လင်းသက်ငြိမ် ● အိမ်စာ

လင်းသက်ငြိမ် ● အိမ်စာ
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၈

ကိုယ်ထိုင်နေတဲ့အကိုင်းကိုမှ
ခုတ်ခုတ်ချနေရတဲ့ ခေတ်ပဲ
သဒ္ဓါတရားကို အသံထွက်ကြော်ငြာဖို့
အလှူခံမဏ္ဍပ်ရှိနေခဲ့ပြီ
သောက်သုံးဟာ မကျဘူး
တင်နေတယ်
သစ်ပင်ခွဆုံပေါ်က သစ်ကိုင်းခြောက်တခုလို
တင်နေတယ်
ငွေနံ့ရရင် ငါ့အမြီးက နှံ့လာသလားပဲ
ခွေးစိတ်ပေါက်ရတာ အဆင်ပြေမယ့် ကမ္ဘာလား
ခက်တဲ့အကြောင်းက
ရိုးအီနေတဲ့ လှည်းဝင်ရိုးသံပဲ
ကလီရှေးနဲ့ အနာဖေးမတက်လို
လွယ်လိုက်တာမှ သိပ်လွယ်
သေဖို့ရယ် ခွေဖို့ရယ်
ဓားချက်ချင်းတူပေမယ့်
သံချပ်ကာမပါတဲ့ရင်က ပိုနာရတာပဲ
ဒဏ်ရာဆိုတာကလည်း
ပိုက်ဆံတောင်းတဲ့ ခွက်တခွက်ပဲမဟုတ်လား
ဒဏ်ရာများများ ခွက်များများနဲ့
သူတောင်းစားလေး ကြွလာပြီ
ချစ်လှချည်ရဲ့ဆိုတဲ့တယောက်လည်း
အရင်တစ်ယောက်အချိုးနဲ့ပဲ
ရင်ကိုထိုးဖောက်သွား
တစ်ခြမ်းသေနေတဲ့ ဥယျာဉ်တော်မှာ
ငါမနေပျော်လိုတော့ဘူး
ဖြစ်နိုင်ရင် မြစ်ရေထဲ မျက်ရည်တွေနဲ့
ခုန်ဆင်းပစ်လိုက်ချင်ပြီ
ဝဋ်ကြီးတော့ ရေကူးတတ်နေရတဲ့ ဘဝပေါ့ကွာ
မက်စရာမကောင်းတဲ့ဘ၀မှာ
ရသမျှခြစ်ခြုတ်နေထိုင်မိသေးတဲ့စိတ်နဲ့
ငါပြန်ပြန်တက်လာရတဲ့လမ်းမတွေဟာ
တော်လှန်ရေးတွေနဲ့
အာဏာရမှုတွေနဲ့
လှိုင်းတွေ တဖျပ်ဖျပ်
ဖိနပ်ပြတ်တွေ လမ်းဘေးမှာပြန့်ကြဲ
တယောက်တည်း ငိုရယ်တတ်တဲ့
မျက်နှာကို အလိုလိုရခဲ့ပြီ
ငါ့ကျရှုံးမှုတွေမှာ
မင်းရယ်သံတွေလိပ်ပြာလုံပါစေ
သူငယ်ချင်းရာ
လူပြောများတဲ့ မသေမရှင်ခေတ်ကြီးထဲ
အောက်ပိုင်းသေနေတဲ့ ခွေးတကောင်လို
အသက်ရှင်ခြင်းကို သစ္စာရှိရဦးမှာပေါ့
မိုးရွာသွန်းတဲ့နေ့တွေဟာ  ထာဝရမရှိ
နေရောင်ခြည်ကြာပွတ်များအပြီး
ပန်းပွင့်ကလေးရဲ့ကိုယ်ငွေ့နဲ့
ငါလည်းတနေ့ နွေးနိုင်မယ်ထင်တာပဲ
သစ်ပင်ရဲ့အလောင်ကျွမ်းခံရမှုဟာ
အေးမြတဲ့အရိပ်ဖြစ်နိုင်ပါတယ်
ငါလာခဲ့ဦးမယ်ပေါ့ ကမ္ဘာမြေကြီးရေ။

လင်းသက်ငြိမ်
0