လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ကွန်ဂရက် - အပိုင်း(၅)



လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ကွန်ဂရက် - အပိုင်း(၅)
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၇

လူသားများအတွက် အနာဂတ်မျှဝေထားတဲ့ အဖွဲ့အစည်း
(A Community of Shared Future for Mankind)

 နိုဝင်ဘာ (၂၅ -၂၆) နေ့ထုတ် ချိုင်းနားဒေးလီသတင်းစာမှာ ကာချုပ်မင်းအောင်လှိုင်၊ တရုတ်သမ္မတ ရှီကျင့်ဖင်နဲ့ တွေ့တဲ့ သတင်းကို ဓာတ်ပုံနဲ့တကွ မျက်နှာဖုံးသတင်းအဖြစ် တင်ထားပါတယ်။

 ရှီက ဗမာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်း တရုတ်အနေနဲ့ အပြုသဘောအခန်းက
ပါဝင်လိုကြောင်းနဲ့ နှစ်နိုင်ငံ နယ်နိမိတ်ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းလိုကြောင်း ပြောပါတယ်။ ဒါ့အပြင် နှစ်ရှည်လများ တည်ရှိခဲ့တဲ့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကိုအခြေခံပြီး အဓိကပူပန်ကြောင့်ကြမှုများကို အပြန်အလှန်ထည့်သွင်းစဉ်းစားပြီး ဗမာပြည်နဲ့ သေနင်္ဂဗျူဟာအဆက်အသွယ်များကို တိုးမြှင့်လုပ်ဆောင်ဖို့
ပူးပေါင်း ကြိုးစားသင့်ကြောင်း ၊နှစ်နိုင်ငံရဲ့ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်အနေနဲ့ ထောက်ခံကြောင်းနဲ့ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအတွင်း မြန်မာအပါအ၀င် တခြား နိုင်ငံများ အတွက်လည်း အခွင့်ကောင်းတွေ ပေါ်နိုင်တဲ့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ပြောသွားပါတယ်။

 ကာချုပ်ကလည်း - မြန်မာနိုင်ငံရဲ့ပြည်တွင်းနဲ့ တပ်မတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရော ငြိမ်းချမ်း
ရေးဖြစ်စဉ်အတွင်းရော၊ တရုတ်ရဲ့ကြာရှည်ကြာများထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း၊ ပိုးလမ်းမစီမံကိန်းအပါအ၀င် တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများမှာ ဘက်စုံကပါဝင်နိုင်အောင် ကြိုးစားပါ့မယ် လို့ပြောသွားပါတယ်။

နိုဝင်ဘာ(၃၀)ရက်မှာတော့ ဒေါ်စု ပီကင်းမှာ ကျင်းပမယ့် နိုင်ငံတကာနိုင်ငံရေးပါတီများရဲ့ အဆင့်မြင့် ခေါင်း ဆောင်များအစည်းအဝေး တက်ဖို့ ပီကင်းရောက်လာပြန်ပါတယ်။

ဒီတော့ မီဒီယာတွေက ဗမာနိုင်ငံခေါင်းဆောင်များ ဒီလောက်တရုတ်ပြည်ကို ခပ်စိပ်စိပ်လာနေတာ
ဗမာပြည်ကြီး ဘာအန္တရာယ်ကြုံနေပြီလဲ။ (R2P) ကြီးနဲ့ပဲ တွေ့ရတော့မလား ... ထိတ်လန့်တကြား ပြောလာနေကြပါတယ်။

တကယ်တော့ တရုတ်ခေါင်းဆောင်များရဲ့လှုပ်ရှားမှုများထဲက အစိတ်အပိုင်းတရပ်ပါ။



နိုဝင်ဘာလ၊ တလအတွင်း တရုတ်ခေါင်းဆောင်များရဲ့ သံခင်းတမန်ခင်း လှုပ်ရှားမှုများကို ကြည့်ရအောင်ပါ။ (ကွန်ဂရက်အပြီး ရက်အချို့အတွင်း စတင်ခဲ့တဲ့ခရီးများ)

