ကိုဂျေ - စာရေးဆရာမောင်သော်က ပြောသော ပုံပြင်များ


ကိုဂျေ - စာရေးဆရာမောင်သော်က ပြောသော ပုံပြင်များ
(မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၈


ဆရာမောင်သော်ကရဲ့ စာပေဟောပြောပွဲတွေကို နားထောင်ဖူးသူတွေကတော့ ‘ရန်ကုန်မြို့လယ်က အပေါက်များ’ ‘VIP ရေခဲချောင်း’ နဲ့ ‘ဆင်ထိန်းမောင်စိန်’ အကြောင်းတွေကို သတိရကြမှာပါ။ ၁၉၈၈ အရေးအခင်း ကာလမှာ ဆရာနဲ့ဆုံတဲ့ အခါတိုင်း၊ သူစင်ပေါ်မှာ ပြောခွင့်မကြုံသေးလို့ မပြောဖြစ်ခဲ့တဲ့ ဟာသတွေကို ပြောတတ်ပါတယ်။

စင်ပေါ်မှာ မပြောဖြစ်တဲ့ အကြောင်းအရာ အများစုကတော့ အာဏာရှင် ဦးနေဝင်းအကြောင်းနဲ့ လမ်းစဉ်ပါတီခေတ်က အုပ်ချုပ်ရေးပိုင်း ညံ့ဖျင်းတာ၊အာဏာအလွဲသုံးစား လုပ်ခဲ့တာတွေကို ပြောတဲ့ ဟာသတွေ ဖြစ်ပါတယ်။

တရက်မှာ ဆရာက….

“တို့နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့က ရာဇဝင်ကြွေးတွေ ရှိတယ်ကွ” လို့ ပြောလာ ပါတယ်။ မြန်မာက ထိုင်းကို ကျူးကျော်စစ် တိုက်ခဲ့တယ်။ အနိုင်ကျင့်တာတွေ လုပ်ခဲ့တယ်။ ဒီတော့ ထိုင်းတွေက မြန်မာကို အရိုးထဲက မုန်းနေတယ်။ စီးပွားရေးအရ ဟန်ဆောင် ဆက်ဆံနေရပေမယ့် အတွင်းစိတ်ထဲမှာတော့ မကျေနပ်ချက်တွေက များတယ်လို့ ပြောလာပါတယ်။ အဲဒီနောက်မှာတော့ သီရိဒုံမင်းသမီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ အာဏာရှင် ဦးနေဝင်းနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံအရေး၊ စီးပွားရေးတို့ကို ဆွေးနွေးခဲ့တဲ့ ဟာသတပုဒ်ကို ပြောပါတယ်။

“သီရိဒုံမင်းသမီးနဲ့ ဦးနေဝင်းတို့ဟာ ရှေးဘဝက မောင်နှစ်မ တော်စပ်ခဲ့တဲ့ လူဝင်စားတွေကွ” လို့ ဆရာမောင်သော်ကက ပြောပါတယ်။

သီရိဒုံမင်းသမီး မြန်မာနိုင်ငံလာတဲ့ အချိန်မှာ ဦးနေဝင်းကို တွေ့လိုက်တာနဲ့ မျက်စေ့မျက်နှာတွေ ပျက်ခဲ့တယ်။ မင်းသမီးက ဦးနေဝင်းကို မြင်လိုက်တာနဲ့ ရှေးဘဝက တော်စပ်ခဲ့တဲ့ သူ့ရဲ မောင်တော် ဆိုတာ သိလိုက်တယ်။ ဦးနေဝင်းက ဘာမှ မထူးခြားသလို နေခဲ့တာကြောင့် မင်းသမီးခင်ဗျာ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရတယ်လို့ ဆရာက ပြောပါတယ်။ ဒီလိုနဲ့ ညစာစားပွဲမှာ နှစ်ဦးတည်း စကားပြောခွင့် ရခဲ့ကြတယ်။ ဘေးပတ်ဝန်းကျင်မှာ လူသူမရှိတာကြောင့် မင်းသမီးက ဝမ်းနည်းတဲ့ အသံနဲ့ ဦးနေဝင်းကို “အစ်ကိုတော် ဘုရားလို့” ခေါ်လိုက်ပါတယ်။ ဦးနေဝင်းက ပြုံးရင်.. “ညီမတော်လေးက အစ်ကိုတော်ဘုရားကို ဒေါသထွက်တော်မူနေတယ် မဟုတ်လားလို့” ပြန်ပြောခဲ့ ပါသတဲ့။

