ဇင်လင်း ●၂ဝ၁၈ နှစ်သစ်မှာ မြန်မာ့စီးပွားရေးကျန်းမာဖို့ စစ်စရိတ်တွေလျှော့ချစို့

ဇင်လင်း ●၂ဝ၁၈ နှစ်သစ်မှာ မြန်မာ့စီးပွားရေးကျန်းမာဖို့ စစ်စရိတ်တွေလျှော့ချစို့
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၈

၂ဝ၁၇ ခုနှစ် ကုန်လွန်ခဲ့ပြီ။ ၂ဝ၁၈ ခုနှစ်မှာ နာမကျန်းဖြစ်နေတဲ့ မြန်မာ့စီးပွားရေးကို အမြန်ဆုံးစစ်ဆေးကုသကြဖို့ လိုအပ် နေပြီ။ မြန်မာနိုင်ငံတစ်ဝှမ်းမှ ကုန်သည်စက်မှုအသင်းမှ ကိုယ်စားလှယ်များ၊ နယ်စပ်ကုန်သွယ်ရေးကုန်သည်များ ပါဝင်သည့် လူပေါင်း ၁ဝဝ ကျော်တက်ရောက်သော ကုန်သည်စက်မှုအသင်းချုပ်ညီလာခံကို ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့များမှာ ကျင်းပခဲ့တာကို သတိပြုမိကြမယ်ထင်ပါတယ်။ အခမ်းအနားမှာ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ စီးပွားရေးအကြံပေးတစ်ဦးဖြစ် သူ ထင်ရှားတဲ့စီးပွားရေးပညာရှင်ဦးမြင့်လည်းတက်ရောက်ခဲ့ပြီး မြန်မာ့စီးပွားရေးနဲ့ပတ်သက်တဲ့ အဖွင့်အမှာစကား တစ်ရပ် ပြောကြားခဲ့တာ မှတ်မိကြပါလိမ့်မယ်။

ဦးမြင့်က  “ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ နာမကျန်းဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီစီးပွားရေး နာမကျန်းမှု ကိုကုသဖို့ ဆရာဝန်နှင့်ဆွေးနွေးရန်၊ ဆေးစစ်ရောဂါရှာဖွေရန်၊ ညွှန်းထားသည့် ဆေးသောက်ရန် စသဖြင့် လိုက်ဆောင်ရွက်ရန် ဖြစ်ပါသည်။ အချုပ်ပြောရရင် ဒီစီးပွားရေးနာမကျန်းမှုကြီးကို အထက်ဖော်ပြသလိုဆောင်ရွက်ရန် စီမံကိန်းချမှတ်၍ သို့မ ဟုတ် မဟာဗျူဟာ လိုအပ်ပါတယ်။” လို့ သုံးသပ်တင်ပြသွားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုမရှိဖြစ်နေရတဲ့ကိစ္စဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ တနည်းပြောရရင် နှစ်ပေါင်း ၇ဝ မျှ ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ယနေ့တိုင် မရပ်နိုင်သေးပါ။  တိုင်းရင်းသားစည်း လုံးညီညွတ်ရေးလည်း ယခုထိ မရရှိသေးပါ။ ဒါကြောင့် ငြိမ်းချမ်းရေးလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ တိုင်းပြည် မငြိမ်း ချမ်းသမျှ၊ တိုင်းရင်းသား ပြည်သူလူထု သွေးစည်ညီညွတ်မှု မရှိသမျှ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါ။ တောမီး လောင်ရင် တောကြောင် လက်ခမောင်းခတ်စမြဲပါပဲ။ ပြည်တွင်းစစ် ဖြစ်နေသမျှ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကလည်း ဆက်လက်ကြီးထွားနေမှာ ဖြစ်ပါတယ်။ ဒီ့အပြင် သစ်နဲ့ ကျောက်စိမ်းအပါအဝင် သယံဇာတ တရားမဝင် ရောင်းဝယ် နေမှုတွေ၊ လူကုန်ကူမှုတွေ၊ အခြား တရားမဝင် ဒုစရိုက်စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာမှာ သေချာပါတယ်။ ဒီတော့ အဲဒီလို ဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေဆီက ငွေမည်းအများစုဟာ ပင်မစီးပွားရေးလည်ပတ်မှုဖြစ်စဉ်ထဲကို  စီးဝင်နေမှာ သေချာပါ တယ်။ ငွေမည်းတွေကို ခဝါချဖို့ ဒုစရိုက်စီးပွားရေးသမားတွေ ကြိုးစားကြမှာ အသေအချာပါပဲ။ ဒါကြောင့် ငွေကြေးဖေါင်းပွမှု ကို လွယ်လွယ်နဲ့ ထိန်းချုပ်မရနိုင်ဘဲ၊ သာမန် လက်လုပ်လက်စား ပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခံနေကြရခြင်းဖြစ်ပါ တယ်။