၁။ တရုတ်သမတ ရှီကျင့်ဖင်ရဲ့ ခရီးစဉ်များ

က။ နိုဝင်ဘာ (၁၀ - ၁၁ ရက်နေ့) ဗီယက်နမ် ဒါနန်းမှာ ကျင်းပတဲ့ အေပက်အစည်းအဝေးကို တက်ရောက် မိန့်ခွန်းပေးတယ်။ အဲဒီပွဲ တက်လာတဲ့အေပက်အဖွဲ့နိုင်ငံခေါင်းဆောင်အချို့နဲ့ တွေ့ဆုံဆွေးနွေးပွဲများ လုပ်တယ်။ အေပက်အတွင်း လွတ်လပ်တဲ့ကုန်သွယ်ခွင့်ရဒေသ((Free Trade Area for Asia Pacific-FTAAP) တည်ဆောက်ရေးအတွက် တိုက်တွန်းမှုတွေ လုပ်ခဲ့တယ်။

ခ။ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဗီယက်နမ်-ဟနွိုင်ကို ချစ်ကြည်ရေးခရီးသွားတယ်။
ဗီယက်နမ်နဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၁၁ ခု ချုပ်ဆိုတယ်။ အငြင်းပွားခဲ့ဘူးတဲ့ တောင်တရုတ်ပင်လယ်တွင်း စုပေါင်းလုပ်ဆောင်မယ့် စီမံကိန်းများ ပါဝင်ပါတယ်။

ဂ။ နိုဝင်ဘာ ၁၃ - ၁၄ မှာ လာအိုကို ချစ်ကြည်ရေးခရီး သွားရောက်တယ်။ စာချုပ် (၁၃) ခု ချုပ်ဆိုတယ်။
တရုတ်ပိုးလမ်းမနဲ့ အဆက်အစပ်ဖြစ်မယ့် လာအို - တရုတ် စင်္ကြန်လမ်း တည်ဆောက်ရေး သဘောတူညီချက်အပြင် မီးရထားလမ်းဖောက်လုပ်ရေး စီမံကိန်းများ ပါဝင်တယ်။

အဲဒီ (၅) ရက်ခရီးမှာ အစည်းအဝေးပေါင်း (၄၂) ခု လုပ်ခဲ့တယ်။

၂။ တရုတ်ဝန်ကြီးချုပ် လီခက်ချန်ရဲ့ ခရီးစဉ်များ

က။ နိုဝင်ဘာ ၁၃ - ၁၄၊ ဖိလစ်ပိုင်-မနီလာမှာ ကျင်းပတဲ့ ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းဝေးနဲ့ ဆက်စပ်ကျင်းပတဲ့ အစည်းအဝေး (အမျိုးမျိုး - အကြီး အသေး၊ စုပေါင်း၊ နှစ်ဖက်) တွေ တက်တယ်။ အဲဒီမှာ ဒေသဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ချက်များအတွက် အဆင့်တွေ တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့တယ်။

လုံခြုံရေးကိစ္စ - တောင်တရုတ်ပင်လယ်တွင်း ရေရှည်လိုက်နာလုပ်ဆောင်နိုင်မဲ့ စည်းမျဉ်းများ (Code of Conduct. C.O.C) ရေးဆွဲရေးကို အခြေခံအားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်။

စီးပွားရေးကိစ္စ - တရုတ်နဲ့ပူးပေါင်းပြီး ကမ္ဘာကြီးနဲ့ ဆက်စပ်ရန် ဆိုတဲ့ကြွေးကြော်သံနဲ့ ကျင်းပတဲ့ ဒီအာဆီယံအစည်းအဝေးမှာ တရုတ်- အာဆီယံ (10+1) ပူးပေါင်းဆောင်ရွက်ရေး၊ တိုးမြှင့်ရေးနဲ့ ဘက်စုံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုဒေသ (Regional Comprehensive Economic Partnership. R.C.E.P) တည်ဆောက်ရေးအတွက် တိုက်တွန်းနိုင်ခဲ့ပါတယ်။ (ဒီအဖွဲ့မှာ အာဆီယံ ၁၀နိုင်ငံနဲ့ တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလီးယား၊ နယူးဇီလန် - (10+6) တို့ ပါဝင်ပါတယ်။ ဒီကနေ အရှေ့အာရှတ၀န်းလုံး လွတ်လပ်တဲ့ ကုန်သွယ်ဒေသဖြစ်အောင် ကြိုးစားကြတော့မှာဖြစ်ပါတယ်။