သူတို့ နှစ်ဦး ပြောတဲ့ စကားတွေဟာ ရှေးထိုင်း နန်းသုံး စကားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နောက်ဆုံး ပြောကြတဲ့ စကားကတော့.. ထိုင်းဘုရင်မင်းမြတ်ရဲ့ နန်းဆက်တွေကို သတ်ခဲ့တဲ့ တိုင်းပြည်မှာ ဦးနေဝင်းက ခေါင်းဆောင်လုပ်နေတာနဲ့ တိုင်းပြည် အရေးအရာတွေ ဆောင်ရွက် နေတာကို မကျေနပ်ကြောင်း ထိုင်းမင်းသမီးက ဦးနေဝင်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

 ဦးနေဝင်းက ရှေးဘဝက ညီမတော်ကို ချော့တော်မူရင်း “နှစ်မတော် သင်သည် ယခုဘဝမှာလည်း ဟိုယခင် ဘဝကဲ့သို့ပင် ပညာကိုသာလေ့လာ၊ ပညာကိုသာ ရှေ့တန်းတင်၊ စိတ်နှလုံးဖြူစင် အပြစ်ကင်းအောင် နေတော်မူသော ညီမငယ်ဖြစ်ပေသည်။ မောင်တော်ကဲ့သို့ ဘဝအဆက်ဆက် မကောက်ကျစ်တတ်သူ ဖြစ်သည်” လို့ ပြောခဲ့ပါသတဲ့။

အဲဒီနောက် ဦးနေဝင်းက “စိတ်ချစမ်းပါ နှစ်မတော်၊ အကိုတော်ဟာ ဒီနိုင်ငံမှာ နေရာပေး မခံရတဲ့ တရုတ်မိသားစုထဲမှာ လူပြန်ဖြစ်ခဲ့တာတောင်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဥက္ကဋ္ဌကြီးနဲ့ နိုင်ငံတော် သမ္မတကြီးဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ အခုဆို ဒီတိုင်းပြည်ရဲ့ ဘဏ္ဍာတော် အားလုံးဟာ မောင်တော်ရဲ့ လက်ထဲရောက်နေပြီ။ မြန်မာလူမျိုးတွေကို နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ခေါင်းမထောင်နိုင်အောင် ဆင်ရဲတွင်း နက်သထက်နက်အောင် လက်စားချေခဲ့ပြီးပြီ၊ နှစ်မတော် ကြည့်လိုက်စမ်းပါ၊ အခုဆို မြန်မာနိုင်ငံကြီး ဘယ်ဘဝ ရောက်နေပြီလဲ ဆိုတာကို”လို့ ပြောပြီး ဦးနေဝင်းက စိတ်လွတ်လက်လွတ် အားရပါးရ ရယ်ချလိုက်ပါသတဲ့။ မင်းသမီးကလဲ ကျေနပ်သွားပါသတဲ့။

