ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂)
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၈

ဓရံဆာလာရဲ့ နွေရာသီသည် မြေပြန့်ဒေသမှာ ကြီးပြင်းခဲ့ရသူတို့အဖို့ စောင်ခြုံရ လောက်အောင်အထိ အေးသည်ဟုဆိုသော်လည်း တိဗက်လူမျိုးတို့အတွက်မူ အနည်းငယ် မဆိုစလောက်ကလေး ပူနေသေးသည်ဟုဆိုပါသည်။ ဆောင်းတွင်းတစ်ခု လုံးကား ရေခဲများဖုံးလွှမ်းနေသောကြောင့် အအေးကြိုက်လှပါသည်ဆိုသော သူတို့အတွက်ပင် အေးခဲနေတတ်သည်။ ထို့ကြောင့် ဒီဇင်ဘာလရောက်တိုင်း ဆောင်းခိုရာသီအဖြစ် မြေပြန့်ဒေသများဆီသို့ ခြေဆန့်လေ့ရှိကြသည်။ တိဗက်လူမျိုးတို့ အတွက်မှာမူ သြဂုတ်လ စက်တင်ဘာလသည် ဓရံဆာလာတွင် နေထိုင်ဖို့ အကောင်း ဆုံး လများပင်ဖြစ်သည်။ မိုးရာသီကိုကား မိုးအလွန်များသောကြောင့် သူတို့ သိပ်မကြိုက်ကြ။ ဓရံဆာလာသည် အိန္ဒိယနိုင်ငံတွင် မိုးရေချိန်ဒုတိယ အများဆုံး ဒေသဖြစ်သည်။ စာရေးသူ ဓရံဆာလာတွင် နေထိုင်စဉ်တုန်းက ကွမ်းသီးလုံးလောက် အရွယ်အရွယ်အစားရှိသည့် မိုးသီးများဖြင့် ကွင်းပြင်တစ်ခုလုံး ပြည့်နှက်နေသည်ကို မြင်တွေ့ခဲ့ရဘူးသည်။ ဘ၀တွင် ပထမဆုံးအကြိမ် မိုးသီးအများဆုံးကြွေကျတာကို မြင်ဖူးလိုက်ခြင်းဖြစ်၍ အံ့သြနေမိပါသေးတော့သည်။

မုတ်သုံအ၀င်စောသည့် ဓရံဆာလာမိုးရာသီသည် မိုးများတတ်ပါသည်။ တိဗက်အရေးနဲ့ ပတ်သက်ပြီး "ဓရံဆာလာရဲ့ ရာသီဥတုလိုပဲ တရုတ်နိုင်ငံရဲ့ တိဗက်အပေါ်ထားတဲ့ ပေါ်လစီကလည်း ခန့်မှန်းရခက်တယ်၊ သာယာနှစ်လိုဘွယ် ကင်းမဲ့လွန်းလှတယ်"ဟု နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက မှတ်ချက်ချခဲ့ဖူးပါသည်။

ဓရံဆာလာသည် တိဗက်လူမျိုးများအတွက် အကောင်းဆုံးနေရာမဟုတ်ဘူးဆိုလျှင် အဘယ်ကြောင့် တိဗက်များ သည်နေရာမှာ လာရောက်နေထိုင်နေကြတာပါလိမ့်ဟု မေးစရာရှိပါသည်။ အဖြေက ရှင်းပါသည်။ ဓရံဆာလာသည် တိဗက်တို့အတွက် မြတ်မြေမဟာပင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ သည်မြို့ကလေးမှာ ဘုန်းတော်ကြီး ဒလိုင်းလားမား သက်ရှိထင်ရှား သီတင်းသုံးလျှက်ရှိနေသည်။ ဘုန်းတော်ကြီး ဒလိုင်း လားမား နေထိုင်ရာဒေသဖြစ်သောကြောင့် ဗုဒ္ဓဂယာပြီးလျှင် ဓရံဆာလာသည် သူတို့အတွက် အမြတ်ဆုံးနေရာတစ်ခုဟု တိဗက်လူမျိုးတို့က ယုံကြည်ထားကြသည်။ သူတို့ဘ၀ တသက်တာတွင် တစ်ခါလောက်ပဲဖြစ်ဖြစ် ဘုန်းတော်ကြီးကို အရှင် လတ်လတ် ဖူးမြော်ခွင့်ရရှိရေးသည် တိဗက်တို့၏ အကြီးမားဆုံးသော ဆန္ဒတစ်ခုပင်ဖြစ် သည်။ ထို့ကြောင့် တိဗက်လူမျိုးများသည် ကမ္ဘာတလွှား ဘယ်နေရာရောက်ရောက် ဘယ်နေမှာပဲနေနေ ရသမျှပိုက်ဆံငွေကြေးကလေးများကို ခြစ်ခြုတ်ချွေတာသုံးစွဲ တတ်ကြပြီး ဘုန်းတော်ကြီးရှိရာ ဓရံဆာလာကို လာရောက်ဖူးမြော်လေ့ရှိကြသည်။

