ဗိုလ်သူရိန် ● ပင်လယ်နက် (Black Sea) သို့ ရောက်ရှိခြင်း

ဗိုလ်သူရိန် ● ပင်လယ်နက် (Black Sea) သို့ ရောက်ရှိခြင်း
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၈

ဘယ်လဂျီရမ်က သယ်ဆောင်လာတဲ့ သံတိုသံစ (Scrab) တွေ တူရကီနိုင်ငံသို့ ကျွန်တော်တို့သင်္ဘော၂၀၁၆ ဒီဇင်ဘာလ ကုန်ခါနီးမှာ လာပို့ပေးရပါတယ်။ စစ်ဖြစ်ရာ ဆီးရီးယားနိုင်ငံနဲ့နီးပြီး ၉/၁၁ နောက်ပိုင်းမှာပေါ်လာတဲ့ ISPS အရ Security level 2 အဆင့်ဖြစ်နေလို့ ကိုရီးယားသူကြီးက ကမ်းပေါ် ဆင်းခွင့်မပြုပါဘူး။ သင်္ဘောသားဆိုတာက ပင်လယ်ဓါးပြနဲ့ မုန်တိုင်း တွေကြား အသက်အန္တရာယ်ကြုံတွေ့ရတာတင်မဟုတ်ပါဘူး။ စစ်မက်ဖြစ်ပွားရာဒေသတွေကိုလည်း ဘာလက်နက်မှမကိုင် ဆောင်ရဘဲ လိုအပ်နေတဲ့ကုန်စည်ကို သွားပို့ပေးရပါတယ်။ ဒီလို အပြင်ထွက်မရတာကိုသိတဲ့သင်္ဘောအတွက် တူရဂီ ဒေသ ကိုယ်စားလှယ် Agent တွေကတော့ သူတို့ အကြိုက်တွေ့ကာ အင်တာနတ်ကဒ်များကို ဈေးတင်ရောင်းပါတော့တယ်။ 2  Git ကို ဒေါ်လာ  ၃၀ လောက်နဲ့ ဝယ်သုံးရပါတယ်။

ငါးရက်လောက် ကုန်ချပြီးတဲ့အခါ နောက်သွားမယ့်ဆိပ်ကမ်းက (Black Sea) ပင်လယ်နက်ထဲက ဘူဂေးတီးယားနိုင်ငံ \ကို ဂျုံသွားတင်ရမယ် သတင်းကြားပါတယ်။ သင်္ဘောသားစကားနဲ့ပြောရရင် သေပြီဆရာပါပဲ။ ဘာလို့လည်းဆိုတော့ အခု တင် လာတာက သံတိုသံစ အစုတ်ပလုပ်တွေ။ နောက်တင်မှာက စားသောက်ကုန်ဂျုံဆိုတော့ ကုန်တင်ပေါက် (Cargo Hold) တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ သာမန်လုပ်ယူလို့ မရတော့ပါဘူး။ နောက် ကုန်တင်မယ့် ကုန်စစ်ဆေးသူ (Cargo surveyor) စိတ်တိုင်းကျ Pass ပေးမှ နောက်ကုန်တင်လို့ရမှာပါ။ သူတို့ဘက်ကကြည့်ရင်လည်း မှန်ပါတယ်။ ဒီနိုင်ငံက ပို့လိုက်တဲ့ကုန်ကို နောက်နိုင်ငံဆိပ်ကမ်းအရောက်မှာ တင်လာတဲ့သင်္ဘောကြောင့်ပျက်စီးကုန်ရင် အရောင်းအဝယ် စီးပွား ရေးပျက်ကြမှာလေ။ ဒီကုန်စည်အတွက် ကုမ္ပဏီများက အာမခံထားရှိပေမယ့်လည်း စီးပွားရေးဈေးကွက်ရှိနေသေးတာကိုး။

