လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အမျိုးသားကွန်ဂရက် - အပိုင်း (၇)


လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အမျိုးသားကွန်ဂရက် - အပိုင်း (၇)
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၁၈

● တကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု (Global Governance)
တရုတ်သမတရှီကျင့်ဖင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ လူသားတွေရဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာ များဟာ မျှော်လင့်ချက်များရှိသလို စိုးရိမ်စရာတွေလည်းရှိပါတယ်။ မိုးအောက်မြေပြင်တခုလုံးဟာ မိသားစုတစုတည်းပါပဲ။ တရုတ်ပြည်အနေနဲ့တာဝန်သိတဲ့နိုင်ငံတနိုင်ငံအနေနဲ့ပြောရရင် ကုလသမဂ္ဂရဲ့ အဆင့်နေရာနဲ့ အာဏာပိုင်မှုကို ပြတ်ပြတ် သားသား ကာကွယ်ပေးသွားမှာဖြစ်ပြီး နိုင်ငံတကာအရေးအခင်းများအတွင်းမှာ မိမိတို့ရဲ့ သင့်တော်တဲ့တာဝန်ဝတ္တရားမျာကိုတက်ကြွစွာ ကျေပြွန်အောင်ထမ်းဆောင်သွားပါ့မယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

တကယ်လည်း ကုလသမဂ္ဂရဲ့လုပ်ဆောင်ချက်၊ လမ်းညွှန်ချက်များကို လိုက်နာတာလည်း လေ့လာတွေ့ရှိရပါတယ်။ ဥပမာ အားဖြင့် ကုလသမဂ္ဂက ...

၁။ ၂ဝဝဝ ခုနှစ်ကသတ်မှတ်ခဲ့တဲ့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၈) ချက်။ (Millennium Development Goals - MDG-8) ကို သတ်မှတ်ချိန် ၂ဝ၁၅ ထက် စောNပီးအောင်မြင်အောင် လုပ်ပြခဲ့ပါတယ်။

၂။ ၂ဝ၁၅ မှာချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၇) ချက်၊ (Sustainable Development Goals-SDG17) ကိုလည်း သတ်မှတ်ချိန် ၂ဝ၃ဝ မတိုင်ခင် ပြည့်မီအောင်လုပ်ဆောင်နေပါတယ်။ (တရုတ်က သူ့နိုင်ငံ ဆင်းရဲမှု ပပျောက်ရေးကို ၂ဝ၂ဝ မှာ အောင်မြင်စေရမယ်လို့ ကြွေးကြော်ထားတာပါ။ ဥပမာ ကုလရဲ့ရည်မှန်းချက် (၁၇) ချက်မှာ ... (၁) ဆင်းရဲမှုပပျောက်ရေးနဲ့၊ (၂) ဆာလောင်ငတ်မွတ်မှု (Hunger) ပပျောက်ရေးဖြစ်ပါတယ်။)

၃။ ၁၉၉ဝ ခုနှစ်လောက်ကစပြီး ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးစောင့်လုပ်ငန်းများအတွက် တရုတ်က တပ်ဖွဲ့များတဖြည်းဖြည်းပို့ပေးနေရာမှာ အခုအခါ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား အများဆုံးပို့ထားတဲ့နိုင်ငံဖြစ်လာနေပါပြီ။ ဒါ့အပြင် ငြိမ်း ချမ်းရေးစောင့်တပ်သားလေ့ကျင့်ရေးကျောင်းများကိုလည်း တရုတ်ပြည်မှာဖွင့်လှစ်ပေးပြီး နိုင်ငံအတော်များများက သင်တန်း သားများကို လက်ခံသင်ကြားပေးလျှက်ရှိပါတယ်။

