ကိုဂျေ - တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်) - ၂


 ကိုဂျေ - တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်) -  ၂
(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၈

‘လွမ်းလိုက်တာကွာ၊ ငါနဲ့ အတွဲဆုံး စာရေးဆရာတွေပဲ သေမင်းက ဆွဲခေါ်နေသလားထင်ရတယ်’ လို့ ဆရာဦးအောင်သင်းက ဗုဒ္ဓဟူးဝိုင်းမှာ မကြာခဏ ပြောလေ့ရှိပါတယ်။ ဆရာဦးအောင်သင်း ပြောတဲ့ သူနဲ့ အတွဲဆုံး စာရေးဆရာတွေ ဆိုတာကတော့ ဗိုလ်မှူးဘသော် (ခေါ်) မောင်သော်က၊ ဥပဒေပညာရှင် ဦးကိုယု (ခေါ်) မောင်သစ်နဲ့ ဆရာမြသန်းတင့်တို့ကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

ဆရာမောင်ကိုယုနဲ့ ဆရာမောင်သော်က တို့ရဲ့ စာပေဟောပြောပွဲတွေဆိုရင် အတွဲညီတဲ့အကြောင်း၊ ဟောပြောပွဲပြီးသွားတာတောင် ဆက်ဟောဖို့ ပရိသတ်က အော်တဲ့ အထိ ကြုံခဲ့ဖူးကြောင်းကိုလည်း ဦးအောင်သင်းက ပြောပါတယ်။ ဆရာဦးကိုယုဟာ တရုတ်ကပြားဖြစ်ပြီး.. ဆရာမောင်သော်က ဟာ မြန်မာမွတ်ဆလင်တဦးဖြစ်ပါတယ်။ ဦးကိုယုက ကျောင်းသားခေါင်းဆောင်၊ ဥပဒေပညာရှင် စာရေးဆရာ၊ မောင်သော်ကက တပ်မတော်ရေ အရာရှိ၊ စာရေးဆရာ ဆိုပေမယ့် အတွေးအခေါ် အယူအဆနဲ့ ပတ်သက်ရင် ကွာဟချက် သိပ်မရှိဘူးလို့လဲ ပြောပါတယ်။

