မြင့်ကျော် ● သတင်းမီဒီယာတွေ သြဇာရှိဖို့

မြင့်ကျော် ● သတင်းမီဒီယာတွေ သြဇာရှိဖို့
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၈

ဒီနေ့ညနေ ရုံးကအပြန် သတင်းမီဒီယာကောင်စီဥက္ကဌ ဦးခင်မောင်လေး (ဖိုးသောကြာ ခေတ်+မိုး) ဆီ ဝင်ဖြစ်တယ်၊ မ ရောက်တာ ၁ လ၊ ၂ လလောက်ရှိနေတော့ ဘဘကျန်းမာရေးလည်းမေးရင်း တွေ့ချင်တာနဲ့ ကောင်စီဥက္ကဌ ဆီဝင်ဖြစ်ပါ တယ်။

ကျွန်တော်နဲ့ ကိုမျိုးသာထက်ရောက်ပြီး ခဏနေလို့စကားသံကြားရင်ပဲ ဘဘ နိုးလာပြီး မျက်စေ့ဖွင့်ကြည့်ပါတယ်။ တွေ့တာနဲ့ ဝမ်းသာပြီး ဟိုအကြောင်းဒီအကြောင်း မီဒီယာလောကအကြောင်းတွေ ပြောဖြစ်ပါတယ်။ ဘဘဆီကနားထောင်ရတဲ့ အရင် ခေတ်က မီဒီယာလောကအကြောင်း၊ သတင်းလွတ်လပ်ခွင့် ဒီမိုကရေစီ ကျင့်သုံးမှုတွေက ယနေ့လက်ရှိကာလနဲ့ နှိုင်းယှဉ် ကြည့်စရာတွေ ပြန်ပြောပြတတ်ပါတယ်။ ဘဘက မှတ်ဉာဏ်လည်းကောင်းသလို ဖြစ်စဉ်တွေကို အစီအစဉ်တကျ ပြောပြ တတ်တာ အံ့သြမိပါတယ်။

သတင်းမီဒီယာ သြဇာနဲ့ ပတ်သက်လို့ ဘဘ ဒီနေ့ ပြောပြတဲ့အဖြစ်အပျက်ကတော့ ဗိုလ်ချုပ်နေဝင်းက သတင်းစာဆရာတွေကို သတင်းစာရှင်းလင်းဖို့ ဖိတ်ခေါ်ပြီး အဲဒီသတင်းစာရှင်းလင်းပွဲကိုဖိတ်ခေါ်သူက နောက်ကျမှ ရောက်လာတဲ့အဖြစ်ပါ။ အဲဒီ သတင်းစာရှင်းလင်းပွဲကို ဗမာ့ခေတ်ဦးအုန်းခင်အပါအဝင် သတင်းစာဆရာကြီးတွေလည်း တက်ရောက်ကြပါတယ်။ ရှင်း လင်းပွဲခေါ်သူက နောက်ကျမှရောက်လာပြီး ရောက်လာချင်းပဲ ကဲ ကဲ ခင်ဗျားတို့ မေးစရာရှိတာမေးလို့ပြောလိုက်တဲ့အခါ ဦးအုန်းခင်က ဘာပြန်ပြောသလဲဆိုတော့ ကျွန်တော်တို့က ခင်ဗျားကို တွေ့ချင်တာမဟုတ်ဘူး ခင်ဗျားက ကျွန်တော်တို့ ကို တွေ့ချင်တယ်ပြောလို့ လာတာ ပြောစရာရှိရင်ပြော ပြောစရာမရှိရင် ပြန်မယ်လို့ တင်းတင်း ပြန်ပြောခဲ့ရာမှာ ဗိုလ်ချုပ်နေဝင်းက သူ့အားနည်းချက်ကို သတိပြုမိပြီး ဘာမှပြန်မပြောနိုင်ဘူးဆိုပါတယ်။