မိမိတို့ ဓရံဆာလာတွင် နေထိုင်စဉ်က ကားလမ်းတလျှောက် လမ်းဘေးဝဲယာ တန်းစီနေကြသော လူအုပ်ကြီးကို တွေ့မြင်ခဲ့ဖူးသည်။ ပထမဆုံးအကြိမ်တုန်းက မင်းတို့ဘာလို့ တန်းစီနေကြတာလဲ လို့ မေးကြည့်လိုက်တော့ ဒီနေ့ဘုန်းတော်ကြီး ဓရံဆာလာကနေ ကားနဲ့ နယူးဒေလီမြို့ကို ခရီးထွက်မယ်လို့ သတင်းရထားလို့ ဘုန်းတော်ကြီးကို ဖူးမြော်ဖို့စောင့်နေကြတာဟု ပြန်ဖြေပါသည်။ ဘုန်းတော်ကြီး ခရီးသွားတာပဲဖြစ်ဖြစ် ခရီးက ပြန်လာတာပဲဖြစ်ဖြစ် သည်လိုပဲ ကားလမ်းတလျှောက်မှာ စောင့်ကြိုဖူးမြော်တတ်ကြပါသည်။ ကားမှန်တံခါးလေးကိုဖွင့်ပြီး ပြုံးရွှင်စွာ လက်ပြ နှုတ်ဆက်နေသော ဘုန်းတော်ကြီးကို ဖူးမြင်ခွင့်ရလိုက်ခြင်းသည် ဘုရားရှင်ကို ဖူးတွေ့ လိုက်ရသကဲ့သို့ သူတို့အတွက် မဟာကုသိုလ် မဟာအခွင့်အရေးကြီး တစ်ခု ပင်ဖြစ်သည်။ ဘုန်းတော်ကြီးရဲ့ ပြုံးရွှင်နေတဲ့မျက်နှာက ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေ ရတဲ့ အခက်အခဲတွေ၊ သူတို့ရဲ့ ဘ၀အမောတွေကို ပြေပျောက်စေခဲ့ပြီဆိုတာ သိလိုက် ရတဲ့ အချိန်မှာ သူတို့လေးတွေကို စာနာသနားနေမိသည်။ ရိုးသားဖြူစင်တဲ့ ဘ၀တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ဖို့ ကြိုးစားနေကြသူတွေ လူ့လောကကြီးမှာ ခင်များထင်သ လောက်လည်း သိပ်အများကြီး မရှိလောက်ဘူးထင်ပါတယ်ဟု ယုံမှားသံသယရှိလျှင် တိဗက်လူမျိုးတို့ရဲ့ မျက်နှာကို သေသေချာချာ ဖတ်ကြည့်စေချင်ပါသည်။ ပြီးတော့ တိဗက်အဝေးရောက်အစိုးရ ရုံးစိုက်ရာဋ္ဌာနချုပ်ရှိနေသည့်အတွက် နေရေးထိုင်ရေး စားရေးသောက်ရေး အဆင်ပြေတာကြောင့်လည်း တိဗက်လူမျိုးအများစုက ဓရံဆာလာ မှုာ လာရောက်နေထိုင်နေကြခြင်းလည်းဖြစ်သည်။