ဆရာမောင်သော်က အကြောင်းကို မသိခင်က စစ်ဗိုလ်တွေဟာ ပေါင်းသင်းဆက်ဆံရေးမှာ အသာစီးကနေတတ်တယ်။ သူတို့ကမှ တိုင်းပြည်ကို ချစ်တယ်ဆိုတဲ့ အယူအဆ ရှိတတ်တာကြောင့် ဆရာမောင်သော်ကအပေါ်မှာ ဆရာမြသန်းတင့်က အမြင်မကြည်ခဲ့ကြောင်း၊ ဦးအောင်သင်းကြောင့် စာပေဟောပြောပွဲတွေ အတူတူ သွားကြတဲ့ အခါမှာတော…. ဆရာမောင်သော်ကဟာ အရပ်သားစိတ်ရှိတဲ့ စစ်ဗိုလ် စာရေးဆရာ ဖြစ်ကြောင်းနဲ့ ချစ်ဖို့ကောင်းတဲ့ လူတယောက်ပဲ ဖြစ်ကြောင်း ဆရာမြသန်းတင့်က မှတ်ချက်ပေးခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဆရာမောင်ကိုယုနဲ့ ဆရာမောင်သော်ကတို့ဟာ သရော်စာ ရေးရာမှာရော၊ ဟောပြောတဲ့နေရာမှာ ထူးချွန်ပြောင်မြောက်တဲ့ စာရေးဆရာတွေ ဖြစ်တယ်လို့လဲ ဆရာမြသန်းတင့်က ပြောတတ်ပါတယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့…အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စတင်ဖွဲ့စည်းတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကျောင်းသားလူငယ်နဲ့ တတ်သိပညာရှင်များ အဖွဲ့မှာ ဦးကိုယုနဲ့ ဆရာမောင်သော်ကတို့ ပါဝင်ခဲ့ကြပါတယ်။ တတ်သိပညာရှင်တွေအပေါ် ဗိုလ်ချုပ်အောင်ကြီးက အမြင်မကြည်ခဲ့ပါဘူး။ NLD ပါတီက ကွန်မြူနစ်လိုလားသူတွေကို ဖယ်ရှားပေးဖို့ ဗိုလ်ချုပ်အောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို စာရေးခဲ့ပါတယ်။ သတင်းစာဆရာကြီးဦးဝင်းတင်၊ ဗဟိုတရားရုံးရှေ့နေကြီး ဦးထွန်းတင်၊ ဗဟိုတရားရုံးရှေ့နေကြီး ဒေါ်မြင့်မြင့်ခင်၊ ဦးချမ်းအေး (ခေါ်) စာရေးဆရာ မောင်စူးစမ်း၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်၊ စာရေးဆရာမောင်မိုးသူ၊ စာရေးဆရာ မောင်သော်ကနဲ့ စာရေးဆရာ မောင်ကိုယုတို့ကို ဗိုလ်ချုပ်အောင်ကြီးက ကွန်မြူနစ်လိုလားသူများလို့ စွပ်စွဲခဲ့ပါတယ်။ ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြီးရဲ့ စွပ်စွဲချက်ကို မဲခွဲဆုံးဖြတ်တဲ့ အခါမှာ ဦးအောင်ကြီးဘက်က ရှုံးခဲ့တဲ့အတွက် NLD ပါတီကနေ ဗိုလ်ချုပ်အောင်ကြီး ထွက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နားမှာ ဝန်းရံခဲ့တဲ့ တတ်သိပညာရှင်တွေ အားလုံးနီးပါးကိုလဲ စစ်အစိုရက ဖမ်းဆီထောင်ချခဲ့ပါတယ်။

 xxxxxxxxxx

ဆရာမောင်ကိုယုကို ၁၉၃ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ အဖဦးအုန်းခိုင်နဲ့ အမိ ဒေါ်ကြင်မေတို့က ပဲခူးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၉၈ ဒီဇင်ဘာ ၁၇ ရက် အသက် ၆၈ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မွေးချင်း ကိုဦးမှာ သတ္တမမြောက်သား ဖြစ်ပါတယ်။ သူ့အစ်ကိုအရင်းဟာ ဗိုလ်မှူးကြီးတန်ယုဆိုင် ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းယူခဲ့ပြီး ပြန်လည်ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင် ၁၇ ဦးထဲမှာ ဗိုလ်မှူးကြီးတန်ယုဆိုင် ပါဝင်ခဲ့ပါတယ်။ စာရေးဆရာမ ဒေါ်မြတ်လေး (ဒေါ်သိန်းဆိုင်)ရဲ့ မောင်လည်း ဖြစ်ပါတယ်။

xxxxxxxxx

နှစ်စဉ် အာဇာနည်နေ့ကို ရောက်ပြီဆိုရင် ဆရာမောင်ကိုယုကို တမ်းတမ်းတတ သတိရလေ့ရှိပါတယ်။ ကိုဂျေ့ဘဝမှာ နာမည်ကြီး စာရေးဆရာကြီးတွေရဲ့ စာပေဟောပြောပွဲကို အာဇာနည်နေ့မှာ စတင် နားထောင် ဖူးတာဖြစ်ပါတယ်။ အဲဒီတုန်းက ကိုဂျေ အထက်တန်းကျောင်းသားအရွယ် ဖြစ်ပါတယ်။ ဒီပွဲမှာ ဆရာမောင်ကိုယု၊ ဆရာဦးအောင်သင်းနဲ ဆရာမောင်သော်က တို့က ဟောပါတယ်။ ဟင်္သာတမြို့က ဟောပြောပွဲ ဖြစ်ပါတယ်။