ဒါနဲ့ သင်္ဘောမောင်းရန် ကြာချိန် ၅ ရက်အတွင်းမှာ ကုန်တင်ပေါက်များကို အသဲအသန် သန့်ရှင်းရေးလုပ်ရပါတယ်။ ပထမ ပင်လယ်ရေ (Sea water) ကို မီးသတ်ပိုက်များနဲ့ ကုန်ပေါက်တွေကို အရင်ဆုံးထိုးချ သန့်ရှင်းရေးလုပ်ရပါတယ်။ ပြီးရင် ရေချို (Fresh water) နဲ့အတူ Pressure gun အသုံးပြုကာ ရေပြန်ဆေး သန့်ရှင်းရေးလုပ်ရတယ်။ ရှေ့က ပယ်လယ်ရေ ဆားငံကို လုံးဝကင်းစင်ပျောက်သည်အထိ လုပ်ရပါတယ်။ ကြီးကြပ်သူ အရာရှိများကလည်း နံရံကို လက်နဲ့တို့ လျှာနဲ့ အငံ ဓါတ် ရှိ/မရှိ စမ်းကြည့်တဲ့ အထိ သေချာသန့်ရှင်းရပါတယ်။ ရေနဲ့ သန့်ရှင်းရေးလုပ်ပြီးပြန်တော့ ကုန်ပေါက်ကို အခြောက် ထားပြီး ဆေးကွာနေတဲ့နေရာ ဆေးသုတ် အင်မတန်မှပင်ပန်းလှပါတယ်။ အသုံးပြုပြီးသား သန့်ရှင်းပြီးသားရေများကို ကုန် ပေါက်ထဲကနေ ရေစုပ်တဲ့ (Bildge) အပေါက်က မကောင်းဘူးဆို ရေဆိုးရေညစ်တွေကြားက ဆင်းပြီးနှိုက် သန့်ရှင်းရေး လုပ်ရရင် စည်ပင်မြောင်းဖော်တဲ့ အဖွဲ့အတိုင်းပါပဲ။

ဒီလို သန့်ရှင်းရေးတွေလုပ်နေရင်းနဲ့ပဲ ပင်လယ်နက်ထဲက ဘူးဂေးရီးယားနိုင်ငံကိုသွားရမယ်ဆိုတော့ တူရဂီနိုင်ငံ အစ္စတန် ဘူလ် ရေလက်ကြားအဖြတ်မှာ ရေကြောင်းပြပိုင်းလော့နဲ့ ကျွန်တော်တို့ AB များ သင်္ဘော တက်မစင် (Bridge) မှာ တာဝန် (Duty) ကျပြန်ပါတယ်။ ရေလက်ကြားကို ဖြတ်သန်းချိန်မှာတော့ အစ္စတန်ဘူလ်ရဲ့  ရှေးဟောင်းရဲတိုက်များကို တွေ့မြင်နိုင်ပါ တယ်။ အစ္စလာမ်နိုင်ငံဖြစ်လို့ လခြမ်းနဲ့ကြယ်အလံကို တောင်စောင်းတွေမှာ သရုပ်ဖော်ထားတာက လှပစိတ်ဝင်စားစရာ မြို့ရဲ့ အလှအပတခုပါ။ တူရဂီက အစ္စလာမ်ဘာသာဝင်နိုင်ငံပေမယ့်လည်း အမျိုးသမီးများက အဝတ်အစား လွတ်လပ်စွာ ဝတ်တာကို တွေ့မြင်နိုင်ပါတယ်။ နောက်တခုက အရက်မပါဝင်သော Beer ရှိပါတယ်။ ဘယ်သူတွေ သောက်လည်းတော့ မသိဘူး။

ဒီတခေါက် အစ္စတန်ဘူလ်ကိုဖြတ်ချိန်က ၂၀၁၆ ဒီဇင်ဘာ ၃၁ ညကြီး ဖြတ်လာတာ စိတ်မကောင်းစရာ သတင်းကတော့ ၂၀၁၇ ဇန္နဝါရီ မနက်အစောကြီးမှာ ကြားလိုက်ရတယ်။ Happy new year ည အစ္စတန်ဘူ ညကလပ်တခုမှာ ဗုံးပေါက်ကွဲလို့ လူတွေ သေကြ ဒဏ်ရာရကြတဲ့။ သတင်းအရ အစ္စလာမ်စစ်သွေးကြွများလို့ သိရတယ်။ ဘာသာတူအခြင်းခြင်းဖြစ်လင့်ကစား ဒီလိုလုပ်ရက်တွေကို စက်ဆုတ်ရွှံရှာမိတယ်။