ဒီ့အပြင် ငွေမည်းလည်ပတ်မှုကို အားပေးအားမြှောက်လုပ်နေတဲ့ အကျင့်ပျက် အရာထမ်း အမှုထမ်းတွေရဲ့ကိစ္စကိုလည်း လျှော့တွက်လို့မရပါဘူး။ ဥပမာအားဖြင့် ဒီကနေ့ မြန်မာနိုင်ငံကို ဘေးကျပ်နံကျပ်ဖြစ်စေတဲ့ အနောက်တံခါး ကျိုးပေါက်မှု ကို မထောက်မညှာ ဝေဖန်ရရင် အကျင့်ပျက်လာဘ်စားတဲ့ အစိုးရအမှုထမ်းတွေကြောင့်လို့ဆိုနိုင်ပါတယ်။ လုံခြုံရေးအရ တာဝန်ရှိတဲ့ ဝန်ထမ်းပိုင်းက လာဘ်ငွေယူပြီး အနောက်တံခါးကနေ လူကုန်ကူးမှု Human Trafficking) မှာ ပါဝင်ပတ်သက် ခဲ့တာဟာ တကယ့်မြေပြင် အခြေအနေ ဖြစ်ပါတယ်။ အလားတူ အရှေ့မြောက်တံခါးလည်း ကျိုးပေါက်ခဲ့ပါတယ်။ မူးယစ် ရာဇာတွေ အားကောင်းခဲ့တဲ့ အရှေ့မြောက်ဒေသမှာ  လုံခြုံရေးအရ တာဝန်ရှိတဲ့ ဝန်ထမ်းပိုင်းက အကျင့်ပျက် လာဘ် စားခဲ့တာကြောင့် ဒီကနေ့ မန္တလေးနဲ့တကွ အထက်မြန်မာပြည်ဟာ တရုတ်လူမျိုးတွေ အမြောက်အများ စီးဝင် နေရာယူတာ ကို လက်ပိုက်ကြည့်နေရပါတယ်။ ဒီကိစ္စတွေအားလုံးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေးတည်ငြိမ်မှုတွေနဲ့ ဆက်စပ် နေပါတယ်။ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကဏ္ဍအသီးသီးက တာဝန်ရှိသူ အရာထမ်း အမှုထမ်းတချို့ နိုင်ငံအပေါ် သစ္စာမရှိမှုကြောင့်၊ အကျင့်ပျက် လာဘ်စားမှုကြောင့်၊ အခြားနိုင်ငံသား များ စိမ့်ဝင်မှုနဲ့အတူ ငွေမည်းပမာဏလည်း အမြောက်အများ ဝင်ခဲ့တာဖြစ်တယ်။ ငွေမည်းထုထည် ကြီးလေ ငွေကြေးဖေါင်းပွမှု မြင့်တက်လေပါပဲ။ အကျင့်ပျက်ခြစားမှု (Corrupting) လျော့ပါးသွားအောင် မလုပ်နိုင်ခြင်း၊  အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမှု လျော့ရဲခြင်းတို့ကြောင့် တိုင်း ပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆုတ်ယုတ်ရရုံမက၊ တရားမဝင် လူမျိုးခြားတို့ဝင်ရောက် နေထိုင်မှုကိုလည်း ထိန်းမရဘဲ ဖြစ်နေပါတယ်။