ဒါတွေလုပ်ဆောင်ရာမှာ တရုတ်ရဲ့ ရည်မှန်းချက်တွေ ရှိပုံရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး (လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ - ၇ဝ) က ရေးဆွဲခဲ့တဲ့ နိုင်ငံတကာ နိုင်ငံရေး၊ ဘဏ္ဍာရေးစည်းစနစ်တွေကို ပိုမိုတရားမျှတလာရေးအတွက် (တခြားဖွံ့ဖြိုးတိုး တက် ဆဲနိုင်ငံများနဲ့အတူ) ပြန်ရေးဆွဲဖို့ကြိုးစားလာတဲ့ဖြစ်စဉ်ပါ။ ဒါ့ကြောင့် ကုလသမဂ္ဂကို အင်အားကြီးနိုင်ငံများရဲ့အသုံးချခံဘဝကနေ တကမ္ဘာလုံးရှိ နိုင်ငံများအားလုံး (အယူဝါဒတူတူ မတူတူ ဆင်းရဲချမ်းသာ အင်အားကြီး သေးမခွဲခြားပဲ) ရဲ့ အုပ်ချုပ်ရေး စင်မြင့် (Governance Body) ဖြစ်လာရေးကို ရည်ရွယ်တာပါ။

အဓိကကတော့ နိုင်ငံတကာပြသာနာတွေဖြေရှင်းရာမှာ နိုင်ငံတိုင်း ပြောရေးဆိုခွင့်ရရှိရေး (Multilateralism) အတွက်ပါ။ အခုတရုတ်က တကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုအတွက် လိုအပ်ချက်များအဖြစ် နောက်ဆုံးတင်ပြလာတဲ့ ...

၁။ အတူတိုင်ပင်ညှိနှိုင်းခြင်း
၂။ အတူတည်ဆောက်ခြင်း
၃။ အတူမျှဝေခံစားခြင်းတို့ဖြင့် အနာဂါတ်ကိုမျှဝေပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်တည်ဆောက်ရေးဆိုတာတွေဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေထဲပါဝင်သွားပါပြီ။ ကုလသမဂ္ဂက တရုတ်ရဲ့တီထွင်ဖန်တီးမှုရှိတဲ့အမြင်တွေကို လက်ခံလိုက်တဲ့ သ ဘောပါ။

(ဒီနှစ် ဆွစ်ဇာလန် ဒါးဗိုစ့်မှာကျင်းပတဲ့ ကမ္ဘာစီးပွားရေးဖိုရမ်ရဲ့ခေါင်းစီးက ကျိုးပဲ့နေတဲ့ကမ္ဘာအတွက် အနာဂါတ်ကို မျှဝေ ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတည်ဆောက်ရေး Creating a Shared Future for Fractured World တဲ့။)



ဒါဟာ တရုတ်ရဲ့အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့် တရုတ်က နိုင်ငံတကာစင်မြင့်မှာ အောင်မြင်လာရသလဲ။ အောက် ပါအချက်များကြောင့်လို့ ထင်ပါတယ်။

အဓိကအကြောင်းရင်းကတော့ ၁၉၇၈ ခုနှစ်က တရုတ်ပြည်မှာစတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ပေါ်လစီအောက်မှာ (အနှစ် ၄ဝ ကြာပြီးနောက်) ဆင်းရဲသား သန်း (၇ဝဝ) ကျော်ကို ဆင်းရဲတွင်းကကယ်ထုတ်နိုင်ရုံမျှမက၊ နိုင်ငံအနေနဲ့က လည်း ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိလာစေတဲ့ပြည်တွင်း မှာကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်အောင်မြင်မှုကို တကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်လိုက်ရလို့ပါပဲ။

တရုတ်ကွန်မြူနစ်ပါတီဟာ တီထွင်ဖန်တီးမှုရှိစွာ ခေတ်ရေစီးကြောင်းနဲ့ကိုက်ညီစွာ အုပ်ချုပ်မှုစွမ်းရည်ကိုမြှင့်တင်နိုင်လို့ ဖြစ် ပါတယ်။ တရုတ်ရဲ့ပြုပြင်ပြောင်းလဲရေးပေါ်လစီများဟာ အလွန်ကျယ်ပြန့်ပြီး ဘက်စုံပါတယ်။ လယ်ယာ၊ စက်မှု၊ နိုင်ငံခြား ကုန်သွယ်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ်မှုစွမ်းရည် တည်ဆောက်ရေး စတာတွေပါဝင်ပါတယ်။

