နိုလှိုင်း ● အပျက်​ဓာတ်​ထဲက ​ခြေလှမ်းတွေဟာ အသိအကျွမ်းများရှိရာ


နိုလှိုင်း ● အပျက်​ဓာတ်​ထဲက ​ခြေလှမ်းတွေဟာ အသိအကျွမ်းများရှိရာ
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၁၈

ဒီအကြောင်းကိုပြောဖို့ နှစ်ဆယ့်ငါးနှစ်လောက်အချိန်ယူခဲ့ရသလို
ဒီသတင်းကြားရဖို့ကိုလည်း လွန်ခဲ့တဲ့ဆယ့်ငါးမိနစ်လောက်က
လမ်းမဘက်ဦးတည့်ပြီးမှ အလိုလိုငါတို့ပြန်လှည့်လာခဲ့ရတယ်
ရောက်ရာအရပ်က အမြန်ပြန်လာရတဲ့အခါ သတင်းစကားဟာ
မိုးရေထဲ စိုသွားတဲ့သဲနာရီအပျက်တွေကအစပြု
ငါတို့လက်ပေါ်မှာ မဟုတ်​လည်း
သစ်​ရွက်​​လို တဖြုတ်ဖြုတ်ကြွေကျကုန်ကြတယ်
သတင်းစာတွေထဲ​တောင်​ထည့်​မရခဲ့တဲ့ အတိတ်​ဟာတကယ်​ရှိခဲ့တယ်
သတိတရ ရှိ​နေတတ်​တဲ့နာရေးသတင်းများမှာသာ
ငါတို့အားလုံး အလန့်တကြားသိခဲ့ရတယ်
မှတ်ဉာဏ်ထဲမှ လွန်လေပြီးတဲ့အဖြစ်တွေ
အခုထိလမ်းပေါ် ပြန်ရောက်ချင်နေတတ်​တဲ့ စိတ်တွေ
လေလွင့်စိတ်နဲ့ ပြန်ငေး​နေမိတယ်
လမ်းဆုံကိုရောက်တိုင်း ငါတို့ခဏရပ်ပြီးစဉ်းစားနေကြတယ်
ဘယ်ဘက်ကိုကွေ့ချလိုက်ရတော့မလဲလို့

မနက်ငါးနာရီတိတိမှာ စောင့်ယူခဲ့ရတဲ့ မီးရထားလက်မှတ်နဲ့
ငါတို့အတူခရီးသွားဖူးကြသလို ပျော်စရာများများ
နာကျင်စရာများများနဲ့သာ ဘဝတ​ကွေ့ကိုစတင်​ခဲ့ရတယ်
ငါတို့မှာ နာကျင်စရာ​ကောင်းတဲ့အတိတ်တွေ ကိုယ်စီရှိခဲ့ကြတယ်
ငါတို့ဆုံဆည်းမှုမှာ ငါတို့စိတ်ထဲ ဘယ်​ရာရာ
ခွဲခွာသွားသူတွေဟာ ငါတို့ထံမှ တဖြည်းဖြည်းပိုလို့​ဝေးကွာ
အုပ်စုလိုက်ရိုက်ထားတဲ့ဓာတ်ပုံထဲက တစစ တစ်​​ယောက်​ချင်း ပဲ့ပါသွားကြ
မနေ့ကအထိ တွေ့လိုက်သေးသလို သူတို့အရိပ်တွေ
အိပ်မက်ထဲမှာတောင် စွဲနေဦးမယ့်​ ပုံပန်းသဏ္ဌာန်တွေ
ငါတို့ဟာသမိုင်းထဲက ​အရိုး​စ​တွေ စူး​နေ
ထိတ်လန့်ဖို့​ကောင်း​​နေ​သေးတဲ့ သွေးစက်တွေ စွန်း​နေ
ငါတို့အားလုံးအတူဝိုင်းဖွဲ့လို့ လေဟာ ဖြတ်တိုက်နေတော့တာပဲ
နံရံမှာ နားတွေရှိတဲ့အခါ ဒီအတိုင်းကြားနေရ​တော့မှာ​​ပေါ့
အခုဘယ်ရောက်ကုန်ကြသလဲဆို​တော့
တနေရာတည်းမှာ ကျောက်ချထားတယ်ထင်ရတဲ့အထိ
ငါတို့ထိုင်နေကြတုန်း​​ပေါ့
နောက်ပြီးတော့ ငါတို့အားလုံး မေးငေါ့လိုက်ပြန်​တယ်