ဦးနေဝင်းကို ဖားယားနေတဲ့ ကောင်တွေကတော့ သူတို့ဖခင်ကြီး အခုလို ရယ်ရယ်မောမော နေတာ ပျော်တာ မတွေ့ရတာ ကြာတော့ ဘာမှန်းမသိဘဲ ဦးနေဝင်း ရယ်သလို လိုက်ရယ်ကြတဲ့ အကြောင်းကို ပြောဖူးပါတယ်။

~~~~~~

‘အရိုင်းနဲ့ အယဉ်’

၁၉၈၈ အရေးအခင်းကာလမှာ အထက်အညာက ညီအစ်ကို နှစ်ယောက် ဆရာမောင်သော်က ဆီ အလည် ရောက်လာပါတယ်။ အဲဒီကလေး နှစ်ယောက်စလုံးဟာ စာဖတ်အားကောင်းကြသလို၊ တွေ့တာ မြင်တာတွေကို လက်တွေ့ကျကျ ဆုံးဖြတ်တတ်သူတွေ ဖြစ်တယ်လို့ ဆရာမောင်သော်က က ပြောပါတယ်။ ဒီခရီးစဉ်ဟာ သူတို့ရဲ့ ပထမဆုံးအကြိမ် ရန်ကုန်မြို့ ခရီးစဉ် ဖြစ်ပါတယ်။ ရန်ကုန်ကို ရောက်ရောက်ချင်း သူတို့ စိတ်ဝင်စားတဲ့ တိရိစ္ဆာန်ဥယျာဉ်ကို သွားရောက် လည်ပတ်ချင်တာကြောင့် ဆရာမောင်သော်ကက လမ်းညွှန်ခဲ့ပါတယ်။

“ဆူးလေကား မှတ်တိုင်မှာ ယောက်လမ်း၊ ကျောက်တိုင်၊ သုံးလမ်း၊ ရေခဲဆိုင် ရွှေဂုံတိုင်လို့ အော်နေတဲ့ လိုင်းကားထဲက ကြိုက်တဲ့ကားပေါ်ကိုတက်လိုက်၊ ကျောက်တိုင်မှတ်တိုင် ရောက်ရင် လိုင်းကားပေါ်က ဆင်း၊ ဆင်းဆင်းချင်း မင်းတို့တွေ တိရိစ္ဆာန်ရုံကို တွေ့ပြီ” လို့ ကလေးနှစ်ယောက်ကို ဆရာမောင်သော်က က လမ်းညွှန်ခဲ့ပါတယ်။ ကလေးနှစ်ယောက်ကလည်း သူတို့ ဘကြီး ဆရာမောင်သော်က ပြောတဲ့ အတိုင်း သွားခဲ့ကြပါတယ်။ ကျောက်တိုင်မှတ်တိုင်လဲရောက်ရော ဘက်စ်ကားပေါ်က ဆင်းလိုက်တာနဲ့ လမ်းရဲ့ နှစ်ဘက်စလုံးမှာ အုတ်တံတိုင်းတွေ ကာထားတဲ့ ခြံကျယ်ကြီးတွေကို တွေ့ကြပါတယ်။ ဒီမှာပဲ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ မြင်တာကို လက်တွေ့ကျကျ စဉ်းစားတော့တာပဲ လို့ ဆရာမောင်သော်က က ပြောပါတယ်။ သူတို့ ဆင်းလိုက်တဲ့ အခြမ်းက အုတ်တံတိုင်းက နိမ့်တယ်။ ဘာမှ မထူးခြားဘူး။ လမ်းရဲ့ တဘက်က အုတ်တံတိုင်းက မြင့်တယ်။ မြင့်တဲ့အပြင် သံဆူးကြိုးတွေနဲ့ နှစ်ထပ် ခတ်ထားတာကို တွေ့ကြပါတယ်။

“ညီလေးရေး ကြည့်စမ်း ဘယ်ဟာက တိရိစ္ဆာန်ရုံ ဖြစ်မလဲ”

“အစ်ကိုကြီးကလဲဗျာ ဘာခက်လို့လဲ၊ တိရိစ္ဆာန်ဆိုတာက ရိုင်းတယ်။ လူတွေကို အန္တရာယ်ပြုနိုင်တယ်၊ ဘယ်သူက အုတ်တံတိုင်း နိမ့်နိမ့် တထပ်ထဲ ထားမလဲဗျ။ ဟို အုတ်တံတိုင်းအမြင့်နဲ့ သံဆူးကြိုးပါ နှစ်ထပ်ခတ်ထားတဲ့ ခြံကျယ်ကြီးက တိရိစ္ဆာန်ရုံ ဖြစ်ပါမှာပေါ့”လို့ ညီဖြစ်သူက သူ့ အစ်ကို့ကို ပြောလိုက်တယ်လို့ ဆရာမောင်သော်က က ပြောခဲ့ပါတယ်။

ဒီပုံပြင်လေးဟာ ရန်ကုန်သားတွေနဲ့ ရန်ကုန်ရောက်ဖူးသူတွေအတွက် တစိမ့်စိမ့်တွေးပြီး ပြုံးဖြစ်တဲ့ ပုံပြင်လေး ဖြစ်ပေမယ်လို့ ရန်ကုန်ကို မရောက်ဖူးသူတွေအဖို့ကတော့ နားလည်ဖို့ခက်ပါတယ်။ ကျောက်တိုင်မှတ်တိုင်ဆိုတာ ဆူးလေဘစ်ကားဂိတ်ကနေ ကမ္ဘာအေးဘုရားဘက်သွားတဲ့ လမ်းမပေါ်မှာ ရှိပါတယ်။ ကျောက်တိုင်မှတ်တိုင်ရောက်ရင်…လမ်းရဲ့ အရှေ့ဖက်အခြမ်းမှာ အုတ်တံတိုင်း နိမ့်နိမ့် တထပ်ထဲ ကာရံထားတာက တိရိစ္ဆာန်ရုံဖြစ်ပြီး၊ လမ်းရဲ့ တဖက်ခြမ်း အုတ်တံတိုင်းအမြင့်နဲ့ ကာထားတဲ့အပြင် သံဆူးကြိုးပါ နှစ်ထပ်ဆင့် ကာထားတာကတော့ စစ်ရုံးချုပ်ဖြစ်ပါတယ်။