"ကျနော် တိဗက်ပြည်က ရောက်လာတာ မကြာသေးဘူးဗျ။ အခုမှ ဘုန်းတော်ကြီး ဒလိုင်းလားမားကို ကိုယ်တိုင်မြင်ဘူးတာလေ။ ဒါ ပထမဆုံးအကြိမ်ပေါ့။ ကျနော် အစတုန်းက တွေးကြည့်ဖူးတယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားဆိုတာ ဓာတ်ပုံတွေ ထဲက နတ်ရုပ်တွေလို အချွန်အတက်တွေနဲ့လို့ ကျနော်ထင်ထားတာလေ။ အခု တခြားလားမားတွေလိုပဲဆိုတာ သိလိုက်ရတော့ ကျနော်အံ့သြသွားတာပေါ့"ဟု ကမ်ပဆိုသော တိဗက်လူငယ်ကလေးက ပြောပါသည်။ ဓရံဆာလာတွင် ဘုန်း တော်ကြီးဒလိုင်းလားမားရှိသည်။ ဘုန်းတော်ကြီးက သူတို့ရခဲ့တဲ့ ဒဏ်ရာ အနာတရ တွေကို ဖြစ်နိုင်သမျှ ကြိုးစားပြီး ကုသပေးသည်။ ၀မ်းနည်းအားငယ်နေသည့်အခါ နှစ်သိမ့်အားပေးတတ်သေးသည်။ ဘ၀အတွက် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို သာမက ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုပင် ဘုန်းတော်ကြီးက အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြည့်ဆီးပေးပါသည်။ တိဗက်ပြည်သူတွေ ပျော်နေလျှင် ဘုန်းတော်ကြီး လည်း ပျော်နေတတ်ပြီး သူ့ပြည်သူတွေ အားငယ်နွမ်းလျနေချိန်တွေမှာ ဘုန်း တော်ကြီးလည်း သူတို့နဲ့အတူ ကြေကွဲဝမ်းနည်းနေမည်လား မပြောတတ်တော့။ ကမ္ဘာကျော်ဘုန်းတော်ကြီးမို့ သူ့ဘ၀ကို အတည်ငြိမ်ဆုံး၊ အအေးချမ်းဆုံး တည် ဆောက်ထားနိုင်မည်မှာ သံသယဖြစ်စရာမရှိသော်လည်း အဝေးရောက် တိဗက် ပြည်သူတွေရဲ့ မျက်နှာပေါ်မှာတော့ ၀မ်းနည်းရိပ်တို့ ယှက်သန်းပြေးလွှားနေကြတာကို တွေ့မြင်ရလေ့ရှိပါသည်။

အချိန်တန် အိမ်ပြန်နိုင်ရေးသည် အဝေးရောက်တိဗက်လူမျိုးတို့၏ အကြီးမားဆုံး အပြင်းပြဆုံး အိပ်မက်တစ်ခုပင်ဖြစ်သည်။ မြန်မာပြည်တွင် ပြည်သူ့အစိုးရကို ဂုဏ်ပြုသောအားဖြင့် စတုဒိသာပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေသည်ကို မြင်ရလေတိုင်း "မင်းတို့က ငါတို့ထက်စာရင် အများကြီးတော်ပါသေးတယ်ကွာ" ဟုပြောခဲ့ဖူးသည့် တိဗက်လားမားကြီးကို တခုတ်တရ သတိရနေမိပါတော့သည်။