အထူးသဖြင့် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အကျင့်ပျက်ခြစားမှု (Corrupting) တိုက်ဖျက်ရေးကို ဦးစားပေး ကိစ္စအဖြစ် ထိထိရောက်ရောက် လုပ်ဖို့လိုသလို၊ ငြိမ်းချမ်းရေးအမြန်ရရှိဖို့လည်း တပြိုင်နက် လုပ်ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်း ရေး မရသေးသမျှ ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်တွေက တနှစ်ထက် တနှစ်တိုးတောင်းလာနေဖို့သာရှိ ပါတယ်။ ဒုစရိုက် ဝိသမ စီးပွားရေးသမားတွေကို မဖြိုခွင်းနိုင်တဲ့အတွက် ငွေမည်းစီးဝင်မှုလှိုင်းလုံးတွေကို တားဆီးဖို့လည်း ခက်ခဲပါလိမ့် မယ်။ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးမယူတဲ့အတွက် ငွေမည်းတွေ တိုးတက်စီးဝင်နေမှာဖြစ်ပြီး၊ အစိုးရအနေနဲ့ ငွေကြေး ဖေါင်းပွမှုကို ထိန်းချုပ်ဖို့ မလွယ်ပါ။ ငွေကြေးဖေါင်းပွမှု မြင့်လာလေ၊ ပြည်တွင်း ကုန်ထုတ်လုပ်မှု ကျဆင်းလေ ဖြစ်တတ်ပါတယ်။ ကုန်ထုတ်လုပ်မှု ကျတဲ့အခါ ကုန်ဈေးနှုန်းလည်း ဆက်ကာ ဆက်ကာ တက်လေ့ရှိပါတယ်။ ဒီတော့ စစ် သည် အင်အား လေးသိန်းကျော်ရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်ဘတ်ဂျက် ကိန်းဂဏန်းတွေလည်း ကြီးမားလာ ဖို့သာရှိပါတယ်။

NLD အစိုးရ ဒုတိယနှစ် သက်တမ်း အတွင်း မြန်မာနိုင်ငံစီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာလိမ့်မယ်လို့ မျှော်မှန်းကြောင်း  အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ရဲ့ ၂ဝ၁၇ အတွက် စီးပွားရေးမျှော်မှန်းချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် တဖက်မှာ  ငွေ ကြေးဖောင်းပွမှုအခြေအနေက စိန်ခေါ်နေတာကိုလည်း သတိထားဖို့ လိုတယ်လို့ဆိုထားပါတယ်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (GDP) ဟာ ၂ဝ၁၇ ခုနှစ်မှာ (၇ . ၇ ရာခိုင်နှုန်း) ရှိမယ်လို့ဟု အာရှဖွံ့ဖြိုးရေးဘဏ်က မျှော်မှန်းထားပြီး၊ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးမှု (၇ . ၁ ရာခိုင်နှုန်း) ခန့်ရှိမယ်လို့ခန့်မှန်းထားတာ တွေ့ရပါ တယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်း ဟာ ၂ဝ၁၆ က (၆ . ၅ ရာခိုင်နှုန်း) ရှိပြီး၊ ၂ဝ၁၇ တွင် (၇ ရာခိုင်နှုန်း) အထိ မြင့်တက်လာနိုင်ကြောင်းလည်း  ADB က မျှော်မှန်းထားတယ်လို့ဆိုပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာက မသေချာပေ မယ့် ငွေကြေးဖောင်းပွမှု (Inflation) နှုန်း မြင့်တက်လာနေတာကတော့ သေချာသလို ဖြစ်နေပါတယ်။

တချိန်တည်းမှာ လူတစ်ဦးပျမ်းမျှဝင်ငွေ (Per Capita Income) အခြေအနေကို နှိုင်းယှဉ်ကြည့်ရင်၊ စင်ကာပူနိုင်ငံရဲ့ လူတစ်ဦး ပျမ်းမျှဝင်ငွေ ၅၂,၈၈၉ ဒေါ်လာ၊ တောင်ကိုရီးယားနိုင်ငံ ၂၇,၂၂၂ ဒေါ်လာ၊ မလေးရှားနိုင်ငံ ၉,၇၆၆ ဒေါ်လာ၊ ထိုင်းနိုင်ငံ ၅,၈၁၆ ဒေါ်လာရှိပြီး၊ မြန်မာနိုင်ငံက ၁,၂ဝ၄ ဒေါ်လာခန့်သာရှိတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေ (Per Capita Income) အခြေအနေဟာ အလွန် နိမ့်ကျနေတာ တွေ့နိုင်ပါတယ်။