~~~~~

‘တန်းစီခြင်းအစ နေဝင်းက’

ဆရာမောင်သော်က အိမ်ရှေ့က စာရေးကရိယာ အရောင်းဆိုင်မှာ ဈေးဝယ်နေတဲ့ ကျနော်ဟာ…အိမ်ရှေ့မှာ ထိုင်နေတဲ့ ဆရာ့ကို နှုတ်ဆက်လိုက်ပါတယ်။ ဆရာက ကျနော့်ကို လက်ဖက်ရည် သောက်ဖို့ ခေါ်ပါတယ်။ သူ့အိမ်ထဲမှာ အတန်ကြာတဲ့အထိ ထိုင်ပခဲ့ပေမယ့် လက်ဖက်ရည် သောက်ဖို့ အစီအစဉ်က ဖြစ်မလာပါဘူး။ နောက်မှသိရတာကတော့ ဆရာ့အိမ်မှာ နို့ဆီကုန်နေတာကြောင့် ၃၄ လမ်းထိပ်က သမဝါယမဆိုင် (ရန်ကုန်မြို့လယ် နေသူတွေကတော့ လိပ်ပြာတောင်ဆိုင်လို့ ခေါ်ကြပါတယ်) မှာ တယောက်ကို နို့ဆီသွားဝယ်ခိုင်းလိုက်တာ အချိန်တွေသာ ကုန်သွားတယ် ပြန်ရောက်မလာတာကြောင့် ဆရာအိမ်နားက လက်ဖက်ရည်ဆိုင် မှာပဲ ကျနော်တို့ ထိုင်ဖြစ်ခဲ့ပါတယ်။

“တန်းစီတဲ့ စနစ်ဆိုးကြီးကို ဘယ်သူစခဲ့တယ် ထင်သလဲလို့” ဆရာက မေးခွန်းထုတ်ပါတယ်။
မေးခွန်းတွေရဲ့ နောက်ကွယ်မှာ ပုံပြင်တွေ ပါလာလေ့ရှိတတ်တဲ့ ဆရာ့ရဲ့ အံ့သြဖွယ်ရာ သရော်အားကောင်းတဲ့ အတွေးတွေကြောင့် နှုတ်ဆိတ်နေရင်းက.. ပြောပါဦးဆရာရဲ့ဆိုပြီး ဆရာ ပြောတဲ့ ပုံပြင်ကို နားထောင်ခဲ့ပါတယ်။

