မောင်လူပေ - ဟယ်လို ကယ်လီဖိုးနီးယား - ၁

 
မောင်လူပေ - ဟယ်လို ကယ်လီဖိုးနီးယား - ၁
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၈

မြန်မာနိုင်ငံက သူငယ်ချင်းတွေနဲ့တွေ့တော့ အမေရိကား အကြောင်းရေးဖို့ပြောကြတယ်။ ကယ်လီဖိုးနီးယားမှာနေသူမို့ ကယ်လီဖိုးနီးယားအကြောင်းရေးပါတဲ့။ ကိုယ်က မြန်မာနိုင်ငံအကြောင်းတွေပဲ တစိုက်မတ်မတ်ရေးခဲ့သူ။ အမေရိကားမှာနေပြီး အမေရိကားအကြောင်း တစ်နှစ်တစ်ပုဒ်တောင်မှန်မှန် မရေးဖြစ်။ သူတို့တိုက်တွန်းချက်နဲ့ ကယ်လီဖိုးနီးယားအကြောင်းစရေးဖို့ စဉ်းစားမိတယ်။ မိတ်ဆက်တဲ့သဘောပေါ့။ မိတ်ဆွေ သူငယ်ချင်းတွေအတွက်ရေးတာမို့ ပေါ့ပေါ့ပါးပါးလေးရေးချင်တယ်။

မိတ်ဆက်တဲ့သဘာဝမှာ ဟယ်လို၊ ဟိုင်း နဲ့ စပြီးမိတ်ဆက်တတ်ကြတော့ ဟယ်လို.. ကယ်နီဖိုးနီးယားပေါ့ဗျာ။ ကယ်လီဖိုးနီးယားနဲ့ သင့်ကို မိတ်ဆက်ပေးပါရစေ။

ကယ်လီဖိုးနီးယားဆိုတာ အမေရိကားဖက်ဒရယ်ပြည်ထောင်စုရဲ့ ပြည်နယ်ငါးဆယ်အထဲက ပြည်နယ်တစ်ခုပါ။ ဒါပေမဲ့ သေးသေးမွှားမွှား ပြည်နယ်လေးတစ်ခုတော့ မဟုတ်။ ပြည်ထောင်စုရဲ့ တတိယအကြီးဆုံး၊ လူဦးရေ သန်းလေးဆယ်နီးပါးနေထိုင်တဲ့ အမေရိကားရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး အိမ်ခြံမြေဈေးကလည်း တတိယဈေးအကြီးဆုံးပါပဲ။



ကယ်လီဖိုးနီးယားဟာ ပြည်နယ်ငါးဆယ်ထဲမှာ အချမ်းသာဆုံးပြည်နယ်ဖြစ်လို့ သူ့ကို ပြည်နယ်အနေနဲ့မတွက်ပဲ နိုင်ငံတစ်ခုအနေနဲ့တွက်ရင် ၂.၇ ထလီယံဒေါ်လာစီးပွားရေးကြောင့် ကမ္ဘာမှာ ပဉ္စမမြောက်စီးပွားရေးအင်အားကြီးနိုင်ငံလို့ပြောရင်မမှား။ ဆန်ဖရန်စစ္စကိုဧရိယာတစ်ခုထဲမှာပဲ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီးဆယ်ခုထဲက ဂူဂဲလ်(Alphabet Inc)ပန်းသီး(Apple Inc) ဖေ့ဘုတ်(Facebook Inc) နဲ့ ဝဲလ်ဖာဂိုဘဏ်( Wells Fargo & Co) စတဲ့ ကုမ္ပဏီကြီးလေးခု တည်ရှိနေသလို ကမ္ဘာ့အချမ်းသာဆုံးလူသားဆယ်ဦးထဲက လေးဦးနေထိုင်ကြတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ ပစိဖိတ်သမုဒ္ဒရာဖက်ကမ်းမှာတည်ရှိတဲ့ အမေရိကားရဲ့ အနောက်ဖက်ကမ်းခြေမှာတည်ရှိပြီး ပင်လယ်ကမ်းခြေမိုင် ၉၀၀ကျော်ရှိတယ်။ တောတွေ၊ တောင်တွေ၊ ရေခဲတောင်ကြီးတွေ၊ သဲကန္တာရတွေ၊ စိုက်ခင်းတွေ၊ မြို့ပြကြီးတွေ အစုံရှိတယ်။ မြောက်ဖက်မှာ အော်ရီဂွန်ပြည်နယ်၊ အရှေ့ဖက်မှာ နီဗားဒါးနဲ့အာရီးဇိုးနားပြည်နယ်၊ တောင်ဖက်မှာတော့ မက္ကဆီကိုနိုင်ငံ၊ အနောက်ဖက်က ပစိဖိတ်သမုဒ္ဒရာကြီးဝိုင်းထားတဲ့ပြည်နယ်တစ်ခုပါ။