ဒီအနေအထားက မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ခြင်း မရှိသေးကြောင်း ပေါ်လွင်နေပါတယ်။ အိမ်နီးချင်းထိုင်းနဲ့ မလေးရှားတို့အဆင့်ရဲ့ ထက်ဝက်မျှကို မှီအောင်တောင် အတော်ကြီးကြိုးစား အားထုတ်ရဦးမယ့် အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(Least Developed Country-LDC) အဖြစ်က ရုန်းထွက်နိုင်ရေး အတွက် မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံက ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အထက်မှာ ဆိုခဲ့ တဲ့ နိုင်ငံရေးတည်ငြိမ်မှု(Political Stability) ဟာ စီးပွားရေးမူဝါဒချမှတ်ရာမှာ အလွန် အရေးပါ ရုံမက လူမှုစီးပွားရေးဘဝ တိုးတက်ဖွံ့ဖြိုးရေး (Socio-economic Development) ကို ဆောင်ရွက်ရာမှာလည်း ပဓါနကျတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ လွှမ်းခြုံသုံးသပ်ရရင် NLD အစိုးရက ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေး ဆောင်ရွက်ခြင်းဟာ မှန်ကန်တဲ့ လမ်းစဉ်ဖြစ်ပါတယ်။ Least Developed Country ဘဝက  လွတ်မြောက်ရေးအတွက် အရင်ဆုံး လုပ်သင့်တာကလည်း နိုင်ငံရေး တည်ငြိမ်မှုရှိရေးပါပဲ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာရော အာရှဒေသမှာပါ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်တာ ထင်ရှားနေပါတယ်။

ဒါကြောင့် ‘နိုင်ငံရေးတည်ငြိမ်မှု’ ရှိလာရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်စေဖို့ သက်ဆိုင်သူအားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရပါလိမ့်မယ်။ ‘နိုင်ငံရေး တည်ငြိမ်မှုရေး’ သို့မဟုတ် ‘ငြိမ်းချမ်းရေးရရှိရေး’ ကိစ္စကိုသာ  အောင်မြင် အောင် လုပ်နိုင်ခဲ့ရင် ကာကွယ်ရေးစရိတ် လျှော့ချ နိုင်ဖွယ်ရှိပြီး၊ စီးပွားရေး ကဏ္ဍလည်း ကျွဲကူးရေပါ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် တပ်မတော် ခေါင်းဆောင်ပိုင်း အနေနဲ့လည်း အမြော်အမြင်ရှိရှိ၊ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး၊ အမြန်ဆုံး စစ်ပွဲတွေ ရပ်သွားအောင် NLD အစိုးရနဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။ မိမိတို့ အဖွဲ့အစည်းအကျိုးနဲ့ မိမိတို့နိုင်ငံ အကျိုး ယှဉ်လာရင် နိုင်ငံအကျိုးကို ဦးစားပေးရိုးရှိတဲ့အတွက် တပ်မတော် ခေါင်းဆောင်များအနေနဲ့ မိမိတို့သစ္စာဓိဋ္ဌာန် ပြုချက်အတိုင်း ပြည်သူ့အကျိးကို ရှေးရှုပြီး နိုင်ငံတည်ငြိမ် အေးချမ်းအောင်အားထုတ်ဖို့လိုပါတယ်။