“နေဝင်း ပေါ့ကွ” ဆိုတဲ့ မကျေမနပ် ဖြစ်နေတဲ့အခါ ပြောလေ့ရှိတဲ့ လေသံမျိုးနဲ့ ဆရာက ပြောခဲ့တယ်။

ဒီနောက်မှာတော့ ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်ချင်တဲ့သူတွေ ဒုက္ခခံ တန်းစီ လက်မှတ်ဝယ် နေကြရပုံတွေ၊ ရိုးရာကော်လာ လည်ကတုံးအင်္ကျီ တထည် ဝယ်ဝတ်ဖို့ ပန်းဆိုးတန်းက ကုန်တိုက်မှာ တန်းစီတိုးဝှေ့ ဝယ်ကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေနဲ့ ဆရာဝန်တွေလဲ ဆရာဝန်မှတ်ပုံတင်ကို ပြပြီး ကုန်သွယ်ရေး ဆေးဆိုင်တွေမှာ ဆေးဝါး တန်းစီဝယ်ကြရတဲ့အကြောင်းတွေကို စီကာပတ်ကုံး ပြောပြနေပါတယ်။

“ဆရာကလဲဗျာ ဒီကိစ္စရဲ့တရားခံဟာ နေဝင်းလို့ ဘာ့ကြောင့် အတိအကျ စွပ်စွဲရတာလဲ”လို့ မေးခွန်း ထုတ်လိုက်ပါတယ်။

“မင်းသိတဲ့အတိုင်းပဲလေကွာ နေဝင်းကို မကျေနပ်တဲ့ သူတွေ ဆိုတာက ဒီနိုင်ငံမှာ ရှိသမျှ ပြည်သူလူထုတွေ အားလုံးပဲလို့ ရဲရဲကြီး ပြောနိုင်ပါတယ်။ ပြည်သူလူထု အားလုံးကို ဆင်းရဲဒုက္ခတွင်းထဲ ကျအောင် ချမှတ်ထားတဲ့ စည်းကမ်း တွေဟာ သူ့ရဲ့လက်ချက်တွေပဲပေါ့ကွ” လို့ ဖြေရှင်းချက် ထုတ်ပါတယ်။ ကျနော်က ဆရာပြောသမျှ စကားတွေကို ဆက်ပြီးနားထောင် နေခဲ့ပါတယ်။

“တနေ့မှာတော့ ငါလည်း နေရာတကာမှာ တန်းစီနေရတဲ့ စနစ်ဆိုးကို မကျေနပ်တာကြောင့် နေဝင်းကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ချက်ချပြီး သူ့အိမ်ကိုသွားခဲ့တယ်ကွ။ သွားခဲ့တဲ့ ရည်ရွယ်ချက်ကိုက အပြတ်ရှင်း
မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတာဆိုတော့ လက်နက်ကိုင် သွားတာပေါ့ကွာ။ လက်နက်ဆိုလို့ တမျိုးမမြင်နဲ့ဦး ဒီနိုင်ငံမှာက စစ်တပ်နဲ့ ရဲကလွဲလို့ သာမန်ပြည်သူတွေက လက်နက် ကိုင်ခွင့် ရှိတာမှမဟုတ်ဘဲ။ ဒီတော့ အိမ်မှာ အလွယ်တကူတွေ့တဲ့ ပစ္စည်းတခု ကိုင်သွားရတာပေါ့”လို့ ပြောကာ ဆရာမောင်သော်က က ကျနော့်ကို ပြုံးပြီးကြည့်နေပါတယ်။

 “ဆရာ့ပုံပြင်ကမပြီးသေးဘူးနော်”လို့ လမ်းစပြန်ကြောင်းလိုက်ပါတယ်။

“မင်းကလည်း စာရေးဆရာ ဖြစ်ချင်တယ်လဲ ပြောသေးတယ်။ ဇာတ်လမ်းလဲ အစအဆုံး သိချင်နေသေးတယ်။ မင်းဘာသာ ဆက်စဉ်းစားပေါ့ကွ” လို့ဆိုပါတယ်။ နောက်ဆုံးတော့ ကျနော်ရဲ့တောင်းဆိုမှုကြောင့် သူ့ဇာတ်လမ်းကို ဆက် ပြောပြပါတယ်။