တူရဂီကနေ ၂၄ နာရီ မပြည့်ခင်မှာပဲ ဘူဂေးတီးယားနိုင်ငံ ဗာနာ (Varna) မြို့ကို ရောက်ပါတယ်။ သင်္ဘောကပ်ပြီးခြင်း မိုး တွေရွာနေလို့ ကုန်မတင်ဖြစ်ပါဘူး။ အအေးကတော့ အဆိုးကြီးမဟုတ်ဘူး။ အပူချိန် ၁၅ လောက်ရှိနေသေးတယ်။ နှစ်ရက် လောက်နေတော့ ဂျုံတွေ စတင်ပါတယ်။ ကျွန်တော်တို့ဆီကအခေါ် လုံးတီးဆန်လိုမျိုး စပါးခွံသာ ချွတ်ထားတဲ့ လုံးတီးဂျုံ တွေတင်တာပါ။ နေရာတနေရာခပ်ဝေးဝေးကနေ မြန်မာပြည်က တရုတ်ဖောကားလိုမျိုးတွေနဲ့  ဂျုံတွေတင်လာပါတယ်။ ပြီး တော့ ကမ်းပေါ်က သံဇလားထဲလောင်းထည့်ပြီး ကရိမ်း (Grab) တွေနဲ့ သင်္ဘောပေါ်တင်ပါတယ်။

ငါးရက်လောက် ကုန်တင်အပြီးမှာ မနက်ဖြန် လေကြမ်းမယ် နှင်းတွေကြမယ်ဆိုလို့ သင်္ဘောကမ်းကပ်ထားတဲ့ ရှေ့နောက် Morning ကြိုးတွေကို အပိုထပ်ထုတ်ပြီး ရှေ့ရှစ်ကြိုး နောက်ရှစ်ကြိုး ကမ်းနဲ့ထပ်သွယ်ထားရပါတယ်။ ကျွန်တော်တို့ကတော့ ဒီနေ့ နေကြီးဒီလောက်ပူနေတာကို စိုးရိမ်ရကောလားလို့ သူကြီး (Captain) ကို အပြစ်တင်နေမိတယ်။ ဒါနဲ့ ညတာဝန်ပြီးလို့ အိပ်စက်အနားယူပြီး မနက်တာဝန်ချိန်ယူဖို့ သင်္ဘော Gangway လှေကား အတက်အဆင်းနားကို အထွက်မှာ အားပါး သင်္ဘောပေါ်နဲ့ ဆိပ်ကမ်းတခုလုံး နှင်းတွေဖွေးဖွေးလှုပ်နေတယ်။ သင်္ဘောကုန်တင်ပေါက်ပေါ်နဲ့ ကုန်းပက်ပေါ်မှာ နှင်းထုတွေ ဖြစ်လို့။ ကိုယ်တွေ မြန်မာပြည်မှာမကြုံဖူးတော့ အဲဒီနှင်းထုတွေကြား မြန်မာသင်္ဘောသားအားလုံး ပျော်လို့ ရွှင်လို့။ ရေခဲမှုံနဲ့ ပေါက်သူပေါက် ဓါတ်ပုံရိုက်သူရိုက် အေးတဲ့အချိန်ကို မေ့နေကြတယ်။

နေရောင်ကိုလည်း ပြပြလောက်သာမြင်ရပြီး နှင်းတွေ ဆက်တိုက်သုံးရက်လောက်ကျ၊ လေနုအေးကတိုက်နဲ့ သင်္ဘော အပြင် မှာ ကြာကြာမနေနိုင်တော့ဘူး။ Cargo light မီးသီးကြီးတွေထွန်း Heater တွေဖွင့်ပြီး ဝင်ပေါက်နားမှာကပ်နေရတယ်။ သင်္ဘောက လူအတက်အဆင်းရှိတော့ တာဝန်အလှည့်ကျယူနေရပါတယ်။ ညဘက်ဆိုလည်း လေကကြမ်းတော့ ယခင်နေ့ က အပိုထားတဲ့ကြိုးတွေက ရာသီဥတု အပြောင်းအလဲနဲ့ လေအချိန်ကြောင့် ကြိုးတွေ ပြတ်ကုန်ပါတယ်။ ပထမနေ့မှာတော့ All station သင်္ဘောသားအားလုံးခေါ်ပြီး ကြိုးတွေရစ် အသစ်လဲကြနဲ့ ညဘက် သိပ်မအိပ်လိုက်ရဘူး။ နောက်ရက်များ ကြိုး တွေ ထပ်ပြတ်တဲ့အချိန်မှာတော့ တာဝန်ကျအရာရှိ AB နဲ့ OS တို့သုံးယောက်သာ ပြတ်တဲ့ကြိုးကို ယာယီပြန်ဆက်သွယ်ပြီး မနက်ကျမှ သေချာပြန်လုပ်တော့ပါတယ်။