အခုအချိန်​​တွေအထိ ကန်စပ်မှာ အတူထိုင်နေရတာကလည်း
ပန်းသီးအူတိုင်ထဲက အစေ့လို
ငါတို့ကျောင်းတော်ထဲက သူတို့အရိပ်လို
ကောနေတဲ့မြစ်ကြောင်းမှာ တိုက်လာတဲ့လေ
ပက်​နေ​သေးတဲ့မိုးရေ ကိုယ့်ကျောနဲ့ကိုယ် လုံ​အောင်​ကာထားရတယ်
လောကဓံကို ရင်နဲ့မဆန့်​အောင် လွယ်ထားကြသူတွေချည်းပဲဟာ
ငါတို့အတွက်​ ချည့်ချည့်နဲ့နဲ့
ရုတ်တရက်ကွေ့ချလိုက်လို့ နောက်ဘီးနဲ့စင်ထွက်သွားတဲ့ 
ကျောက်​စရစ်​ခဲလေးတွေလောက်တောင်မှ
ငါတို့က ဖိတ်ဖိတ်စင်စင်
ဖိနပ်တစ်ဖက်တည်းနဲ့ စိတ်နှစ်ခွဖြစ်နေတဲ့အခါ
ခြေတစ်ဖက်ပြတ်နဲ့​တောင်​မှ နှစ်နေရာရောက်ချင်မိသလို
အရောရော အထွေးထွေး
အခုပဲထသွားလိုက်ရတော့မလား ဆိုတော့
သံမှိုစွဲ ထိုင်နေရတာကို ငါတို့တ​လျောက်​လုံး
ပျော်ပျော်ရွှင်ရွှင်။

လက်ကောက်ဝတ်ရဲ့ သွေးတောင်းမှုမှာ အားလုံးပျော်ရွှင်စရာ မြင်ကွင်းနဲ့
နောက်တစ်နာရီအထိ ရှိနေနိုင်သေးတဲ့အသိမှာ စိတ်​အလိုကျလို့
အခုခေတ်ထဲ ငါတို့ အရင်လိုငယ်ငယ်လေးတွေပြန်​ဖြစ်သွားကြတယ်
ပြီးပါပြီ
ငါတို့ လေညင်းခံထွက်လာခဲ့တယ်လို့ပဲထင်လိုက်​တဲ့အထိ ရုတ်တရက်
အား.........
အား
ထအော်တာ ဘယ်သူမှအသံမထွက်နိုင်ကြဘူး။
ဟေး.........
ဟေး...............
ဟေး...... ...ငါ့တို့ဆက်အော်တာ ဆက်​​အော်​​ဖြစ်​ခဲ့ကြတာ
ပျော်ရွှင်ကြေကွဲစွာ ဝမ်းနည်းကြပြီးတော့
သားလှီး​ဓားတချောင်းပေးစမ်းလို့ တယောက်က ထပြောတဲ့အခါ
ဖြတ်​တောက်​လိုက်ကြတော့မလို့လား​ပေါ့
ကိုယ့်အသိုက်အမြုံထဲတောင် ကိုယ့်ကိုကိုယ်​အလိုအရှိ​တော့တဲ့​နောက်
ပိုပြီးကျဆုံးသွားရသလိုပါပဲ
တယောက်တည်းနေတာကြာတော့
ငါတို့အားလုံး တယောက်တည်း
တ​ယောက်​တည်း
တယောက်​တည်း​တွေသာ များလာ
တယောက်တခွက် လှည့်ပြီးသောက်တတ်လာတယ်​။

နိုလှိုင်း
၂၀၁၇ ဇန်နဝါရီ ၅
0