ဦးကိုယုက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ ကျဆုံးခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တုန်းက သူ့ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသား တယောက်ဖြစ်ကြောင်း၊ အာဇာနည်နေ့ က အဖြစ်အပျက်တွေကို ကောင်းကောင်းမှတ်မိသလို၊ ခံစားတတ်တဲ့ လူငယ်တဦးဖြစ်ကြောင်း စတင် ဟောပြောပါတယ်။ ဗိုလ်ချုပ်ဆိုတဲ့အသံကိုကြားရင် တတိုင်းတပြည်လုံးက လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို သမုတ်တဲ့ စကားလုံးလို့ သိထားကြောင်း၊ ဆက်လက်ဟောပြောမယ့် အကြောင်းအရာတွေထဲမှာ ‘တို့ဗိုလ်ချုပ်’ဆိုတဲ့ အသုံးပါခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်းကို ရည်ရွယ်ပြောတာ ဖြစ်တယ်လို့ စာပေဟောပြောပွဲရဲ့ စင်ရှေ့မှာ ထိုင်နေတဲ့ ကျနော်တို့ လူငယ်တွေကို ပြောပါတယ်။

တို့ဗိုလ်ချုပ်ဟာ သိပ်ရိုးသားတယ်။ တိုင်းပြည်ကို သိပ်ချစ်တယ်။ တတိုင်းတပြည်လုံးကလဲ ချစ်ကြတယ်။ ဘယ်လောက်ချစ်သလဲဆိုရင်၊ တို့ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေဆိုရင်၊ တောင်သူလယ်သမား အလုပ်သမားတွေကအစ ရှိစုမဲ့စု နားကပ်လေးကအစ ချွတ်ပြီး လှူကြတယ်လို့ ဦးကိုယုက ပြောခဲ့တယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာ မိုးမှောင်ကျနေတာကို သူမှတ်မိကြောင်း၊ ဒီလို မိုးမှောင် ကျနေတဲ့ အချိန်မှာပဲ သတင်းဆိုးတခု ထွက်ပေါ် လာကြောင်း။ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ သတင်းပါပဲလို့ ဦးကိုယုက ဝမ်းနည်းသံကြီးနဲ့ ဟောခဲ့ပါတယ်။

‘တတိုင်းတပြည်လုံး ငိုကြွေးခဲ့ကြတယ်။ ငါလဲ ငိုကြွေးခဲ့တယ်။ ဘာလို့ တို့တတွေ ငိုရတာလဲဆိုတော့.. တို့ဗိုလ်ချုပ်ကို တို့တတွေက အားကိုးတယ်။ တို့ဗိုလ်ချုပ်ကို တို့ ချစ်တယ်’ လို့ ငိုသံကြီးနဲ့ ရှိုက်ရှိုက်ပြီး ပြောလိုက်တယ်။ ဘယ်ပြောကောင်းမလဲ ကိုဂျေတို့တွေလဲ ငိုကြတာပေါ့။ စာဟောပြောပွဲ ကွင်းပြင်ကြီး တခုလုံး ဝမ်းနည်း ငိုကြွေးခဲ့ကြတယ်လို့ ထင်ပါတယ်။ ဝမ်းနည်းနေတဲ့ ပရိသတ်ကြီးကို ဆရာဦးကိုယုက မေးခွန်းတွေ မေးပြန်ပါတယ်။ ‘ခင်ဗျားတို့ကော တို့ဗိုလ်ချုပ်ကို ချစ်လား’ ဆိုတဲ့ မေးခွန်းပါ။ ကိုဂျေတို့ကလဲ ချစ်တယ်ပေါ့။ အေး ချစ်မှာပေါ့ တို့ဗိုလ်ချုပ်က အရာရာကို စွန့်လွှတ်ခဲ့တာကိုလို့ ဦးကိုယုက ပြောပါတယ်။ အဲဒီနောက်မှာတော့… ဗိုလ်ချုပ် ကျဆုံးပြီးတဲ့ နောက်မှာတော့ ဗိုလ်ချုပ်တွေ အများကြီး ပေါ်လာကြောင်း။ ခင်ဗျားတို့တွေကော ခင်ဗျားတို့ ဗိုလ်ချုပ်တွေကို ချစ်ရဲ့ လားလို့ မေးလိုက်တယ်။ ဟောပြောပွဲလာ ပရိသတ်က ပြုံးစိစိ ပြန်ဖြစ်လာတယ်။ တကယ်လို့ ခင်ဗျားတို့တွေကော ခင်ဗျားတို့ ဗိုလ်ချုပ်တွေ ကျဆုံးသွားမယ်ရင် ငိုကြမှာလား၊ ဝမ်းနည်းကြမှာလားလို့ ထပ်လဲ မေးရော… ပြုံးသူကပြုံး ရယ်သူကရယ် ဖြစ်ကုန်ကြပါလေရော… ဒါဟာ ကိုဂျေ ပထမဆုံး နားထောင်ခဲ့ရတဲ့ ဦးကိုယု ခေါ် ဆရာမောင်သစ်ရဲ့ ဟောပြောပွဲ တခုပါပဲ။