ဒီပြုပြင်ပြောင်းလဲရေးတွေကို တရုတ်က စီးပွားရေးနယ်ပယ်မှာသာ ကန့်သတ်ထားတာမဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်မှာ လည်း သင့်တော်စွာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့်သာလျှင် ၂ဝဝ၈ မှာပေါ်ခဲ့တဲ့ ကမ္ဘာဘဏ္ဍာရေးအကြပ် အတည်း၊ ၂ဝ၁ဝ မှာပေါ်ခဲ့တဲ့ အာရပ်ကမ္ဘာကလှုပ်ရှားမှုများ စတဲ့ ကမ္ဘာနဲ့ချီဖြစ်ပျက်ခဲ့တဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါက တရုတ်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာ ခိုင်မာတယ်၊ ပြင်ပဂယက်တွေကို ခံနိုင်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂ဝ၁၂ မှာပြုလုပ်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ (၁၈) ကြိမ်မြောက် အမျိုးသားကွန်ဂရက်အပြီးမှာ အရှိန်မြှင့် လုပ် ဆောင်ခဲ့တဲ့ ပါတီတည်ဆောက်ရေးနဲ့ လာဘ်ယူ လာဘ်စား တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတကာက မြင်လိုက်တွေ့လိုက် ရပါတယ်။ ဒါတွေကြောင့် (အထူးသဖြင့် မိမိတို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို စမ်းတဝါးဝါးရှာဖွေနေရတဲ့)ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားက တရုတ်ပုံစံကို စိတ်ဝင်စားလာကြတာပါ။ အစိုးရများသာမက နိုင်ငံရေးပါတီအမျိုးမျိုးကလည်း စိတ်ဝင်စား လာကြပြီး အပြန်အလှန် ဆက်ဆံရေးတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ (ဒီနေရာမှာ တရုတ်ရဲ့လက်တွေ့ကျတဲ့စဉ်းစားည်း တွေကလည်း အထောက်အကူပြုပါတယ်။ တရုတ်ဟာ အရင်ကထားခဲ့တဲ့မူတွေ (ဥပမာ-လက်တွေ့အခြေအနေတွေနဲ့ မ ကိုက်ညီတော့တဲ့ ဝါဒရေးရာပေါ်မှာအခြေခံတာ) ကို စွန့်တန်တာစွန့်၊ ပြုပြင်သင့်တာတွေပြုပြင်တာတွေလည်း လုပ်ဆောင်ပါ တယ်။)

တရုတ်က  ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ရာမှာ ထူးခြားချက်တွေ ရှိပါတယ်။
၁။ လွယ်ကူတဲ့ပြဿနာတွေကို အရင်ဖြေရှင်းတာ

၂။ တဆင့်ပြီးမှတဆင့် စမ်းသပ်လုပ်ဆောင်လိုက်၊ အမှားတွေပြင်လိုက်၊ နောက်တဆင့်တက်လိုက်၊ ဖြည်းဖြည်းချင်း စနစ်ကျ စွာ လုပ်ဆောင်တာ၊

၃။ ပေါ်လစီအသစ်များကို စမ်းသပ်ကွက်အသေးတွေမှာ လုပ်ဆောင်ကြည့်ပြီးမှ ရရှိလာတဲ့အကျိုးများကို ဆန်းစစ်ပြီးမှ အ ကျယ် အပြန့်လုပ်ဆောင်တာ စတာတွေဟာ အလွန်လေ့လာစရာပါ။

(တိန့်ရှောင်ဖျင်က ချောင်းဖြတ်ရာမှာ အောက်ကကျောက်တုံးတွေကို တတုံးမှာမြဲမှ နောက်တတုံးကိုလှမ်းလို့ မှာထားပါတယ်။)

တည်ငြိမ်ရေးကိုအဓိကထားပြီး ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကြား ဆက်ဆံရေးနဲ့ပေါ်ပေါက်လာတဲ့ ပဋိပက္ခ များကို ခေတ်ရေစီးကြောင်းနဲ့အညီ လက်ဦးမှုရှိရှိ ဖြေရှင်းနိုင်မှုများကြောင့် အောင်မြင်ရတာပါ။

တည်ငြိမ်တဲ့လူ့အဖွဲ့အစည်းတရပ်ကသာလျှင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြစ်စေနိုင်ပြီး အ ပြန်အလှန်အားဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုကသာလျှင် လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွှတ်ပေါင်းစည်းမှု (Cohesion) ကို ဖြစ်စေနိုင်ပါတယ်။