 အထူးသဖြင့် ဘတ်ဂျက် Deficit နဲ့ Trade Deficit တွေကြောင့် တိုင်းပြည် ဆင်းရဲဒုက္ခ ကြုံတွေ့ခံစားနေရချိန်မှာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်းဟာ အလွန် ဆိုးရွားတဲ့ ကိစ္စဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်လျှော့ချခြင်းမရှိဘဲ ပိုတိုးပေးခဲ့တယ်လို့ ‘တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့’ (Tagaung Institute of Political Studies) ရဲ့ စစ်တမ်းတရပ်က ဖော်ပြထားကြောင်း Daily Eleven သတင်း အရသိရပါတယ်။  ‘တကောင်းနိုင်ငံရေး လေ့လာမှု အဖွဲ့’ နဲ့ ‘မြန်မာ့မဟာဗျူဟာလေ့လာရေးစင်တာ’ (Myanmar Center for Strategic Studies) တို့ ပူးပေါင်းထုတ်ဝေတဲ့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်  ကာကွယ် ရေး အသုံး စရိတ် လေ့လာချက် စာတမ်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ လွှတ်တော်က ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တင်သွင်းတဲ့ ကာကွယ်ရေးဘတ်ဂျက်ကို စိစစ် လျှော့ချမှု ပြုလုပ်နိုင်ခြင်း မရှိဘူးလို့ဆိုပါတယ်။  အစိုးရသစ်ရဲ့ ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက်ကို သတ်မှတ်ထားခဲ့တဲ့ ပမာဏ ထက် တိုးပေးခဲ့ရပြီး၊ ဒီဇင်ဘာလမှာလည်း နောက်တိုး ထပ်မံတောင်းခံငွေကို အတည်ပြုခဲ့တယ်လို့ဆိုပါတယ်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှ တင်သွင်းတဲ့ ဘတ်ဂျက်ကို စိစစ်ဖို့ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အတွက် ကျပ် ၁၆၅၅.၄၃၆ ဘီလီယံ တင်ပြတောင်းခံခဲ့ပြီး လွှတ်တော်က ၁ ဘီလီယံပဲ စိစစ်လျှော့ချပြီး ၁၆၅၄.၄၃၆ ဘီလီယံ ခွင့်ပြုခဲ့ကြောင်း သတင်းကဆိုပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၂၅ဝ.၈၆၅ ဘီလီယံ တင်ပြတောင်းခံခဲ့ပြီး လုံးဝ အဖြတ်အတောက်မရှိဘဲ ခွင့်ပြုခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ထဲမှာ စက်ပစ္စည်း အသုံးစရိတ်ကို ကျပ်ဘီလီယံ ၁,ဝဝဝ ကျော် သတ်မှတ်ထားတယ်လို့ စာတမ်းမှာ ဖော်ပြထားပြီး ဒီထဲမှာ  စစ်လက်နက်ဝယ်ယူဖို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။

ကမ္ဘာနိုင်ငံပေါင်း ၁၂၇ နိုင်ငံ ရဲ့ စစ်အင်အားတွေကို နှိုင်းယှဉ်ဖော်ပြထားတဲ့ Global Fire Power (GFP)ရဲ့ ၂ဝ၁၇ ခုနှစ် ညွှန်းကိန်းအရ မြန်မာ့တပ်မတော်ဟာ ကမ္ဘာမှာ စစ်အင်အားကြီးမှု အဆင့်(၃၂) မှာ ရှိနေပါတယ်။ GFP ညွှန်း ကိန်းအရ  အမေရိကန်က စစ်အင်အား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဆိုမာလီယာက အောက်ဆုံး အဆင့် ၁၂၆ နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံက အဆင့် ၁၂၇ ဖြစ်ပါတယ်။ Least Developed Country(LDC) ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့ မြန်မာနိုင်ငံက စစ် အင်အား ကမ္ဘာ့အဆင့်(၃၂) ရှိချိန်မှာ  ချမ်းသာကြွယ်ဝတဲ့ နယူးဇီလန်နိုင်ငံရဲ့ စစ်အင်အားက ကမ္ဘာ့အဆင့်(၁ဝ၁) ဖြစ်ပါ တယ်။ နယူးဇီလန်နိုင်ငံက ကမ္ဘာမှာ အစိုးရ ပွင့်လင်းမြင်သာမှု (Transparency) အရှိဆုံး နဲ့ လာဘ်ပေးလာဘ်ယူခြစားမှု (Corruption) အကင်းစင်ဆုံး ကမ္ဘာ့နံပါတ်(၁)နိုင်ငံ ဖြစ်တာကို သတိပြု နှိုင်းယှဉ် ကြည့်သင့် ပါတယ်။

GFP ရဲ့ ၂ဝ၁၇ စာရင်းအရ မြန်မာတပ်မတော်မှာ စစ်သား ၄ဝ၆,ဝဝဝ ယောက်ရှိပြီး၊ တင့်ကား ၅၉၂ စီး၊ သံချပ်ကာယာဉ် ၁,၃၅၈ စီး၊ အမြောက်လက်နက် ၁,၃ဝဝ ခန့်၊ တိုက်လေယာဉ် ၅၆ စီးအပါအဝင် စစ်ဖက်သုံးလေယာဉ် ၂၄၉ စီး နဲ့ စစ်ရေယာဉ်မျိုးစုံ ၂ဝ၃ စီးရှိတယ်လို့ဆိုပါတယ်။ မြန်မာ့ကာကွယ်ရေးအသုံးစရိတ် GFP ညွှန်းကိန်းအရ ဒေါ်လာသန်းပေါင်း ၂,၄ဝဝ ရှိတယ်လို့ဆိုပါတယ်။ တချိန်ထဲမှာ နိုင်ငံတကာကြွေးမြီက ဒေါ်လာ ၉,ဝ၄၁ သန်း ရှိကြောင်း ဖေါ်ပြထားပါတယ်။