အဲဒါက ဖဆပလခေတ်က သတင်းစာရှင်းလင်းပွဲမှာ သတင်းစာဆရာတွေက တပ်/ နိုင်ငံရေးသမားတွေကို တန်းတူဆက်ဆံ ခဲ့ကြတဲ့အခြေအနေပါ။ အဲဒီခေတ်က သတင်းစာတွေက သြဇာကြီးတယ်လို့ဆိုတယ် သတင်းထောက်တယောက် အဖမ်းခံရ တာ မတရားလုပ်ခံရရင် ထုတ်ဝေနေတဲ့သတင်းစာတိုင်းက နောက်တရက်ခေါင်းကြီးမှာ အမဲရောင်စာလုံးနဲ့ သတင်းသမားတွေ ကို ဖမ်းဆီးတာကိုဆန့်ကျင်ကြောင်း တညီတညာထဲ ဖေါ်ပြကြတယ်လို့ဆိုတယ်။ အခု ခေတ်သတင်းစာ၊ သတင်းသမားတွေ စဉ်းစားစရာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ယူနတီကိစ္စ၊ သတင်းသမားတွေ လက်ပတန်းမှာဆန္ဒပြသူနဲ့ ရောပြီးအရိုက်ခံရစဉ် သတင်းစာတွေကို တရက်တာ အမဲရောင်မျက်နှာဖုံး၊ သို့မဟုတ် အစိုးရအကြောင်း သတင်းမရေးဖို့ လှုံ့ဆော်စည်းရုံးဖူးပါတယ် သို့ပေမယ့် တချို့ပါဝင်ပြီး အားလုံး တညီတညွတ်ထဲ မပါဝင်ခဲ့ကြပါဘူး။ ဒါအချက်က ဒီနေ့ သတင်းသမားတွေ၊ သတင်းစာကို ဦးဆောင်/ ပိုင်ဆိုင်သူတွေက ဖဆပလခေတ်က နဲ့ကွာခြားတယ်ဆိုတာ ပြသတဲ့သဘောလို့ ထင်ပါတယ်။

ဘဘပြောပြတဲ့ အဲဒီခေတ်က မီဒီယာလောကအခြေအနေနဲ့ ဒီနေ့ခေတ်အခြေအနေကို နှိုင်းယှဉ်ကြည့်တဲ့အခါ သတိပြုမိတဲ့ အချက် တချက်က အဲဒီခေတ်က နိုင်ငံရေးသတင်း တွေလိုက်ရာမှာ ဝါရင့်သတင်းစာဆရာတွေ အယ်ဒီတာချုပ် တွေကိုယ်တိုင် သွားသတင်းယူခဲ့ကြတဲ့တာ မှတ်သားမိပါတယ်။ အခုခေတ်မှာတော့ အတွေ့အကြုံရှိတဲ့ ဝါရင့်သတင်းစာဆရာ အနည်းငယ် သာ နေ့စဉ်သတင်းလိုက်ရာမှာ ပါဝင်ကြတော့တာပါ။ တိုက်မှာထိုင်ပြီး တည်းဖြတ်ညွှန်ကြားတာပဲ လုပ်ကြတဲ့သဘောပါ။ ၂၀၀၉ ၊ ၂၀၁၀ ကနေ ၂၀၁၁/၁၂ လောက်ထိ ဆရာ ဦးအောင်လှထွန်း၊ ဆရာ ဦးသီဟစောတို့ကို  သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းသွားယူတဲ့အခါ တွေ့မြင်ရလို့ စိတ်ထဲမှာ ကြိတ် ချီးကျူးခဲ့ပါတယ်၊ သတင်းယူတဲ့အလုပ်ကို ကိုယ်တိုင် လုပ်နေတာကို အားကျတာပါ။ တိုက်ကနေ တခြားသတင်းထောက်တွေကို ခိုင်းကြတဲ့တိုက်တွေလည်းရှိပေမယ့် ကိုယ်တိုင်ဆင်းပြီး သတင်း ယူနေကြတာ လေးစားစရာပါ။

ယနေ့ခေတ်မှာတော့ ဝါရင့်သတင်းစာဆရာကြီးတွေကို အဲဒီလို သတင်းစာရှင်းလင်းပွဲတွေမှာ တွေ့ရတာနည်းပါးသွားတာ ကြောင့် တခါတခါမှာ နိုင်ငံရေးသမားတွေကလည်း သတင်းသမားတွေကို အပေါ်စီးက ဆက်ဆံသလားလို့ တွေးမိပါတယ်။ ဟို ဖဆပလ ခေတ်က သတင်းသမားတွေ အရှိန်အဝါရှိခဲ့တာ သြဇာရှိခဲ့တာကို ကြားသိရလို့ နှိုင်းယှဉ်စဉ်းစားမိတာပါ။

Comments