ကိုဂျေ - ဘုန်းကြီးကျောင်းသားဘဝကနေ စာပေပညာရှင် ဖြစ်လာသူ ဆရာကြီးပါရဂူ


ဓာတ်ပုံ - မြတ်ခိုင်
 ကိုဂျေ - ဘုန်းကြီးကျောင်းသားဘဝကနေ စာပေပညာရှင် ဖြစ်လာသူ ဆရာကြီးပါရဂူ
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈


တယောက်ထဲ ရှင်သန်ရတာ သိပ်ခက်တယ်။ နေမကောင်းတဲ့အခါ ရေတခွက် ခပ်သောက်ဖို့ကအစ ဒုက္ခရောက်တယ်။ ခင်ဗျား အိမ်ထောင်ပြုလိုက်တာ ကောင်းတယ်။ ခင်ဗျားက အလုပ်လဲ ကြိုးစားတော့ အောင်မြင်မှာပါလို့ ကျနော့်ရဲ့ မင်္ဂလာဆောင် ဖိတ်စာလေးကို ဖတ်နေရင်း..ဆရာပါရဂူက ပြောခဲ့တယ်။ အချိန်ရှိပါသေးတယ် ဆရာရယ်လို့ နောက်တော့…ချစ်စရာကောင်းတဲ့ သူ့မျက်နှာပြင်ထက်က အပြုံးတွေနဲ့ ကျနော့်ကိုကြည့်နေတယ်။ ကဲ လာ..လက်ဖက်ရည်ဆိုင်ရောက်မှ ဒီကိစ္စ ဆက်ပြောကြမယ်ဆိုပြီး ဗဟန်း၊ ဝင်္ဂဘာလမ်းမှာရှိတဲ့ သူ့နေအိမ်ရဲ့ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်လေးကို ထွက်ခဲ့ကြတယ်။

xxxxx

စာရေးဆရာကြီးတွေထဲမှာ ဆရာကြီးပါရဂူနဲ့ စကားပြောတဲ့အခါတိုင်း ကျနော့်မှာ ပြောစရာတွေက များခဲ့တယ်။ သူနဲ့ ကျနော်နဲ့က ရပ်ဆွေ ရပ်မျိုးတွေဖြစ်တယ်။ ဟင်္သာတမြို့နယ်မှာရှိတဲ့ သူ့ရဲ့ သနွံသနော့ကျေးရွာနဲ့ ကျနော့်ရဲ့ ဇာတိ ဒူးယားကျေးရွာနဲ့က လေးမိုင်လောက်ပဲ ဝေးတယ်။ ဟင်္သာတနဲ့ ၅ မိုင်အကွာက နတ်မှော်မြို့မှာ နေထိုင်တဲ့ ကျနော့် အမျိုးတွေဆီ အလည်သွားရင် သာစည်နဲ့ သနွံသနော့ ကျေးရွာတွေကို ဖြတ်သွားရတယ်။ အဲဒီရွာတွေမှာ ကိုဂျေ့အဘွားရဲ့ အမျိုးတွေရှိတယ်။ ဆရာပါရဂူကလည်း ရန်ကုန်ကနေ သနွံသနော့ရွာလေးကို အလည်ပြန်တိုင်း နတ်မှော်တံတားဦးထိပ်မှာ နေတဲ့ ကိုဂျေ့အမျိုးတွေ အိမ်မှာ တထောက်နား ပြီးမှ သူ့ရွာကို စက်လှေနဲ့ ခရီးဆက်တယ်။ ဒီတော့ ရပ်အကြောင်း ရွာအကြောင်း အမျိုးတွေအကြောင်းက သူနဲ့ ကျနော့်ကြားမှာ ပြောမကုန်ခဲ့ဘူး။

သနွံသနော့ရွာကိုရောက်တိုင်း... ဒီအိမ်က ဆရာပါရဂူဖြစ်လာမယ့် ဦးလှကြိုင်ရဲ့အိမ်၊ ဒီအိမ်က ကိုပုလေးလို့ ခေါ်တဲ့ ဆရာဆန်းထွန်းရဲ့အိမ်၊ ဒီစာသင်ကျောင်းနဲ့ ဒီဘုန်းကြီးကျောင်းမှာ ဆရာပါရဂူ သူငယ်တန်းကနေ လေးတန်းအထိ ပညာသင်ခဲ့ပြီး ကိုရင်ဝတ်ခဲ့တာလို့ သနွံသနော့ရွာက အမျိုးကျောင်းဆရာက ရှင်းပြလေ့ရှိတယ်။ ကိုဂျေ စာဖတ်ဝါသနာပါခဲ့တဲ့ အခြေခံအကြောင်းကို ပြန်စဉ်းစား လိုက်တဲ့ အခါ…ဆရာပါရဂူ၊ ဆရာဦးဆန်းထွန်းတို့ရဲ့ ကျေးဇူးတွေက အဓိက ကျတယ်ဆိုတာကို တွေ့ရတယ်။