ကယ်လီဖိုးနီးယားတောင်ပိုင်းရဲ့အကြီးဆုံးမြို့က L.A လို့ခေါ်တဲ့ လော့စ်အန်ဂျလစ်မြို့ပေါ့။လူဦးရေ ၁၈သန်းကျော် ဒီမြို့တဝိုက်မှာနေကြတယ်။ ဒီပြည်နယ်ရဲ့လူဦးရေအထူထပ်ဆုံးမြို့ပါ။ အမေရိကန်နိုင်ငံမှာလည်း နယူးယော့ခ်ပြီးရင် ဒုတိယလူနေအထူထပ်ဆုံးမြို့။ ကမ္ဘာကျော်ရုပ်ရှင်တွေကိုထုတ်လုပ်တဲ့ ဟောလိဝုဒ်က ဒီမြို့မှာပဲ။ မြောက်ပိုင်းက ဆန်ဖရန်စစ္စကိုဧရိယာတစ်ဝိုက်မှာတော့ လူဦးရေ ရှစ်သန်းခွဲလောက် နေထိုင်ကြတယ်။ ဆန်ဖရန်စစ္စကိုမြို့ဟာ အိမ်ခြံမြေဈေးမှာ နယူးယော့ခ်ပြီးရင် ဒုတိယဈေးအကြီးဆုံးမြို့ပါပဲ။



 နောက်ဆုံးပေါ်ကွန်ပြူတာတွေ၊ လက်ကိုင်ဖုန်းတွေ၊ အင်တာနက်နည်းပညာပစ္စည်းတွေထုတ်လုပ်တဲ့အပြင် ကျယ်ပြန့်တဲ့မြေ၊ ကောင်းမွန်တဲ့ရာသီဥတုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာလည်း ပြည်နယ်တွေထဲမှာ ပထမပဲ။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ကြတဲ့ပြည်နယ်တစ်ခုလို့ ပြောရင်လည်းမမှား။ ပြည်နယ်အလယ်ပိုင်းကလွဲရင် လူမျိုးပေါင်းစုံကို တွေ့နိုင်တယ်။ ဘာသာစုံရဲ့ ဘာသာရေးအဆောက်အဦတွေတွေ့နိုင်တယ်။ သူတို့တွေရဲ့ အစားအသောက်ပေါင်းစုံရောင်းချရာ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေလည်း လက်ညှိုးထိုးမလွဲတွေ့နိုင်တယ်။

အင်္ဂလိပ်စကားပြောသူက ပြည်နယ်ရဲ့တဝက်ကျော်လောက်ပဲရှိပြီး လေးပုံတစ်ပုံလောက်က စပိန်စကားပြောသူတွေဖြစ်တယ်။ ကျန်တဲ့လေးပုံတစ်ပုံနီးပါးက ဘာသာပေါင်းစုံပြောကြတာမို့ ရထားပေါ်မှာ ကားပေါ်မှာ ဘာသာစုံပြောနေကြတာ ကြားရရင် ကယ်လီဖိုးနီးယားပဲလို့တောင် ပြောစမတ်တွင်တဲ့အထိ။ ချိုင်းနိစ်၊ အိန္ဒိယနွယ်ဖွား၊ ဖိလစ်ပိုင် တို့က အာရှသားတွေထဲမှာ ပ၊ဒု၊တ အများဆုံးနေထိုင်သူတွေပါ။ ဒါကြောင့် မြန်မာတွေ ကယ်လီဖိုးနီးယားမှာပျော်ကြတယ်။ ရာသီဥတုကောင်းတယ်၊ အလုပ်ပေါတယ်၊ကျောင်းတွေကောင်းတယ်၊ လူမျိုးရေးခွဲခြားခံရမှုနည်းတယ်၊ အာရှ အစားအသောက်တွေရတယ်၊ မြန်မာတွေပေါတဲ့ပြည်နယ်ပေါ့။ အမေရိကားမှာ အခြေချနေထိုင်ဖို့စဉ်းစားရင် ပထမဆုံးစဉ်းစားကြတဲ့ပြည်နယ်တစ်ခုပါပဲ။

 

အချမ်းသာဆုံးပြည်နယ်မှာနေသူတို့မို့ အလွန်ချမ်းသာနေကြတဲ့မြန်မာတွေလို့တော့ မထင်လိုက်ပါနဲ့။ အလုပ်ပေါသလို ကုန်ကြစရိတ်လည်းမသေးလှ။ နေထိုင်စားရိတ်၊ စားသောက်စားရိတ်တွေကြီးလှတာမို့ ရရစားစားသမားတွေများတဲ့ ပြည်နယ်သားတွေက အများစုပါ။ မြန်မာတွေလည်း ထိုနည်းလည်းကောင်း။ ဒီအထဲက ခြစ်ချုပ်ပြီး ကိုယ့်ဘာသာအတွက်လှူကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေထောင်ကြတယ်။ မြန်မာဘုန်းကြီးကျောင်းအများဆုံးပြည်နယ်ကိုပြပါဆိုရင်လည်း ဒီပြည်နယ်ပဲ။

ပညာနည်းရင်အလုပ်နှစ်ခု၊ ပညာတတ်ရင်အလုပ်တစ်ခုလုပ်ကြပြီး တစ်နှစ်ကုန်ရင် ဒေါ်လာတစ်သောင်းကျော် (မြန်မာငွေသိန်းတစ်ရာကျော်) စုမိအောင်တောင် အနိုင်နိုင်ဖြစ်ကြတဲ့ မြန်မာတွေက အများစုမို့ ကယ်လီဖိုးနီးယားမှာ အရမ်းစုမိတယ်ပြောတဲ့သူဟာ ဆူပါမြန်မာဖြစ်ပါလိမ့်မယ်။ပညာဆူပါ၊ ဒါမှမဟုတ်ရင် ကပ်စီးနည်းတာ ဆူပါပေါ့လေ။ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်တာ။)

နောက်အခေါက်မှာတော့ ပြည်နယ်ရဲ့သမိုင်း၊ အစိုးရတို့အကြောင်း ပြောပြပါဦးမယ်။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Comments