မကျေနပ်စိတ်နဲ့ ဦးနေဝင်းအိမ်ရှေ့ကို ရောက်သွားပါတယ်။ ၁၉၈၈ အရေးအခင်းကာလအတွင်းမှာ အစောင့်တွေ လုံခြုံရေးတွေမရှိဘဲ အသင့်ပွင့်နေတဲ့ ဗိုလ်နေဝင်းရဲ့ ခြံဝင်းတံခါးထဲကို တန်းပြီးဝင်သွားခဲ့တယ်။ ခြံထဲရောက်တာနဲ့……
“ဟေ့ကောင်နေဝင်း ထွက်ခဲ့စမ်း”လို့ ပဲ့တင်ထပ်သွားတဲ့အထိ အော်လိုက်တယ်လို့ဆိုပါတယ်။ အဲသလို လေးငါး ကြိမ်မက အော်နေတာကြောင့် သူ့အနားကို ဓါးရှည် ကိုင်ထားသူတဦး ရောက်လာပါတယ်။ ဓါးကိုကိုင်ထားပေမယ့် သူ့ကိုအန္တရာယ် ပေးမယ့်သူ မဖြစ်နိုင်ဘူးဆိုတာကို အဲဒီလူ မျက်လုံးကို မြင်လိုက်တာနဲ့ သိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဓါးရှည်ကိုင်လူက သူ့ကို မေးခွန်းစတင် ထုတ်လိုက်ပါတယ်။

“ဆရာကြီး ခင်ဗျားဘာလုပ်ချင်လို့ ဒီလောက်တောင် အော်နေရတာလဲ”

“ငါမကျေနပ်ဘူးကွာ ဒီကောင်ကြီးကို ငါ့လက်နဲ့ သတ်ကို သတ်ရမှ ဖြစ်မယ်”

“ဆရာကြီးရယ် လောဘ အဲသလောက်ထိ မကြီးနဲ့လေဗျာ။ ပတ်ဝန်းကျင်ကိုလဲကြည့်ပါဦး၊ ကျနော်တို့ကိုလည်း အားနာပါဦး” လို့ဆိုပါတယ်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာ ဓါးတွေ၊ တုတ်တွေ၊ ရရာလက်နက်တွေ ဆွဲကိုင်ပြီး တန်းစီနေတဲ့ လူတန်တားကြီးကို မြင်ပါတယ်ဆိုပါတယ်။

သူတို့ အားလုံးဟာ မြန်မာပြည်အရပ်ရပ်ကနေ ခရီးစရိတ် အကုန်အကျခံ ရောက်လာကြတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေအားလုံးဟာ ဗိုလ်နေဝင်းကို မကျေနပ်တာကြောင့် သတ်ဖို့ တန်းစီနေတဲ့ လူတန်းကြီးလို့ ဆိုပါတယ်။ ဓါးရှည်ကိုင်ထားတဲ့ လူက အကြောင်းစုံရှင်းပြပြီးတဲ့ အခါမှာတော့…..

“ဟေ့လူကြီး မကြီးမငယ် မသန်မစွမ်းနဲ့ ခုံဖိနပ်ကြီး ကိုင်ပီး ကြားဝင်ဖို့ စိတ်မကူးနဲ့ ဒီနေရာမှာ ဗီအိုင်ပီ ဆိုတာမရှိဘူးနော်။ နားသွားမယ်။ ခင်ဗျားလဲ သတ်ချင်ရင် နောက်ဆုံးက ဝင်ပြီး တန်းစီပါ” ဆိုတဲ့ အော်သံကြီးက ထွက်လာတယ်လို့ ဆိုပါတယ်။

ကိုဂျေ

 နောက်ရက်တွေမှတ်မိတာလေးတွေ ဆက် တင်ပေးမယ်။

Comments