ဒီအခြေအနေ အခင်းအကျင်းတွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ ပြည်ပရန် မရှိဘဲ စစ်အင်အား ကြီးမားလွန်းနေ တာတွေ့ရတယ်။ ဖြစ်သင့်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ဖို့နဲ့ ငြိမ်းချမ်းရေး ရရှိ ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ်လုပ်ဖို့ ဖြစ်ပါတယ်။ အားလုံး စေတနာသန့်သန့်နဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်တူညီကြတယ်ဆိုရင် အနှေးနဲ့အမြန် ငြိမ်းချမ်းရေးရရှိနိုင်ပါတယ်။ နိုင်ငံနဲ့ပြည်သူအပေါ် တကယ် စေတနာ ထားရင် စစ်ပွဲတွေရပ်ဖို့ ကိစ္စမှာ အယူသီးမှု တယူသန်မှု ပုဂ္ဂလဒိဋ္ဌာန်အစွဲသန်မှုတွေကို လျှော့ချကြဖို့လိုပါတယ်။ ဒီကနေ့ တိုင်းပြည် ဆင်းရဲမွဲတေနေရတာ စစ်စရိတ် ကာကွယ်ရေးစရိတ်တွေ မတန်တဆကျခံနေရလို့ဖြစ်တယ်။ ပြည်သူတွေ လူတန်းစေ့ မနေနိုင်ကြတာလည်း ဒီစစ်စရိတ် ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရလို့ပါပဲ။ ဒါကြောင့် ကမ္ဘာနိုင်ငံပေါင်း ၁၂၇ နိုင်ငံ ရဲ့ စစ်အင်အားတွေကို နှိုင်းယှဉ်ဖော်ပြထားတဲ့ Global Fire Power (GFP) ၂ဝ၁၇ ခုနှစ် ညွှန်းကိန်းမှာ  မြန်မာ့တပ်မတော် က အဆင့်(၃၂) မှာ ရှိနေခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ဘဲ ရှက်စရာကိစ္စသာ ဖြစ်ပါတယ်။ ပြည်သူတွေ ဆင်းရဲချို့တဲ့နေစဉ် မှာ စစ်စရိတ်တိုးမြှင့်သုံးစွဲမှု အတတ်နိုင်ဆုံး လျှော်ချဖို့လိုပါတယ်။ ဒီကနေ့ ကမ္ဘာ့ အနေအထားအရ နိုင်ငံတကာနဲ့ သံခင်း တမန်ခင်း ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ထူထောင်ခြင်းနဲ့ ကုန်သွယ်ရေး စီးပွားရေး တိုးချဲ့ဆက်သွယ်ခြင်းတို့က စစ်အင်အားတိုးချဲ့တာထက် ပိုမို ကောင်းမွန်တဲ့ ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတို့လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းစစ်အမြန်ရပ်ဖို့လိုပါတယ်။ ကာကွယ်ရေးဘတ်ဂျက်ကို အနိမ့်ဆုံးသို့ လျှော့ချသင့်ပါတယ်။ ပြည်သူ လူထုအနေနဲ့ စစ်စရိတ်အခွန်အတုတ်တွေ မတန်တဆပေးဆောင်နေရသမျှ မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနက်မြဲ နက်နေဦး မှာဖြစ်တဲ့ အချက်ကို အစိုးရ၊ လွှတ်တော်နဲ့တပ်မတော်အတွင်းရှိ နိုင်ငံ့ခေါင်းဆောင်တာဝန်ယူထားသူများ အလေးအနက် ပြန်လည် စဉ်းစား သုံးသပ်ကြရမယ့် အချိန်ရောက်နေပြီ ဖြစ်ကြောင်းပါ။

Comments