ဟင်္သာတမြို့လယ်က ‘မြစ်ကွေ့ကျောင်းတိုက်’ထဲကို မကြာခဏရောက်တတ်တယ်။ ရောက်တဲ့ အခါတိုင်း ဒီကျောင်းတိုက်မှာ ဆရာပါရဂူနဲ့ ဆရာဆန်းထွန်းတို့ စာသင်ခဲ့ကြတာပါလား။ မြစ်ကွေ့ကျောင်းတိုက် ဆရာတော် ဦးပညာဝံသဟာ စာအုပ် စုဆောင်းတာ ဝါသနာပါတယ်။ ပညာတော်တဲ့ စာသင်သားတွေကို မြေတောင်မြှောက်ပေးတယ်။ အဲဒီစာသင်တိုက်မှာ ဦးလှကြိုင်လို့ ခေါ်တဲ့ ရှင်ပါရဂူဟာ စာရေးဆရာပါရဂူ ဖြစ်ခဲ့တယ်။ ရှင်ဉာဏိဿရလို့ အမည်တွင်တဲ့ စာရေးဆရာဆန်းထွန်း ပေါ်ထွက်ခဲ့တယ်။
ရှင်ပါရဂူ ရဟန်းဘဝမှာ အိန္ဒိယနိုင်ငံက သူဌေးဗီရလာရဲ့ အရိယဓမ္မပညာတော်သင်ဆုရခဲ့တာကြောင့် ၁၉၄၇ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် အိုရီယန်တယ်ကောလိပ်မှာ ဟိန္ဒီနဲ့ သက္ကတဘာသာတွေ သင်ကြားခဲ့တယ်။ သူရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ဟိန္ဒီနဲ့ သက္ကတဘာသာတွေကနေ ဘာပြန်ပြန်ခဲ့တဲ့ စာအုပ်တွေ များခဲ့တယ်။
xxxxxx

ဆရာပါရဂူ ရေးခဲ့တဲ့ စာအုပ်အတော်များများကို ဖတ်ခဲ့ပါတယ်။ ဆရာ့လက်မှတ်နဲ့ စာအုပ် လက်ဆောင်တွေလဲ ရခဲ့ပါတယ်။ ဆရာ့စာအုပ် အားလုံးနီးပါးဟာ ဘယ်နှစ်ကြိမ်ဖတ်ဖတ် မရိုးခဲ့ပါဘူး။

“ခင်ဗျား မြန်မာ စာရေးဆရာ ဖြစ်ချင်တယ်။ စာရေးတာ ဝါသနာပါရင်တော့..ဗုဒ္ဓစာပေတွေကို လေ့လာဖို့လိုတယ်။ ဘာသာစကားတိုင်းမှာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေပါတယ်။ အတွေးအခေါ် အယူအဆတွေ ပါတယ်။ ယုံကြည်ကိုးကွယ်မှုတွေပါတယ်။ မြန်မာစာဖတ်တဲ့ ပရိသတ် ၈ဝ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာရဲ့ အယူအဆ၊ အတွေးအခေါ်တွေကို လက်ခံထားပြီး ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာတွေကို ဖတ်မှတ် လေ့လာပါ”လို့ ဆရာပါရဂူက အကြံပေးခဲ့တယ်။
xxxxxx



ဆရာပါရဂူ ရေးတဲ့ စာအုပ်တွေထဲမှာ ပထမဆုံး စဖတ်ဖူးတဲ့ စာအုပ်ကတော့ ညီတော်မင်းနန် ဖြစ်ပါတယ်။ အသက် ၁၄ နှစ်လောက်က ဖတ်ခဲ့ရတာပါ။ ချောချောလှလှ မိန်းကလေးတွေ မြင်တိုင်း ရင်ခုန်နေတဲ့ အချိန်က ဖတ်ရတာပါ။ သိဒ္ဓတ္ထမင်းသားနဲ့ သူ့ရဲ့ ညီတော် နန္ဒတို့ အကြောင်းဖြစ်ပါတယ်။ သိဒ္ဓတ္ထမင်းသားက လောကရဲ့ စည်းစိမ်မှန်သမျှကိုစွန့်ပြီး သစ္စာတရားကို ရှာဖို့ ဆန္ဒရှိခဲ့သူ။ နန္ဒမင်းသားက ရင်ခုန်တတ်၊ ချစ်တတ်၊ လောကီအာရုံကို ခုံမင်သူ။ နန္ဒမင်းသားမှာ သုန္ဒရီဆိုတဲ့ ချစ်သူ ရှိနေတယ်။ သိပ်လှတယ်။ တဦးနဲ့ တဦး တကယ့်ကို စွဲမက်ချစ်ခင် မြတ်နိုးနေကြတယ်။ အဲဒီနောက် သိဒ္ဓတ္ထမင်းသားက ဗုဒ္ဓဘုရားအဖြစ် ခံယူပြီးနောက်မှာ ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေးတယ်။ အစ်ကိုတော်ကို ချစ်လွန်းလို့သာ ရဟန်းပြုရတယ် ချစ်သူ သုန္ဒရီကို သတိရ၊ တမ်းတစိတ်နဲ့ တမှိုင်မှိုင်တတွေတွေ ဖြစ်နေတယ်။