 xxxxxxx
ကိုမျိုးညွန့်၊ မောင်ကိုယု၊ မောင်သော်က၊ ဦးဝင်းတင်၊ ဦးထွန်းဝေ၊ မောင်မိုးသူ၊ ပန်းချီစိုးမိုး

ဒီလူနှစ်ယောက် (ဆရာဦးကိုယုနဲ့ ဆရာမောင်သော်က) ဟောပြောပွဲ တပွဲတည်းမှာ အတူ ဟောပြီ ဆိုရင် ပရိသတ်ကိုမပြောနဲ့ ငါတောင် စင်အောက်ကနေ ရယ်နေရတာလို့ ဆရာဦးအောင်သင်းက ပြောတယ်။ ဆရာမောင်သော်ကရဲ့ ဆင်ထိန်းမောင်စိန်ရဲ့ မျိုးချစ်စိတ်၊ ဆရာဦးကိုယုရဲ့ မြန်မာစာပေပညာရှင် ပေါက်ဖော်များ၊ ဆရာနှစ်ယောက် တယောက်တမျိုး ပြောကြတဲ့ စစ်သူကြီးမဟာဗန္ဓု အကြောင်းတွေဆိုရင် ဘယ်နှစ်ကြိမ် ကြားရကြားရ ရယ်မောရသလို၊ တကယ့်လွမ်းစရာတွေပါပဲလို့ ဆရာ ဦးအောင်သင်းက ပြောတတ်ပါတယ်။

ဆရာမောင်သော်ကက စစ်သူကြီးမဟာဗန္ဓုလဟာ မြန်မာမွတ်ဆလင် တဦးဖြစ်ကြောင်း၊ နာမည် အရင်းဟာ အဒူရရှစ် ဖြစ်ကြောင်း၊ ရရှစ် ဆိုတဲ့ နာမည်ကို ပီပီသသ မခေါ်နိုင်တဲ့အတွက် နောက်ဆုံးက ‘ရှစ်’ကို မောင်နဲ့တွဲပြီး ‘မောင်ရှစ်’ လို့ ခေါ်ရင်းက ကြာတော့ ‘မောင်ရစ်’ ဖြစ်သွားကြောင်း။ ဒါကြောင့် စစ်သူကြီး မဟာဗန္ဓုလရဲ့ ငယ်နာမည်ဟာ မောင်ရစ် ဖြစ်နေတာလို့ ဟောပြောတတ်ပါတယ်။ မောင်ကိုယုကလဲ….စစ်သူကြီး မဟာဗန္ဓုလဟာ တရုတ်လူမျိုး စစ်စစ် သူရဲကောင်း တယောက်ဖြစ်ကြောင်း… လူတွေဟာ ကိုယ့်အမျိုးကို ဖုံးကွယ်ထားလို့ မရကြောင်း၊ မဟာဗန္ဓုလ တိုက်ပွဲကျခဲ့တဲ့ နေ့က သူ့ကိုယ်သူ တရုတ်လူမျိုး ဖြစ်ကြောင်း သက်သေထူသွားခဲ့ဖူးကြောင်း ဆရာမောင်ကိုယုက ဟောပါတယ်။ ဗုံးကျည်ထိမှန်တဲ့ အချိန်မှာ ‘အား… လု ဝ ဗုံးမှန်ပြီ’ ဆိုတဲ့ အသံတွေ ထွက်သွားကြောင်း၊ ဝ တို့ လု တို့ ဆိုတဲ့ အသံတွေဟာ တရုတ်လူမျိုးတွေပဲ သုံးကြတာ ဖြစ်တဲ့ အတွက် စစ်သူကြီး မဟာဗန္ဓုလဟာ တရုတ်လူမျိုးသာ ဖြစ်ပါတယ်လို့ ဆရာမောင်ကိုယုက ဟာသတွေ ပြောတတ်ကြောင်းကိုလဲ ဦးအောင်သင်းက ပြောပြလေ့ရှိပါတယ်။