ကုန်ကမတင် နှင်းတွေကြနေပေမယ့်လည်း ညနေဆို ဗာနာမြို့ထဲ လျှောက်လည်ချင်တဲ့စိတ်က ထိန်းမရဘူး။ ကျွန်တော် ထုံးစံအတိုင်း ဘူဂေးတီးယားနိုင်ငံရဲ့  အထင်ကရနေရာတခုကို အင်တာနတ်ကရှာကြည့်လိုက်တော့ ကမ်းခြေကလွဲလို့ ကျန် တဲ့နေရာ ခရီးသွားဧည့်သည် သိပ်မသွားကြပါဘူး။ ကမ်းခြေဆိုတော့ အေးရတဲ့အထဲမသွားတော့ပဲ အနီးဆုံးသင်္ဘောဆိပ် ကမ်းကပ်တဲ့ ဗာနာမြို့လေးကိုပဲ လျှောက်လည်လိုက်တယ်။

အင်္ကျီတွေ အထပ်ထပ်ဝတ်။ ခေါင်းစွပ်တွေစွပ်ပြီး သွားရတယ်။ ရေခဲမှုံတွေကို ဇွက်ခနဲနင်းသွားရသလို ပြောင်ချောနေတဲ့ရေခဲပြင်လမ်းပေါ်ကိုလည်း ချော်မလဲအောင် မနည်းဂရုစိုက်သွားရပါတယ်။ ဘူးဂေးတီးယားနိုင်ငံက ဆိုဗီယက်မှခွဲထွက် နိုင်ငံ တခုဖြစ်ပြီး အရှေ့ဥရောပနိုင်ငံအဖြစ် ခံယူထားကြပါတယ်။ ဘယ်လောက်ပဲ နိုင်ငံတိုးတက်တိုးတက် လူတွေရဲ့အကျင့်က ဆိုးတဲ့သူ ဆိုးမြဲပါပဲ။

ပထမဦးဆုံး သင်္ဘောကနေ အပြင်ထွက်တဲ့ မြန်မာသင်္ဘောသားအချို့ငွေလဲတာ အလိမ်ခံလိုက်ရပါတယ်။ ဆိပ်ကမ်းဂိတ်ဝက ထွက်လာတာနဲ့ ဒီသင်္ဘောက အခုမှကပ်တဲ့အသစ်လား ဒီလူတွေ ဒီနေ့မှအပြင်စထွက်တာလားဆိုတာကို ဆိပ်ကမ်းဂိတ်အပြင် ဘက်ကနေ စောင့်ကြည့်သူအချို့ ရှိပါတယ်။ ဒီသင်္ဘောသား အပြင်ရောက်သွားတာနဲ့ အမေရိကန်ဒေါ်လာနဲ့ ဘူဂေးတီးယား နိုင်ငံငွေလဲမလား အသက် ၆၀ ကျော် အဖိုးကြီးများ အတင်းလိုက်မေးပါတယ်။ ငွေလဲလှယ်နှုန်းကလည်းကျွန်တော်တို့စုံစမ်းထားတဲ့ဈေးပါပဲ။ သူကတောင် ပိုပေးနေပါသေးတယ်။ ဒါနဲ့ မြန်မာသင်္ဘောသားအချို့ တယောက် ဒေါ်လာ ၅၀ ဖိုးစီလောက် လဲပြီး မြို့ထဲက စားသောက်ဆိုင်နဲ့ စူပါမက်ကတ်တွေ ဈေးလိုက်ဝယ်တော့ လဲထားတဲ့ ငွေတွေက သုံးမရဘူး။ ဘာလို့လဲ ဒီ ငွေတွေက အတုမိုလို့လားလို့မေးတော့ ဘယ်လိုပြောရမလဲ အတုမဟုတ်ပေမယ့် ကျွန်တော်တို့နိုင်ငံက ၂၅ ကျပ်တန် ၇၅ ကျပ်တန်တို့လို ငွေမဲအဖြစ်ကြေငြာပြီးသားငွေတွေဖြစ်နေတယ်လေ။ ဒါကလည်း သင်္ဘောသား အတော်များများ ကြုံရတာ များတယ်။ ပထမနေ့ Go show အပြင်ထွက်တဲ့သင်္ဘောသာကတော့ အနည်းနဲ့အများ ဘယ်နိုင်ငံမဆို အနည်းငယ်တော့ သမခံလိုက်ရတာများတယ်လေ။