ဒီမှာပဲ ဗုဒ္ဓ မြတ်စွာဘုရားက ညီတော်နန္ဒမင်းသားကို ဟိမဝန္တာတောင်ကို ခေါ်ပြီး မျောက်အို မျက်ကန်းမကြီး တကောင်ကိုပြတယ်။ မျောက်မကြီးနဲ့ သုန္ဒရီ ဘယ်သူလှသလဲလို့ မေးခဲ့တယ်။ နန္ဒမင်းသားက သူ့ချစ်သူကို မျောက်အိုမကြီးနဲ့နှိုင်းတော့ စိတ်မကောင်းဖြစ်တာပေါ့။ တကယ်လဲ သူ့ချစ်သူ သုန္ဒရီက လှတာကို။ အဲဒီနောက်တော့ ဗုဒ္ဓ မြတ်စွာဘုရားက ညီတော်နန္ဒမင်းသားကို နတ်ပြည်ကိုခေါ်ပြီး နတ်သမီးတွေကိုပြတယ်။ ဘယ်သူလှသလဲပေါ့။ ဒီမှာပဲ နန္ဒမင်းသားဟာ သုန္ဒရီကို မေ့ပြီး နတ်သမီးတွေနဲ့ ပျော်တော့တာပေါ့။ နတ်ပြည်က ပြန်ဆင်းလာတော့ နတ်သမီးတွေကို လွမ်းပေါ့။ အဲဒီနောက်မှာ ဗုဒ္ဓမြတ်စွာက ညီတော် နန္ဒကို ဘယ်စည်းစိမ်မှ မမြဲကြောင်းတရားဟောတယ်။ နန္ဒမင်းသားလဲ သဘောပေါက်သွားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမကိုခံတယ်။ နောက်ပိုင်းမှာ ရဟန္တာ ဖြစ်သွားတဲ့ ဝတ္ထုဖြစ်ပါတယ်။

ဒီဝတ္ထုကို ဖတ်ပြီးတဲ့နောက် ကိုဂျေဟာ မိန်းကလေး ချောချောလေးတွေမြင်တိုင်း မျောက်အိုမကြီး ပုံကို မြင်လာတဲ့အကြောင်း ဆရာပါရဂူကို ပြောပြတော့ ဆရာက ရယ်လိုက်တာလေ။ သူ့ဝတ္ထုထဲက အကြောင်းအရာ တွေကို ဆွေးနွေးတဲ့အခါတိုင်း ဟာသလေးတွေ ထဲ့ပြောတတ်တဲ့ ကျနော့်ကို ဆရာပါရဂူက ခင်ဗျား အဲသလို ဟာသဉာဏ်ရှိတာ ကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ အသက် ၁၄ နှစ်သားလောက်ကတည်းက ဆရာပါရဂူ စာတွေကို ဖတ်ခဲ့တာ အခုအထိလဲ ဖတ်လို့ကို မဝပါဘူး။ ဆရာ့စာအုပ်တွေထဲက စိတ္တရလေခါ၊ မဟာခရီးသည်၊ ဗုဒ္ဓအဘိဓမ္မာနှင့် မာ့စ်အဘိဓမ္မာ၊ ပလေတို၊ အရစ္စတိုတယ်၊ ဗုဒ္ဓ၀ါဒနှင့် ဆိုရှယ်လစ်ဝါဒ၊ တော်လှန်သော အတွေးအခေါ်၊ သိဒ္ဓတ္ထ၊ အမ္ဗပါလီ၊ တဂိုးဝတ္ထုတိုများ…စုံလို့ပါပဲ။ အကြိမ်ကြိမ် ပြန်ဖတ် နေရတုန်းပါပဲ။ ဒီ စာတွေရဲ့ ကျေးဇူးတွေအကြောင်း စဉ်းစားတိုင်း ဆရာပါရဂူကို သတိလိုက်တာလေ။