ခ။ နိုဝင်ဘာ ၂၇ - ၃၀ ရက်နေ့များမှာ ဟန်ဂေရီ - ဘူဒါပက်မှာ ကျင်းပတဲ့ (၁၆  + ၁ ) တရုတ်နိုင်ငံနဲ့ အလယ်နဲ့ အရှေ့ဥရောပ နိုင်ငံ ၁၆နိုင်ငံအကြား ဆွေးနွေးပွဲများ ပြုလုပ်ပြီး (OBOR) ခေါ် ပိုးလမ်းမကြီးနဲ့ ဆက်စပ်တဲ့ စာချုပ်ပေါင်း ၁၀ ခု ကျော် ချုပ်ဆိုခဲ့ပါတယ်။ လယ်ယာထွက်ပစ္စည်းများ ၀ယ်ယူရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ဘဏ္ဍာရေးစနစ်များအကြား အဆက်အစပ်ရှိရေး၊ တီထွင်ဖန်တီးမှုများကို ပူးပေါင်းလုပ်ဆောင်ရေး၊ ပြည်သူအချင်းချင်းကြား ဆက်ဆံရေးများကို တိုးမြှင့်ရေး စတာ စတာတွေ ပါဝင်ပါတယ်။

ဂ။ ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ ရုရှားက ဆိုချီမြို့မှာ ကျင်းပတဲ့ ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)
အစိုးရထိပ်တန်းခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ (အထူးသဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ရေး)၊ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ စတာတွေအပါအ၀င် အပြုသဘောဆောင်တဲ့ အကြံသစ်ဥာဏ်သစ်များနဲ့ ကမ္ဘာငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် တိုးတက်လုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင်၊ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြီး ပူတင်ရဲ့စီမံကိန်းဖြစ်တဲ့ ယူရေရှား စီးပွားရေးအဖွဲ့(EEU)နဲ့ တရုတ်တို့ရဲ့ ပိုးလမ်းမစီမံကိန်းများ ပူးပေါင်းဆက်စပ် လုပ်ဆောင်ပြီး ပိုးလမ်းမစီမံကိန်းကို ရုရှားအရှေ့ဖျားထိ တိုးချဲ့ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

ဒါတွေကတော့ (၁၉) ကြိမ်မြောက် ကွန်ဂရက်အပြီး တရုတ်နိုင်ငံအနေနဲ့ သွက်သွက်လက်လက် လုပ်
ဆောင်လာတဲ့ လက်တွေ့ သံခင်းတမန်ခင်း လှုပ်ရှားမှုများထဲက ဥပမာအချို့ပါ။ ဒါတွေအတွက် သဘောတရားလမ်းညွှန်ချက်ကတော့ ရှီ ရဲ့ ကွန်ဂရက်အစီရင်ခံစာထဲက "လူသားများအတွက် အနာဂတ်တွေမျှဝေထားတဲ့ အဖွဲ့အစည်းတရပ် ထူထောင်ရေး" ဆိုတာပါပဲ။

ရှီက တရုတ်ထူးခြားချက်နဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်ရဲ့လမ်းစဉ်၊ သဘောတရား၊ စနစ်နဲ့ ယဉ်ကျေး
မှုတွေဟာ အဆက်မပြတ် ဖြစ်ပေါ်တိုးပွားနေပြီး တခြားဖွံ့ဖြိုးဆဲနိုင်ငံများးအတွက် လမ်းသစ် ထွင်ပေးနေပါတယ်။

ကိုယ့်လွတ်လပ်ရေးကို တဖက်က ထိန်းသိမ်းပြီး၊ တဖက်ကလည်း တိုးတက်ဖွံ့ဖြိုးရေးကို ရှာနေတဲ့နိုင်ငံများအတွက် ရွေးချယ်စရာ လမ်းသစ် တရပ် ပါ။ ဒါဟာ တရုတ်ရဲ့ ကမ္ဘာ့လူသားများ ရင်ဆိုင်နေရတဲ့ ပြသာနာများကို ဖြေရှင်းတဲ့နည်းလမ်းများ ဖြစ်ပြီး၊ ဒီကနေ သင်ခန်းစာများ ထုတ်ယူနိုင်မှာဖြစ်ပါတယ် ... တဲ့။