ဘုန်းတော်ကြီးဒလိုင်းလားမားနှင့် တိဗက်အဝေးရောက်အစိုးရတို့က အိန္ဒိယမှာ သောင်တင်နေသည့် တိဗက်လူမျိုးများရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆီး ပေးနေပါသည်ဟုဆိုသည့်တိုင် လိုအပ်ချက်တွေက များစွာရှိနေဆဲပင်ဖြစ်သည်။ အကြီးမားဆုံး ရင်ဆိုင်နေရသောပြဿနာမှာ နေထိုင်ရေးပင်ဖြစ်သည်။ "လောလော ဆယ်မှာတော့ သုံးယောက်လောက်ပဲနေလို့ရတဲ့အိပ်ယာကို ခြောက်ယောက်လောက် အိပ်နေရတယ်။ ၁၉၉၁-ခုနှစ် နွေရာသီတုန်းကဆို တိဗက်ပြည်ကနေ ကျနော်တို့ တိဗက်တွေ အများကြီး ထွက်ပြေးလာနိုင်ခဲ့ကြတယ်။ ဒီနေရာ (ဓရံဆာလာ)ကို လူပေါင်း လေးရာနီးပါး ရောက်လာကြတယ်။ အိန္ဒိယဘက်ကိုဝင်ဖို့ နီပေါမှာ တန်းစီစောင့်ဆိုင်းနေ ကြသူတွေလည်း အများကြီး ကျန်နေသေးတယ်။ အဲဒီတုန်းက ဒီကိုရောက်လာတဲ့ တိဗက်သီလရှင်ဆရာလေး အဖွဲ့တဖွဲ့ဆိုရင် အပါး(၉၀)ကျော်တယ်။ အားလုံးအရွယ် ရောက်ခါစ လူငယ်ကလေးတွေချည်းပဲ။ မိန်းကလေးတွေဆိုတော့ အထူးစိုးရိမ်မိတာပေါ့။ အကုန်လုံးကို လက်ခံချင်ပေမယ့် နေရာအခက်အခဲကြောင့် ခြောက်ဆယ်ကျော်ပဲ လက်ခံနိုင်ခဲ့တယ်။ တကယ်စိတ်မကောင်းဘူး။ ဒီကို အားကိုးတကြီးနဲ့ ရောက်လာကြတဲ့ သူတို့လေးတွေကို စိတ်ဓာတ်ကျမသွားစေချင်ဘူးဗျာ"ဟု တန်ဇန်းချိုဂေ-ဆိုသော တိဗက်အမျိုးသားကြီးက ပြောပါသည်။

နီပေါနိုင်ငံသည် တိဗက်တို့အတွက် ဒုတိယနိုင်ငံဖြစ်ပြီး အိန္ဒိယက တတိယနိုင် ငံဖြစ်သည်။ တိဗက်ကနေ အခက်အခဲများစွာကိုဖြတ်ကျော်ခဲ့ကြပြီး နီပေါထဲကို ၀င်။ အဲဒီမှာ အချိန်အတိုင်းအတာတစ်ခုထိ စောင့်နေကြရပြီး ဒီဘက်က မီးစိမ်ြး ပပြီဆိုတော့မှ အိန္ဒိယဘက်ကို ၀င်ရောက်လာကြခြင်းဖြစ်သည်။ အိန္ဒိယဘက်ရှိ ဘေလာကုပနှင့် မောင်းဂေါတ်ဆိုသောမြို့များတွင် တိဗက်ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများရှိပါသည်။ အိန္ဒိယတောင် ပိုင်းနှင့် မြောက်ပိုင်း၊ ဗုဒ္ဓဂယာရှိရာ ဘီဟာပြည်နယ်နှင့် ကာလကတ္တားဘက်တို့တွင်လည်း တိဗက်ကျောင်းများ များစွာ ရှိသည်။ ပြည်နယ်အသီးသီးရှိ အဆိုပါကျောင်းများသို့ တိဗက်ဒုက္ခသည်တို့ လွတ် လွတ်လပ်လပ် သွားလာနေထိုင်ခွင့် ရရှိခြင်းသည် အခြားတိုင်းပြည်များရှိ ဒုက္ခသည် များနှင့်မတူသော ကြီးမားသော အခွင့်ထူးကြီးတစ်ခုပင်ဖြစ်ပါတော့သည်။