xxxxxxxx

“ခင်ဗျားရဲ့ နိုင်ငံရေးအမြင်တွေကို ခဏဘေးဖယ်ထား။ ဟင်္သာတအသင်းတိုက်ရဲ့ အလုပ်တခုကို အတူလုပ်ရအောင်”လို့ တနေ့မှာ ဆရာပါရဂူက ပြောပါတယ်။ သူလုပ်ချင်တဲ့ အလုပ်ကတော့ ဟင်္သာတခရိုင်က ပေါ်ထွက်ခဲ့တဲ့ ရဟန်းပညာရှိတွေ၊ နိုင်ငံရေး၊ စာပေနဲ့ ပညာရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေရဲ့ စာရင်းပြုစုဖို့ ဖြစ်ပါတယ်။ ဒီအထဲက ထူးခြားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ရေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဟင်္သာတဦးမြရဲ့ သားတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော်၊ ဦးငွေစိုးတို့နဲ့ ကျနော့်ကိုတွေ့ပေးခဲ့တယ်။ ဟင်္သာတဦးမြအကြောင်းကို စပြီးရေးခိုင်းခဲ့တယ်။ စာရင်းတွေပြုစုခိုင်းခဲ့တယ်။ ဟင်္သာတအသင်းတိုက်မှာ မကြာခဏ ဆုံကြတယ်။ ကိုဂျေက လူငယ်မဟုတ်လား။ အဲဒီကာလက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖားပြီး တက်လမ်းရှာနေတဲ့ ဟင်္သာတသား အနုပညာသမားတွေကို ကြည့်မရတာနဲ့ အဲဒီအလုပ်တွေ ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။
“ဒါကြောင့် ခင်ဗျားကိုပြောတာပေါ့။ ရပ်ကျိုးရွာကျိုးကို လုပ်တဲ့အခါ နိုင်ငံရေးအယူအဆတွေ ဘေးဖယ်ထားရတယ်”လို့ ဆရာပါရဂူက ကျနော့်ကို ဆုံးမခဲ့တယ်။ ဒီအလုပ်ကို ဆက်လုပ်ဖို့ အမြဲလို ပြောခဲ့တယ်။ ဆရာပါရဂူနဲ့ ကျနော်တို့ စကားလက်ဆုံကြတိုင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာလင်းဝေမြိုင်က “ဟင်္သာတသားတွေ အချင်းချင်းဆိုတော့ ဆရာပါရဂူက ကိုဂျေ ပြောသမျှ ရေးသမျှကို ကောင်းတယ်ပဲ ပြောနေတာ” လို့ ဆရာပါရဂူကိုနောက်တတ်တယ်။
xxxxxxxx

‘ရွှေမဂ္ဂဇင်း’ ကို မောင်သာမည Khinmg Soe ၊ မောင်မြင့်ဦး(ညောင်လေးပင်) နဲ့ လင်းဝေမြိုင်တို့ ထုတ်မယ်လုပ်တော့ မဂ္ဂဇင်းမှာ လစဉ်ရေးမယ့် ဆရာကြီးတွေနဲ့ တွေ့ဆုံပွဲ တပွဲလုပ်တယ်။ အဲဒီဝိုင်းမှာ ဆရာပါရဂူ၊ ဆရာမြသန်းတင့်၊ ဆရာနတ်နွယ်နဲ့ ဆရာမောင်သာနိုးတို့ပါတယ်။ ဆရာကြီးတွေ အားလုံးက ဆရာပါရဂူကို ချစ်ကြတယ်။ လူစုံလိုက်တာနဲ့ ဆရာပါရဂူ လူပျိုကြီးဘဝနဲ့ နေတာကို နောက်ကြတယ်။ ဝိုင်းထဲမှာ အိမ်ထောင်ပြုရတာ အလုပ်ရှုပ်တယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမဘူးဆိုတဲ့ အယူအဆကို ထိုစဉ်က လူပျိုကြီးဖြစ်ခဲ့ဖူးတဲ့ မောင်သာမညက ပြောနေတယ်။ ဒီမှာပဲ “ခင်ဗျား အတော်မိုက်တာပဲ။ ကျနော်တောင် ခင်ဗျားလို မဆုံးဖြတ်ရသေးဘူး”လို့ ဆရာပါရဂူက ပြောလိုက်တယ်။ ဒီစကားကိုကြားလိုက်တော့ အားလုံးက ဝိုင်းရယ်ကြတယ်။ အဲဒီအချိန်က ဆရာပါရဂူရဲ့ အသက်က ၇ဝ ကျော်နေပါပြီ။ တကယ့်ကို အမှတ်တရ ညတည ပါပဲ။
xxxxx