တကယ်တော့ ရှီဟာ လွန်ခဲ့တဲ့နှစ်အချို့ကတည်းက နိုင်ငံတကာအစည်းအဝေးတွေမှာ ဒီစာပုဒ် (အနာဂတ်တွေ မျှဝေထားတဲ့ လူ့အဖွဲ့အစည်း) ထည့်သွင်းပြောဆိုနေတာပါ။ အခုတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အချို့မှာတောင် ဒီစကားလုံး ထည့်သုံးနေပါပြီ။

ဒါ့အပြင် ရှီ ဆက်ပြောတာကတော့ "ကမ္ဘာကြီးမှာ အလွန်ကြီးမားထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက်မှု ပြောင်း
လဲမှု၊ ထိန်းညှိုမှုတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါပဲ။ တချိန်တည်းမှာ ယဉ်ကျေးမှုများ မတူကွဲပြားခြားနားနေတာ ၊နိုင်ငံများအကြား ၀င်ရိုးစွန်း အများအပြားဖြစ်လာနေတာ (Multi-polarity)၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ပိုပိုရှေ့တိုးလာနေတာ စတာတွေကြောင့် ကမ္ဘာ့အုပ်ချုပ်ရေးစနစ် (global governance) နဲ့ နိုင်ငံတကာအဆင့်နေရာများ (international order) အလျင်အမြန် ပြောင်းလဲနေပြီး ၊နိုင်တကာအစုအဖွဲ့များရဲ့ အင်အားဟာလည်း ပိုမိုညီမျှ (balanced) ဖြစ်လာနေပါတယ်။ ဒါပေမဲ့ ကမ္ဘာစီးပွားရေးတိုးတက်မှု နှေးကွေးနေသေးတာ ၊နိုင်ငံများအကြား ဆင်းရဲ-ချမ်းသာ ကွာခြားမှု ပိုကြီးလာတာ၊ တချို့ဒေသတွေမှာ ပဋိပက္ခအသစ်တွေ ပေါ်ပေါက်လာနေတာ၊ သမရိုးကျမဟုတ်တဲ့ လုံခြုံရေးခြိမ်းခြောက်မှု (ဥပမာ - အကြမ်းဖက်ဝါဒ)၊ ရာသီဥတုပြောင်းလဲမှု၊ စတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။"

တရုတ်ကွန်မြူနစ်ပါတီရဲ့ အဓိကရည်ရွယ်ချက်ဟာ .. "တရုတ်ပြည်သူများရဲ့ အိပ်မက်များကို အကောင်အထည်ဖော်ပေးဖို့ဖြစ်သလို၊ လူသားအားလုံးအတွက်လည်း ပိုမိုကြီးမားတဲ့ အကျိုးပြုမှုများကို ဖော်ဆောင်ရမှာဖြစ်တဲ့အတွက် နိုင်ငံအားလုံးက ပြည်သူများအတွက် အနာဂတ်ကို မျှဝေထားတဲ့ (ဘုံကံကြမ္မာတူ - shared destiny) လူ့အဖွဲ့အစည်းတရပ် တည်ဆောက်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ပွင့်လင်းတဲ့ အားလုံးပါဝင်တဲ့ သန့်ရှင်းလှပတဲ့ ကမ္ဘာကြီးကို တည်ဆောက်ကြပြီး၊ ငြိမ်းချမ်းတဲ့ အားလုံးလုံခြုံစိတ်ချရေးနဲ့ ဘုံချမ်းသာကြွယ်ဝရေးကို ဦးတည်ကြရမှာ ဖြစ်ပါတယ် ... " တဲ့။

သံခင်းတမန်ခင်းဆိုင်ရာ ဆက်လက်ပြောကြားချက်များကတော့ ...  "ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ အခြေခံမူပေါ်မှာ သံတမန်ဆက်ဆံရေးများကို ဆက်လက်လုပ်ဆောင်မယ်။ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဘယ်နိုင်ငံအပေါ်မှာမှ
ခြိမ်းခြောက်မှုတွေ မဖြစ်စေရပါဘူး။ တရုတ်ရဲ့တိုးတက်မှုဟာ ဘယ်အဆင့်ပဲရောက်ရောက်၊ ဘယ်တော့မှ ဗိုလ်ကျလွှမ်းမိုးရေး၊ နယ်မြေတိုးချဲ့ရေးကို မလုပ်ပါဘူး ..." စတဲ့ ကတိစကားများပါ။