တိဗက်ပြည်တွင် လာဆာ၊ အမ်ဒူးနှင့် ကမ် ဟူ၍ ပြည်နယ်သုံးခုပဲရှိရာ များသောအား ဖြင့် အမ်ဒူးနှင့် ကမ်ပြည်နယ်ဘက်က ရောက်လာကြသော တိဗက်များသည် အိန္ဒိယ တောင်ပိုင်းကို ရွေးချယ်တတ်ကြသည်။ တရုတ်ပြည်က ၀င်ရောက်မကျူးကျော် မသိမ်းပိုက်သေးသည့်အချိန်တုန်းကတော့ တိဗက်ပြည်သည် ကမ္ဘာကြီးနှင့် အဆက် အသွယ်ပြတ်တောက်နေသည့် သီးသန့်ကမ္ဘာကလေး တစ်ခုပင်ဖြစ်သည်။ အခုတော့ နားမျက်စိ ကြီးကြီးထားမှဖြစ်တော့မည်ဆိုတာကို တိဗက်တို့ ကောင်းကောင်းနားလည်း သဘောပေါက်သွားခဲ့ကြလေပြီ။ ပြည်ပရောက် တိဗက်တို့ရဲ့ နားမျက်စိတွေကို အစွမ်းကုန်ဖွင့်ပေးနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းမှာ ပညာရေးပင်ဖြစ်ကြောင်း ကမ္ဘာပတ်နေသော ဘုန်းတော်ကြီး ဒလိုင်းလားမားက ကောင်းကောင်းနားလည် သဘောပေါက်ထားသည်။ ထို့ကြောင့် သူတို့တိုင်းပြည် သူ့လူမျိုးတွေရဲ့ နားမျက်စိ အသိဥာဏ်ပညာ အတွေးအခေါ်အယူအဆတွေကို ဖွင့်ပေးဖို့ အိန္ဒိယတောင်ပိုင်းတွင် တိဗက်တက္ကသိုလ်ကြီး သုံးခုကိုလည်း ဖွင့်လှစ်တည်ထောင်ပေးထားလေသည်။
ခေါင်းခေါင်းချင်း ယှဉ်တဲ့ခေတ်မှာ ကိုယ်က လက်သီးလက်မောင်း တန်းနေလို့ မဖြစ် တော့။ လက်သီးလက်မောင်း တန်းနေရုံ၊ လက်သီးလက်မောင်း တန်းတတ်ရုံကလေး နှင့်လည်း ဒီခေတ်က အလုပ်မဖြစ်တော့။

အိန္ဒိယတောင်ပိုင်းတွင် တိဗက်လူမျိုး လေးသောင်းကျော်ရှိပြီး ထိုလေးသောင်းေ ကျာ်သော တိဗက်လူမျိုးတို့အတွက် တက္ကသိုလ်သုံးခုရှိပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသော ကျနော်တို့မြန်မာနိုင်ငံသား ဒုက္ခသည်ဦးရေမှာ လေးသန်းဝန်းကျင်လောက်ရှိသည်ဟု ဆိုပါသည်။ ထိုလေးသန်းလောက်သော မြန်မာ လူမျိုးများအတွက် သင်ယူစရာကျောင်းတွေ၊ တက္ကသိုလ်တွေ ဘယ်နှစ်ခုလောက်များ ရှိလေမလဲလို့ တွေးကြည့်နေမိသည်။ အိမ်ပျောက်သွားတဲ့ တိဗက်တွေ ပညာသင်ကြား ခွင့်ရကြသလို အိမ်ပျောက်နေတဲ့ ကျနော်တို့ရဲ့ ကလေးငယ်လေးတွေလည်း ဒုတိယ တိုင်းပြည်မှာ ပညာသင်ကြားခွင့်တွေ ရမှရကြပါရဲ့လား မသိ။ သူတို့လေးတွေ သေစာ ရှင်စာလေးဖတ်တတ်ဖို့ အခွင့်အရေးကလေးတောင် ရမှရကြပါရဲ့လား ကျနော် အတိအကျ မသိ။ ကိုယ့်မှာသာ တွေးရင်း စိတ်ပူနေမိပါသေးတော့သည်။

ကိုသစ် (သီတဂူ)
၁၊ ၃၊ ၂၀၁၈
0