 xxxxxx

ဝါရှင်တန်ဒီစီကို ရှေ့နေကြီး ဦးကိုနီ လာတုန်းက စကားလက်ဆုံကြရင်း…ဆရာဦးကိုယုအကြောင်း ရောက်သွားတယ်။ ဆရာဦးကိုယုဟာ သူ့ရဲ့ဆရာအရင်း ဖြစ်ကြောင်း၊ ဆရာဦးကိုယုဟာ သူ့ရဲ့ အလေးစားရဆုံး ဥပဒေ ပညာရှင် ဖြစ်ကြောင်း၊ ရှေ့နေတိုင်းဟာ ဦးကိုယုရဲ့ စာအုပ်တွေကို ဖတ်သင့်ကြောင်း၊ နောင်တချိန်မှာ ပုံနှိပ်ထုတ်ဝေလို့သာ ရခဲ့မယ်ဆိုရင် ဆရာဦးကိုယုရဲ့ လျှောက်လဲချက်တွေကို စာအုပ်ထုတ်သင့်ကြောင်း ပြောပါတယ်။ သခင်စိုးကြီးအတွက် ရှေ့နေလိုက်ပေးခဲ့တဲ့အတွက် ဦးနေဝင်းက ဦးကိုယုကို အရမ်းမုန်းခဲ့တာ ဖြစ်တယ်လို့လဲ ဦးကိုနီက ပြောပါတယ်။

xxxxxx

ဦးကိုယုဟာ ၁၉၅၁ ခုနှစ်၊ မတ်လထုတ် “စာပေသစ်မဂ္ဂဇင်း”က “မောင်မောင်”ဝတ္ထုတိုနဲ့ စာပေလောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ မောင်ကိုယု ဆိုတဲ့ ကလောင်နဲ့ ရေးခဲ့တာပါ။ သူရဲ့ စာအုပ်တွေထဲက ‘ကမ္ဘောကျော် တရားခွင်လျှောက်လဲချက်များ’ ‘တကယ့်ရှေ့နေ’ ‘တရားခံဖြစ်သွားသော ရှေ့နေ’ ‘တရားခံနှင့် သူ့ရှေ့နေ’ စာအုပ်တွေဟာ ထင်ရှားခဲ့ပါတယ်။ “ခေတ်သစ်မောင်ရင်မောင် မမယ်မနှင့် အခြားဝတ္ထုတိုများ” စာအုပ်ဟာ ဆရာ့ရဲ့ ပင်ကိုယ်ရေးစာအုပ်ဖြစ်ပါတယ်။ မဂ္ဂဇင်းတွေမှာ မောင်ကိုယု၊ မောင်သစ် ဆိုတဲ့ ကလောင်တွေနဲ့ ဆောင်းပါးတွေ ဝတ္ထုတိုတွေ ရေးခဲ့ပါတယ်။ ၁၉၉၆ နှစ်လောက်မှာ မောင်သစ် ကလောင်နဲ့ ရေးခဲ့တဲ့ အီတီနှင့် တွေ့ဆုံခြင်း သရော်စာတွေဟာ အခုအချိန်ထိ FaceBook စာမျက်နှာတွေပေါ်မှာ လူကြိုက်များဆဲ ဖြစ်ပါတယ်။