ဒါ့အပြင် ရှီက တရုတ်အနေနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးများကို ဆန့်ကျင်မယ်။ ဘက်စုံပါဝင်တဲ့ ကုန်သွယ်ရေးစနစ်တရပ် ပေါ်ပေါက်ရေး၊ လွတ်လပ်တဲ့ ကုန်သွယ်ခွင့်ရ ဒေသတွေပေါ်ပေါက်ရေး၊ တံခါးဖွင့်ထားတဲ့ အားလုံးပါဝင်နိုင်တဲ့ ကမ္ဘာစီးပွားရေးစနစ်တရပ် ပေါ်ပေါက်ရေးတွေအတွက် လုပ်ဆောင်သွားမယ် ... လို့ပြောဆိုပြီး တရုတ်ပြည်အနေနဲ့ တံခါးဖွင့်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပြီး လွတ်လပ်စွာကုန်သွယ်ခွင့် (Free Trade) ကို ထောက်ခံသွားမယ်လို့လည်း ကတိပြုသွားပါတယ်။

(စကားချပ်။ ၁၉၆၀ခုနှစ်များက တရုတ်က ပထမဆုံးအနုမြူလက်နက် စမ်းသပ်ဖောက်ခွဲအပြီးမှာ ဥက္ကဋ္ဌမော်စီတုန်းက ကမ္ဘာကြီးကို ကတိ (၃) ရပ် ပေးခဲ့ပါတယ်။ (ဘယ်အနုမြူအင်အားရှိတဲ့နိုင်ငံကမှ မပေးကြတဲ့ ကတိများပါ။)

၁။ တရုတ်ပြည်အနေနဲ့ ဘယ်တော့မှ အနုမြူလက်နက် စ မသုံးပါဘူး။
၂။ အနုမြူလက်နက်မရှိတဲ့နိုင်ငံအပေါ်မှာလည်း ဘယ်တော့မှ အနုမြူလက်နက် မသုံးပါဘူး။
၃။ အနုမြူလက်နက် ဖျက်သိမ်းရေးကို ထောက်ခံတယ်။

၁၉၇၈ နောက်ပိုင်း တရုတ်နိုင်ငံ ကုလသမဂ္ဂ၀င်အဖြစ်ရော၊ ကြီး ၅ ကြီး လုံခြုံရေးကောင်စီဝင်အဖြစ်ရော၊
နေရာများပြန်ရပြီးနောက် တိန်ရှောင်ဖင်က ကုလမှာ မိန့်ခွန်းပြောရာမှာ တရုတ်ဟာ ဘယ်လောက်ပဲ အင်အားကြီးလာပါစေ၊ ဘယ်တော့မှ ဗိုလ်ကျလွှမ်းမိုးရေး မလုပ်ပါဘူး။ တကယ်လို့များ တရုတ်က ဗိုလ်ကျလွှမ်းမိုးရေးလုပ်လာရင် ကမ္ဘာပြည်သူများက တရုတ်ပြည်သူများနဲ့ လက်တွဲပြီး အဲသလိုမျိုးအစိုးရကို ဖြုတ်ချကြပါ ... တဲ့။

ဒါတွေကတော့ တရုတ်ရဲ့ အရင်အဆက်ဆက် ခေါင်းဆောင်များက ကမ္ဘာပြည်သူများကို ပေးခဲ့ဖူးတဲ့ ကတိများပါ။)


တရုတ်ကွန်မြူနစ်ပါတီရဲ့ (၁၉) ကြိမ်မြောက် ကွန်ဂရက်က ချမှတ်ခဲ့တဲ့ နိုင်ငံတကာမူဝါဒများကို
ဖော်ဆောင်တဲ့အနေနဲ့ ဒီဇင်ဘာ (၁ - ၃) ရက် မှာ အလွန်သမိုင်းအဓိပ္ပာယ်ဆောင်တဲ့ အစည်းအဝေးကြီးတရပ် ပေကျင်းမှာ ကျင်းပခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကမ္ဘာနိုင်ငံရေးပါတီများမှ အဆင့်မြင့်ခေါင်းဆောင်များရဲ့ အစည်းအဝေး ... တဲ့။

