ရိုးတံ (ပုလဲနယ်) ● ကုန်လွန်နာရီများ


ရိုးတံ (ပုလဲနယ်) ● ကုန်လွန်နာရီများ
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

(၁)
အချိန်ကို
လူတွေခဏချင်းဝါးလို့
အမှားမရှိ သက်သေရှိတယ်
ပြယ်ပျောက်တဲ့အရောင်ရွေးထားတယ်
စနစ်တစ်ခုလုံး
ကိုယ့်မျက်လုံးကို ကိုယ်ပြန်ကြည့်တော့
လူကြိုက်နည်းတယ်…

(၂)
သံပတ်တွေပြန်ရစ်ကြည့်ကြ
သစ္စာတရားက
အမှန်တရားပေါ်မှာရှိတယ်ပြောတာပဲ
ငါ့ကိုယ်ပေါ်မှာလည်း မတွေ့ရ
သူ့ကိုယ်ပေါ်လည်း မတွေ့ရ
ဘုရားနဲ့ နီးနီးလေး
ဝေးတယ်…

(၃)
လက်တံပေါ်
တစ်ကမ္ဘာလုံး တွဲခိုထားလျက်
အိပ်မက်ချင်းကွာတယ်
ဒီနေရာ
ညတာပိုရှည်လို့များလား
အလင်းဟာ လူပြောများသလောက်
ရှာရတာခက်တယ်ဆိုတာ
ပျောက်လို့မှမဟုတ်ဘဲ
ဖျောက်ထားတာပဲ ဖြစ်မယ်…

(၄)
နာကျင်တိုင်း
ရယ်စရာတွေ ပြောတတ်ကြ
ရှိစုမဲ့စုလေးတွေ
သံသရာကြွေး ခွဲဝေယူကြ
ဘာသာဗေဒနဲ့ပညာမကွဲဘူး
ဘွဲ့တွေ လွန်လာတယ်
ပြင်စရာရှိတာ ဖာထေးလို့
သုံးလို့ရသလောက်
ပြန်ကြည့်ပြန်ကြည့်နဲ့
ပြန်မကြည့်ခဲ့ကြပါဘူး…

(၅)
အချက်ပြသံကြားရ
အချိန်ကိုက်ဖို့လည်းမဟုတ်ဘူး
အချိန်တိုက်ဖို့လည်းမဟုတ်ဘူး
ရင်ဘတ်ထဲက ချိန်ကိုက်ဗုံး
အကြောက်တရားတွေ
အကြာကြီးဖုံးထားတော့
မျက်လုံးတွေ
ပုန်းခိုကျင်ရှိရာ အသိတာဖြစ်ခဲ့…

(၆)
ရေမြောင်းတွေ
မြစ်ဖြစ်အောင်လွှဲတယ်
မြစ်တွေက ရေမြောင်းလောက်ဖြစ်သွားတယ်
မြစ်လား
မြောင်းလား
သမိုင်းအထောက်အထား
ထားခဲ့သလောက် သမိုင်းအမှားတွေနဲ့
စီးဆင်းမှုလားရာအတိုင်း စီးဝင်လျက်…

(၇)
အလွန်တွေ လွန်လာပြီ
လွန်လာတာကို လွမ်းလို့လွမ်း
ကန်းနေတဲ့နား
မကြားရတဲ့မျက်စိ
နှာစေးတဲ့ အမှုပေါင်းများတယ်
သင်ပုန်းပေါ်က လက်ရေးမူအတိုင်း
ခပ်စိမ်းစိမ်းနဲ့
ခပ်သိမ်းသောသတ္တဝါတို့
မာတိကာကို ကျော်ဖတ်ပေးပါ
အမှာစာမပါလို့မို့…

ရိုးတံ (ပုလဲနယ်)

Comments