ဒီလိုနည်းနဲ့တရုတ်ပြည်ရဲ့စီမံကိန်းကျစီးပွားရေးစနစ်ကြီး (Planned Economy) ကို မသိမသာ တဖြည်းဖြည်း (အထိအခိုက် အကျအဆုံးနည်းစွာနဲ့) ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ် (Socialist Market Economy) သို့ ပြောင်းလဲလိုက်နိုင်ပါတယ်။ ဖြစ်ပေါ်ပြောင်းလဲနေတဲ့အခြေအနေများနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့အမြင် (The outlook of development)ကို အဆက်မပြတ် တီထွင်ဖန်တီးနိုင်မှုဟာ တရုတ်အောင်မြင်မှုရဲ့အခြေခံအချက်ပါပဲ။

၁၉၈ဝ မှ ၂ဝဝဝ ခုနှစ်များအထိ တရုတ်ရဲ့နှစ်စဉ်ဖွံ့ဖြိုးမှုနှုန်း (Growth rate) ဟာ ဂဏန်း (၂) လုံးဖြစ်ပါတယ်။ အလျှင်အ မြန်ဖွံ့ဖြိုးမှုနှုန်းနဲ့အတူ ဖွံ့ဖြိုးမှုညီမမျှဖြစ်ခြင်း၊ သဘာဝပတိဝန်းကျင်ထိခိုက်ခြင်း၊ ဝင်ငွေကွာဟမှု၊ စတဲ့ပြဿနာတွေပေါ်လာ ပါတယ်။ ဒီတော့ တရုတ်ကွန်မြူနစ်ပါတီက (၂ဝဝ၃ ခုနှစ် ၁၆ ကြိမ်မြောက်ကွန်ဂရက် ဟူချင်ထောင်းလက်ထက်) မှာ သိပ္ပံ နည်းကျဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ သဘောတရားလမ်းညွှန်ချက်ကိုကျင့်သုံးပြီး ပြည်သူလူထုအကျိုးစီးပွားနဲ့ကိုက်ညီတဲ့ ဘက်စုံ တဲ့ အပြန်အလှန်ညှိနှိုင်းထားတဲ့ စဉ်ဆက်မပြတ်ရေရှည်ခံတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို တီထွင်လုပ်ဆောင်လိုက်ပါတယ်။ ဒီအမြင်သစ်အောက်မှာ ဖွံ့ဖြိုးတိုးတက်မှုတိုင်းတာတဲ့အညွှန်းကိန်းများဟာ ပြောင်းသွားပါတယ်။ ရေတို ဂဏန်းအရည် အတွက်အကျိုးအမြတ်များထက် ရေရှည် လူမှုရေးတိုးတက်မှုများအပေါ် ပိုမိုအာရုံပြုလာပါတယ်။

အခုအချိန်မှာတော့ တရုတ်ကွန်မြူနစ်ပါတီဟာ (အလွန်ရှုပ်ထွေးလှတဲ့ ကမ္ဘာ့အခြေအနေများအောက်မှာ) ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဓိကအယူအဆ (၅) ခုကို တင်သွင်းထားပါတယ်။

၁။ တီထွင်ဖန်တီးမှု
၂။ အပြန်အလှန်ညှိနှိုင်းမှု
၃။ အစိမ်းရောင်ဖွံ့ဖြိုးမှု
၎။ တံခါးဆက်လက်ဖွင့်ထားမှု
၅။ အကျိုးအမြတ်များကိုမျှဝေခံစားမှုဆိုတာဖြစ်ပြီး ဒါမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်ထိမ်းသိမ်းနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါတွေဟာ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများလည်းလုပ်ဆောင်ပါတယ်။