ဗမာပြည်က ဒေါ်စုခေါင်းဆောင်တဲ့ ဒီချုပ်ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကြံ့ဖွံ့က ဦးသန်းဌေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံရေးပါတီပေါင်း ၃၀၀ ကျော်က လူပေါင်း
၆၀၀ ကျော်တက်ရောက်ကြပါတယ်။

ဒီအစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ရှီ က မိန့်ခွန်းပြောကြားရာမှာ ထူးခြားချက်အချို့ ပါဝင်ပါတယ်။

"တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်ကြီးမှာ စစ်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေပြီး လူထုကြီးတရပ်လုံး
ချွတ်ခြုံကျ ဆင်းရဲနေမှုများက လွတ်မြောက်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်လို့ ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို သိနားလည်ကြောင်း ၊ ဒါ့ကြောင့် ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့ လိုလားကြောင်း၊ စစ်ပွဲများရဲ့ အရင်းခံအကြောင်းရင်းများ (ဥပမာ - ဆင်းရဲမွဲတေမှု၊ တရားမမျှတမှု) ပပျောက်ရေးအတွက် တကမ္ဘာလုံးကနိုင်ငံရေးပါတီများနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိကြောင်း။

ဒီလို ကမ္ဘာနိုင်ငံရေးပါတီများနဲ့ အတွေးအမြင်တွေဖလှယ်တဲ့ အစည်းအဝေးတွေအတွက် ယန္တရားတရပ်
(mechanism) ကို ထူထောင်သွားမှာဖြစ်ကြောင်း၊ (နှစ်စဉ် တခြားပါတီများမှ ပါတီဝင်ကိုယ်စားလှယ်ပေါင်း ၁,၅၀၀၀ ကို တရုတ်ပြည်ကို ဖိတ်ကြားပြီး ဖိုရမ်များ ကျင်းပမယ်။)

မိမိတို့တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို မျှဝေပေးချင်ကြောင်း၊ ဒါပေမဲ့ ဘယ်တော့မှ မိမိတို့ပုံစံကို
တခြားနိုင်ငံကို တင်ပို့မှာ မဟုတ်ကြောင်း။ ထို့အတူ မိမိတို့အနေနဲ့လည်း တခြားနိုင်ငံရဲ့အောင်မြင်မှုများ အတွေ့အကြုံများကို လေ့လာသင်ယူမှာ ဖြစ်ပေမယ့် ဒီအတိုင်းကူးချတာ ဘယ်တော့မှ လုပ်မှာမဟုတ်ဘဲ မိမိတို့နိုင်ငံအခြေအနေနဲ့ ညှိယူမှာဖြစ်ကြောင်း။ ..."

စတာတွေဖြစ်ပါတယ်။

ဒီအစည်းအဝေးတက်ရောက်တဲ့ ကိုယ်စားလှယ်များအနေနဲ့လည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ပါတီတည်
ဆောက်ရေးအတွေ့အကြုံ၊ အုပ်ချုပ်ရေးဆိုင်ရာအတွေ့အကြုံ၊ စီးပွားရေးဆိုင်ရာအတွေ့အကြုံများကို လေ့လာနိုင်ပြီး၊ မိမိတို့နိုင်ငံအတွေ့အကြုံတွေ၊ အမြင်တွေနဲ့ ဖလှယ်နိုင်ခဲ့ကြတယ်။ သီးခြားဆွေးနွေးပွဲလေးတွေလည်း ခွဲလုပ်နိုင်ခဲ့ကြတယ်။ (ဥပမာ - တရုတ်ပါတီနဲ့ အမေရိကန်က ပါတီများ၊ အာဖရိကပါတီများ စသဖြင့်)

ဒီအချက်တွေကို အထောက်အကူပြုဖို့အတွက် ကိုယ်စားလှယ်များကို တရုတ်ပြည်ရဲ့ (၅)နှစ် အတွင်း
အောင်မြင်မှုများကို ပြသထားတဲ့ပြခန်းနဲ့၊ တရုတ်ကွန်မြူနစ်ပါတီဝင် အရာရှိ (ကေဒါများ) ကို လေ့ကျင့်မွေးမြူပေးတဲ့ နံမည်ကြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုပါတီသင်တန်းကျောင်းများကို သွားရောက် လေ့လာစေခဲ့ပါတယ်။