ကျနော် နိုင်ငံခြားထွက်မယ်လုပ်တဲ့ အချိန်မှာ ဆရာပါရဂူဆီ မကြာခဏရောက်ခဲ့တယ်။ နိုင်ငံခြားမှာ အခြေမချဖို့၊ ပြန်လာခဲ့ဖို့ ဆရာက ပြောတယ်။ အဲဒီအချိန်က ဆရာပါရဂူဟာ သူ့နာမည်နဲ့ စာကြည့်တိုက် ထူထောင်ဖို့ စိတ်အားထက်သန်နေချိန် ဖြစ်ပါတယ်။ “ကျနော့် စာကြည့်တိုက်အဖွဲ့ထဲမှာ ခင်ဗျား ပါကို ပါရမယ်”လို့လဲ မကြာခဏ ပြောခဲ့တယ်။ ပြည်ပရောက်နေပေမယ့်လဲ ဆရာပါရဂူဆီ မကြာခဏ ဖုန်းဆက်ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ကျနော်နှလုံးခွဲစိတ်ကုသရတယ်။ ဆေးရုံပေါ်ကနေ ဆရာ့ဆီကို ဖုန်းဆက်ခဲ့တယ်။ အဲဒီအချိန်မှာ ဆရာ့အသံက ပျော့နေတယ်။ ဆရာ ဘာဖြစ်တာလဲလို့မေးတော့…
“ရေချိုးခန်းထဲမှာ ချော်လဲတာ၊ ကံကောင်းလို့ မသေတာဗျ”လို့ ဆရာပါရဂူက ပြောတယ်။ သူ့ ရေချိုးခန်းနဲ့ တယ်လီဖုန်း ရှိတဲ့နေရာဟာ ၁၅ ပေလောက်ပဲ ကွာပါတယ်။ သူလဲတဲ့ အချိန်မှာ သတိမလစ် ခဲ့ပေမယ့်၊ ၁၅ ပေအကွာလောက်မှာ ရှိတဲ့ တယ်လီဖုန်းဆီ ရောက်ဖို့ ၄ နာရီလောက် တရွတ်တိုက် သွားခဲ့ရတယ်လို့ ဆရာပါရဂူက ပြောခဲ့တယ်။ စိတ်မကောင်းလိုက်တာလေ။ ဆရာ့ကို သတိထားဖို့ ပြောရတယ်။

ရွှေပေါက်ကန်မြို့သစ်ကို ဆရာပြောင်းသွားပြီးနောက်မှာလဲ ဖုန်းအဆက်အသွယ်လုပ်ခဲ့ပါတယ်။ ဆရာနေမကောင်းတဲ့ သတင်းတွေ ကြားနေရတယ်။ စကားပြောတဲ့ အခါတိုင်းလဲ သူ့စာကြည့်တိုက် အကြောင်းကလွဲပြီး ဘာမှ မပြောတော့ဘူး။ စာရေးတဲ့အလုပ်ကို တတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ။ ကျနော် မရှိတော့တဲ့ အချိန်မှာ ကျနော့်စာအုပ်တွေ ဆက်ထွက်နေဖို့နဲ့ စာကြည့်တိုက် ရှင်သန်နေဖို့က ကျနော့်ရဲ့ ရည်ရွယ်ချက်ပဲလို့ ဆရာပါရဂူကပြောခဲ့တယ်။ သူ့ရည်ရွယ်ချက်အတိုင်း ‘ပါရဂူရှန်တိနိကေတန်စာကြည့်တိုက်’ ကို ရန်ကုန်၊ ရွှေပေါက္ကံမြို့သစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီမှာပဲ နေပြီး စာတွေဆက်ရေးခဲ့တယ်။ ၂ဝ၁၁၊ ဧပြီလ ၉ ရက်၊ အသက် ၉ဝ အရွယ်မှာ ကွယ်လွန်ခဲ့တယ်။ ရယ်စရာလေးတွေ ပြောတိုင်း ပြုံးပြီး နားထောင်တတ်သလို၊ အချိန်ပြည့် စာပေလေ့လာ ရေးသားနေတတ်တဲ့ ဆရာပါရဂူရဲ့ ကျေးဇူးတွေကို ထာဝရ သတိရလျှက်ပါ။

ကိုဂျေ
ဇန်၊ ၁ဝ၊ ၂ဝ၁၈

Comments