ပါတီတွင်း ပြုပြင်ပြောင်းလဲရေးများကို အဆက်မပြတ်လုပ်ပါတယ်။ (ပါတီဝင်များလိုက်နာရမယ့်စည်းကမ်းများကိုလည်း အဆက်မပြတ်ထုတ်ပြီး အကောင်အထည်ဖော်ရေး စနစ်တကျလုပ်နိုင်တာ၊ ရာသက်ပိုင်ရာထူးစနစ်တွေဖျက်သိမ်းတာ၊ အထူးအခွင့်အရေးများကိုလျှော့ချတာ၊ အရည်အချင်းအရနေရာများကိုစီစဉ်တာ (Meritocracy)၊ ရာထူးတိုးရေးများမှာ လူထုထောက်ခံမှုကို အခြေခံတာစတာများ) နိုင်ငံရေးအရ တန်းတူညီိမျှမှုရှိရေး၊ နိုင်ငံရေးအရ ပြည်သူလူထုအများအပြားပါဝင် လာရေး၊ အောက်ခြေအစိုးရအဖွဲ့အစည်းများအတွင်း ဒီမိုကရေစီနည်းလမ်းများအရ ရွေးကောက်ပွဲများပြုလုပ်ပေးရေး၊ လူထုလူတန်းစားအဖွဲ့အစည်းအမျိုးမျိုးက နိုင်ငံရေးအရပြောရေးဆိုခွင့်ရရှိရေးဆိုတာတွေကို စနစ်တကျလုပ်ဆောင်ပါတယ်။

ဒီနေရာမှာ တရုတ်ပြည်ရဲ့နိုင်ငံရေးစနစ်ရဲ့ထူးခြားချက်အကြောင်းများကြောင့်လည်း ပိုမိုအောင်မြင်အောင်လုပ်နိုင်တာဖြစ် ဟန်ရှိပါတယ်။



တရုတ်ပြည်မှာ ၁၉၄၉ ကစတင်ပြီး ကျင့်သုံးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်မှုအောက်က ပါတီစုံပူးပေါင်းဆောင် ရွက်မှုနဲ့ နိုင်ငံရေးအရတိုင်ပင်ဆွေးနွေးမှုစနစ်ကို ထိမ်းသိမ်းနိုင်ရုံမက ပိုမိုပြည့်စုံရင့်ကျက်လာအောင်လုပ်နိုင်မှုက အခရာကျပါ တယ်။

တရုတ်ပြည်မှာ တရုတ်ကွန်မြူနစ်ပါတီအပြင် တခြားနိုင်ငံရေးပါတီ (၈) ပါတီရှိပါတယ်။ ဒါ့အပြင် ပါတီအစွဲမရှိတဲ့ တသီး ပုဂ္ဂ လိကပညာရှင်များလည်း ရှိပါတယ်။ အဲဒါတွေအားလုံးအပြင် ကျန်အဖွဲ့အစည်းအသီးသီး (ဥပမာ - အနုပညာရှင်များ၊ အား ကစားသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံအလုပ်ရုံက စံပြလုပ်သားများ၊ လူမျိုးစုအသီးသီးက၊ နယ်စွန်နယ်ဖျား က၊ အစိုးရမဟုတ်တဲ့အဖွဲ့များ NGO၊ ဒုက္ခိတအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့များ၊ ရွှေ့ပြောင်းလုပ်သားများ စသည်များပါ) ပြောရေးဆိုခွင့်ရှိတဲ့ (မော်တီထွင်ဖန်တီးခဲ့တဲ့) တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ဆိုတာကို နှစ်စဉ် မတ်လတိုင်း တရုတ်ပြည်သူ့ကွန်ဂရက်နဲ့အတူ တပြိုင်တည်းကျင်းပလေ့ရှိပြီး နိုင်ငံရေးရာ တိုင်းပြည်ရေးရာတွေကို ဝင်ရောက်ဆွေးနွေးခွင့်၊ အကြံပေးခွင့်၊ ကြီးကြပ်ခွင့် (Supervision) တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရရော၊ တခြားဥပဒေများအရပါ အကာအ ကွယ်ပေးထားပါတယ်။

(ဥပမာ - နှစ်စဉ်ကျင်းပတဲ့ ကွန်ဂရက်ကြီးတွေမတိုင်ခင် ကွန်ဂရက်တွေမှာတင်မယ့် အစီရင်ခံစာတွေ၊ ဥပဒေကြမ်းတွေ၊ လူပုဂ္ဂိုလ်အပြောင်းအလဲတွေ၊ စတာ စတာတွေကို အဲဒီတခြားပါတီက ခေါင်းဆောင်များဆီပို့ပေးပြီး၊ အကြံဉာဏ်များ၊ ထင် မြင်ချက်များတောင်းခံလေ့ရှိပါတယ်။ အစိုးရအဖွဲ့ထဲမှာလည်း အဲဒီတခြားပါတီကသင့်တော်သူများကိုလည်း ထည့်သွင်းမှု တွေရှိပါတယ်။)