xxxxxxxx

၁၉၉၆ ခုနှစ်က သရဖူမဂ္ဂဇင်းတိုက်မှာ ဆရာဇော်ဇော်အောင်၊ ဆရာဦးကိုယု၊ တာရာမင်းဝေနဲ့ ကျနော်တို့ ဆုံကြပါတယ်။ အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ မြန်မာ့လက်ဝှေ့ပွဲ ကြည့်ဖို့ ဖြစ်ပါတယ်။ သရဖူ မဂ္ဂဇင်းရဲ့ ထုတ်ဝေသူ အယ်ဒီတာ ကိုငြိမ်းအေး Nyein Aye Eain (စာရေးဆရာ ငြိမ်းအေးအိမ်)က ဦးဆောင်ပြီး တဖွဲ့လုံး အောင်ဆန်းကွင်းမိုးလုံလေလုံ ခမ်းမထဲမှာ လက်ဝှေ့ပွဲ သွားကြည့်ခဲ့ကြပါတယ်။ ဒီပွဲမှာ နာမည်ကျော် လက်ဝှေ့သမား ရွှေဓူဝံရဲ့အစ်ကိုနဲ့ အင်မတန် လက်သီးထိုးတော်၊ အရှောင်အတိမ်းကောင်းတဲ့ တွံတေးသန်းလွင် ထိုးကြပါတယ်။

တွံတေးသန်လွင်က ထိုးလိုက်တာ တချက်ပြီးတချက်၊ ပြိုင်ဖက် လက်ဝှေ့သမားရဲ့ မျက်နှာပြင်တခုလုံး သွေးတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါပြီ။ ပြိုင်ဘက် ကစားသမားက သက်လုံကောင်းတယ်။ အထိုးခံနိုင်တာပဲ ရှိတယ်။ အဲသလို ထိုးရင်းကနေ တွံတေးသန်းလွင် လက်ကျိုးသွားပါတယ်။ ဒါ့ကြောင့် တွံတေးသန်းလွင်ဟာ ဆက်မထိုးနိုင်တော့ဘဲ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးလိုက်ရတယ်။ ကျနော်က ဒီပွဲအကြောင်း အားကစား ဆောင်းပါး ရေးပါတယ်။ ဆရာဦးကိုယုက သရော်စာတပုဒ်ရေးတယ်၊ ဆရာဇော်က ဝတ္ထုရေးမယ်လို့ ပြောတယ်။ ဆရာမောင်ကိုယုကတော့ လောကမှာ ထိုးတတ်ရုံနဲ့ မနိုင်တဲ့အကြောင်း သရော်စာရေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အဖွဲ့တွေ ခေါင်းထောင်နေတဲ့ အချိန် ဖြစ်ပါတယ်။ တိုင်းမှူးတွေကအစ ထောက်လှမ်းရေးတပ်ကြပ်ကို ကြောက်နေရတဲ့ အချိန် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေဆိုရင်တော့ ခေါင်းမထောင်နိုင်အောင်ကို နည်းလမ်းမျိုစုံနဲ့ ဖိနှိပ်နေတဲ့ အချိန်ပါ။

“လူ့ဘဝဆိုတာ ဒါပဲကွ၊ သက်လုံကောင်းဖို့၊ ခံနိုင်ရည်ရှိဖို့က သိပ်အရေးကြီးတယ်၊ အသားစီးက ထိုးတိုင်း မနိုင်ဘူးဆိုတဲ့အကြောင်းကို အသိပေးရဦးမယ်”လို့ အောင်ဆန်းကွင်း လက်ဝှေ့ပွဲက ပြန်အထွက် တပြုံးပြုံးနဲ့ ပြောနေတဲ့ ဆရာဦးကိုယုကို လွမ်းမိပါတယ်။

ကိုဂျေ
ဇန်၊ ၁၇၊ ၂ဝ၁၇

Comments