ဘူဂေးတီးယားနိုင်ငံရဲ့  ဗာနာမြို့ထဲလမ်းမပေါ်မှာ ဆီးနှင်းများဖုံးလွှမ်းနေပါတယ်။ ကားသွားလာလို့ရအောင် ဆီးနှင်းဖယ်ခြား ပေးတဲ့ကားတွေနဲ့ အလုပ်သမားတွေကိုလည်းတွေ့ရပါတယ်။ ဥရောပနိုင်ငံတွေရဲ့ထုံးစံအတိုင်း မြို့အလယ် လူစည်ကားရာ နေရာ လမ်းမကြီးတွေပေါမှာ အနှေး အမြန် စတဲ့ မည်သည့်ယဉ်မှ ဖြတ်သန်းသွားလာခွင့်မရှိတဲ့ လမ်းမကျယ်ကြီးတွေကိုတွေ့ မြင်ရပါတယ်။ မြို့လယ်ခန်းမရဲ့ရှေ့မှာတော့ ပန်းခြံအဝိုင်းကြီးတခု ထားရှိပါတယ်။ ခရစ္စမတ်ကာလာ နှစ်သစ်ကူးကာလက ရောင်စုံမီးများ မီးလုံးများနဲ့ ဖန်တီးထားတဲ့ ချစ်စရာအရုပ်လေးတွေကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။

နောက်ပြီး လမ်းမကြီးရဲ့ဘေးဝဲယာမှာ သစ်သားလုံးအိမ်လေးတွေနဲ့ Hot Dog ဆိုင်များနဲ့ သူတို့ဆီက ဒေသအစားအစာဖြစ်တဲ့ ကြက်သားကင်ထားတာတွေကို အသီးအရွက်အစုံ၊ ငရုတ်ဆီ၊ အသားမှုန့် အားလုံးကို စုပြီးလိပ်ထားတဲ့ အင်မတန် လေးလေး ပင်ပင် စားလို့ကောင်းတဲ့ အသားလိပ်ဆိုင်တွေ အများအပြားတွေ့ရှိရပါတယ်။ နောက် ဝိုင်ပူပူနဲ့ ဝက်အူချောင်း ဆိုင်လေး တွေရှိပြီး ဆိုင်ရှေ့ခင်းထားတဲ့  သစ်သားစည်ပိုင်းလေးတွေပေါ်ထိုင် နှင်းတွေ ရေခဲမှုံတွေကြား စားသောက်ရတာလည်း ခံစား ကြည်နူးမှုတခုပါ။ ရုရှ ဗော့ကာအရက်များက ဆိုဗီယက်ခွဲထွက်နိုင်ငံများရဲ့ ရိုးရာအရက်တခုအဖြစ် တွေ့မြင်ရပါတယ်။ ဆောင်းရာသီ အအေးလွန်ကဲတဲ့ ပင်လယ်နက်ထဲက နိုင်ငံအတော်များများက ဗော့ကာကိုသောက်ပြီး အနွေးဓါတ်ယူကြတယ်။

ဗာနာမြို့ရဲ့  စူပါမားကတ်ဆိုင်တွေပေါ်တက်လိုက်ရင်လည်း အနွေးထည် အများဆုံးရောင်းချနေကြပြီး တီရှပ်၊ စပို့ရှပ်၊ ဘောင်းဘီ၊ ဦးထုပ်များ ဈေးနှုံးချိုသာတာကို သွားတွေ့ရတယ်။ အင်မတန်မှာ ဈေးဝယ်ထွက်လို့ကောင်းတဲ့မြို့ကလေးပါ။ တိရိစ္ဆာန် သားရေအမျိုးမျိုးနဲ့လုပ်ထားတဲ့ ဖိနပ် လက်ကိုင်အိတ် အင်္ကျီ စတဲ့ သားရေအဝတ်အထည် သီးသန့်ရောင်းတဲ့ဆိုင်များကို တွေ့ရပါတယ်။