ဒါတွေကြောင့် တရုတ်အစိုးရရဲ့ပေါ်လစီများကို အဆက်မပြတ်ဆက်လက်ဖေါ်ဆောင်နိုင်တာပါ။ (Policy continiuity)အခု တရုတ်အစိုးရဖေါ်ဆောင်နေတာဟာ (၁၃) ကြိမ်မြောက် (၅) နှစ်စီမံကိန်း (၂ဝ၁၆ - ၂ဝ၂ဝ) ဖြစ်ပါတယ်။ ရှီကျင့်ဖင်ရဲ့ပါတီအစီ ရင်ခံစာမှာလည်း နောင်အနှစ် ၂ဝ - ၃ဝ အထိ လုပ်ဆောင်မယ့်စီမံကိန်းများပါပါတယ်။ ဘယ်နိုင်ငံမှ ဒီလိုမလုပ်နိုင်ပါဘူး။ (ဥပမာ-အမေရိကန်မှာ ထရန့်တက်လာတာနဲ့ အိုဘာမားလုပ်ဆောင်ထားသမျှတွေကို အကုန်ဖျက်ပစ်တာကြည့်ပါ။)

တကယ်တော့ တရုတ်ပြည်ရဲ့စီးပွားရေးအောင်မြင်မှုများဟာ-နှစ်ရှည်လများအပြင်းအထန်ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ လူမှု ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးများကြောင့် ဖြစ်လာတာပါ။ အာဏာချိန်ခွင်လျှာညီရေးကို အာမခံတဲ့ ထိမ်းသိမ်းကွပ်ကဲတဲ့ ယန္တာရားများ (Supervisory mechanism) ကောင်းမွန်တိုးတက်ရေးအတွက် တဆင့်ပြီးတဆင့် သတိကြီးစွာထားပြီး ထိမ်းညှိလုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။ ဒါတွေကတော့ တရုတ်ပြည်ရဲ့ နှစ်ပေါင်း (၄ဝ) ဖော်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပါတယ်။ တနည်းပြောရရင်တော့ တရုတ်ပြည်ရဲ့အုပ်ချုပ်မှုစနစ်အကြောင်း အကြမ်းဖျဉ်းဖြစ်ပါတယ်။

ဒါတွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့အဆက်ဆက်ခေါင်းဆောင်တွေက ကျင့်သုံးလုပ်ဆောင်လာရာမှာ အခုအချိန်မှာတော့ တရုတ်ပြည်ထူးခြားချက်များနဲ့ ကိုက်ညီတဲ့ဆိုရှယ်လစ်စနစ်ဟာ တစုံတရာအကောင်အထည်ပေါ်လာပြီလို့ ပြောဆိုလာနိုင်ပါ ပြီ။ ဒါ့ကြောင့် အခုလက်ရှိသမတလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းရေးမှုးလည်းဖြစ်တဲ့ ရှီကျင့်ဖင်ကအဲဒီအတွေးအခေါ်တွေရောပြွန်းပါဝင်နေတဲ့ သူဟောပြောချက်တွေကိုစုစည်းပြီး တရုတ်ပြည်ကိုအုပ်ချုပ်ခြင်း (The Gover nance of China) ဆိုတဲ့-ကျမ်းတွဲ-နှစ်တွဲထုတ်ဝေထားပါတယ်။ အပိုင်း (၈) မှာ အဲဒီကျမ်းများအကြောင်း တင်ဆက်ပါ့မယ်။

လှကျော်ဇော
၂၉၊ ၁၊ ၂ဝ၁၈


မှတ်ချက်
- ပုံ (၁) တရုတ်ငြိမ်းချမ်းရေးစောင့်တပ်သားများ လေ့ကျင့်နေစဉ်။

- ပုံ (၂) ဝန်ကြီးချုပ်လီခက်ချန်က သူတင်သွင်းမယ့် အစိုးရအစီရင်ခံစာအတွက် တရုတ်ကွန်မြူနစ်ပါတီဝင်မဟုတ်တဲ့သူများထံမှ အကြံဉာဏ်များတောင်းတဲ့ဆွေးနွေးပွဲ (၂ဝ၁၇)

- ပုံ (၃) တရုတ်အမျိုးသားနိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ကျင်းပနေစဉ် (၂ဝ၁၇-မတ်လ)
0