တုန်​ရီ​ နေတတ်​တာ။ တခါတရံမှာ အိပ်​​ပျော်​​နေတဲ့ ဂိတ်​မှူး ကို​ပေါက်​စအစား " ​လေးသုံး​ခြောက်​ရှစ်​ ထွက်​မယ်​​ ဟေ့ " လှည်းတန်း​ကပ်​စ်​ထရိုဟာ ကို​ပေါက်​စရဲ့ ဝီစီ​လေးကို ရွှိခနဲယူမှုတ်​ပြီး ကား​လေးဂိတ်​မှူး ဝင်​လုပ်​​ပေး တတ်​တာ။ 
သူတို့လူစု မူးမူး​ဝေ​ဝေနဲ့ ညဉ့်​နက်​သန်း​ခေါင်​မှ ပြန်​လာခဲ့ရင်​ အိပ်​​မောကျ​နေတဲ့လမ်းနီ​လေးဟာ မျက်​​တောင်​​ လေး ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပြီး နိုးထလာတတ်​တာ။ လမ်းနီ​လေးဟာ ​ချောဝင်​လာမယ့်​ လမ်း​ထိပ်​လေးကို တွေ​တွေ​ငေး​ငေး ကြည့်​​​နေရင်းနဲ့ တနေပြီးတနေဝင်​၊ တ​မိုးပြီးတမိုး ချုပ်​ ချုပ်​သွားတတ်​တာ။

တခါတခါ လမ်းနီ​လေးဟာ ချောရယ်​​ ချောရယ်​ ဆို့ဆို့နစ်​နစ်​အော်​ဟစ်​​ခေါ်​ဝေါ်ပြီး လွမ်းလွမ်း​ဆွေး​ဆွေးနဲ့ ကြိတ်​ကြိတ်​ပြီး ငိုရှိုက်​နေတတ်​တာ။ ။

နိုင်​ ဝင်း သီ
0