တက္ကစီအငှားကားများကလည်း မီတာနဲ့ ကားခသတ်မှတ်ကြသလို လျှပ်စစ်ကေဘယ်နဲ့လိုင်းကားများကို တွေ့နိုင်ပါတယ်။ ကျွန်တော်က လျှပ်စစ်ဓါတ်ရထားများကိုသာ တွေ့ဖူးတယ်။ အခုလို ကားကို လျှပ်စစ်ကေဘယ်ကြိုးချိတ်ပြီးမောင်းတာ ဘူဂေးရီယားကြမှ စတွေ့ဖူးတာ။ ကျွန်တော့်အထင် လိုင်းမှန်အောင်သွားခိုင်းတာလား ဘတ္ထရီအားသွင်းစနစ်နဲ့ လျှပ်စစ်ကား အဖြစ် အသုံးပြုထားတာလား သေချာမလေ့လိုက်ဖြစ်ပါဘူ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ လမ်းဆုံ လမ်းခွ ကြက်လျှာစွန်းတွေဆို စည်းကမ်းမရှိ ဈေးဆိုင်တွေတက်ရောင်းကြတာ မြင်ဖူး မှာပါ။

ဒီ ဗာနာမြို့လေးရဲ့ လမ်းဆုံလမ်းခွ ကြက်လျှာစွန်းတွေမှာတော့ ပန်းခြံလေးပြုလုပ်ထားပြီး နိုင်ငံရဲ့ အမှတ်တရပုဂ္ဂိုလ်တဦး ဦးရဲ့ရုပ်တုကိုထားရှိကာ လူအများထိုင်နိုင်အောင် ထိုင်ခုံလေးတွေလည်း လုပ်ပေးထားပါတယ်။ ကျွန်တော်တို့ အဲဒိပန်းခြံလေး တွေအနားရောက်ရှိချိန်မှာ ရုပ်တုရှေ့ လွမ်းသူပန်းခြင်း ပန်းခွေတွေချထားတာကို တွေ့မြင်ရပါတယ်။ ချစ်စရာဓလေ့နဲ့ လေး စား အတုယူထိုက်ပါပေတယ်။

ဒီလိုနဲ့ ၁၈ ရက်အကြာမှာတော့ ဗာနာမြို့ကနေ ဂျုံတွေတင်လို့ပြီးပါတယ်။ လမ်းခရီးတလျောက် ပိုးမွှားအန္တရာယ်အတွက် ပိုးသတ်ဆေးလုံးများ ဂျုံတွေထဲကို ကုန်ပေါက်အလိုက် ထည့်ကြပါတယ်။ ဒီပိုးသတ်ဆေးတွေက ဘယ်လောက် အဆိပ်ပြင်း လည်းဆို ကုန်ပေါက် လေဝင်လေထွက်အပေါက်များကို လုံးဝ အဖွင့်အပိတ်မလုပ်ဖို့၊ အပိတ်အတိုင်းသာထားဖို့ အသိပေးစာ တွေကပ်ထားပါတယ်။

ကုန်ချတဲ့နိုင်ငံရောက်လို့ ကုန်ပေါက်အဖုံး Hatch cover ဖွင့်တဲ့အခါမှာလည်း ရုတ်တရက် အနံ့ပြင်းထွက်လာနိုင်တာကြောင့် အဲယားကလင်တာပါတဲ့ မက်စ်ကာဗာတွေကို တပ်ဖို့လည်း အကြိမ်ကြိမ်သတိပေး နှိုးဆော်စာကုမ္ပဏီများက အီးမေးလ်နဲ့ သင်္ဘောကို စာပို့ကြပါတယ်။

ဘူဂေးတီးယားနိုင်ငံ ဗာနာမြို့လေးကဂျုံတွေကို ပင်လယ်နက်မှ မြေထဲပင်လယ်ကိုဖြတ် ဆူးအက်တူးမြောင်းကိုကျော်လို့ အိန္ဒိယနိုင်ငံကို သွားရောက်ပို့ဆောင်ရမှာ ဖြစ်ပါတယ်။

ဗိုလ်သူရိန်
၁၃၊ ၁၊ ၂၀၁၈
ဂျပန်

0