ပါတီတရပ်ဟာ မိမိရဲ့ရိုးသားဖြောင့်မတ်မှုနဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် မိမိကိုယ်မိမိ တော်
လှန်ရေး (self-revolution) လုပ်ရဲဖို့ လိုကြောင်း၊ မိမိတို့ရဲ့ပါတီဝင်များအနေနဲ့ အလွန်လျင်မြန်စွာပြောင်းလဲနေတဲ့ အချိန်အခါ၊ အခြေအနေများနဲ့အညီ အမီလိုက်နိုင်ဖို့အတွက် သဘောတရားဆိုင်ရာ ထိုးဖောက်တီထွင်မှုများ (breakthrough)ကို ဖော်ဆောင်ရမှာဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဟာ ဒါတွေလုပ်ဆောင်နိုင်လို့ တိုင်းပြည်အခြေအနေနဲ့ ကိုက်ညီတဲ့မူများ (ဥပမာ - ပြုပြင်ပြောင်းလဲရေး၊ လာဘ်ယူလာဘ်စား တိုက်ဖျက်ရေး) ချမှတ်ပြီး နိုင်ငံရေးသဘောတရားများအရလည်း ကြွယ်ဝတိုးတက်မှုများ ရစေခဲ့ကြောင်း စတာတွေကိုလည်း တရုတ်ကွန်မြူနစ်ပါတီ အဆင့်မြင့်ခေါင်းဆောင်များက ဆွေးနွေးပြောကြားမှုတွေလည်း လုပ်ပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒီဇင်ဘာ ၄ ရက်နေ့မှာ အဲဒီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ ပီကင်းရှေ့ဆောင်မှု
(Beijing Initiative)စာတမ်းမှာ ပါဝင်တဲ့ အချက်တခုကတော့ ကမ္ဘာတ၀န်းကနိုင်ငံရေးပါတီများအနေနဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ လက်တွဲပူးပေါင်းပြီး ကမ္ဘာငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်။ ကမ္ဘာတိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးဆောင်ရမယ် ။နိုင်ငံတကာအဆင့်အတန်းကို ထိန်းသိမ်းပေးရမယ် ... လို့ပါရှိပါတယ်။

တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို စမ်းတ၀ါးဝါးလျှောက်နေရတဲ့ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတဲ့နိုင်ငံများအတွက် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ရှာရာမှာ ဘယ်နိုင်ငံရဲ့ပုံစံ (ဥပမာ - အနောက်တိုင်းနိုင်ငံပုံစံများ) ကို ကူး မချကြဘဲ၊ မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ လမ်းကို ရှာဖို့၊ တရုတ်ပြည်ရဲ့ ရှာဖွေတွေ့ရှိတဲ့နည်းများ (တနည်း) တခြားရွေးချယ်စရာလမ်းတွေကို ခေါ်ပြတာပါပဲ။

တကယ်တော့ တရုတ်ပြည်အနေနဲ့ လက်ရှိတဖက်စောင်းနင်းဖြစ်နေတဲ့ ကမ္ဘာနိုင်ငံရေးအဆင့်အတန်း၊
ဘဏ္ဍာရေးအဆင့်အတန်းတွေကို ပိုမိုတရားမျှတဖို့ လုပ်ဆောင်ရာမှာ တနိုင်ငံတည်း လုပ်ဆောင်ဖို့ မဖြစ်နိုင်တဲ့အတွက် တကမ္ဘာလုံးကနိုင်ငံရေးပါတီများ (အာဏာရရော၊ အာဏာမရှိသူများပါ) ကို စုစည်း တပ်ပေါင်းစု ဖွဲ့လိုက်တာပါပဲ။ တရုတ်ပြည်ရဲ့နိုင်ငံတကာ့ဝါဒသစ် လို့လည်း ဆိုနိုင်ပါတယ်။

ခေတ်သစ်တရုတ်ပြည်ရဲ့နိုင်ငံတကာဆက်ဆံရေးတွေထဲမှာ ရှီ ရဲ့တီထွင်ဖန်တီးမှုတခုဖြစ်တဲ့ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေး ဆိုတာလည်း ပါပါတယ်။

ဒီအကြောင်းကို အပိုင်း (၆) မှာ ဆက်လက်တင်ပြပါ့မယ်။

လှကျော်ဇော။ ၁၂-၁၂-၂၀၁၇။

Comments